← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

Chapter 11

ရှန်းယွီရှောင်က အဘိုးအို၏ အရာမရောက်သော ဒေါသကို ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။

"ခင်ဗျား ဘာတွေပြောနေလဲတော့ ကျွန်တော် နားမလည်ဘူးဗျ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကျွန်တော်ပြောတာ ခင်ဗျား နားလည်ရင် ရပြီ။ ကျွန်တော် ဘယ်သူလဲဆိုတာ သိလား"

အဘိုးလီသည် ရှန်းယွီရှောင်ကို နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ ဒီလူက သူ့ကိုယ်သူ မိတ်ဆက်ပြီးသား မဟုတ်ဘူးလား။ မြို့ကနေ လာရိုက်ကူးရေးလုပ်သူ ရှန်းယွီရှောင်ဟု ပြောခဲ့သည်ပဲ။

"ကျွန်တော်က အရမ်းချမ်းသာတာ၊ အဖေက ရှန်းလုပ်ငန်းစုရဲ့ CEO ၊ အမေဆွဲတဲ့ ပန်းချီကားတစ်ချပ်ဆို ယွမ် သုံးသန်းတန်တယ်။ ဒါပေမဲ့ အမေက ကျွန်တော့်အကျင့်စရိုက် မကောင်းဘူးဆိုပြီး ဒီဆင်းရဲတဲ့ တောင်ပေါ်ရွာလေးမှာ ဒုက္ခခံခိုင်းလိုက်တာ။ အခု လောလောဆယ် ကျွန်တော့်ဆီမှာ ပိုက်ဆံမပါလာဘူး၊ ဒါကြောင့် ဒီမှာ တစ်လနေဖို့ ယွမ်တစ်ထောင်လောက် ပေးထားပါဦး၊ တစ်လပြည့်ရင် ခင်ဗျားလိုချင်သလောက် ပြန်ပေးမယ်"

ဘာ... ပန်းချီကားတစ်ချပ်ကို ယွမ် သုံးသန်းတဲ့လား။

သုံးသောင်းမဟုတ်ဘဲ သုံးသန်းတဲ့လေ။

အဘိုးလီမှာ အံ့သြလွန်း၍ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားရရှာသည်။

ထိုပမာဏမှာ သူတစ်သက်လုံး အိပ်မက်ပင် မမက်ရဲသော ငွေပမာဏမျိုး ဖြစ်ပေသည်။

အဘိုးလီသည် မပီကလာပီကလာ အသံဝဲဝဲဖြင့် မေးလိုက်၏။

"မင်း... မင်း တကယ်ပြောတာလား"

"မယုံဘူးလား၊ ဒီကင်မရာက ရိုက်နေတာလေ၊ တစ်နိုင်ငံလုံးက လူတွေ ကျွန်တော့်ကတိကို မြင်နေရတာပဲ၊ ခင်ဗျားကို လိမ်မှာ စိုးရိမ်နေသေးတာလား"

ရှန်းယွီရှောင်သည် ရင်ဘတ်ပေါ်ရှိ ကင်မရာအသေးစားလေးကို ပုတ်ပြလိုက်သည်။ အဘိုးလီသည် ကင်မရာကို စူးစိုက်ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာခဲ့၏။

ခဏအကြာတွင်တော့ ကြီးမားလှသော မက်လုံးကို သူ မလွန်ဆန်နိုင်တော့ပေ။ ထိုမျှ ချမ်းသာသူနှင့် မိတ်ဆွေဖွဲ့ထားခြင်းက ငွေတစ်ထောင် ရယူထားခြင်းထက် ပို၍ အကျိုးရှိမည်မှာ ထင်ရှားလှပေသည်။ သူက ငတုံးမှ မဟုတ်ဘဲ။

အဘိုးလီသည် မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး အတွင်းခံဘောင်းဘီထဲမှ ပိုက်ဆံကို ထုတ်ကာ ရှန်းယွီရှောင်အား ပေးလိုက်လေသည်။

ရှန်းယွီရှောင် - "..."

