← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ရွေ့လျားနေသောဘတ်စ်ကားတစ်စီးပေါ်၌ဖြစ်သည်။

ချင်ရန် မျက်လုံးဖွင့်လိုက်သည်နှင့် ယိမ်းထိုးလှုပ်ရှားနေသော ဘတ်စ်ကားတစ်စီးပေါ်သို့ ရောက်ရှိနေကြောင်း သတိထားမိလိုက်၏။ သူ့စိတ်အာရုံများကတော့ ရှုပ်ထွေးနောက်ကျိနေဆဲပင်။

သူ အိမ်ကကုတင်ပေါ်မှာ ဇိမ်နဲ့အိပ်နေခဲ့တာလေ ဘယ်လိုလုပ်ပြီး ဒီဘတ်စ်ကားပေါ် ရောက်လာရတာလဲ။

"တင်း... သာမန်ဂုဏ်ရောင်ကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခြင်းအတွက် ကြိုဆိုပါတယ်"

ရုတ်တရက် ခေါင်းထဲ၌ပဲ့တင်ထပ်လာသော အသိပေးသံကြောင့် ချင်ရန် ကြောင်အသွားသည်။

ကူးပြောင်းရောက်ရှိခြင်း ဟုတ်လား။

ဒါ ဘာအဓိပ္ပာယ်လဲကွ။

ထိုစဉ်မှာပင် မှတ်ဉာဏ်အများအပြားသည် ဒီရေအလား သူ့ခေါင်းထဲသို့ အတင်းတိုးဝင် ပေါင်းစပ်သွားလေ၏။

သာမန်ဂုဏ်ရောင်ကမ္ဘာ၊ ပါလီမြစ်ရဲစခန်းမှ အလုပ်သင်ရဲတပ်ဖွဲ့ဝင်တစ်ဦး။

ခဏအတွင်းမှာပင် မှတ်ဉာဏ်များ ပေါင်းစပ်မှုပြီးပြည့်စုံသွားပြီး ချင်ရန့်မျက်နှာထားမှာ ရှုပ်ထွေးသွားရသည်။ သာမန်ဂုဏ်ရောင်ဆိုသည့် ရဲမှုခင်းဒရမ်မာကမ္ဘာဆိုသည့်နေရာသို့ သူတကယ်ပဲ ကူးပြောင်းလာခဲ့ပြီပင်။

ဒါဆို ခုနကကြားလိုက်ရတဲ့ အသံက စနစ်ပေါ့။

ချင်ရန် စိတ်ထဲမှနေမေးလိုက်သည်။

"မင်းက စနစ်လား၊ မင်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ"

မှတ်ဉာဏ်များ ပေါင်းစပ်ပြီးနောက်တွင်မူ ချင်ရန်သည် ဒီအခြေအနေကို ကြီးကြီးမားမား ငြင်းဆန်လိုစိတ် မရှိတော့ဘဲ အလိုက်သင့် လက်ခံလိုက်တော့သည်။

[ဒီစနစ်ရဲ့အမည်ကတော့ 'ပြည်သူ့လုံခြုံရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်စနစ်'ပါ။ အိမ်ရှင့်ရဲ့ရဲတပ်ဖွဲ့ဝင်ရာထူးအပေါ်အခြေခံပြီး ရာဇဝတ်ကောင်တွေကို နှိမ်နင်းဖို့နဲ့ ပြည်သူလူထုကြား ပဋိပက္ခတွေကိုဖြေရှင်းဖို့ တာဝန်တွေပေးအပ်သွားမှာဖြစ်ပါတယ်။ တာဝန်အောင်မြင်ပါက ဆုလာဘ်များချီးမြှင့်ခံရမှာပါ]

[သတိပြုရန် - အိမ်ရှင်၏ကူးပြောင်းရောက်ရှိလာမှုကြောင့် ဤကမ္ဘာ၏မူလဇာတ်လမ်းသွားတွင် မသိမသာအပြောင်းအလဲများရှိနိုင်ပါသည်]

