အခန်း (၁၀)
Vol. 1 Ch. 10
"သောက်ကျိုးနည်း မင်းက ဒီလူကြီးနှစ်ယောက်နဲ့ပေါင်းပြီး ငါ့ကို အကွက်ဆင်တာလား"
ထိပ်ပြောင်လူကြီးက တင်းတယုံကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
တင်းတယုံ လက်ကိုတွင်တွင်ခါရမ်းပြီး ကြောက်လန့်တကြား ငြင်းလိုက်၏။
"အစ်ကိုကျောက် အထင်လွဲတာပါ၊ ကျွန်တော် လုံးဝမလုပ်ပါဘူး၊ ကျွန်တော်က သစ္စာရှိပါတယ်"
"ဒါဆို ဘာဖြစ်လို့ ရဲရောက်လာမှာလဲ"
ထိပ်ပြောင်လူကြီးမျက်နှာတွင် လူသတ်ချင်စိတ်တွေ လျော့မသွားခဲ့ပေ။ တချိန်တည်းမှာပင် အိတ်ကပ်ထဲမှ ထက်မြိနေသော ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
တင်းတယုံ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိ၏။ ပြီးတော့ သူ့မိဘနှစ်ပါးထံ ရက်စက်စွာလှမ်းကြည့်လိုက်သည်။ သူ့မိဘအရင်းတွေက သူ့ကို သစ္စာဖောက်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ကောင်းပြီလေ ဒီအချိန်ကစပြီး ဒီလူကြီးနှစ်ယောက်က သူ့မိဘတွေ မဟုတ်တော့ဘူး။
"ကိုယ့်သားရင်းကို သစ္စာဖောက်ရဲတယ်ပေါ့ ကောင်းပြီလေ"
တင်းတယုံ၏လေသံမှာလည်း လူသတ်ချင်စိတ်တွေ ပါဝင်လာသည်။
"အစ်ကိုကျောက် ဒီလူကြီးနှစ်ယောက်ကို ကျွန်တော့်တာဝန်ထားလိုက်၊ ပထမဆုံး သူတို့ပိုက်ဆံဝှက်ထားတဲ့နေရာကို မေးရမယ်"
*ဘုန်း*
တင်းတယုံက သနားညှာတာမှုလုံးဝမရှိဘဲ သူ့အမေရင်းရဲ့ဝမ်းဗိုက်ကိုပြေးကန်လိုက်သည်။
"အား"
အမေဖြစ်သူ နာကျင်လွန်းလို့ အော်ဟစ်လိုက်မိသည်။ မျက်လုံးများက မယုံကြည်နိုင်စွာပြူးကျယ်နေ၏။ သူမရဲ့အချစ်ဆုံးသားလေးက သူမကို ကန်လိုက်တာလား။ ဤသည်ကိုမြင်တော့ အဖေဖြစ်သူဒေါသထွက်သွားတော့သည်။
"တိရစ္ဆာန်ကောင် မင်းအမေကိုတောင် လက်ပါရဲတယ်ပေါ့"
ပြောပြောဆိုဆိုနှင့်အဖေဖြစ်သူက ပြေးဝင်သွားပြီး တင်းတယုံနဲ့လုံးထွေးသတ်ပုတ်ကြတော့သည်။
"သေချင်းဆိုး အဘိုးကြီး ခင်ဗျားတို့က အရင်သစ္စာဖောက်တာလေ"
တင်းတယုံက သူ့အဖေမျက်နှာကို လက်သီးနဲ့ အကြိမ်ကြိမ် ထိုးနှက်သည်။ ညှာတာမှု လုံးဝမရှိပေ။
အဖေဖြစ်သူက အထိုးခံနေရပေမယ့် လုံးဝ လက်မလွှတ်ခဲ့ချေ။ ထိုအချိန်တွင် ဘေးနား၌ရပ်ကြည့်နေတဲ့ ထိပ်ပြောင်လူကြီးက နှာမှုတ်လိုက်ပြီး လက်ထဲက ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် တင်းတယုံအဖေဖြစ်သူရဲ့ကျောကုန်းကို ထိုးစိုက်လိုက်တော့၏။
"အွတ်"
