← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ပါလီမြစ်ရဲစခန်းမှ ရဲဘော်အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရာ မကြာမီ ရုံးခန်းတစ်ခုလုံး သပ်ရပ်သွားတော့သည်။ ဝမ်ရှောင်ရီက ချင်ရန်တို့ ငါးဦးကိုခေါ်ပြီး တာဝန်များခွဲဝေပေးလိုက်သည်။ ကျောက်ကျီဝေ့ကိုတော့ ရပ်ကွက်လုပ်ငန်းများတာဝန်ယူရသည့် ဝါရင့်ရဲဘော်ကျန်းကျစ်ကျယ်နှင့် တွဲပေးလိုက်သည်။ ကျန်းကျစ်ကျယ်၏အလုပ်က ရပ်ကွက်ထဲက ပြဿနာအသေးအမွှားလေးတွေဖြစ်တဲ့ အတွင်းခံပျောက်တာ၊ အိမ်မွေးတိရစ္ဆာန် ပျောက်တာ၊ အိမ်နီးချင်းချင်းရန်ဖြစ်တာတွေကို ဖြေရှင်းပေးရခြင်းဖြစ်သည်။

အရင်တုန်းက ကျန်းကျစ်ကျယ် တစ်ယောက်တည်းလုပ်ရတော့ အလုပ်နိုင်နင်းမှုမရှိခဲ့ပေ။ အခုလူသစ်တွေ ရောက်လာတော့ လက်ထောက်တစ်ယောက် ထည့်ပေးလိုက်ခြင်းပင်။

ရိုးသားကြိုးစားသည့် ကျောက်ကျီဝေ့ကို ကျန်းကျစ်ကျယ်နှင့်တွဲပေးလိုက်ခြင်းက ဝမ်ရှောင်ရီ၏မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ ကျောက်ကျီဝေ့မှာ သူ့တာဝန်က ရပ်ကွက်အလုပ်တွေလုပ်ရမယ်ဆိုတာ သိလိုက်ရတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဒီအလုပ်က ပျင်းစရာ ကောင်းလိုက်မည့်ဖြစ်ခြင်း။

ဒါပေမဲ့ အထက်လူကြီးစီစဉ်တာကိုတော့ လက်ခံရမှာပေါ့။ ကျောက်ကျီဝေ့ထွက်သွားပြီးနောက် ဝမ်ရှောင်ရီက သူ့ရှေ့မှာကျန်နေတဲ့ လေးယောက်ကို ကြည့်ရင်း ဘယ်လိုတာဝန်တွေပေးရမလဲ စဉ်းစားနေသည်။ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"စခန်းမှူး"

ဝမ်ရှောင်ရီ လှည့်ကြည့်လိုက်သည်။

ဗလတောင့်တောင့်၊ မျက်လုံးစူးစူးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ အရပ်ဝတ်နဲ့ဖြစ်ပြီး အနက်ရောင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည်။

"ဟေ ကောင်းချောင် ဒီနေ့ မင်းနားရက် မဟုတ်ဘူးလား ဘာလာလုပ်တာလဲ"

ဝမ်ရှောင်ရီ အံ့ဩစွာမေးလိုက်သည်။

ထို့နောက် ဝမ်ရှောင်ရီတစ်ခုခုကို သတိရသွားပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။

"မင်း ပြန်လာတာ ဟိုလူသတ်သမား ကိစ္စကြောင့်လား သူ့ကိုတွေ့ပြီပေါ့ ဘယ်မှာလဲ"

လူသတ်သမားဆိုတဲ့စကားလုံးကြားတော့ ဘေးနားကချင်ရန်တို့အသက်ရှူအောင့်လိုက်မိကြသည်။ လူသတ်သမား ဒါအကြီးစားရာဇဝတ်ကောင်ပဲ။ ကောင်းချောင်က အသံသြသြကြီးဖြင့်ပြောလာသည်။

