အခန်း (၈)
Vol. 1 Ch. 8
ရှုကျစ်မင်လည်း အဖိုးကြီးကျောင်းကို အတော်လေး ကြောက်နေရှာသည်။ အဘယ်ကြောင့်ဆိုသော် အဖိုးကြီးကျောင်းမှာ အလွန်တရာအကြမ်းဖက်လွန်း၍ပင်။ ထိုစကားများအားကြားသော် ပါလီမြစ်မှရဲဝန်ထမ်းတွေရော ဘေးနားရှိကျောင်းမိသားစုဝင်တွေပါ နည်းနည်းကြောင်သွားကြသည်။
သမီးရည်းစားဖြစ်တာကို သဘောမတူရင်တောင်မှ လူကိုရိုက်နှက်တယ်ဆိုတာကတော့ လွန်လွန်းတယ်မဟုတ်လား။ ရှုကျစ်မင်ဘက်က လွန်ကျူးတဲ့ အမှားကြီးတွေများလုပ်ခဲ့လို့လား။ ရှုကျစ်မင်၏စကားကိုကြားသော် အဖိုးကြီးကျောင်းမျက်နှာမှာ ရှုံ့မဲ့သွားပြီး
"ခွေးကောင် မင်းလိုကောင်မျိုးက ငါ့သမီးလေးနဲ့တန်လို့လား၊ မင်းမိသားစုရဲ့ စီးပွားရေးအခြေအနေကိုလည်း ပြန်ကြည့်ဦး"
ရှုကျစ်မင် မျက်လုံးပြူးသွားပြီး
"ကျွန်တော့်အိမ်က ဆင်းရဲပေမယ့် ကျွန်တော်က ကြိုးစားပါတယ်၊ ကျွန်တော့်မှာ ရည်မှန်းချက်လဲရှိတယ်၊ ပြီးတော့ ကျွန်တော်ရှောင်ရွှယ်ကို တကယ်ချစ်တာပါ"
"ဖီ အဲ့ဒါတွေကအသုံးကျလို့လားကွ"
အဖိုးကြီးကျောင်း တံတွေးထွေးပြီး ပြောလိုက်သည်။
"ခင်ဗျားမှာ တံတွေးထွေးပိုင်ခွင့်ရှိသေးလို့လား"
ရုတ်တရက် ချင်ရန်မှ လေသံမာမာဖြင့်ဝင်ပြောလိုက်သည်။
"ခင်ဗျားသမီးကို ခင်ဗျား ဘယ်လောက်တောင် ဖိအားတွေပေးခဲ့သလဲ ဟမ် ခင်ဗျားသမီးက ဘာလို့ လမ်းခွဲခဲ့ရတာလဲ ဘာလို့ မြစ်ထဲခုန်ချသွားခဲ့တာလဲ ဟမ် ဖြေစမ်းပါဦး၊ ခင်ဗျားလို ခေတ်ဟောင်းအမြင်တွေနဲ့ ခေါင်းမာလွန်းတဲ့ လူကြီးတွေကို ကျွန်တော် အများကြီး မြင်ဖူးတယ်၊
ငွေရေးကြေးရေး အခြေအနေလေးတစ်ခုကြောင့် ချစ်သူနှစ်ဦးကို အတင်းအဓမ္မ ခွဲပစ်လိုက်တယ်ပေါ့လေ"
"ငါ ငါ "
အဖိုးကြီးကျောင်း မျက်နှာနီမြန်းသွားရသည်။ သူတို့လို လူစားမျိုးတွေက အသေသာခံမယ် အမှားတော့ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူးဆိုသလိုမျိုးပင်။ သမီးဖြစ်သူသေသွားတော့လည်း ပြဿနာအားလုံးကိုရှုကျစ်မင်အပေါ်သာ ပုံချလိုက်ခြင်းပင်။
တကယ်တမ်း ကျောင်းမိန်းကလေး မြစ်ထဲခုန်ချသွားရသည့် အကြောင်းရင်း ၈၀ရာခိုင်နှုန်းလောက်မှာ အဖေဖြစ်သည့်သူ့ကြောင့်သာဖြစ်၏။
