အခန်း (၁၂)
Vol. 2 Ch. 12
Chapter 12
ရိုက်ကူးရေးအဖွဲ့သားများနှင့် ရှန်းယွီရှောင်တို့၏ မလျှော့တမ်းလိုက်လံဖမ်းဆီးမှုအောက်တွင် ဝက်ကလေးမှာ ဖမ်းခံလိုက်ရေတာ့သည်။
ရှန်းယွီရှောင်မှာ အပြေးအလွှားလိုက်ထားရသဖြင့် ချွေးများတစ်ဒီးဒီးကျကာ သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
"လီရှောင်ယာ မင်း တော်တော်သတ္တိကောင်းနေပါလား"
ရှန်းယွီရှောင်သည် ကလေးမလေး၏ လည်ကုပ်ကို ကြောင်ပေါက်လေးတစ်ကောင်အား ဆွဲမသကဲ့သို့ မလိုက်ရင်း ခက်ထန်စွာ ဆိုလိုက်သည်။
လီရှောင်ယာသည် ခန္ဓာကိုယ်ကို နောက်သို့အနည်းငယ်ယိမ်းကာ ရှန်းယွီရှောင်၏အကြည့်ကို ရင်ဆိုင်လိုက်၏။
သူမ၏မျက်နှာထားမှာ အပြစ်ကင်းစင်နေသော်လည်း တည်ငြိမ်မှုရှိပြီး ယခုကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံတွေ့နေကျပုံစံမျိုး ဖြစ်နေလေသည်။ ကြောက်လန့်နေသည့် အရိပ်အယောင် မတွေ့ရပေ။
ရှန်းယွီရှောင် လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး အခြားဝန်ထမ်းများ လာရောက်ကူညီချိန်တွင် လီရှောင်ယာကို ပွေ့ချီလိုက်သည်။
"မင်းပြုတ်ကျသွားလို့ ခြေထောက်နဲ့ အနင်းခံလိုက်ရရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်ဆိုတာ သိရဲ့လား"
ရှန်းယွီရှောင်က သူမကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
သို့သော် လီရှောင်ယာမှာ ထိတ်လန့်သွားပုံမရပေ။ သူမက သူ့ကို မော့ကြည့်ရင်း ဆိုလိုက်၏။
"ကိစ္စမရှိပါဘူး... သမီးအသက်က တန်ဖိုးမရှိတဲ့အတွက် သေသွားရင်တောင် ဘာမှ ထိခိုက်မှာမဟုတ်ပါဘူး"
ထိုစကားကြောင့် ရှန်းယွီရှောင်၏ မျက်နှာထား ရုတ်ခြည်းပြောင်းလဲသွားချေ၏။
"ဘယ်သူက ပြောတာလဲ"
ထိုအချိန်မှသာ လီရှောင်ယာသည် သူ့ထံမှ အန္တရာယ်ရှိသော အငွေ့အသက်များကို ခံစားမိလိုက်ရ၏။ သူမက တိုးတိုးလေး ဖြေလိုက်သည်။
"သူတို့... သူတို့တွေအကုန်လုံးက ပြောကြတာ..."