"လူသတ်သမားက သူ့အိမ်ကိုခိုးပြန်ရောက်နေပြီဆိုတဲ့ သတင်းရထားတယ်၊ အတည်မပြုနိုင်သေးပေမယ့် သေချာသလောက်ရှိပြီ၊ ကျွန်တော်ကလူလာစုတာပါ၊ ထောက်လှမ်းရေးသတင်းအရ သူ့ဆီမှာကြံရာပါတွေရှိနေပုံရတယ်"

"ကြံရာပါတွေ ဟုတ်လား"

ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်သွားရသည်။

"ဒါဆို အခြေအနေက နည်းနည်း အန္တရာယ်များတယ်၊ မင်းလူလာခေါ်တာမှန်တယ် မဟုတ်ရင် ကျားသိုက်ထဲ တစ်ယောက်တည်းဝင်သလိုဖြစ်နေမှာ၊ ဒီတစ်ခါတော့ လူများများခေါ်သွားမှ ဖြစ်မယ် အနည်းဆုံး သုံးယောက်လောက်တော့လိုမယ်"

ဝမ်ရှောင်ရီက ညွှန်ကြားလိုက်သည်။

"စခန်းမှူး ကျွန်တော်လိုက်ချင်ပါတယ်"

ချင်ရန် ချက်ချင်းဝင်ပြောလိုက်သည်။

"ကျွန်တော် ကျွန်တော်ရောပဲ ကျွန်တော်လည်း လိုက်ချင်တယ်"

လီတဝေကလည်း အလျင်အမြန် ပြောသည်။ ရဲလုပ်သက်တစ်လျှောက်မှာ စိတ်ဝင်စားစရာအကောင်းဆုံးက လူသတ်သမား ဖမ်းတာပဲလေ။ ဒီအကြောင်းကြားလိုက်တာနဲ့တင် သွေးတွေဆူပွက်လာသလိုပဲ။ ဝမ်ရှောင်ရီနဲ့ ကောင်းချောင်တို့ ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ ကောင်းချောင်က မသေချာသလိုမေးလာ၏။

"ဒီကောင်လေးတွေက လူသစ်တွေလား"

"အေး ဟုတ်တယ် ဒီနေ့မှ ရောက်တာလေ၊ ညွှန်ကြားရေးမှူးဆုန့် ကိုယ်တိုင် အပ်ပေးလိုက်တဲ့ လူငယ်တွေပဲ"

ဝမ်ရှောင်ရီပြန်ဖြေလိုက်သည်။ ဝမ်ရှောင်ရီ ချောင်းဟန့်လိုက်ပြီး မိတ်ဆက်ပေးလာ၏။

"မိတ်ဆက်ပေးရဦးမယ် ဒါက ငါတို့ပါလီမြစ်ရဲစခန်းရဲ့ ဒုစခန်းမှူးကောင်းချောင် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနကို တာဝန်ယူထားတာ"

ချင်ရန်နဲ့တခြားလူတွေလည်း တစ်ယောက်ချင်းစီ နာမည်မိတ်ဆက်လိုက်ကြသည်။ ကောင်းချောင် ခေါင်းညိတ်လိုက်ပြီး

"ငါက လူသတ်သမားသွားဖမ်းမလို့ မင်းတို့ လိုက်ရဲလို့လား၊ ဟိုဘက်က လူသတ်ဖူးတဲ့ဝရမ်းပြေးနော်"

"ကျွန်တော် မကြောက်ပါဘူး"

ချင်ရန်က ပြတ်သားစွာပြောသည်။

အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ချင်ရန်ရဲ့ စွမ်းရည်ကသာမန်မဟုတ်တော့ပေ။

ရာဇဝတ်ကောင်ဖမ်းတာက သူ့အတွက် အသင့်တော်ဆုံး အလုပ်ပဲ။

"ကျွန်တော်လည်း မကြောက်ဘူး"

လီတဝေလည်း ပြန်ပြောသည်။

ရှကျဲနဲ့ယန်ရှုတို့လည်း မကြောက်ကြောင်းပြောလာကြ၏။ ကောင်းချောင်က ဝမ်ရှောင်ရီထံကြည့်လိုက်သည်။