စနစ်က သူ့ကိုယ်သူမိတ်ဆက်လာသည်။ ချင်ရန် အကြမ်းဖျင်းနားလည်လိုက်ပြီပင်။

မဆိုးဘူးပဲ။ ဒီစနစ်က စည်းမျဉ်းဘောင်ဝင်ပြီး တိကျမယ့်ပုံပါပဲ။

တိုက်ဆိုင်စွာပင် ချင်ရန်သည် ယခင်ဘဝကတည်းမှ မျိုးချစ်စိတ်ပြင်းထန်သည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ရာ ဒီစနစ်၏ ရည်ရွယ်ချက်သည် သူ့အကြိုက်နှင့် ထပ်တူကျနေ၏။

ရုတ်တရက် ချင်ရန် ကိစ္စတစ်ခုကို သတိရသွားသည်။ "သာမန်ဂုဏ်ရောင်" ဇာတ်လမ်းတွဲကို အရင်ဘဝ၌သူကြည့်ဖူးထားသောကြောင့် ဇာတ်လမ်းအသွားအလာကို သူနားလည်ထား၏။

ဒီဘတ်စ်ကား......

ဒါ ဇာတ်လိုက်လီတဝေစီးလာတဲ့ ဘတ်စ်ကားမဟုတ်ဘူးလား။ ဒါဆိုရင် ဒီကားပေါ်မှာ လူကုန်ကူးသမားပါလာရမယ်။ သို့သော်ဇာတ်လမ်းကိုသိနေသည့် ချင်ရန်မှာတော့ ထိုလူကုန်ကူးသမားဆိုသည်မှာအတုကြီးဖြစ်ကြောင်းသိထားသည်။ စိတ်ကျန်းမာရေးမကောင်းတဲ့ အဘွားအိုတစ်ယောက်က လူကုန်ကူးသမားလို လုပ်နေရုံသက်သက်ပဲလေ။ လီတဝေက အဲ့အဘွားကြီးနဲ့ ပြဿနာတက်၊ နောက်တော့ အဘွားကြီးရဲ့မိသားစု လိုက်လာပြီး လီတဝေကိုပြန်ဆူကြတဲ့ ဇာတ်ကွက်ပေါ့။

ထိုစဉ်......

စနစ်၏အသံမှာ ထပ်မံထွက်ပေါ်လာသည်။

[လက်ရှိမြင်ကွင်းတွင် လုပ်ငန်းစဉ်တာဝန်တစ်ရပ် ပေါ်ပေါက်လာပါပြီ။ လူကုန်ကူးသမားတစ်ဦးကို တွေ့ရှိရပါသည်။ အိမ်ရှင်အနေဖြင့် သူ့ကိုဖမ်းဆီးထိန်းသိမ်းပြီး ရဲစခန်းသို့ ပို့ဆောင်ရပါမယ်။ တာဝန်အောင်မြင်ပါက အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကိုရရှိပါမည်]

"အလယ်အလတ်အဆင့် ကိုယ်ခံပညာစွမ်းရည်တဲ့လား မဆိုးဘူးပဲ၊ အဲ့တာကိုရပြီးရင် ငါဘယ်လောက်သန်မာလာမလဲ သိချင်မိသား"

"နေပါဦး စနစ်ကလူကုန်ကူးသမားလို့ သုံးနှုန်းသွားတယ် ဘာသဘောလဲ"

စနစ်ပြောခဲ့သည့်ဇာတ်လမ်းသွား အပြောင်းအလဲရှိနိုင်သည်ဆိုသောအချက်ကို ချင်ရန်ပြန်တွေးမိလိုက်သည်။ ဒါဆို ဒီကားပေါ်မှာပါလာတာက တကယ့်လူကုန်ကူးသမားအစစ် ဖြစ်နေတာလား။

ချင်ရန့်မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ သူကားနောက်ဘက်ကို အကဲခတ်ကြည့်လိုက်တော့ နားကြပ်တပ်ပြီး သီချင်းနားထောင်နေသည့် လူငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။

တစ်ချက်ကြည့်ရုံဖြင့် ချင်ရန်မှတ်မိလိုက်သည်။ ဇာတ်လိုက်မင်းသား လီတဝေပဲ။

ဒါပေမဲ့ အခုချိန်မှာ သူကအဓိက မဟုတ်သေးဘူး။ အဓိကပစ်မှတ်က လူကုန်ကူးသမားပဲလေ။

"အီး... ဟီး... ဝါး..."