ရှန်းယွီရှောင်မှာ ပျို့အန်ချင်စိတ်ကို အောင့်အီးလျက် ပိုက်ဆံကို ယူလိုက်ရ၏။ ထို့နောက် ဒါရိုက်တာထံသွား၍ ပိုက်ဆံအကြွေ လဲပေးရန် ပြောလိုက်သည်။ ဒါရိုက်တာမှာ နားမလည်နိုင်သော်လည်း ငြင်းပယ်ခြင်း မပြုနိုင်ပေ။

"ရှန်းလေးက ဒီပိုက်ဆံတွေ ဘယ်ကရလာတာလဲ"

ဒါရိုက်တာ မနေနိုင်ဘဲ မေးလိုက်မိသည်။ ရှန်းယွီရှောင်သည် ပိုက်ဆံအကြွေများကို ကိုင်ထားရင်း မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်၏။

"လီရှောင်ယာဆီကလေ... ပြီးတော့ လက်ဆေးဖို့ အရက်ပြန်ဖြန်းဆေးဗူးလေး ခဏ ငှားဦး"

ထို့နောက် သူသည် ရင်ဘတ်ပေါ်မှ ကင်မရာကို တို့ထိ၍ ဖွင့်လိုက်သည်။ ကင်မရာမှ မီးနီလေး လင်းလက်လာပြီး ပုံမှန် အလုပ်လုပ်သည့်အနေအထားသို့ ပြန်ရောက်ရှိသွား၏။

တစ်ဖက်တွင် အိပ်ရာမှ နိုးကာစ လီရှောင်ယာသည် မျက်လုံးများကို ပွတ်သပ်ရင်း ထလာသည်။ ထိုစဉ် ရှန်းယွီရှောင်က ပိုက်ဆံအပုံလိုက်ကို သူမရှေ့တွင် ချပေးလိုက်လေသည်။

"လီရှောင်ယာ... ဒီနေ့ကစပြီး မင်းပဲ ငါ့ကို ပြန်ရှာကျွေးရတော့မယ်နော်"

"ဒီပိုက်ဆံတွေ ဘယ်ကရတာလဲ"

လီရှောင်ယာ အံ့သြတကြီး မေးလိုက်မိသည်။

"မင်းအဘိုးဆီက ပြန်တောင်းလာတာလေ၊ ဘယ်လိုလဲ... ငါတော်တယ်မလား"

ရှန်းယွီရှောင်က မျက်ခုံးပင့်ကာ ပြောလိုက်၏။

လီရှောင်ယာ၏ မျက်ဝန်းလေးများမှာ လန့်ဖျပ်သွားသော ကြောင်ပေါက်လေးတစ်ကောင်နှယ် ပြူးကျယ်သွားရရှာသည်။

သူမ၏အဘိုးအကြောင်း သူမ အသိဆုံးပင်။ အဘိုးလက်ထဲ ရောက်သွားသည့် ပစ္စည်းတစ်ခုက ပြန်ရရန် မည်သို့မျှ မဖြစ်နိုင်ပေ။

"ငါ တော်တယ်မလားလို့"

ရှန်းယွီရှောင် ထပ်မေးလိုက်၏။

လီရှောင်ယာက ခေါင်းညိတ်ပြရင်း သူ့နားနားကပ်ကာ တီးတိုးဆိုလိုက်သည်။

"အစ်ကိုကြီးက Ultraman နဲ့ တူတယ်"

ရှန်းယွီရှောင်မှာ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

ထိုနေရာလေးတွင် နွေးထွေးသော အငွေ့အသက်လေးများဖြင့် လွှမ်းခြုံသွားသော်လည်း ပိုက်ဆံအသစ်စက်စက်များကို ကိုင်ထားရသော ဒါရိုက်တာမှာမူ နှာခေါင်းရှုံ့လိုက်မိသည်။

"ပိုက်ဆံတွေက ဘာလို့ နံစော်နေတာလဲ"