"ဒီကောင်လေးတွေ ခေါ်သွားလို့ဖြစ်ပါ့မလား"

ဝမ်ရှောင်ရီကပြုံးပြီး ချင်ရန်ကိုညွှန်ပြလိုက်သည်။

"ညီအစ်ကိုကောင်းရေ ဒီတစ်သုတ်လူသစ်တွေထဲမှာ ထူးခြားတဲ့ကောင်လေးတွေပါတယ်၊ ထူးချွန်ကျောင်းသားပါတယ်၊ အာဇာနည်မျိုးဆက်ပါတယ်၊ ပြီးတော့ ဒီကောင်လေး သူ့စွမ်းရည်က မခေဘူး၊ ဖမ်းချုပ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ၊ သူ့ကို ခေါ်သွားရင်တော့ ပြဿနာမရှိလောက်ဘူး"

"အိုး ဖမ်းချုပ်တဲ့နေရာမှာဆရာတစ်ဆူ ဟုတ်လား"

ဒါကိုကြားတော့ ကောင်းချောင် စိတ်ဝင်စားသွားသည်။

"ဘယ်လောက်တောင် စွမ်းလို့လဲကွ"

ဝမ်ရှောင်ရီက ချင်ရန်ဓားလုခဲ့တဲ့ အကြောင်းကို ပြောပြလိုက်တော့ ကောင်းချောင် မျက်လုံးထဲမှာအံ့ဩတဲ့ အရိပ်အယောင်ပေါ်လာသည်။

မဆိုးဘူးပဲ။

လက်ထဲက ဓားကိုလုတယ်ဆိုတာ သာမန်လူ လုပ်ရဲတဲ့ကိစ္စမဟုတ်ဘူးလေ။ ကောင်းချောင်ပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုဒီတစ်ခေါက် ဖမ်းဆီးရေးမှာ ချင်ရန်လိုက်ခဲ့"

"စခန်းမှူး ကျွန်တော်လည်းလိုက်ချင်တယ်၊ ကျွန်တော်ပန်းအိုး(အသုံးမဝင်တဲ့လူ)ပဲမလုပ်ချင်ဘူး၊ ရှေ့တန်းထွက်ပြီး အတွေ့အကြုံယူချင်တယ်"

ယန်ရှု ဘေးကနေ ဝင်ပြောသည်။ ဝမ်ရှောင်ရီ စဉ်းစားလိုက်၏။ ယန်ရှုကလည်း အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်လောက်ပါတယ်လေ။

ပြီးတော့ သူ့ကို တကယ်ပဲပန်းအိုးလို ထားလို့မဖြစ်ဘူးမလား။

"ကောင်းပြီ ဒါဆို မင်းပါလိုက်ခဲ့"

"ကဲ ဒါဆို မင်းတို့အဝတ်အစားသွားလဲကြတော့"

ကောင်းချောင်လက်ယမ်းပြလိုက်သည်။

"ချင်ရန်၊ ယန်ရှု၊ လီတဝေ မင်းတို့သုံးယောက် ငါ့နောက်လိုက်ခဲ့"

ချင်ရန်နဲ့ တခြားနှစ်ယောက် ကောင်းချောင်နောက် လိုက်သွားကြသည်။

ရှကျဲတစ်ယောက်တည်း ကျန်ခဲ့သည်။ သူမနှုတ်ခမ်းကိုကိုက်ပြီး မကျေမနပ် ပြောလာ၏။

"စခန်းမှူး ကျွန်မလည်းလိုက်ချင်တာပေါ့"

သူမလည်း ရှေ့တန်းထွက်ချင်ပေမယ့် ဝမ်ရှောင်ရီ ခွင့်မပြုပေ။ ညွှန်ကြားရေးမှူးဆုန့်က တဖွဖွမှာထားတာလေ ဒီကောင်မလေးကို အန္တရာယ်ရှိတဲ့နေရာတွေဆီလွှတ်လို့မဖြစ်ဘူး။ တော်ကြာ တစ်ခုခုဖြစ်ရင် သူပဲအပြစ်တင်ခံရမှာ။