ဘေးနားရှိ ကျောင်းမိသားစုဝင်များလည်း ဤသည်ကိုကြားသော် တယောက်မျက်နှာတယောက် ကြည့်ကုန်ကြသည်။ ဒီစကားတွေက ကြားရသလောက်ဆိုရင် ကိစ္စကရိုးရိုးရှင်းရှင်း မဟုတ်တော့ဘူး။ အစတုန်းက အဖိုးကြီးကျောင်းပြောပြတာ ရှုကျစ်မင်က လူယုတ်မာမလို့ လမ်းခွဲမယ်လုပ်လို့ သူ့သမီးလေးသေရတာဆိုပြီးလေ။ ဒါကြောင့်လည်း ဆွေမျိုးတွေက ဒေါသထွက်ပြီး ပါလီမြစ်ရဲစခန်းထိလိုက်လာပြီး သောင်းကျန်းကြတာပေါ့။ အခုတော့ အဖိုးကြီးကျောင်း ပြောသလိုမဟုတ်မှန်း သိလိုက်ရပြီ။
ဒီအချိန်မှာ ညွှန်ကြားရေးမှူးဆုန့်နှင့် ဝမ်ရှောင်ရီတို့ လျှောက်လာကြသည်။
ညွှန်ကြားရေးမှူးဆုန့်၏မျက်နှာထားမှာ အလွန်တင်းမာနေ၏။
"ရဲစခန်းထဲထိ ဓားယူလာပြီး လူကို ရန်ပြုရဲတယ်ပေါ့လေ၊ ခုနကသာ မတားလိုက်နိုင်ရင် လူအသက်ပါသွားနိုင်တယ်၊ သူ့ကိုခေါ်သွား အခုချက်ချင်း အချုပ်ထဲထည့်လိုက်၊ ရဲဝန်ထမ်းကို ရန်ပြုခြင်းနဲ့ လူသတ်ရန် ကြံစည်မှု ဒီလောက်ဆိုရင် ခင်ဗျား ထောင်နန်းစံဖို့လုံလောက်ပြီ၊ တရားစွဲခံရဖို့သာ ပြင်ထားပေတော့"
ညွှန်ကြားရေးမှူးဆုန့် အေးစက်စွာ ပြောလိုက်သည်။ ဝမ်ရှောင်ရီမျက်နှာလည်း မဲပုပ်နေ၏။ ဒီနေ့ကြိုဆိုပွဲကို ကျောင်းမိသားစုက ဖျက်ဆီးပစ်လိုက်တာပဲ။ ပြီးတော့ ညွှန်ကြားရေးမှူးဆုန့်ရှေ့မှာတင် အကုန် ဖြစ်သွားတာ။ အဖိုးကြီးကျောင်းကို ရဲတွေဆွဲခေါ်သွားကြသည်။ သူ့ပါးစပ်ကတော့ မတရားခံရပါတယ်ဆိုပြီးအော်ဟစ်နေတုန်းဖြစ်ပေမဲ့ သူ့ပုံစံမှာမူ တုန်လှုပ်နေမှန်းသိသာလှ၏။
ထောင်တော့ဘယ်ကျချင်ပါ့မလဲ။
ဆွေမျိုးတွေအများကြီးခေါ်လာရင် ရဲတွေတွန့်သွားလိမ့်မယ်ထင်ခဲ့တာ သူ့တွက်ကိန်းလွဲသွားပြီ။
"ခင်ဗျားတို့တွေကရော ဘာရပ်လုပ်နေကြတာလဲ"
ညွှန်ကြားရေးမှူးဆုန့် ကျန်သည့်ကျောင်းမိသားစုဝင်တွေကို အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့ကလည်း သူများခိုင်းဖတ်ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ်မသိကြဘူး၊ ပြန်ကြတော့ ကျောင်းမိန်းကလေး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြေတစ်ခု ထွက်လာလိမ့်မယ်၊ ဒါပေမဲ့ ရဲစခန်းထဲမှာ ဓားနဲ့ရမ်းကားတဲ့လူကတော့ ကောင်းကောင်းနေရမှာ မဟုတ်ဘူး"