လက်မှုပညာ ကျွမ်းကျင်လှသော လီရှောင်ယာသည် ရှန်းယွီရှောင်၏ အင်္ကျီတွင် အိတ်ကပ်တစ်ခု ချုပ်ပေးနေသည်။ ဒီနေ့တော့ သူတို့ ကျောင်းနောက်ကျတော့မည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာမူ နေမထိထိုင်မသာ ဖြစ်နေကြရသည်။

[အဲဒီကုတ်အင်္ကျီက ယွမ်သုံးသောင်းတန်ကြီးလေ၊ အဲဒါကို အပ်နဲ့ထိုးပြီး ရုပ်ဆိုးဆိုး အိတ်ကပ်ကြီး တပ်ပေးလိုက်တာလား၊ ဘုရားရေ...]

[ရှန်းလေးက အရမ်းအလိုလိုက်လွန်းနေပြီ]

နောက်တစ်ခဏတွင်တော့ လီရှောင်ယာသည် ပိုက်ဆံအားလုံးကို ရှန်းယွီရှောင်၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး နှစ်ချက်ခန့် ပုတ်လိုက်သည်။ အိတ်ကပ်ကလေးမှာ ဖောင်းကားသွားလေသည်။

"ဒီလိုဆို မပျောက်တော့ဘူး"

ရှန်းယွီရှောင် ကြောင်အသွားပြီး မေးလိုက်မိသည်။

"ဘာလို့ ငါ့ကို ပေးတာလဲ၊ ဒါတွေက အစီအစဉ်က မင်းကို လျော်ကြေးပေးထားတာလေ"

လီရှောင်ယာက သူ့ကို မော့ကြည့်ရင်း ဖြေလိုက်သည်။

"လူကြီးတွေကပဲ သေချာသိမ်းတတ်တာ"

နောက်နှစ်မှ ၁၈ နှစ်ပြည့်မည့် ရှန်းယွီရှောင်မှာ သဘောကျသွားပြီး ခေါင်းညိတ်လိုက်လေ၏။

"ဟုတ်တယ်၊ ဒါ လူကြီးတွေရဲ့ တာဝန်ပဲလေ၊ ငါ မင်းအစား သေချာသိမ်းပေးထားမယ်နော်"

ကြည့်ရှုသူများကမူ အကဲခတ် ပိုတော်ကြသည်။

တချို့က စူးစမ်းလိုစိတ်ဖြင့် မေးလာကြ၏။

[လီရှောင်ယာ အရင်က ပိုက်ဆံအခိုးခံဖူးလို့ ဒီလို အသိဝင်နေတာများလား]

[ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူများဆီက လိမ်မယူရင်တောင် ကံကောင်း]

[မင်းတို့က ဘာလို့ လီရှောင်ယာကို ကလေးဆိုးလို့ တထစ်ချ မှတ်ယူနေကြတာလဲ]

[လီမိသားစုရွာက လူတိုင်း အဲဒီလိုပြောနေကြတာပဲလေ၊ တစ်ယောက်နှစ်ယောက် ပြောရင်တော့ စွပ်စွဲတာ ဖြစ်နိုင်ပေမယ့် တစ်ရွာလုံးက ပြောနေရင်တော့ အမှန်ပဲနေမှာပေါ့]

[...]

ထိုအချိန်တွင် ရှန်းယွီရှောင်က အိတ်ကပ်ထဲမှ တစ်ယွမ်တန် နှစ်ရွက်ကို ထုတ်၍ လီရှောင်ယာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါပေမဲ့ ကလေးတွေက မုန့်စားဖို့ ပိုက်ဆံလိုတယ်လေ၊ ရော့... ဒါယူထား"

ရှန်းယွီရှောင်တစ်ယောက် သူဌေးသားပီပီ တစ်ခါမှ ဤမျှ ချွေတာရသည့် အခိုက်အတန့်မျိုး မကြုံဖူးခဲ့ချေ။

