← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

Chapter 15

ရိုက်ကူးရေးအဖွဲ့တွင် ပါလာသော ဆရာဝန်သည် ရှေးဦးသူနာပြုသေတ္တာကို ရှာဖွေပြီး ဘောင်းဘီရှည်၏ ခြေထောက်ပိုင်းကို ညှပ်ထုတ်လိုက်သည်။ ထိုအခါ ဒဏ်ရာကို လူတိုင်းအတိုင်းသား မြင်လိုက်ရလေသည်။

"ကျောက်စတွေ လွင့်စင်ပြီး ထိသွားပုံရတယ်၊ ဘောင်းဘီသားက ပါးတော့ မကာကွယ်နိုင်လိုက်ဘူး" ဟု ဆရာဝန်က ရှင်းပြသည်။

သွေးသံရဲရဲ ဒဏ်ရာကိုမြင်တော့ ဘေးနားရှိလူများက အသက်ရှူမှားသွားကြလေ၏။

"ချုပ်ရမလား"

ဆရာဝန်က ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့... ချုပ်ရမယ်"

ရှန်းယွီရှောင်က ငုံ့ကြည့်လိုက်ပြီး အေးဆေးပင် ဆိုလိုက်သည်။

"ကံကောင်းလို့ အဓိက သွေးကြောတွေ၊ အာရုံကြောတွေ မထိသွားတာ၊ ပြုတ်ကျပြီး အရိုးကျိုးသွားတာထက်စာရင် တော်သေးတာပေါ့၊ ကံဆိုးမသွားလေရာ မိုးလိုက်လို့ပဲ ပြောရမယ်"

ထုတ်လုပ်ရေးမှူးခမျာ ငိုချင်သွားရလေသည်။ ဒီလောက် ဒဏ်ရာအသေးစားလေးကိုတောင် လက်ခံနိုင်စရာမရှိပေ။ မစ္စတာရှန်းနဲ့ မစ္စရှုတို့ကို ဘယ်လိုများ ရှင်းပြရပါ့မလဲ။

ရှန်းယွီရှောင်က ဆရာဝန်ကို မေးလိုက်သည်။

"ဒီမှာပဲ ချုပ်လို့မရဘူးလား"

ဆရာဝန်က ခဏမျှစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"ပတ်ဝန်းကျင်အခြေအနေက သိပ်မကောင်းဘူး၊ မြို့နယ်ဆေးရုံကို သွားတာ ပိုကောင်းမယ်၊ အခုလောလောဆယ် ပိုးသတ်ပြီး သွေးတိတ်အောင် ဂွမ်းနဲ့ ဖိထားပေးပါ့မယ်"

အဓိကပြဿနာမှာ မည်သူမျှ တာဝန်မယူရဲကြခြင်းပင်။

ဒါက ရှန်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေ။ တစ်ဦးတည်းသော သားပါဆိုနေမှ။

ပုံမှန်အချိန်တွင် ခက်ထန်ပြီး ချဉ်းကပ်ရခက်သည်ဟု ထင်ရသော ရှန်းယွီရှောင်သည် ယခုအချိန်တွင်တော့ အလွန်လိုက်လျောညီထွေရှိနေသည်။ သူက ခြေထောက်ကို ပေါ့ပေါ့ပါးပါးပင် ဆန့်ထုတ်ပေးလိုက်၏။

"ကောင်းပြီလေ... လုပ်စရာရှိတာ လုပ်ကြတာပေါ့"

ဆရာဝန်သည် အိုင်အိုဒင်း၊ ဂွမ်းစများကို အလျင်အမြန် ရှာဖွေလိုက်သည်။

ရှန်းယွီရှောင်သည် ဒဏ်ရာကို ဆေးထည့်နေသည်ကို မကြည့်ချင်သဖြင့် လီရှောင်ယာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ကလေးမလေးကို "ဘာမှမဖြစ်ဘူး" ဟု ညာပြောပြီး နှစ်သိမ့်ပေးသင့်သည်ဟု တွေးလိုက်မိသောကြောင့် ဖြစ်သည်။

သူမက သူများကို နှစ်သိမ့်ပေးချင်သည့်အခါ မျက်နှာလေး တည်ထားတတ်ပုံမှာ အလွန်ချစ်စရာကောင်းလှပေသည်။