"အို ရှောင်ကျဲရယ် အဲ့ဒါလူသတ်သမားလေ သိပ်ရက်စက်တဲ့ကောင် သမီးလိုက်သွားရင်အန္တရာယ်များတယ်"

ဝမ်ရှောင်ရီ သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ သမီးလည်း ရာဇဝတ်ကောင် ဖမ်းချင်တာပဲ"

ရှကျဲ ဇွတ်တောင်းဆိုသည်။

"ဖမ်းစရာတွေ အများကြီးရှိပါသေးတယ်၊ ဒီလို လူသတ်ကောင်မျိုးကျတော့ သိပ်အန္တရာယ်များလွန်းလို့ပါ။ ကဲ ကဲ သမီး သွားတော့ နည်းပြဆရာနဲ့အတူ ပါလီမြစ်ရဲစခန်းကိုပတ်ကြည့်လိုက်ဦး"

ဝမ်ရှောင်ရီ ရှကျဲကိုအတင်းနှင်လွှတ်လိုက်သည်။ ဒီရွှေမှုန်စားလေးကို အန္တရာယ်ရှိတဲ့နေရာ ပို့လို့မဖြစ်ဘူး။ တဖက်တွင် ချင်ရန်နဲ့တခြားနှစ်ယောက် အဝတ်အစားလဲ၊ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီး အသင့်ဖြစ်နေကြပြီ။ ဒီတစ်ခေါက်မှာ လူသစ်၃ယောက်အပြင်၊ ကောင်းချောင်က ချန်ရှင်းချန်နဲ့တခြားဝါရင့်ရဲဘော် ၆ယောက်ကိုပါ ခေါ်လိုက်တာမို့ စုစုပေါင်း ၁၁ယောက် ဖြစ်သွားသည်။

ကောင်းချောင် ရယ်မောလိုက်၏။

"မင်းတို့ လူသစ် ၃ယောက် ကံကောင်းတယ်လို့ပဲ ပြောရမယ်၊ အလုပ်စဝင်တဲ့နေ့မှာတင် လူသတ်သမားဖမ်းထွက်ရပြီ၊ ဟေ့ကောင်တွေ ဟိုရောက်ရင်လုံးဝ မကြောက်ကြနဲ့ လန့်လဲမသွားကြနဲ့၊ ငါ့အမိန့်အတိုင်းပဲလုပ်ကြ ကြားလား"

"ကြားပါတယ်"

ချင်ရန် လေးနက်စွာပြန်ဖြေသည်။

သူ့စိတ်ထဲမှာ လူသတ်သမားအကြောင်းသာ တွေးနေ၏။ မူရင်းဇာတ်လမ်းထဲမှာတော့ လူသတ်သမားရဲ့ကြံရာပါရွာသားတွေက ရဲတွေကိုဝိုင်းပြီး တားဆီးကြခဲ့တာလေ။ နောက်ဆုံး ဒုစခန်းမှူးကောင်းချောင်က သေနတ်ဖောက်ပြီး သတိပေးလိုက်မှ ရွာလူကြီးရောက်လာပြီး အခြေအနေ ငြိမ်သွားခဲ့တာ။ ဒီတစ်ခါရော အခြေအနေပြောင်းသွားမလားပဲ။

ကောင်းချောင်က ချင်ရန်တို့ကို ဗင်ကားပေါ် ခေါ်တင်သွားသည်။

ကားပေါ်မှာ ချင်ရန်ကတည်ငြိမ်နေပေမယ့် ယန်ရှုနဲ့ လီတဝေကတော့စိတ်လှုပ်ရှားနေတာကို ဖုံးဖိမရပေ။