အခုတော့ ၂ ယွမ်ပေးရတာကိုပင် အတော်လေး ဟုတ်လှပြီ ထင်နေရှာသည်။

သူသည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

"ကျောင်းသွားကြစို့"

ထိုသို့ဖြင့် လူကောင်ကြီးကြီးတစ်ယောက်နှင့် သေးသေးတစ်ယောက် ကျောင်းသို့ ထွက်လာခဲ့ကြသည်။

လီရှောင်ယာ အတန်းတက်နေချိန်တွင် ရှန်းယွီရှောင်က ကျောင်းအုပ်ကြီးရုံးခန်းကို မောင်ပိုင်စီးထားလိုက်သည်။ ရိုက်ကူးရေးအဖွဲ့သားများမှာ ကြည့်မနေနိုင်တော့သဖြင့် ဝင်မေးရတော့သည်။

"Volunteer အလုပ်တွေ ဘာတွေလုပ်ပြီး အမှတ်ယူဖို့ အစီအစဉ်မရှိဘူးလား"

"အမှတ်ယူပြီး ဘာလုပ်မှာလဲ"

ရှန်းယွီရှောင်က ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း သက်တောင့်သက်သာပင် ပြန်မေးလိုက်သည်။

"ဖုန်းလေ... ဖုန်းပြန်မလိုချင်ဘူးလား"

ရှန်းယွီရှောင် ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်၏။

"အင်း... ဖုန်းထဲမှာလည်း ဘာမှ သိပ်လုပ်စရာမရှိပါဘူးကွာ"

အဖွဲ့သားများမှာ ပြောစရာစကားပင် ပျောက်ရှကုန်သည်။

ဘာစိတ်အားထက်သန်မှုမှ မရှိလျှင် ဒီအစီအစဉ်ကို ဘယ်လိုဆက်ရိုက်ရမှာလဲ။

ထိုစဉ် အတန်းဆင်းချိန် ခေါင်းလောင်းထိုးသံ ကြားလိုက်ရသဖြင့် ရှန်းယွီရှောင် ထရပ်လိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။

ရုတ်တရက် ကစားကွင်းထဲမှ ကောင်မလေးတစ်ယောက်ကို ညွှန်ပြရင်း မေးလိုက်၏။

"အဲဒီ ဆံပင်ပုံစံကို ဘယ်လိုမြင်လဲ"

"ဟင်"

"ငါ လုပ်စရာတစ်ခု တွေ့ပြီ"

ထို့နောက် တံခါးဖွင့်၍ ထွက်သွားလေသည်။

ကလေးမကို ထိုပြဿနာကောင်လေး သွားခြိမ်းခြောက်မည်စိုး၍ ဝန်ထမ်းများလည်း အပြေးအလွှား လိုက်ပါသွားကြရသည်။

ရှန်းယွီရှောင်က ကလေးမလေးကို မခြိမ်းခြောက်ပါချေ။ ရှေ့သို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ ကလေးမလေး ငိုသည်အထိ စူးစိုက်ကြည့်နေလိုက်သည်။

ပြီးမှ မျက်နှာလွှဲလိုက်ပြီး ချော့မည့်ပုံမပေါ်ဘဲ အေးစက်စက် ပြောလိုက်၏။

"မနက်ဖြန်ကျရင် လီရှောင်ယာကို ဒီဆံပင်ပုံစံလေး လုပ်ပေးရမယ်၊ သူ့ခေါင်းနဲ့ဆို တော်တော်ချစ်ဖို့ကောင်းမှာ"

အဖွဲ့သားများ - "?"