ရှန်းယွီရှောင်သည် ရင်ထဲမှ ဒေါသလှိုင်းများကို မနည်းထိန်းချုပ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီ လီမိသားစုရွာဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်။
တာဝန်သိတတ်တဲ့ လူကြီးဟူ၍ တစ်ယောက်မှမရှိဘူးလား။
သူသည် လီရှောင်ယာကို ခေါ်ထုတ်သွားရန် ဆုံးဖြတ်လိုက်၏။ ဝန်ထမ်းများ ဝက်ကိုသယ်ဆောင်သွားသည်ကို ကြည့်ရင်း သူတို့နှစ်ဦး လယ်ကန်သင်းရိုးပေါ်တွင် ထိုင်လိုက်ကြသည်။
ရှန်းယွီရှောင်က လီရှောင်ယာကို မေးလိုက်သည်။
"မင်းမှာ အိပ်မက်တွေဘာတွေ ရှိလား"
လီရှောင်ယာက နားမလည်သလို ခေါင်းခါပြ၏။
ဒီအကြောင်းအရာက ကလေးတစ်ယောက် နားလည်ဖို့အတွက် ကြီးကျယ်လွန်းနေမှန်း ရှန်းယွီရှောင် သဘောပေါက်လိုက်သည်။
ထို့ကြောင့် သူက မေးခွန်းပုံစံပြောင်းလိုက်သည်။
"စတုတ္ထတန်းတုန်းကအချိန်တွေကို လွမ်းလား"
လီရှောင်ယာ ခေါင်းညိတ်ပြသည်။
"ပဉ္စမတန်း၊ ဆဋ္ဌမတန်းရော... စာဆက်သင်ချင်လား"
လီရှောင်ယာ ခေါင်းတဆက်ဆက်ညိတ်ရင်း ဖြေလေသည်။
"သင်ချင်တာပေါ့... အမေက သမီးကို စာသင်ရမယ်လို့ မှာခဲ့တယ်"
ရှန်းယွီရှောင်က ချက်ချင်းပင် တုံ့ပြန်လိုက်၏။
"ဒါဆိုရင် မင်း အသက်ရှင်အောင် နေရမယ်လေ... စာဆက်သင်နိုင်ဖို့ ကိုယ့်အသက်ကို တန်ဖိုးထားရမှာပေါ့"
လီရှောင်ယာ ခေါင်းငုံ့ကာ ခြေမလေးဖြင့် မြေကြီးကို ကလော်နေမိ၏။ မနှစ်က အဘိုးဖြစ်သူသည် သူမကို ကျောင်းမထားချင်တော့ပေ။သူမ မည်မျှကြာကြာ ဆက်တောင့်ခံထားနိုင်မည်ကို သူမကိုယ်တိုင်လည်း မသိချေ။ ထိုငွေကြေးများက သူမကို နောက်ထပ်ခဏလောက် ဆက်လက်ရပ်တည်နိုင်ရန် ကူညီပေးနိုင်ကောင်းပါရဲ့ဟု တွေးမိသည်။
ရှန်းယွီရှောင်သည် မမျှော်လင့်ထားလောက်အောင် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် သူမ၏ခေါင်းကို ပုတ်ပေးလိုက်လေသည်။
တီဗီဖန်သားပြင်အပြင်ဘက်တွင်မူ ရှန်းယွီရှောင်၏ဖခင်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရချေပြီ။
"ဒီကောင် ဘယ်တုန်းကများ ဒီလောက်စိတ်ရှည်သွားတာလဲ"
ရှန်းကျွင်းက သူ့ဇနီးဘက်သို့လှည့်ကာ မေးလိုက်သည်။
ရှုချွီလိုင်က တည်ငြိမ်စွာပင် ပြန်ဖြေလေသည်။
"ရှားပါးမြင်ကွင်းပဲ"