ကျောင်းမိသားစုဝင်တွေ အားလုံးငြိမ်ကျသွားသည်။ အခုတော့ ဆက်ပြီး ပြဿနာရှာလို့ မဖြစ်တော့။ ရဲဝန်ထမ်းတွေကလည်း ဝိုင်းပြီးမောင်းထုတ်ကြတာမို့ သူတို့အားလုံးပါလီမြစ်ကနေ ပြန်သွားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ဆက်ပြီး သောင်းကျန်းလို့လည်းမရတော့ဘူးလေ။ အဓိကက သူတို့ဘက်ကမှားနေတာကိုး။ ရှုကျစ်မင် ပြောပြချက်အရဆိုရင် ကောင်မလေးကို သေလမ်းပို့လိုက်တာက ဖခင်အရင်းဖြစ်နေတာပဲ။ ဆွေမျိုးတွေ ပြန်သွားပြီးနောက် ပါလီမြစ်ရုံးခန်းကတော့ ခွေးအိမ်လိုရှုပ်ပွကျန်ရစ်ခဲ့သည်။ ဝမ်ရှောင်ရီ လူတွေကိုအမြန်ခေါ်လိုက်ပြီး
"မြန်မြန် မြန်မြန် ဒီနေရာကို ရှင်းလင်းလိုက်ကြ၊ ဒီကောင်တွေ လုပ်သွားတာ တော်တော် ရှုပ်ပွသွားပြီ"
အားလုံး သန့်ရှင်းရေးဝိုင်းလုပ်ကြသည်။ ညွှန်ကြားရေးမှူးဆုန့်က ချင်ရန်အနား လျှောက်လာပြီး သူ့ကိုလေးလေးနက်နက်ကြည့်လိုက်သည်။
"မင်းလို လူငယ်လေးတစ်ယောက်မှာ ဒီလောက်ကောင်းမွန်တဲ့ စွမ်းရည်မျိုးရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ခုနက ဓားလုလိုက်တဲ့ နည်းစနစ်ဆိုရင် အနည်းဆုံး ၃နှစ်ကနေ ၅နှစ်လောက်ထိ လေ့ကျင့်မှရနိုင်တဲ့အရာမျိုးကွ"
ခုနက ချင်ရန်ဓားဝင်လုတာ တကယ်ကိုအန္တရာယ်များလွန်းသည်။ ဒါပေမဲ့ ချင်ရန်ကတော့ ဘာဒဏ်ရာမှမရခဲ့ပေ။
သတ္တိရှိသည်ပဲပြောပြောခခွန်အားကောင်းသည်ပဲဆိုဆို ချင်ရန်မှာ တကယ်သန်မာလွန်းသည်။ ချင်ရန်က အနည်းငယ်ခေါင်းညိတ်ပြီး ညွှန်ကြားရေးမှူးဆုန့်ကို အလေးပြုလိုက်၏။
"ညွှန်ကြားရေးမှူး ချီးကျူးလွန်းနေပါပြီ၊ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက ရန်ခဏခဏဖြစ်ဖူးတော့ နည်းနည်းပါးပါး တတ်ထားတာပါ"
"ဒီကောင်စုတ်လေး ငါ့ကိုနောက်နေတာလား၊ ရန်ဖြစ်ရုံနဲ့ ဒီလိုပညာမျိုးရလာပါ့မလားကွ"
ညွှန်ကြားရေးမှူးဆုန့် ရယ်မောရင်း ဆူပူလိုက်သည်။ ဒီအချိန်မှာ ရှကျဲ၊ လီတဝေနဲ့တခြားသူတွေ လျှောက်လာကြ၏။ အားလုံးက ချင်ရန်ကို လေးစားအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ အထူးသဖြင့် ရှကျဲ ပေါ့။ ခုနက အဖိုးကြီးကျောင်း ဓားနဲ့ဝင်ခုတ်တုန်းက ရှကျဲလည်းအန္တရာယ်ရှိခဲ့သည်ပင်။ အဲ့လိုအရေးကြီးတဲ့ အချိန်မှာသာ ချင်ရန်ဝင်မကာကွယ်ပေးခဲ့ရင် ဘာတွေဖြစ်သွားမလဲမတွေးဝံ့စရာပဲ။