သို့သော် ရှန်းယွီရှောင် လှည့်ကြည့်လိုက်သည့်အခါ လီရှောင်ယာက သူ့ဘေးတွင် ရှိမနေသည်ကို သတိထားမိလိုက်သည်။

သူမသည် လူအုပ်ကြီး၏ အစွန်ဘက်သို့ ရောက်နေပြီး မျက်လုံးများ နီရဲကာ သနားစဖွယ် ကြည့်နေရှာသည်။ လေတစ်ချက်တိုက်လျှင်ပင် လွင့်ပါသွားမည့်ဟန် ရှိနေလေ၏။

ရှန်းယွီရှောင်က သူမကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာ... ဒီကိုလာခဲ့"

လီရှောင်ယာက ယိုင်နဲ့နဲ့ဖြင့် ခြေလှမ်းအနည်းငယ် လျှောက်လာပြီး ရပ်တန့်သွားသည်။

ရှန်းယွီရှောင်က စိတ်ရှုပ်သွားပြီး "လန့်သွားတာလား" ဟု တွေးလိုက်မိသည်။ ထို့နောက် ဝန်ထမ်းတစ်ဦးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"သွား... သူ့ကိုပွေ့ပြီး ဒီခေါ်လာခဲ့"

ဝန်ထမ်းက ခေါင်းညိတ်ပြီး လီရှောင်ယာကို သူ့ဘေးနားသို့ ပြန်ခေါ်လာပေးသည်။

အနားရောက်လာမှ သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူဖျော့နေပြီး အကြည့်များ ဝေဝါးကာ တစ်ကိုယ်လုံး တုန်ရီနေကြောင်း မြင်လိုက်ရလေသည်။

ရှန်းယွီရှောင်က ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။

"ငါ့ကို ကျောက်ခဲတွေက ထိတာလေ၊ မင်းလုပ်တာမှ မဟုတ်တာ... ဘာလို့ ငိုနေတာလဲ"

လီရှောင်ယာသည် ပါးစပ်ဟရန် အတော်လေး ကြိုးစားလိုက်ရပြီး အသက်ရှူပင် မဝတော့သကဲ့သို့ တိုးညှင်းသော အသံလေးဖြင့် ပြောလိုက်ရှာသည်။

"အစ်ကို အစ်ကို သေသွား‌ေတာ့မှာလားဟင်"

ဩော်... ဒါကြောင့် သူကြောက်နေတာကိုး။

ရှန်းယွီရှောင်၏ စိတ်နှလုံးသားမှာ နူးညံ့ပျော့ပျောင်းသွားပြီး လီရှောင်ယာကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ချင်မိသည်။

သို့သော် ဆရာဝန်က ချက်ချင်း တားလိုက်လေသည်။

"မလုပ်နဲ့... သခင်လေး မလှုပ်နဲ့နော်၊ ဒဏ်ရာကို ထိသွားလိမ့်မယ်"

ရှန်းယွီရှောင်ခမျာ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ရပြီး လီရှောင်ယာ၏ ကျောလေးကိုသာ ဖွဖွလေး ပုတ်ပေးလိုက်တော့သည်။

"ငါ မြို့နယ်ဆေးရုံကို ခဏသွားရဦးမယ်၊ ငါပြန်လာတဲ့အထိ ဒီမှာစောင့်နေမယ်မလား"

လီရှောင်ယာ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပိုမိုကြီးစိုးလာပြီး သူ့အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

"ပြန်လာမှာလားဟင်"

"ဒါပေါ့... ရိုက်ကူးရေးမှ မပြီးသေးတာ"

"တကယ် မသေဘူးနော်"

"မသေပါဘူး... ငါ့ပုံစံက သေမယ့်ပုံ ပေါက်နေလို့လား"

ထိုအခါမှ လီရှောင်ယာသည် ဖြည်းညှင်းစွာ၊ ဂရုတစိုက် ခေါင်းညိတ်ပြပြီး သူမလက်ကို ပြန်ရုတ်သိမ်းသွားလေသည်။