ထိုအချိန်တွင် လီချင်းချင်းသည် လက်ရန်းကိုမှီကာ အဝေးမှ တီဗီဖန်သားပြင်ကို စူးစိုက်ကြည့်နေသည်။ လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မနာလိုဝန်တိုစိတ်များမှာ ဒြပ်ရှိအရာဝတ္ထုတစ်ခုသဖွယ် ပြောင်းလဲကာ လီရှောင်ယာထံ ပစ်လွှတ်နေသကဲ့သို့ စူးစိုက်ကြည့်နေ၏။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။
ဘာလို့ ဒီလိုတွေဖြစ်လာရတာလဲ။
ဘာကြောင့် ရှန်းယွီရှောင်က သူမအပေါ် ကြင်နာနေရသေးတာလဲ။
ဒါ ရှန်းယွီရှောင်လေ...။
အရွယ်ရောက်ပြီးသော ရှန်းယွီရှောင်၏ ပုံရိပ်ကို တွေးမိလိုက်သောအခါ လီချင်းချင်း၏အမြင်အာရုံတို့ ဝေဝါးသွားရသည်။ တစ်ချိန်တုန်းက သူမ ကံကောင်းထောက်မစွာဖြင့် လေဆိပ်တွင် တွေ့ဆုံခဲ့ဖူး၏။
ထိုလူငယ်သည် သက်တော်စောင့်များခြံရံလျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ ချောမောခန့်ညားသော မျက်နှာထား၊ မြှားတစ်စင်းကဲ့သို့ စူးရှသည့် လှပသော မျက်ဝန်းများနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိလူများကို ခြိမ်းခြောက်နိုင်သော အငွေ့အသက်များကို ထုတ်လွှတ်ထားလေသည်။
ရှန်းလုပ်ငန်းစု၏ အမွေဆက်ခံသူအနေဖြင့် သူသည် ငယ်ရွယ်စဉ်ကတည်းက ရက်စက်ပြတ်သားသော နည်းလမ်းများကြောင့် နာမည်ကျော်ကြားပြီး လူအများအပြားကို ကြောက်ရွံ့စေခဲ့သူဖြစ်သည်။ သို့သော် လူများကို အဆွဲဆောင်နိုင်ဆုံးအချက်မှာ အင်တာဗျူးတစ်ခုတွင် သူ၏ညီမလေးအကြောင်း ထည့်ပြောခဲ့ခြင်းဖြစ်သည်။ သူတို့ ညီမလေးရဲ့ မွေးနေ့ပွဲလုပ်ပေးကြမလို့တဲ့လေ။
မီဒီယာများက အံ့အားသင့်စွာဖြင့် "မစ္စစ်ရှုမှာ ဒုတိယကလေး ဘယ်တုန်းက မွေးလိုက်တာလဲ" ဟု မေးမြန်းခဲ့ကြသည်။
ရှန်းယွီရှောင်က ပြန်ဖြေခဲ့သည်။
"ကျုပ်မိသားစုရဲ့ မွေးစားသမီးပါ"
ထိုသတင်းကို မြင်ပြီးနောက်ပိုင်းမှသာ ရှန်းမိသားစု၏ မွေးစားသမီးဆိုသည်မှာ လီမိသားစုရွာမှ ဖုန်တထောင်းထောင်းနှင့် မိဘမဲ့ကလေး လီရှောင်ယာ ဖြစ်နေကြောင်း လီချင်းချင်း တဖြည်းဖြည်းချင်း သိလာခဲ့ရသည်။
ထိုအချိန်မှစ၍ သူမသည် လီရှောင်ယာ၏နေရာကို ဝင်ယူကာ ထိုကဲ့သို့ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသောဘဝတွင် နေထိုင်ချင်ခဲ့မိခြင်း ဖြစ်သည်။
ဒီတစ်ခါတော့ ငါအရှုံးမပေးနိုင်ဘူး... ဘယ်လိုလုပ်ပြီး ရှုံးလို့ဖြစ်မှာလဲ။
လီချင်းချင်း ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး အောက်ထပ်သို့ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ အိပ်ရာမှနိုးကာစ ဟန်ဆောင်လျက် မျက်လုံးကို ပွတ်သပ်လိုက်၏။
"အန်တီ ပြန်ရောက်နေပြီလား"