အဖေဖြစ်သူမျက်လုံးများ ပြူးကျယ်သွားသည်။ ခေါင်းလှည့်ကြည့်ဖို့ ကြိုးစားပေမယ့် မရတော့ပေ။ ဓားက နှလုံးကိုတည့်တည့် ထိုးဖောက်သွားခဲ့ပြီး အဖေဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
"ဟမ့်"
တင်းတယုံ ရွံရှာသလိုနှာခေါင်းရှုံ့လိုက်ပြီး အဖေဖြစ်သူ၏အလောင်းကို တွန်းထုတ်လိုက်သည်။
"ကံဆိုးလိုက်တာကွာ"
ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ အမေဖြစ်သူ မျက်လုံးတွေပြူးကျယ်နေပြီး မျက်ရည်များစီးကျလာသည်။ သူမရဲ့ ခင်ပွန်းသည်က သားဖြစ်သူရဲ့မျက်စိရှေ့မှာတင် အသတ်ခံလိုက်ရပြီ။
"အစ်ကိုကျောက် ဒီမိန်းမကြီးကို မသတ်နဲ့ဦး၊ ပိုက်ဆံ ဘယ်မှာဝှက်ထားလဲ အရင်မေးရမယ်"
တင်းတယုံက သူ့အမေကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။ အမေဖြစ်သူ၏ရင်ထဲမှာတော့ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခဲ့ပြီပင်။ ထိုအချိန်တွင် ချင်ရန်တို့ပါလာသည့်ကားမှာ ရှောင်ယန်ရွာနဲ့ ၂လီလောက်အကွာကို ရောက်နေပြီဖြစ်သည်။ လီတဝေ သမ်းဝေလိုက်ရာ ထိုအသံသည်ကားတစ်စီးလုံးဟိန်းထွက်သွား၏။ ချန်ရှင်းချန် မဲပုပ်နေတဲ့မျက်နှာနဲ့ လှည့်ကြည့်လိုက်သည်။
"ဟေ့ကောင် မင်းအသံတိုးတိုးမနေနိုင်ဘူးလား၊ ကားပေါ်က လူတွေအိပ်နေကြတယ်လေ၊ မင်းက တစ်မိနစ်တစ်ခါ သမ်းနေတာ နားကွဲတော့မယ်၊ လူတွေ ကောင်းကောင်းမနားရရင်ဘယ်လိုလုပ် အားရှိတော့မှာလဲ၊ အဲ့ကျရင် လူသတ်သမားကို ဘယ်လိုဖမ်းမလဲ"
အဆူခံလိုက်ရပေမယ့် လီတဝေကတော့ ဂရုမစိုက်ပေ။
"မဟုတ်ပါဘူး လူဆိုးဖမ်းဖို့သွားနေတာပဲကို ဘာလို့ နားနေမှာလဲ တက်ကြွနေမှပေါ့"
လီတဝေပွစိပွစိပြန်ပြောလာသည်။
"တောက် ဒီကောင်ကတော့"
ချန်ရှင်းချန် ဒေါသထွက်ပြီးပြေးရိုက်ချင်စိတ်ပေါက်လာသည်။ ဒါပေမဲ့ ရဲကားပေါ်မှာမို့ သည်းခံလိုက်ရ၏။
ချင်ရန်ပြုံးနေမိသည်။ ဒီနှစ်ယောက်က တကယ့် ရေစက်ပဲ။ ကောင်းကင်ကြီး တဖြည်းဖြည်းအမှောင်ကျလာ၏။ ချင်ရန်တို့ကားလည်း ရှောင်ယန်ရွာ အဝင်ဝကိုရောက်လာခဲ့သည်။
"ရောက်ပြီဟေ့"
ချင်ရန် သတိထားလိုက်သည်။ ဇာတ်လမ်းက ဘယ်လိုပြောင်းသွားမလဲ သူသိချင်နေသည်။ ဘာပဲဖြစ်ဖြစ် ညဘက်ကြီး လူသတ်သမားကိုဖမ်းရမှာဆိုတော့ သတိကြီးကြီးထားမှဖြစ်မယ်။
"ငါတို့ကားကို ရွာအဝင်ဝမှာရပ်မယ်၊ ကျန်တဲ့လူတွေ ဆင်းကြ အသံမထွက်စေနဲ့ ရွာသားတွေနိုးကုန်မယ်"