ရှန်းယွီရှောင်က သူမကို ခဏမျှ စိုက်ကြည့်နေမိသည်။ သူက မြို့နယ်ဆေးရုံသို့ လိုက်မည်ဟု သူမ ဇွတ်အတင်း ပြောလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ရှန်းယွီရှောင် သက်ပြင်းချလိုက်မိသည်။ သူဘာလို့ စိတ်မကောင်းဖြစ်ရတာလဲ။

သို့သော် သူဒဏ်ရာရနေချိန်တွင် လူတွေအများကြီးနှင့်မို့ သူမကို သေချာဂရုစိုက်နိုင်မည် မဟုတ်ဟု တွေးမိသောကြောင့် ဆေးရုံလိုက်ခဲ့ရန် မခေါ်တော့ခြင်း ဖြစ်သည်။

"သူ့ကို မျက်နှာသစ်ပေးလိုက်ပါဦး" ဟု ရှန်းယွီရှောင်က ဝန်ထမ်းကို မှာလိုက်သည်။

ဝန်ထမ်းက နဖူးကိုရိုက်လျက် "ဟုတ်သားပဲ... မေ့နေလိုက်တာ" ဟု ပြောလိုက်လေသည်။

လီရှောင်ယာ၏ မျက်နှာနှင့် လည်ပင်းတွင် မျက်ရည်များ၊ ရွှံ့များနှင့် ရှန်းယွီရှောင် ဒဏ်ရာရစဉ်က စင်သွားသော သွေးစက်များဖြင့် ပေကျံနေသည်။

ဝန်ထမ်းက သူမကို ပွေ့ချီသွားပြီး အနီးနားရှိ အိမ်မှ ရေနွေးအနည်းငယ်တောင်းကာ ကားပေါ်မှ တစ်ရှူးအကြမ်းဖြင့် လီရှောင်ယာ၏ မျက်နှာကို သုတ်ပေးလိုက်သည်။

လီရှောင်ယာသည် ထုံထိုင်းစွာ ထိုင်နေပြီး ဝန်ထမ်းလုပ်ပေးသမျှကို ငြိမ်ခံနေရှာသည်။

သုတ်ပေးနေစဉ် သူမ၏ ခန္ဓာကိုယ်လေး တွန့်ခနဲ ဖြစ်သွားသည်။

ဝန်ထမ်းက သေချာကြည့်လိုက်မိရာ... သူမ၏ နားထင်တွင် ပြတ်ရှရာတစ်ခုကို တွေ့လိုက်ရလေသည်။

"ဒါဆို သွေးတွေက မင်းသွေးတွေပေါ့... နာလား... ဘာလို့ စောစောက မပြောတာလဲ" ဟု ဝန်ထမ်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

လီရှောင်ယာက ခေါင်းခါရင်း တိုးတိုးလေး ဖြေသည်။

"ဘာမှမဖြစ်ပါဘူး"

ဝန်ထမ်းက "ဒါကို ဘာမှမဖြစ်ဘူးလို့ ပြောရသလား" ဟု ညည်းညူရင်း ဆရာဝန်ကို လှည့်ရှာလိုက်သည်။ သို့သော် ဆရာဝန်မှာ ရှန်းယွီရှောင်နှင့်အတူ မြို့နယ်ဘက်သို့ တခြားလမ်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။

ဝန်ထမ်းခမျာ ဘာလုပ်ရမှန်းမသိတော့သဖြင့် ကိုယ်ပိုင်အိတ်ထဲမှ ပလာစတာနှင့် အိုင်အိုဒင်းဂွမ်းစကို ရှာဖွေပြီး လီရှောင်ယာထံ ပြန်လာခဲ့သည်။

လီရှောင်ယာမှာ မလှုပ်မယှက် ထိုင်နေဆဲပင်။

ဝန်ထမ်းအနားရောက်သွားချိန်တွင် သူမက တီးတိုးရေရွတ်နေသည်ကို ကြားလိုက်ရလေသည်။

"သမီးက တကယ်ပဲ ကံဆိုးစေတဲ့သူပါ..."

ဝန်ထမ်းမှာ အံ့ဩသွားပြီး ရင်ထဲတွင် ရုတ်တရက် ဆို့နင့်သွားရသည်။

"လီရှောင်ယာ... မင်း.."