ကလေးငိုသံတစ်သံထွက်ပေါ်လာသည်။ ချင်ရန့်အကြည့်များ ချက်ချင်း စူးရှသွား၏။

"ဒီကလေးက ဘာလို့တော်တော်နဲ့မတိတ်တာလဲဗျာ၊ အဘွားဖြစ်တဲ့လူက မထိန်းနိုင်ဘူးလား နားငြီးလိုက်တာ"

"ဟုတ်ပါ့ ကိုယ့်ကလေးကိုယ်တောင် နိုင်အောင်မထိန်းနိုင်ဘဲနဲ့များ ဘာလို့ မိဘလုပ်နေသေးလဲ၊ ကလေးကိုမြန်မြန်ချော့လိုက်စမ်းပါ"

"ဆူညံနေတာပဲ ငါတို့မှာအလုပ်သွားစရာရှိသေးတယ်၊ မနက်စောစောစီးစီး စိတ်ညစ်အောင်လုပ်နေတာပဲ"

ခရီးသည်များဆီမှ ညည်းညူသံ၊ ဆဲဆိုသံများဖြင့် ဆူညံလာသည်။

လူကျပ်နေသည့်ဘတ်စ်ကားပေါ်တွင် ကလေးငိုသံမှာ လူတိုင်းနားထဲ စူးခနဲ ဝင်ရောက်သွား၏။ နဂိုကမှ ပူအိုက်သည့်နွေရာသီမို့ လူတိုင်းစိတ်တိုလွယ်နေကြချိန် ဒီလိုဆူညံသံမျိုးမှာ မီးလောင်ရာလေပင့်သလိုဖြစ်သွားစေသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်မအမှားပါ"

ကလေးချီထားသူမှာ အသက် ၆၀ ၇၀ အရွယ်အဘွားအိုကြီးတစ်ဦးဆိုပေသိ သူမနှုတ်ခမ်းပါးများနှင့် ခေါင်းငုံ့ထားချိန်တွင် မျက်လုံးထဲ၌ဖြတ်ခနဲပေါ်လာတတ်သည့် ရက်စက်သည့် အရိပ်အယောင်ကိုတော့ သတိထားမိသူ နည်းပါးလှသည်။ ဒီအဘွားကြီးက တောရွာမှာ လယ်လုပ်နေတဲ့ သာမန်ရိုးသားတဲ့ အဘွားအိုတစ်ယောက် မဟုတ်ဘူး။ သူမမှာ ရာဇဝတ်မှု နောက်ကြောင်းတစ်ခုခု ရှိနေပုံရတယ်။

ချင်ရန် သူမကို သေချာစောင့်ကြည့်နေလိုက်ပြီး မျက်လုံးများကျဉ်းမြောင်းသွားသည်။

မူရင်းဇာတ်လမ်းထဲမှာတော့ အဘွားအိုက ဆံပင်ရှည်ရှည်နဲ့ရိုးရိုးအေးအေးပုံစံပါပဲ။ ဒီအဘွားကြီးကတော့ မျက်နှာထားကအစ အန္တရာယ်အငွေ့အသက်ရနေတယ်။

သေချာပြီ ဇာတ်လမ်းပြောင်းသွားခဲ့တာပဲ။ တကယ့်လူကုန်ကူးသမားအစစ် ပေါ်လာပြီလေ။

"တောက် ဒီကောင်စုတ်လေးကတော့၊ ငါ့အလုပ်ကိုဖျက်မလို့ ဒီကားပေါ်မှာမှ လာအော်ငိုနေရလား"