ရှုချွီလိုင်က သူမကို တစ်ချက်လှမ်းကြည့်သည်။
လီချင်းချင်းက ချက်ချင်းပင် လေးစားအားကျဟန် ပြသလိုက်တော့သည်။
"သမီး အန်တီနဲ့ ဆုံခွင့်ရပြီ အန်တီ့ ပန်းချီကားတွေကို သမီး မြင်ဖူးတယ်... အရမ်းကောင်းတာ သမီးတော့ အရမ်းကြိုက်တာပဲ"
"မင်း ငါ့ပန်းချီကားတွေကို မြင်ဖူးတယ်လား"
ရှုချွီလိုင်၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တစ်ချက် ဖြတ်ပြေးသွားသည်။
လီချင်းချင်း ခေါင်းညိတ်ပြလိုက်သည်။
" 'ပင့်ကူအမျိုးသမီး'၊ 'ပိုးအိမ်မှရုန်းထွက်ခြင်း' ၊ 'လမင်း၏သေဆုံးခြင်း' ... အကုန်လုံးမြင်ဖူးပါတယ်"
သူမက ရှုချွီလိုင်၏ ပန်းချီကားအမည်များကို တရစပ် ရွတ်ပြလိုက်ပြီးနောက် ဆက်ပြောလေသည်။
"သမီး အကြိုက်ဆုံးကတော့ 'ပိုးအိမ်မှရုန်းထွက်ခြင်း' ဆိုတဲ့ပန်းချီကားပါပဲ။ ဖောက်ထွင်းမြင်နိုင်တဲ့ ပိုးအိမ်ထဲမှာ ကူကယ်ရာမဲ့နေတဲ့ မိန်းကလေးတစ်ယောက် ကွေးကွေးလေးနေနေတယ်။ အဲဒီအချိန်မှာ သွေးတွေပေနေတဲ့ လက်တစ်ဖက်က ပိုးအိမ်နံရံကို ဖောက်ထွက်လာပြီး မိန်းကလေးရဲ့ ဝမ်းဗိုက်ကို လာထိတယ်။ မိန်းကလေးရဲ့ ဝမ်းဗိုက်က ကွဲအက်သွားပြီး လိပ်ပြာအတောင်ပံလေး တစ်စွန်းတစ်စ ထွက်လာတာလေ..."
"တကယ်ကို စိတ်ထဲတိုးဝင်လာတာ ပိုးအိမ်ထဲကနေ ရုန်းထွက်ချင်တဲ့ အရှုံးမပေးလိုစိတ်ကို ကြည့်တဲ့သူတွေ တိုက်ရိုက်ခံစားမိစေတယ်။ သူမစိတ်ပိုင်းဖြတ်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးကလည်း သူမအတွက် ကူညီမယ့်လက်ကမ်းပေးပြီး အတားအဆီးတွေကို ဖယ်ရှားပေးလိုက်သလိုပဲ"
"ဒီပန်းချီကားထဲက အရောင်တွေကလည်း တကယ့်ကို ပြင်းထန်တာ..."
လီချင်းချင်းသည် အချက်အလက်ခိုင်လုံစွာဖြင့် နှုတ်သွက်လျှာသွက် ပြောဆိုနေလေသည်။
ရှုချွီလိုင်၏ နှလုံးသားကို ထိတွေ့နိုင်မည်ဟု သူမ သေချာပေါက် တွက်ဆထား၏။
အဘယ်ကြောင့်ဆိုသော် ဤစကားများမှာ နာမည်ကြီး ဝေဖန်ရေးဆရာတစ်ဦး၏ စကားများကို တစ်လုံးမကျန် ကူးယူထားသောကြောင့် ဖြစ်သည်။ မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။
ရှန်းကျွင်းက "မထင်မှတ်ထားဘူးပဲ" ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု တွင်လည်း မှတ်ချက်များ တက်လာသည်။
[ဝိုး... လီချင်းချင်းက တော်တော်သိတာပဲ]
[တောသူမလေးက ဒီလောက်အမြင်ရှိတာ အံ့ဩစရာပဲ]