ဝန်ထမ်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

လီရှောင်ယာက ချက်ချင်းပင် မျက်လွှာချကာ ပါးစပ်ပိတ်သွားလေ၏။

ဝန်ထမ်းက သက်ပြင်းချလိုက်ပြီး သူမ၏ ဒဏ်ရာကို အိုင်အိုဒင်းဖြင့် အရင်ဆုံး သန့်စင်ပေးလိုက်သည်။ ထိုသို့လုပ်ပေးနေစဉ်တစ်လျှောက်လုံး သူမက အသံတစ်ချက်ပင် မထွက်ခဲ့ပေ။ စောစောက သူမငိုကြွေးခဲ့ရခြင်းမှာ ရှန်းယွီရှောင် သေသွားမည်ကို ကြောက်ရွံ့သောစိတ် သက်သက်ကြောင့်သာ ဖြစ်ပုံရသည်။

ပလာစတာကပ်ပေးနေရင်း ဝန်ထမ်း၏ စိတ်ခံစားချက်များ ရှုပ်ထွေးလာပြီး မနေနိုင်စွာ ပြောလိုက်မိလေသည်။

"နောက်ဆိုရင် ပထဝီဝင်သင်တဲ့အခါ သဘာဝဘေးအန္တရာယ်အကြောင်း သင်ရလိမ့်မယ်၊ ဒါက သဘာဝဘေးအန္တရာယ်တစ်ခုပါပဲ၊ မင်း... မင်းက ကံဆိုးစေတဲ့သူ မဟုတ်ပါဘူး"

---

လီချင်းချင်း နိုးလာချိန်တွင် ရှန်းယွီရှောင် ဒဏ်ရာရသည့် သတင်းကို ကြားလိုက်ရလေသည်။

လီရှောင်ယာကို ကာကွယ်ရင်း ဒဏ်ရာရသွားတာတဲ့လေ။

လီချင်းချင်းတစ်ယောက် ထိုနေရာမှာပင် အော်ရယ်မိမတတ် ဖြစ်သွားလေ၏။

ကွက်တိပါပဲလား။

အခုဆို ရှန်းမိသားစုက လီရှောင်ယာကို မုန်းတီးလောက်ပြီ။

လီရှောင်ယာက ရှန်းသခင်လေးရဲ့ မျက်နှာသာပေးမှုကို ရထားတယ်ဆိုရင်တောင် ဘာအသုံးဝင်မှာမို့လို့လဲ။ ဒီတစ်သက် ရှန်းမိသားစုရဲ့ မွေးစားသမီးဖြစ်လာဖို့ စိတ်ကူးတောင် မယဉ်နဲ့တော့။

လီချင်းချင်းက အောက်ထပ်သို့ အလျင်အမြန်ဆင်းလာပြီး စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် အိမ်တော်ထိန်းဆီ သွားလိုက်သည်။

"ဦးလေး... ကိုကို ဒဏ်ရာရသွားတယ်ဆို၊ ပြင်းထန်လားဟင်"

အိမ်တော်ထိန်းက ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။

"ဘာမှ အကြီးကြီးမဖြစ်ပါဘူး"

လီချင်းချင်းက ထပ်မေးလိုက်သည်။

"ဒါဆို ကိုကို့ဆီ သွားကြည့်ကြမလား"

ရှန်းဂျွင်းက ခဏရပ်သွားသည်။

"သမီးက သွားချင်လို့လား"

လီချင်းချင်းက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။

လီရှောင်ယာက ရွာထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ပြီး ရှန်းယွီရှောင်ကိုတော့ မြို့နယ်ဆေးရုံ ပို့လိုက်ပြီလို့ သူမကြားထားသည်။ အကယ်၍ သူမသာ အိမ်တော်ထိန်းနှင့်အတူ လိုက်သွားရမည်ဆိုရင်... သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလိုလို ရင်းနှီးလာမှာ အသေအချာပင်။

"ကဲ... ဒါဆိုလည်း သွားကြတာပေါ့" အိမ်တော်ထိန်းက ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။

လီချင်းချင်း အလွန်ပျော်ရွှင်သွားသော်လည်း ဟန်ဆောင်ဖို့ကိုတော့ မမေ့ခဲ့ချေ။

"ဒေါ်ဒေါ်ရော... ဒေါ်ဒေါ် မလိုက်ဘူးလား"