"နင်သာမရှိရင် ခုနက ငါတို့ဒုက္ခရောက်ပြီ"
ရှကျဲတိုးတိုးလေးပြောလာသည်။
"ငါ နင့်ကို အကြီးကြီးအကြွေးတင်သွားပြီ"
ရှကျဲရင်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးနေသည်။ အထူးသဖြင့် ချင်ရန် သူမကို နောက်ဆုတ်ခိုင်းပြီး ရှေ့ကနေ ကာကွယ်ပေးလိုက်တဲ့အချိန်ပင်။ ထူးဆန်းတဲ့ ခံစားချက်လှိုင်းတစ်ခု သူမရင်ထဲ ဖြတ်သန်းသွားခဲ့သည်။ အကာအကွယ်ပေးခံရတဲ့ ခံစားချက်က သူမရဲ့အဖေကို ပြန်သတိရသွားစေသလို ရင်ခုန်သွားစေခဲ့၏။
လီတဝေကလည်း အားကျစွာဖြင့်ပြောလာသည်။
"အစ်ကိုကြီးရာ ခင်ဗျားရဲ့စွမ်းရည်တွေကို ဘယ်လိုများလေ့ကျင့်ထားတာလဲ၊ မိုက်လိုက်တာ ခုနကသာ ကျွန်တော်ဆိုရင် ဟား ကျွန်တော်နှစ်ယောက်ပေါင်းရင်တောင် အဲ့အခြေအနေကိုထိန်းနိုင်မှာမဟုတ်ဘူး"
ယန်ရှုနဲ့ ကျောက်ကျီဝေ့တို့လည်း ဝင်ပြီးချီးကျူးကြသည်။ ချင်ရန်ရဲ့စွမ်းရည်က တကယ်ကိုအထင်ကြီးစရာပဲလေ။ ချင်ရန်က တစ်ယောက်ချင်းစီကို ခေါင်းညိတ်ပြပြီး နှိမ့်ချစွာတုံ့ပြန်လိုက်သည်။ ချင်ရန် စိတ်ထဲကနေတွေးလိုက်၏။
*အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိနေမှတော့ နည်းစနစ်မရှိတဲ့ ဓားသမားတစ်ယောက်ကို ထိန်းချုပ်ရတာ လွယ်လွယ်လေးပါ*
သူ့လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်က သာမန်လူတွေထက် အများကြီး သာလွန်နေပြီး သာမန်လူ ၁၀ယောက်လောက်ကို တစ်ပြိုင်တည်းရင်ဆိုင်နိုင်စွမ်းရှိသည်။ ညွှန်ကြားရေးမှူးဆုန့်က ချင်ရန်ကိုကြည့်ပြီးနောက် ရှကျဲဘက် လှည့်လိုက်၏။
"ရှောင်ကျဲ သမီးအဆင်ပြေရဲ့လား လန့်သွားသေးလား"
"မလန့်ပါဘူး သမီး အဆင်ပြေပါတယ် ဦးလေးဆုန့် စိတ်ပူပေးလို့ကျေးဇူးပါ"
ရှကျဲ ခေါင်းခါလိုက်သည်။ ချင်ရန် ကာကွယ်ပေးလိုက်တဲ့မြင်ကွင်းကို စိတ်ထဲကနေ မနည်းထုတ်လိုက်ရ၏။
"အဆင်ပြေရင် ပြီးတာပါပဲကွာ တော်ပါသေးရဲ့"
ညွှန်ကြားရေးမှူးဆုန့် သက်ပြင်းချလိုက်သည်။ ထို့နောက် ညွှန်ကြားရေးမှူးဆုန့်က အချိန်ခဏမျှနှုတ်ဆက်စကားပြောပြီး ပြန်ဖို့ပြင်သည်။ သူ့မှာ တခြားတာဝန်တွေ ရှိသေးသည်မို့ ဆက်နေလို့မဖြစ်ပေ။ မပြန်ခင်မှာ ဝမ်ရှောင်ရီကို ရှကျဲအားကောင်းကောင်း စောင့်ရှောက်ပေးဖို့ ထပ်ခါတလဲလဲ မှာကြားခဲ့သည်။ ဝမ်ရှောင်ရီလည်း