လီချင်းချင်း ယုံကြည်မှုရှိရှိ ပြောဆိုပြီးနောက် ရှုချွီလိုင်၏ မျက်နှာထားကို အကဲခတ်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ကျောက်ရုပ်ပမာ ဖြစ်သွားရချေသည်။
ရှုချွီလိုင်သည် သူမကို အကဲခတ် စစ်ဆေးနေခြင်း ဖြစ်သည်။
ဟုတ်သည်။ သဘောကျခြင်း၊ အံ့ဩဝမ်းသာခြင်းမျိုး မဟုတ်ဘဲ အေးစက်စွာ စူးစမ်းနေခြင်းသာ ဖြစ်သည်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
လီချင်းချင်း ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်သည်။
"အန်တီ သမီး ပြောတာ တစ်ခုခုမှားသွားလို့လားဟင်"
ရှုချွီလိုင်က ညှာတာခြင်းမရှိဘဲ ပြောလိုက်သည်။
"ဒီစကားတွေကို ပြောတတ်အောင် ဘယ်သူသင်ပေးလိုက်တာလဲ"
လီချင်းချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"အန်တီ ဘာကိုဆိုလိုတာလဲဟင် သမီး နားမလည်ဘူး"
ရှုချွီလိုင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"ဒါက သမီးအရွယ် ကလေးတစ်ယောက် ပြောမယ့်စကားပုံစံမျိုး မဟုတ်ဘူး"
လီချင်းချင်း ရင်ထဲတွင် မုန်းတီးစိတ်များ ထောင်တက်လာရသည်။ ရှုချွီလိုင်က ဤမျှ စာနာစိတ်ကင်းမဲ့လိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ပါရမီရှင်တစ်ယောက်ကို တစ်ခါမှမတွေ့ဖူးဘူးလားဟု ပြန်အော်ပြောပစ်လိုက်ချင်သည်။
သို့သော် လီချင်းချင်း မလုပ်ရဲပေ။ ထို့ကြောင့် နာကျင်ခံစားရသည့် ပုံစံဖြင့်သာ ရှုချွီလိုင်ကို ကြည့်လိုက်မိသည်။
ထိုအချိန်တွင် ရှုချွီလိုင်က သူမခင်ပွန်းဘက်လှည့်ကာ ပြောလိုက်သည်။
"ဒီစကားပြောပုံစံက ရင်းနှီးမနေဘူးလား"
ရှန်းကျွင်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။
"မင်းရဲ့ပန်းချီကားတွေကို ကျောက်ချွမ်း ဝေဖန်သုံးသပ်တုန်းက ပြောတဲ့စကားတွေနဲ့ တူနေသလိုပဲ"
လီချင်းချင်း၏ နှလုံးသားသည် ရေခဲတမျှ အေးစက်သွားရချေပြီ။
ကျောက်ချွမ်းဆိုသည်မှာ ထိုနာမည်ကြီး ဝေဖန်ရေးဆရာပင် ဖြစ်သည်။
သူက ရှန်းလင်မယားနှင့် သိကျွမ်းနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
[ရှန်းယွီရှောင်ရဲ့ အမေက ကလေးတစ်ယောက်ကို သိပ်ပြီးဇီဇာကြောင်လွန်းနေသလားလို့။ လီချင်းချင်းက တော်တော်ပြောနိုင်တာပဲကို]
[ဟုတ်ပ... လီချင်းချင်းက သူ့အကြိုက်လိုက်ပြောနေတာကို အေးစက်စက်ပြန်ဆက်ဆံတယ်၊ စိတ်ပျက်စရာကြီး]