"သူက ဒီရက်ပိုင်း အရမ်းအလုပ်ရှုပ်နေတယ်" ဟု အိမ်တော်ထိန်းက ပြောသည်။

လီချင်းချင်းက "ကိုကိုက မေမေ့ကို မတွေ့ရရင် ဝမ်းနည်းနေမှာပေါ့နော်" ဟု တီးတိုးရေရွတ်လိုက်သည်။ တကယ်တမ်း သူမပြောချင်သည်မှာ ရှုချွီလိုင်သည် မိခင်တစ်ယောက်အနေဖြင့် လုံးဝ အရည်အချင်းမရှိသူ ဖြစ်သည်ဟူ၍သာ။

အိမ်တော်ထိန်းက ရယ်မောလိုက်သည်။

"ရှန်းယွီရှောင်က သူ့အမေကို မတွေ့ရတာ ပိုကြိုက်ဦးမှာ"

"ဟင်... ဘာလို့လဲဟင်"

လီချင်းချင်း တွေးလိုက်မိသည်။ ရှန်းယွီရှောင်နဲ့ သူ့အမေက မတည့်ကြဘူးလား။ ဒါဆိုရင်တော့ သတင်းကောင်းပဲ။ ဘာပဲပြောပြော သူမကလည်း ရှုချွီလိုင်ကို မုန်းတာပဲလေ။

သို့သော် အိမ်တော်ထိန်းက ဆက်ပြီးရှင်းပြမည့်ပုံ မပေါ်ပေ။

မကြာမီ အိမ်ဖော်များက လီချင်းချင်း၏ ခရီးဆောင်အိတ်ကို ပြင်ဆင်ပေးပြီး သူတို့သည် တောင်ပေါ်ရွာလေးနှင့် အနီးဆုံး လေဆိပ်ရှိရာ မြို့သို့ ပျံသန်းရန် ထွက်ခွာလာခဲ့ကြသည်။

အိမ်တော်ထိန်း၏ ကျေးဇူးကြောင့် လီချင်းချင်းတစ်ယောက် ပထမတန်းစား ဇိမ်ခံခရီးစဉ်ကို ပထမဆုံးအကြိမ် ခံစားခွင့်ရလေသည်။

လောလောဆယ် ရိုက်ကူးရေးလုပ်မနေသော်လည်း တစ်ပါးသူတွေကို မကြွားဘဲနေရရင် နှမြောစရာကြီး မဟုတ်လား။

လီချင်းချင်းသည် ဖုန်းကို အမြန်ထုတ်ကာ လေယာဉ်ခန်းအတွင်းပိုင်းကို ဓာတ်ပုံများ ရိုက်လိုက်သည်။ လေဆိပ်ဆင်းသက်ပြီးနောက် တိတ်တဆိတ် Weibo အကောင့်တစ်ခုဖွင့်ပြီး ဓာတ်ပုံများတင်ကာ "အိမ်တော်ထိန်း ဦးလေးကြီးကို ကျေးဇူးတင်ပါတယ်" ဟု စာရေးလိုက်လေသည်။

ထိုသို့လုပ်ပြီးနောက် လီချင်းချင်းသည် ဖုန်းကို ဂရုတစိုက် ပြန်သိမ်းကာ အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်သည်။

အိမ်တော်ထိန်းက မျက်လုံးကိုမှေးစင်းလျက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဟင်... ရင်းနှီးနေသလိုပဲ၊ ဟို ချင်မိသားစုက ကောင်လေးနဲ့ တူလိုက်တာ"

ချင်မိသားစု ဟုတ်လား။

နောက်ပိုင်းမှာ ဇိမ်ခံအမှတ်တံဆိပ် အများအပြားကို ဝယ်ယူပြီး ပဲရစ်ရဲ့ သရဖူမဆောင်းတဲ့ ဘုရင်လို့ တင်စားခံရတဲ့ မိသားစုလား။

လီချင်းချင်းက သူကြည့်ရာသို့ လိုက်ကြည့်လိုက်သည်။

လူရှုပ်နေသော လေဆိပ် အဆောက်အအုံထဲတွင် သက်တော်စောင့် အများအပြား ဝန်းရံထားသော အနက်ရောင်ကုတ်အင်္ကျီနှင့် ပိန်သွယ်သွယ် လူတစ်ယောက်သည် မြန်ဆန်စွာပင် ပျောက်ကွယ်သွားလေသည်။