ကောင်းချောင် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ အားလုံး တိတ်တဆိတ် ကားပေါ်မှဆင်းလိုက်ကြ၏။ ယန်ရှုနဲ့လီတဝေတို့က လူသတ်သမားဖမ်းရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေကြသည်။ ချင်ရန်ကတော့ လေးနက်သောမျက်နှာထားဖြင့် သတိအပြည့်ကပ်ထား၏။ သူ့မှာအခြေခံ ဇီဝအာရုံခံစွမ်းရည်ရှိနေပြီဖြစ်ရာ ၅မီတာပတ်လည်အတွင်းရှိ ဘယ်သက်ရှိ၏လှုပ်ရှားမှုကိုမဆို သူအာရုံခံနိုင်သည်။
"သွားကြစို့ တင်းတယုံအိမ်ကို သွားမယ်"
ဒုစခန်းမှူးကောင်းချောင် လက်ယမ်းပြလိုက်သည်။ သူကနံရံကပ်ပြီး ခြေသံလုံလုံနဲ့လျှောက်လာ၏။
၁၁ယောက်သား နံရံကပ်ပြီး တိတ်တဆိတ် ချီတက်လာကြသည်။
ရန်သူကိုအသိပေးလို့ မဖြစ်ပေ။ ထိုအချိန် တင်းတယုံ၏နေအိမ်၌ ထိပ်ပြောင်လူကြီးနဲ့တိန်တာယုံတို့ရဲ့ နှိပ်စက်မှုကိုမခံနိုင်တော့တဲ့အဆုံး အမေဖြစ်သူက ပိုက်ဆံဝှက်ထားတဲ့နေရာကို ပြောပြလိုက်ရသည်။ ကုတင်အောက်က သေတ္တာထဲမှာဖြစ်၏။
"ကလစ်"
သေတ္တာပွင့်သွားပြီး ပိုက်ဆံအုပ်လိုက်ကြီးပေါ်လာတော့ ထိပ်ပြောင်လူကြီးနဲ့ တင်းတယုံတို့မျက်လုံး အရောင်တောက်သွားကြသည်။
"အစ်ကိုကျောက် ဒီပိုက်ဆံတွေရှိရင် နိုင်ငံခြားထွက်လို့ရပြီ၊ ကျွန်တော်လဲ သေနတ်နဲ့ ပစ်သတ်ခံရတော့မှာ မဟုတ်ဘူး"
တင်းတယုံ ဝမ်းသာအားရပြောလိုက်သည်။
"အေး မြန်မြန်ထည့်ကွာ"
ထိပ်ပြောင်လူကြီးက အိတ်တစ်လုံးရှာပြီး ပိုက်ဆံတွေအကုန်ထည့်လိုက်သည်။ ယွမ်သောင်းချီရှိမည်ပင်။
ပြီးတော့ ထိပ်ပြောင်လူကြီးက အမေဖြစ်သူဘက် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်နေ၏။
"ဒီမိန်းမကြီးကိုရှင်းပစ်ပြီးရင် ငါတို့ သွားကြမယ်"
ထိပ်ပြောင်လူကြီးက ဓားမြှောင်ကို ထုတ်လိုက်သည်။ အမေဖြစ်သူ၏ မျက်နှာတွင် ဒဏ်ရာတွေအပြည့် မျက်လုံးများလည်း ရောင်ကိုင်းနေပြီး မျက်ရည်တွေ စီးကျနေ၏။ သူမက သားဖြစ်သူထံ လှမ်းကြည့်လိုက်သည်။ သူမရဲ့အဖိုးတန်သားလေးက သူ့ကိုတားမှာလား။ တင်းတယုံက သူ့အမေ အသတ်ခံရတာကို ဒီတိုင်းကြည့်နေမှာလား။ တင်းတယုံ အမေဖြစ်သူကို ကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားရသည်။
"အစ်ကိုကျောက် ဒီမိန်းမကြီးကို ဒီတိုင်းထားခဲ့လိုက်ရင်ရော"
"ထားခဲ့ရမယ် ဟုတ်လား"
ထိပ်ပြောင်လူကြီးက ပြန်အော်သည်။
"ဒီမိန်းမကြီးက ရဲထပ်တိုင်ရင် ဘယ်လိုလုပ်မလဲ၊ မင်းမသတ်ရဲရင် ငါသတ်မယ်"
"မဟုတ် မဟုတ်ပါဘူး အစ်ကိုကျောက်ပဲလုပ်လိုက်ပါ"
တင်းတယုံ အမြန်ပြောလိုက်သည်။
ဒီအချိန်မှာ သူကကြွက်တစ်ကောင်လို သတ္တိမရှိတော့ပေ။ ထိပ်ပြောင်လူကြီး ဘာပြောပြော ခေါင်းညိတ်ရုံသာပင်။