[စကားမပြောချင်တော့ဘူး... နင်တို့မှာ ဦးနှောက်မှ ရှိကြသေးရဲ့လား။ ဒါကြောင့် သူက နာမည်ကြီးအနုပညာရှင်ဖြစ်ပြီး နင်တို့က ကီးဘုတ်ဖိုက်တာ ဖြစ်နေတာပေါ့။ မစ္စစ်ရှုပြောတာ မမှားဘူး၊ လီချင်းချင်းက ဒီစကားလုံးတွေကို ကိုယ့်ဘာသာ စဉ်းစားပြီးပြောနိုင်မယ့်ပုံ မဟုတ်ဘူး]
ထိုအချိန်တွင် လီချင်းချင်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလေပြီ။
"သမီး... သမီးပြောတာ မှားသွားလို့လားဟင်... အန်တီ စိတ်မဆိုးပါနဲ့နော်"
ရှုချွီလိုင် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
"ငါ နည်းနည်းပင်ပန်းနေပြီ... သွားနားလိုက်ဦးမယ်"
ရှန်းကျွင်းလည်း ချက်ချင်းထရပ်ကာ သူ့ဇနီး၏ ပခုံးကို ဖွဖွလေးညှစ်ပေးလိုက်သည်။
"အင်း... မင်း မနက်ဖြန် ပြည်ပသွားရဦးမှာဆိုတော့... လာပါ၊ ကိုယ် ရေချိုးဖို့ ရေဖြည့်ပေးမယ်"
လီချင်းချင်းမှာ ကူကယ်ရာမဲ့စွာ ကျန်ရစ်ခဲ့ပြီး မနာလိုဝန်တိုစိတ်များက သူမ၏နှလုံးသားကို ကိုက်ဝါးစားသောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်းကျွင်းကဲ့သို့သော လူကြီးလူကောင်းတစ်ယောက်က ဇနီးသည်အတွက် ကိုယ်တိုင်ကိုယ်ကျ ရေဖြည့်ပေးသည်တဲ့လား။
ရှုချွီလိုင် အပေါ်ထပ်သို့တက်ရန် ပြင်လိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကလေးငယ်လေးကို ဒီအတိုင်းထားပစ်ခဲ့ရသည်မှာ မကောင်းဟု ခံစားမိသဖြင့် သူမခင်ပွန်း၏လက်မောင်းကို ပုတ်လိုက်သည်။
"သူ့ကို နှစ်သိမ့်စကားလေး ဘာလေး ပြောပေးလိုက်ပါဦး"
ရှန်းကျွင်း ခေါင်းညိတ်ပြုံးပြရင်း ပြောလိုက်သည်။
"ကောင်းပြီလေ... တကယ်လို့များ သမီးလေးတစ်ယောက်ရှိလာရင် ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ ကိုယ် အမြဲတမ်း စိတ်ကူးကြည့်ဖူးတယ်... ဒီနေ့တော့ လက်တွေ့အကောင်အထည်ဖော်ရမယ့် အခွင့်အရေးရပြီ ထင်ပါရဲ့"
ထိုအချိန်တွင် လီရှောင်ယာနှင့် ရှန်းယွီရှောင်တို့မှာ ဝက်ခြံကို ပြုပြင်ရင်း အမောဆို့နေကြလေသည်။
"နံလိုက်တာကွာ"
ရှန်းယွီရှောင် ရုတ်တရက် ခေါင်းမော့လာပြီး သက်ပြင်းချလိုက်၏။
သူကဲ့သို့ ဂုဏ်သရေရှိ သခင်လေးတစ်ယောက်က ဤကဲ့သို့သော အခြေအနေမျိုးကို ဘယ်တုန်းက ရောက်ရှိသွားရတာလဲ။
ပရိသတ်များမှာလည်း ထိုနည်းတူ တွေးတောနေကြလေသည်။
[ဒေါ်လာသန်းပေါင်းများစွာ အမွေဆက်ခံမယ့်သူက ရွာမှာ ဝက်ခြံပြင်နေရတယ်တဲ့လား။ ဒါက လူ့သဘာဝရဲ့ တိမ်းစောင်းမှုလား၊ ကိုယ်ကျင့်တရား ပျက်ယွင်းမှုလား]
[လီရှောင်ယာရဲ့ မှော်အစွမ်းတွေကြောင့် နေမှာပေါ့]