သေချာတော့ မမြင်လိုက်ရပေ။

ရှန်းဂျွင်းက ထိုမှတ်ချက်တစ်ခုသာ ပေးပြီး ချင်မိသားစုမှ သခင်လေးအကြောင်း ထပ်မပြောတော့ချေ။

သူတို့သည် မြို့နယ်ဆေးရုံသို့ တန်းမောင်းသွားကြသည်။

[ရှန်းသခင်လေး ဒဏ်ရာရသွားပြီဆိုတော့ ရွာထဲက ဘဝက ဘာမှ စိတ်ဝင်စားစရာ မကောင်းတော့ဘူး]

[အမယ်လေး... လီချင်းချင်းက မစ္စတာရှန်းနဲ့အတူ သခင်လေးကို ဆေးရုံသွားမေးတယ်တဲ့ဟေ့၊ အခုမှ စိတ်ဝင်စားစရာ ကောင်းလာပြီ]

[ငါတော့ မကြည့်တော့ဘူး]

လီရှောင်ယာ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအရေအတွက်မှာ အလျင်အမြန် ကျဆင်းသွားလေသည်။

သို့သော် လီချင်းချင်းနှင့် အိမ်တော်ထိန်းတို့ ဆေးရုံရောက်သည့်အချိန်မှာပင် အနက်ရောင် Maybach ကားကြီးတစ်စီးသည် တောင်ပေါ်ရွာလေးထဲသို့ မြေသားလမ်းအတိုင်း ခမ်းနားစွာ မောင်းဝင်လာလေသည်။

ကားထဲတွင် ချင်ဆွေ့က အေးစက်စွာ မေးလိုက်သည်။

"ဒီက လမ်းတွေအကုန်လုံး ဒီလောက်တောင် ဆိုးတာလား"

"အဆင်ပြေတဲ့လမ်း တစ်လမ်းတော့ ရှိပါတယ်၊ ဒါပေမဲ့ ခုနကပဲ မြေပြိုထားတယ်လေ၊ မြေပြိုလို့ ရှန်းမိသားစုက သခင်လေးတောင် ဒဏ်ရာရသွားတာ"

ချင်ဆွေ့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ကောင်းကင်ကြီးက မျက်စိရှိသားပဲ"

"..."

ယာဉ်မောင်းခမျာ ဘာမှပြန်မပြောရဲတော့ပေ။

ချင်ဆွေ့က ရုတ်တရက် ထပ်မေးလိုက်သည်။

"ငါက ဟိုကောင်လိုပဲ လီရှောင်ယာရဲ့အိမ်မှာ နေရမှာလား"

"အစီအစဉ်ရဲ့ စီစဉ်ထားမှုအရတော့ အဲဒီအတိုင်းပါပဲ"

ချင်ဆွေ့က မျက်လုံးကိုမှိတ်ကာ လေသံမာမာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်တော့ သူ့အတွက် သတင်းဆိုးပဲ၊ ငါက ရှန်းယွီရှောင်လို သဘောကောင်းတဲ့သူ မဟုတ်ဘူး"

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ။

"ရောက်ပါပြီ"

ကားတံခါးပွင့်သွားပြီး ယာဉ်မောင်းက ချင်ဆွေ့ကို ဆင်းရန် ဖိတ်ခေါ်လိုက်သည်။

ချင်ဆွေ့က ခြေလှမ်းကျဲကြီးများဖြင့် ဆင်းလာခဲ့သည်။

လီရှောင်ယာ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်ကြည့်ရှုနေကြသော အင်တာနက်အသုံးပြုသူများမှာ ရုတ်တရက် အံ့အားသင့်သွားကြလေသည်။

[သောက်ကျိုးနည်း... ချင်ဆွေ့ပါလား]

[ရှန်းသခင်လေး‌ေတာ့ အသက်ရှည်ဦးမှာပဲ၊ လီရှောင်ယာကို သူနဲ့မပတ်သက်ဖို့ ပြောထားတုန်းရှိသေးတယ်၊ အခုတော့ လူကိုယ်တိုင် ရောက်ချလာပြီပဲ]

All Chapters