တိုက်ရိုက်ကြည့်ရှုသူများလည်း နားမလည်နိုင် ဖြစ်ကုန်ကြ၏။

[ဒါက 'ဘဝခြင်းလဲလှယ်ရေး' အစီအစဉ်နော်၊ 'ကလေးထိန်း' အစီအစဉ် မဟုတ်ဘူးလေကွာ]

"လီရှောင်ယာ... လီရှောင်ယာ"

အော်ခေါ်သံများ နီးကပ်လာသည်။ လေယူလေသိမ်း ပြင်းသော်လည်း ဘယ်သူ့ကို ခေါ်နေမှန်း ရှန်းယွီရှောင် နားလည်လိုက်သည်။

အသံကြားသည်နှင့် လီရှောင်ယာ အတန်းထဲမှ ထွက်လာပြီး အပြေးအလွှား ရောက်လာသော အမျိုးသမီးကို လှမ်းခေါ်လိုက်သည်။

"အဒေါ်မန်"

အဒေါ်မန်က ဒူးကိုလက်ထောက်ထားရင်း ဝဖြိုးသော ခန္ဓာကိုယ်မှာ မောဟိုက်၍ တုန်ခါနေသည်။

"နင် နင့်ဝက်က ခြံထဲကနေ ထွက်ပြေးပြီး ဦးလေးခုနစ်ရဲ့ စိုက်ခင်းထဲ ရောက်သွားပြီဟဲ့၊ ထပ်ပြေးနေရင်... နင် သူ့ကို ဟင်းသီးဟင်းရွက်ဖိုး လျော်ရလိမ့်မယ်"

လီရှောင်ယာ၏ မျက်နှာလေး ချက်ချင်း ပျက်ယွင်းသွားပြီး ပြေးထွက်သွားတော့သည်။

လီမိသားစုက ဘယ်တုန်းက ဝက်မွေးလိုက်လဲဟု ရှန်းယွီရှောင် စဉ်းစားနေမိသေး၏။

ကျောင်းတံခါးဝသို့ ပြေးထွက်သွားသော လီရှောင်ယာကို ကြည့်ရင်း လမ်းတွင်လဲကျမည်ကို သူ စိုးရိမ်လာသည်။

ထို့ကြောင့် နောက်မှ အမြန်လိုက်သွားလေသည်။

ရိုက်ကူးရေးအဖွဲ့သားများလည်း ကင်မရာကို ထမ်းရင်း အနောက်မှ ပြေးလိုက်ကြရပြန်သည်။

ထိုအဖွဲ့ကြီးမှာ ပရမ်းပတာဖြင့် ပြေးထွက်သွားကြသည်။

လီရှောင်ယာမှာ ရွှံ့များပေကျံကာ မျက်နှာလေး ဖြူဖျော့နေရှာသည်။ ရှန်းယွီရှောင် ကြည့်မနေနိုင်တော့ဘဲ သူမကို ပွေ့ချီပြီး ဆက်ပြေးလေတော့သည်။

အနောက်မှ အဖွဲ့သားများမှာ လူပျိုပေါက်လေး၏ ခြေလှမ်းများကို မမီနိုင်ဘဲ စိတ်ပျက်လက်ပျက် အော်ပြောနေကြရသည်။

"မပြေး... သိပ်မပြေးကြနဲ့ဦး၊ ရှန်းလေးရေ... ကင်မရာ ရိုက်ကွက်‌ေတွလွတ်ကုန်ပြီ"

တစ်ဖက်တွင်တော့ ရှန်းမိသားစုအိမ်တော်သို့ ရှုချွီလိုင် အိမ်ပြန်ရောက်လာပြီ ဖြစ်သည်။ သူမက အိမ်တော်ထိန်း ဦးလေးဖန်ကို မေးလိုက်၏။

"သားလေး ဖုန်းဆက်သေးလား"

"မဆက်ပါဘူး"

ရှုချွီလိုင် မျက်မှောင်ကြုတ်လိုက်မိသည်။

အစီအစဉ်က သတ်မှတ်ထားသော အမှတ်ပေးစနစ်ကို သူမ မြင်ဖူးသည်။ စည်းကမ်းချက်များက သိပ်မခက်ခဲဘဲ ရှန်းယွီရှောင်၏ အရည်အချင်းနှင့်ဆိုလျှင် ဖုန်းသုံးခွင့်ရရန် အမှတ် ၂၀ လောက် ရှာဖို့ဆိုတာ လွယ်ကူလွန်းလှသည်။