ရှကျဲကို အထိအခိုက်မခံပါဘူးလို့ ကတိတွေပေးလိုက်ရ၏။ ညွှန်ကြားရေးမှူးဆုန့် ပြန်သွားပြီးနောက် ချင်ရန်၊ လီတဝေနဲ့ တခြားသူတွေသန့်ရှင်းရေးဝိုင်းလုပ်လိုက်ကြသည်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ သန့်ရှင်းရေးလုပ်ချင်စိတ်မရှိဘဲ ချင်ရန်ကိုသာ ဝိုင်းမေးနေကြ၏။
"အစ်ကိုရန် ကျွန်တော့်ကို ပညာလေး တစ်ကွက်နှစ်ကွက်လောက် သင်ပေးပါလား"
လီတဝေ မျှော်လင့်ချက်အပြည့်နှင့်မေးလိုက်သည်။ ချင်ရန်ပြုံးပြီး မေးလိုက်၏။
"မင်းက ဘာသင်ချင်လို့လဲ"
"ခုနက ဓားလုလိုက်တဲ့စကေးလေ"
လီတဝေ လက်ကိုပွတ်သပ်ရင်း ပြောသည်။
"အစ်ကိုကြီးရဲ့ဓားလုတဲ့ စကေးက ရှယ်မိုက်တာပဲ၊ နောက်များဓားကိုင်တဲ့ လူမိုက်နဲ့တိုးရင် ကျွန်တော်မကြောက်တော့ဘူးပေါ့"
ချင်ရန် - "....."
ချောင်းတစ်ချက်ဟန့်လိုက်ပြီး ချင်ရန် ပြောလိုက်သည်။
"ဒါက ခဏလေးနဲ့ သင်လို့တတ်တဲ့အရာ မဟုတ်ဘူးကွ၊ နောက်မှအချိန်ရရင် ဖြည်းဖြည်းချင်း လေ့ကျင့်ကြတာပေါ့"
"ဟာ ဟုတ်လား"
လီတဝေ နှမြောတသဖြစ်သွားသည်။
"ဒါဆိုလည်း ပြီးတာပါပဲ"
ဒီအချိန်မှာ ရှကျဲလည်းအနားကပ်လာပြီး
"ဟိုလေ ငါလည်း နင့်ရဲ့ဖမ်းချုပ်တဲ့နည်းတွေကို သင်ချင်တယ် သင်ပေးလို့ရမလားဟင်"
ရှကျဲမျက်လုံးလေးတွေ တောက်ပနေပြီး အရမ်းကိုဖြူစင်တဲ့ပုံစံလေးပေါက်နေသည်။ ကျောင်းသူလေးတစ်ယောက်လို အပြစ်ကင်းစင်နေဆဲပင်။
ခုနက ချင်ရန် ဓားလုလိုက်တာကိုမြင်ပြီး ရှကျဲတွေးမိသည်မှာ သူမအဖေသာ အဲ့ဒီတုန်းကဒီလောက်တော်တဲ့ ဖမ်းချုပ်နည်းတွေသာတတ်ခဲ့ရင် လူဆိုးလက်ချက်နဲ့ ဒဏ်ရာရခဲ့မှာ မဟုတ်ဘူးဟုပင်။ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဝမ်ရှောင်ရီမျက်နှာထား ထူးဆန်းသွားသည်။ သူတိုးတိုးလေး ရေရွတ်လိုက်၏။
"ဒီကောင်လေးကတော့ကွာ ပထမဆုံးရက်မှာတင် စတားဖြစ်နေပါရောလား၊ လူသစ်တွေကြားမှာ ဆရာကြီးဖြစ်နေပြီပဲ"
တကယ်တော့ လူသစ်တွေတင်မကပေ။ ဝါရင့်ရဲဝန်ထမ်းတော်တော်များများကလည်း ချင်ရန်ကိုလေးစားတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပြီပင်။
ချင်ရန် ခုနကပြသွားတဲ့ စွမ်းရည်မျိုးက ပါလီမြစ်ရဲစခန်းမှာဆိုရင် ဒုစခန်းမှူးကောင်းချောင်လောက်ပဲ လုပ်နိုင်မယ့်အရာမျိုးလေ။