ရိုက်နှက်ခံထားရလို့ မလှုပ်နိုင်တော့တဲ့ အမေဖြစ်သူကိုသာ ငေးကြည့်နေမိသည်။ သူမတစ်သက်လုံး အလိုလိုက်ပြီးချစ်လာခဲ့တဲ့သားက သူမသေခါနီးအချိန်မှာတောင် မျက်နှာလွှဲခဲပစ်လုပ်ရက်ခဲ့၏။ သူမအတိတ်တွင် သားဖြစ်သူကိုအလိုလိုက်ခဲ့မိခြင်း၏ အကျိုးဆက်ကို အခုခံစားနေရပြီပင်။
"ငါ့အပြစ်နဲ့ ငါပါပဲလေ"
အမေဖြစ်သူမှာ နောင်တရစွာဖြင့်တွေးလိုက်မိသည်။ ထိပ်ပြောင်လူကြီးက ဓားမြှောင်ကိုကိုင်ပြီး အမေဖြစ်သူဆီ တိုးဝင်လာသည်။ သို့သော် ထိုအချိန်မှာပင်
*ဘုန်း*
အိမ်တံခါးကြီး ပွင့်ထွက်သွားသည်။
လေးနက်တည်ကြည်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"ပါလီမြစ်ရဲစခန်းကပါ အားလုံးမလှုပ်နဲ့ လက်မြှောက်ထားကြ"
အမေဖြစ်သူကို ထိုးသတ်တော့မယ့် ထိပ်ပြောင်လူကြီး လန့်ဖျပ်သွားပြီး တုန်တက်သွားသည်။ တင်းတယုံလည်း ကြောက်လန့်တကြားလှည့်ကြည့်လိုက်တော့ ရဲတွေအများကြီး ဝင်လာတာ တွေ့လိုက်ရ၏။
"သောက်ကျိုးနည်း ဘာဖြစ်တာလဲ၊ ရဲတွေက ဘယ်လိုလုပ်ဒီလောက်မြန်မြန် ရောက်လာတာလဲ၊ ဒီမိန်းမကြီး ကံမကုန်သေးဘူးပဲ"
ထိပ်ပြောင်လူကြီး စိတ်ပျက်သွားပြီး အမေဖြစ်သူရဲ့မျက်နှာကို ခြေထောက်နဲ့ အားကုန်ကန်ထည့်လိုက်သည်။ အမေဖြစ်သူ သတိလစ်သွား၏။ ထိပ်ပြောင်လူကြီးက အမေဖြစ်သူကို သတ်ဖို့ရော တင်းတယုံကိုခေါ်ဖို့ပါ စိတ်မဝင်စားတော့ဘဲ ချက်ချင်းနံရံပေါ်ခုန်တက်ပြီး ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ တင်းတယုံလည်း ထိပ်ပြောင်လူကြီးနောက်ကနေ ကပ်ပြီးလိုက်ပြေးသွား၏။
အထဲဝင်လာတော့ ကောင်းချောင်၊ ချင်ရန်နဲ့ တခြားလူတွေကသတိကြီးကြီးထားပြီးဝင်လာသည်မို့ အနည်းငယ်နှေးနေခဲ့သည်။ ထိပ်ပြောင်လူကြီးနဲ့ တင်းတယုံကိုတွေ့တဲ့အချိန်မှာ သူတို့နှစ်ယောက်က နံရံပေါ်ရောက်နေပြီး တဖက်ကို ခုန်ချထွက်ပြေးသွားကြပြီပင်။ ချင်ရန့်မျက်လုံးအရောင်လက်သွား၏။
"သူတို့ နံရံကျော်ပြေးပြီ ကျွန်တော် လိုက်မယ်"
ပြောပြောဆိုဆိုနဲ့ ချင်ရန်ကရှေ့ဆုံးကနေ ပြေးထွက်သွားသည်။ သူ့ခြေလှမ်းတွေက ပေါ့ပါးသွက်လက်ပြီး ၂မီတာလောက်မြင့်တဲ့ နံရံကိုခုန်တက်ကျော်လွှားကာ ထိုနှစ်ယောက်နောက် လိုက်သွားတော့သည်။ ကောင်းချောင် အော်လိုက်၏။
"ဟေ့ကောင်"
ဒီကောင်လေး အမိန့်မနာခံဘဲထွက်ပြေးသွားတာမို့ ကောင်းချောင် မျက်နှာပျက်သွားသည်။ ကောင်းချောင် ချက်ချင်းအမိန့်ပေးလိုက်၏။
"၃ ယောက်ကဒီမှာကျန်ခဲ့ပြီး စောင့်နေကြ၊ ကျန်တဲ့လူတွေ ငါ့နောက်လိုက်ခဲ့လိုက်ဖမ်းကြမယ်"