ဒါပေမဲ့ ရှန်းယွီရှောင်က အိမ်ကို တစ်ခါမှ ဖုန်းမဆက်လာချေ။

ဘေးတွင်ရှိနေသော ရှန်းကျွင်းက ဝင်ပြောသည်။

"ကျွန်တော် သူ့သူငယ်ချင်းတွေကို မေးကြည့်ပြီးပြီ၊ သူတို့လည်း ပြောတယ်၊ ဒီနှစ်ရက်အတွင်း သူ့ကို အွန်လိုင်းမှာ မတွေ့ဘူးတဲ့"

ရှန်းကျွင်းက ကျေနပ်အားရစွာ ပြောလိုက်သေး၏။

"ဒီအစီအစဉ်က အဲဒီလောက်တောင် ထိရောက်တာလား၊ သူသွားတာ နှစ်ရက်ပဲ ရှိသေးတယ်၊ ဖုန်းတောင် မကိုင်ချင်တော့ဘူးတဲ့လား"

"သိပ်အဆင်ချောနေတာတော့ မဟုတ်လောက်ဘူး"

သားဖြစ်သူ၏ အကျင့်စရိုက်ကို ကောင်းကောင်းသိသော ရှုချွီလိုင်က ပြောလိုက်သည်။

ထိုအချိန်တွင် လီချင်းချင်းသည် လှေကားထောင့်၌ ပုန်းကွယ်ရင်း ဧည့်ခန်းထဲမှ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေမိသည်။

အခြေအနေ ဘယ်လိုရှိလဲ သူမလည်း သိချင်နေသည်။

ထိုစဉ် ရှုချွီလိုင်က အကြံတစ်ခုရသွားဟန်ဖြင့် ဆိုလိုက်သည်။

"သူတို့ တိုက်ရိုက်လွှင့်နေတာကို ဖွင့်ကြည့်ကြမလား၊ ဒါဆို ဘာဖြစ်နေလဲ သိရမှာပဲ"

"အာ... ဟုတ်သားပဲ"

ရှန်းကျွင်းသည် အိမ်ဖော်ကို ခေါ်၍ တီဗီဖွင့်ခိုင်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု လိုင်းသို့ ပြောင်းခိုင်းလိုက်သည်။

ကြီးမားသော တီဗီဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသည်က ရုန်းရင်းဆန်ခတ် မြင်ကွင်းများသာ ဖြစ်သည်။

"ရှန်းလေး... နေဦး... နေဦးလေ"

"အန္တရာယ်များတယ်၊ တစ်ခုခုဖြစ်သွားလိမ့်မယ်"

ဝန်ထမ်းများ၏ စိုးရိမ်တကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အွတ်... အွတ်... အွတ်... အွတ်"

ဒါကတော့ ဝက်အော်သံများ ဖြစ်ပေသည်။

သူဌေးကြီး ရှန်းနှင့် ပန်းချီဆရာမ ရှုတို့ သေချာကြည့်လိုက်သောအခါ ဝက်တစ်ကောင်ပေါ်တွင် ကောင်မလေးတစ်ယောက် ခွစီးကာ ရှေ့မှ ပြေးနေပြီး သူတို့၏ သားဖြစ်သူက အနောက်မှ အသည်းအသန် လိုက်နေသည်ကို တွေ့လိုက်ရလေသည်။

ရှန်းကျွင်း - "..."

ရှုချွီလိုင် - "..."

ထက်မြက်လှပါသည်ဆိုသော ရှုချွီလိုင်ပင် ထိုမြင်ကွင်းကြောင့် ကြောင်အသွားရရှာသည်။

"ဝက်လိုက်ဖမ်းရတာက တခြားအရာတွေကို မေ့သွားလောက်တဲ့အထိ ပျော်စရာကောင်းလို့လား”

××××

[Ultraman]

All Chapters