လူသတ်သမား ဒီစကားလုံးက လေးလံလွန်းလှသည်။ လူ့အသက်ကိုသတ်ထားတဲ့ လူယုတ်မာကိုဖမ်းရမှာ လွယ်တဲ့ကိစ္စ မဟုတ်ပေ။ ဒီလို သေမထူးနေမထူးကောင်တွေက အဖမ်းခံရမှာကို အရမ်းကြောက်ပြီး သေချာပေါက် ပြန်လည်ခုခံကြမှာပဲ။ ကားစထွက်တော့ ကောင်းချောင်က နောက်ကြည့်မှန်ကနေ ချင်ရန်တို့ ၃ ယောက်ကို လှမ်းကြည့်လိုက်သည်။

လီတဝေနဲ့ ယန်ရှုမျက်နှာမှာ ကြောက်စိတ်နည်းနည်းရှိနေသည်မှာ သိသာလှ၏။ ဒါပေမဲ့ ချင်ရန်ရဲ့မျက်နှာကတော့ တည်ငြိမ်အေးဆေးနေတာမို့ ကောင်းချောင် နှစ်ခါပြန်ကြည့်လိုက်မိသည်။

"ဒီကောင်လေး စိတ်ဓာတ်တော်တော်ခိုင်တာပဲ။ သိုင်းပညာရှင်မလို့နေမှာ"

ကောင်းချောင် တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယန်ရွာ

ချင်ရန်တို့ သွားဖမ်းမယ့်လူသတ်သမား တင်းတယုံနေအိမ်ရှိရာရွာမှ

တင်းတယုံ၏နေအိမ်အတွင်း၌

တင်းတယုံမှာ လူသတ်ချင်နေတဲ့ မျက်လုံးတွေနဲ့ မဲမှောင်နေသည်။ သူ့ဘေးနားမှာ ထိပ်ပြောင်ပြောင် ဗလတောင့်တောင့်နှင့် မျက်နှာမှာအသားပိုတွေနဲ့ ရက်စက်မည့်ပုံပေါက်နေတဲ့ လူတစ်ယောက် ရှိနေ၏။ သူ့ပုံစံကြည့်တာနဲ့ လူကောင်းမဟုတ်မှန်း သိသာသည်။

တင်းတယုံရဲ့မိဘနှစ်ပါးကတော့ ဝမ်းနည်းပက်လက်ဖြစ်နေကြရှာ၏။

"တယုံရယ် အမေ ပြောတာနားထောင်စမ်းပါ၊ သွားပြီးအလင်းဝင်လိုက်ပါသားရယ်၊ သား ဘယ်လိုမှထွက်ပြေးလို့မလွတ်နိုင်ပါဘူး"

တင်းတယုံရဲ့အမေက မျက်ရည်တွေနဲ့ တောင်းပန်ရှာသည်။ သူမသားလေးက ဘယ်လိုလုပ်ပြီး ရာဇဝတ်မှုကျူးလွန်တဲ့လမ်းရောက်သွားရတာလဲ။ လူသတ်မှုတဲ့ ဒါကသေဒဏ်ကျနိုင်တဲ့ အမှုကြီးလေ။

"ဒီမိန်းမကြီးက ဘာတွေပေါက်ကရ ပြောနေတာလဲ"

တင်းတယုံ ပါးစပ်ထဲကစီးကရက်ကို ထွေးထုတ်လိုက်ပြီး ရိုင်းစိုင်းစွာဆဲဆိုလိုက်သည်။

"ငါ အဖမ်းခံလိုက်ရင် အဲ့ဒီရဲတွေက ငါ့ကို လွှတ်ပေးမယ်ထင်နေလား၊ အလင်းဝင်ရင် ဘာဖြစ်မလဲရောသိလား၊ မြေပဲစားရမှာ (သေနတ်နဲ့ ပစ်သတ်ခံရမှာ)ကွ၊ မင်းတို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်က ငါ့အစား အဲ့မြေပဲကိုစားပေးနိုင်မယ်ဆိုရင်တော့ ငါ အလင်းဝင်တာ စဉ်းစားပေးမယ်"