လူကုန်ကူးသမားအဘွားကြီးစိတ်ထဲမှနေ ကြိတ်မနိုင်ခဲမရတွေးလိုက်ပြီး သူမဘယ်ဘက်လက်မှာ မသိမသာလှုပ်ရှားလိုက်သည်။ လက်ချောင်းထိပ်တွင် တစ်စုံတစ်ခုကို သုတ်လိမ်းထားပုံရ၏။ ထိုအချိန်မှာပင် တခြားခရီးသည်များဆီမှ သံသယဝင်သံများထွက်လာလေသည်။ ကလေးမှာ မရပ်မနားငိုနေပြီး အဘွားကြီးကိုလည်း အတင်းရုန်းကန်ငြင်းဆန်နေသည်ကြောင့် သူတို့နှစ်ယောက်ဘာမှမတော်စပ်ဟု ထင်လာကြခြင်းပင်။

"ဒါနဲ့ ဒီကလေးက ခင်ဗျားနဲ့ရင်းနှီးပုံမရဘူးနော်၊ ခင်ဗျားက သူ့အဘွားရောဟုတ်ရဲ့လား"

"နေပါဦး လူကုန်ကူးသမားများလား"

ဒီစကားထွက်လာသည်နှင့် ကားပေါ်ရှိအခြေအနေမှာ ပိုဆူညံသွားပြီး ခရီးသည်အတော်များများမှာ ဝိုင်းကြည့်လာကြသည်။ ကားနောက်နား၌ သီချင်းနားထောင်နေသော လီတဝေလည်း အခြေအနေမဟန်သည်ကိုသတိထားမိပြီး စပ်စုချင်စိတ်ဖြင့်လှမ်းကြည့်လာ၏။

ထိုအချိန်တွင်တော့.....

လူကုန်ကူးသမားအဘွားကြီး၏မျက်နှာထားမှာ အလွန်တရာတည်ငြိမ်နေလေသည်။ သူမဘယ်ဘက်လက်ညှိုးမှာ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ကလေး၏နှာခေါင်းဝကို ပွတ်သပ်လိုက်၏။ ထိုသို့ပွတ်သပ်လိုက်ပြီးသည်နှင့် တပြိုင်နက် အော်ဟစ်ငိုယိုနေသော ကလေးငယ်မှာဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီး မလှုပ်မယှက် ဖြစ်သွားတော့သည်။ ထိုအခါမှ အဘွားကြီးမှာ ဂရုဏာသက်သည့် မျက်နှာထားမျိုး လုပ်ယူလိုက်ပြီး

"လိမ္မာပါတယ် မြေးရယ် မငိုနဲ့တော့နော်၊ ကားပေါ်က ဦးဦးဒေါ်ဒေါ်တွေ စိတ်ညစ်နေကြပြီ" ဟုပြောလာသည်။

"အီး... ဟီး..."

ကလေးထံမှ အသံထွက်လာသေးသော်လည်း အလွန်တိုးညှင်းသွားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အဘွားကြီးချော့လိုက်၍ ကလေးအငိုတိတ်သွားသည့်ပုံပေါက်သွားစေ၏။ သူမ ခုနကလုပ်လိုက်သည့် မသိမသာ လှုပ်ရှားမှုကိုမူ လူအများစုသတိမထားမိလိုက်ကြပေ။ လီတဝေလည်း ဘာမှမထူးခြားဘူးထင်ပြီးအကြည့်ပြန်လွှဲသွားသည်။ ဒီခေတ်ကြီးထဲတွင် မိဘကိုဂျီကျပြီး ဆူညံတတ်သည့် ကလေးဆိုးများ ပေါများလှ‌ရာသာမန်ကိစ္စရပ်ဟု တွေးလိုက်ပုံရ၏။ ဘေးနားရှိလူများမှာလည်း ကလေးငြိမ်သွားပြီမို့ လူကုန်ကူးသမားဟုတ်ပုံမရဟုတွေးကာ စိတ်လျှော့လိုက်ကြသည်။

"စိတ်ရှုပ်စရာပဲ ခင်ဗျားကလေး ခင်ဗျားထိန်းထား လူကြားထဲလာမအော်ခိုင်းနဲ့"

ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ဦးမှာ ဒေါသတကြီးဖြင့်လှမ်းအော်သည်။ လူကုန်ကူးသမားမှာ ချက်ချင်းပင် နှိမ့်ချသောအပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ဒေသသံဝဲဝဲဖြင့် ရိုးသားဟန်ဆောင်ကာပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ်၊ ကျွန်မက ကလေး သိပ်မထိန်းတတ်လို့ပါ"

ပြီးနောက် သူမခေါင်းငုံ့လိုက်ကာ ကလေးကို အလွန်ကြောက်မက်ဖွယ်ကောင်းသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

*ကားပေါ်ကဆင်းလို့ကတော့ နာပြီသာမှတ်* ဟူသည့်သဘောမျိုးပါသောအကြည့်ပင်။ ခရီးသည်အားလုံးမှာ အလုပ်သွားဖို့သာ စိတ်စောနေကြပြီး ကိုယ့်ကိစ္စကိုယ် အာရုံစိုက်သွားကြသည်။

သို့သော်......

ထိုအဖြစ်အပျက်အားလုံးကို ထောင့်တစ်နေရာမှ စောင့်ကြည့်နေသူ တစ်ယောက်ရှိသည်။ ချင်ရန်သည် အရိပ်ထဲမှနေ၍ ထိုအဖြစ်အပျက်တစ်ခုလုံးကို အေးစက်သောမျက်ဝန်းများဖြင့် လေ့လာနေခဲ့သည်။ ဒီလူကုန်ကူးသမားက ကျွမ်းကျင်အဆင့်ပဲ။ သူမ လက်ညှိုးပေါ်မှာ ဘာရှိနေတာလဲ။

မေ့ဆေးလား။

ကလေးကို ချက်ချင်းငြိမ်ကျသွားအောင် လုပ်နိုင်တဲ့အရာဆိုတော့.....

ဇာတ်လမ်းက တကယ်ပဲ အပြောင်းအလဲတွေ ဖြစ်ကုန်ပြီ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီနေရာမှာ ချင်ရန်ဆိုတဲ့ငါရှိနေသရွေ့ ဒီလူကုန်ကူးသမား လွတ်မြောက်ခွင့်မရှိစေရဘူး။

"တီ..."

"ချင်းချန် မှတ်တိုင်သို့ရောက်ရှိပါပြီ။ ခရီးသည်များ ကျေးဇူးပြု၍ဆင်းပေးကြပါ"

ဘတ်စ်ကား အသံချဲ့စက်မှကြေညာသံ ထွက်ပေါ်လာသည်။ လူကုန်ကူးသမား အဘွားကြီး ချက်ချင်းထိုင်ရာမှထလိုက်၏။

ဒီကလေးစုတ်ကြောင့်နဲ့ ပြဿနာတက်တော့မယ်။ ဒီအတိုင်းသာဆက်နေရင် တစ်ယောက်ယောက်ကတော့ ရိပ်မိသွားမှာပဲ။ အမြန်ဆင်းပြေးမှဖြစ်မယ်။

သူမ ကားတံခါးပေါက်ဝသို့ ရောက်ခါနီးအချိန်တွင် သန်မာသော လက်တစ်စုံမှာ သူမပခုံးကို လှမ်းဆွဲဖိချလိုက်သည်။

"ခင်ဗျားက ဒီကလေးနဲ့ဘာမှမတော်စပ်ဘဲနဲ့ ဘယ်ကိုခေါ်သွားဖို့ ကြံစည်နေတာလဲ"

"ဟမ်"

အေးစက်တည်ငြိမ်သောအသံမှာ လူကုန်ကူးသမား၏နားထဲသို့ မိုးကြိုးပစ်ချလိုက်သလိုဝင်ရောက်သွားသည်။ အဘွားအိုမျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားရ၏။ ဘတ်စ်ကားပေါ်မှ ခရီးသည်အားလုံး၏အကြည့်များကလည်း သူတို့နှစ်ယောက်ထံသို့ တစ်ဖန် ပြန်ရောက်လာကြတော့သည်။

All Chapters