တင်းတယုံလေသံမှာ အလွန်ရိုင်းစိုင်းလှသည်။ ဒါကြားတော့ မိဘနှစ်ပါးစလုံးမျက်နှာစိမ်းပုပ်သွားပြီး ဒေါသကြောင့် တုန်ရီလာကြသည်။ သူတို့သားဆီက ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ ထင်မထားခဲ့ကြပေ။ သူတို့က ဆင်းရဲပေမယ့် ချစ်စရာကောင်းတဲ့ သားလေးကို အကောင်းဆုံးကျွေးမွေးပြုစုခဲ့ကြတာလေ။ အခုတော့ တိရစ္ဆာန်တစ်ကောင်မွေးမိသလိုဖြစ်နေပြီ။

"တယုံ မင်း မင်းအမေကို ဘယ်လိုပြောလိုက်တာလဲ"

အမေဖြစ်သူက တုန်ရီစွာပြောသည်။

အဖေဖြစ်သူကလည်း ဒေါသတကြီးဖြင့်ပြောလာ၏။

"မင်းအမေက မင်းကိုဒီအရွယ်ထိ ကျွေးမွေးလာတာကွ၊ မင်းမှာကျေးဇူးတရား နားလည်စိတ်နည်းနည်းလေးတောင် မရှိတော့ဘူးလား"

"တော်ကြစမ်း"

ဒီအချိန်မှာ တင်းတယုံဘေးရှိ ထိပ်ပြောင်လူက ရွံရှာသလိုလက်ယမ်းပြလိုက်သည်။

"ဒီမှာပေါက်ကရတွေ လာပြောမနေနဲ့၊ သွား ငါ့အတွက် ထမင်းသွားချက်စမ်း ဗိုက်ဆာနေပြီ"

ဒါကြားတော့ တင်းတယုံကချက်ချင်း မျက်နှာချိုသွေးလိုက်ပြီး

"အစ်ကိုကျောက် ဗိုက်ဆာနေပြီလား၊ ဟေ့လူအိုကြီးတွေ မြန်မြန်သွားချက်စမ်း၊ အိမ်မှာရှိတဲ့ အကောင်းဆုံးတွေ အကုန်ထုတ်ချက်နော်"

ကြည့်ရတာ တင်းတယုံကဒီထိပ်ပြောင်လူကြီးကို တော်တော်လေးစားကြောက်ရွံ့ပုံရသည်။ ဒါပေမဲ့ မိဘနှစ်ပါးကတော့ နေရာကမရွေ့ကြပေ။ အဖေဖြစ်သူရဲ့မျက်နှာမှာ ခံစားချက်တွေ ပြင်းထန်နေသည်။ တခြားတဖက်မှာတော့ တင်းတယုံကထိပ်ပြောင်လူကြီးကိုဖားနေ၏။

"အစ်ကိုကျောက် ဒီမှာတစ်ရက်လောက်နားပြီးရင် ကျွန်တော်တို့ အနောက်တောင်ဘက်နယ်စပ်ကို သွားကြမယ်လေ၊ နယ်စပ်ကျော်သွားရင် နိဗ္ဗာန်ဘုံပဲ ပိုက်ဆံတွေ အများကြီးရှာလို့ရပြီလို့ အစ်ကိုပဲပြောခဲ့တာမလား"

"ဒါပေါ့ ပိုက်ဆံတွေ အများကြီးရှာလို့ရတာပေါ့"

ထိပ်ပြောင်လူကြီးက ဟန်ဆောင်ပြုံး ပြုံးလိုက်သည်။

"ဒါပေမဲ့ မင်းကပိုက်ဆံများများ ယူသွားမှဖြစ်မှာလေ မဟုတ်ဘူးလား"

အဓိကက ဒီထိပ်ပြောင်လူကြီးက တင်းတယုံရဲ့အိမ်ကိုလိုက်လာသည်မှာ ပိုက်ဆံလိုချင်လို့ပင်။ ဒါကိုကြားတော့

တင်းတယုံက သူ့မိဘတွေဘက်လှည့်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

"အဖေနဲ့ အမေ ရှိသမျှပိုက်ဆံတွေ အကုန်ထုတ်ပေး၊ ကျွန်တော်အပြင်မှာ စီးပွားရှာပြီး ချမ်းသာလာရင် ၁၀ဆ ပြန်ပေးမယ်"

"ဟူး..."

အဖေဖြစ်သူက စိတ်ပျက်စွာ သက်ပြင်းချသည်။ ဒီစကားကို တင်းတယုံပြောခဲ့သည်အား မရေတွက်နိုင်အောင်ကြားဖူးပြီးပြီပင်။

"လုပ်မနေနဲ့ အိမ်ကမြေ ၁၀ဧကရောင်းထားတာ ကျွန်တော်သိတယ်နော်၊ သိပ်မများရင်တောင် ယွမ်သောင်းဂဏန်းလောက်တော့ရှိမှာပဲ၊ ခင်ဗျားတို့ ပိုက်ဆံကို ကျွန်တော့်မပေးရင် ဘယ်သူ့ပေးမလို့လဲ မြန်မြန်ထုတ်ပေးစမ်း"

တင်းတယုံ ခြိမ်းခြောက်လိုက်သည်။

အမေဖြစ်သူက ခေါင်းခါလိုက်ပြီး

"တာယုံရယ် မင်း ဒီလိုဆက်လုပ်လို့မဖြစ်တော့ဘူး၊ ပြီးတော့ နယ်စပ်ဖြတ်ကျော်မယ်ဆိုတာ အပြင်လောကကြီးက သိပ်အန္တရာယ်များတယ်၊ မင်းသွားလို့မဖြစ်ဘူး"

"ပါးစပ်ပိတ်ထားစမ်း အဘွားကြီး"

တင်းတယုံ ဒေါသထွက်လာသည်။ ဒီလူကြီးတွေက သိပ်နှေးတာပဲ။ အရင်တုန်းကတောင်းရင် ချက်ချင်းပေးတာ ဒီနေ့မှ ဘာဖြစ်နေကြတာလဲ။ ထိုအချိန်

အကြာကြီးတိတ်ဆိတ်နေတဲ့ အဖေဖြစ်သူကပြောလိုက်သည်။

"တယုံ အမှန်အတိုင်းပြောရရင် ငါရဲကို ဖုန်းဆက်လိုက်ပြီ၊ မင်းကိုယ့်အပြစ်ကိုယ်သိပြီး အလင်းဝင်ချင်တယ်လို့ ငါပြောလိုက်ပြီ၊ ဒီတစ်ခါ မင်းလူသတ်ခဲ့တာက မိသားစုတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့တာကွ၊ မင်းဒီထက်ပိုပြီး မိုက်မှားလို့ မဖြစ်တော့ဘူး"

ထိုစကားဆုံးသည်နှင့် ထိပ်ပြောင်လူကြီးနဲ့တင်းတယုံတို့မျက်နှာ ချက်ချင်း ပျက်သွားကြသည်။

"ဘာ ခင်ဗျား ခင်ဗျားကရဲတိုင်လိုက်တယ် ဟုတ်လား"

ထိပ်ပြောင်လူကြီးရဲ့မျက်နှာမှာ သတ်ဖြတ်ချင်စိတ်တွေ လွှမ်းခြုံသွားသည်။ သူ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မည်။ ပိုက်ဆံလာယူပါတယ်ဆိုမှ ဒီအဘိုးကြီးက ရဲတိုင်လိုက်တယ်တဲ့။ သွားပြီ ကိစ္စတွေတိုင်ပတ်ပြီ။ ထိပ်ပြောင်လူကြီးက တင်းတယုံကို စိုက်ကြည့်လိုက်သည်။ တင်းတယုံလည်း ထိတ်လန့်သွား၏။ သူ့မိဘအရင်းတွေက သူ့ကိုရဲတိုင်ရဲလိမ့်မယ်လို့ထင်မထားခဲ့ပေ။

All Chapters