← Chapters

အခန် (၁၇)

Vol. 2 Ch. 17

အခန် (၁၇)

Vol. 2 Ch. 17

Chapter 17

ရှန်းကျွင်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။

"မင်းရဲ့လီရှောင်ယာဆိုတာ ဘာအဓိပ္ပါယ်လဲ အဲ့ကလေးမှာ မိဘတွေ ရှိပါသေးတယ်"

ရှန်းယွီရှောင်က ပြန်ပြောလိုက်၏။

"ဒါပေမဲ့ သူ့မှာ မိဘမှမရှိတာ"

ရှန်းကျွင်းမှာ ပြောစရာစကား ပျောက်ရှသွားပြီးမှ သားဖြစ်သူကို ဆုံးမလေသည်။

"ဒါပေမဲ့ အဲ့လိုမပြောရဘူးလေ... ကလေးမလေးကို မလေးစားရာ ကျတာပေါ့"

ရှန်းယွီရှောင်သည် သူ့အဖေစကားကို ပြန်မပြောတော့ပေ။

သူ့စိတ်ထဲတွင်တော့ လီရှောင်ယာကို ထိုတောင်ပေါ်ရွာလေးမှ ခေါ်ထုတ်သွားရန် အမှန်တကယ် စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ပြောပြရမည့်အချိန် မဟုတ်သေးချေ။

ဘေးနားတွင် ရပ်နေသော လီချင်းချင်းမှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေရှာသည်။ ရှန်းယွီရှောင်က လီရှောင်ယာအပေါ် ဤမျှ ဂရုစိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမသည် မျက်လုံးထဲမှ ပြောင်းလဲသွားသော အရိပ်အယောင်များကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီးမှ တိုးတိုးလေး မေးလိုက်သည်။

"အစ်ကိုက လီရှောင်ယာကို ကာကွယ်ပေးရင်း ဒဏ်ရာရလာတာလား"

ရှန်းယွီရှောင်သည် ကုတင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး လီချင်းချင်းကို စောင်းငဲ့ကြည့်လိုက်သည်။ သူ၏လေသံမှာ ယခင်က စိတ်ပူပန်နေသော လေသံနှင့် လုံးဝကွဲပြားကာ အေးစက်သွားလေတော့သည်။

"ဘယ်သူပြောတာလဲ"

အေးစက်ပြီး အထက်စီးဆန်သည့် ထိုလေသံသည် လီချင်းချင်းအား ရှုချွီလိုင်ကို သွား၍ သတိရစေသည်။

ဒီသားအမိနှစ်ယောက်က မာနကြီးပုံချင်း တူလိုက်တာ။

လီချင်းချင်း ရင်ထဲထိတ်ခနဲ ဖြစ်သွားပြီး ဖြေလိုက်သည်။

"လူ... လူတိုင်း အဲ့လိုပြောနေကြတာ"

ရှန်းယွီရှောင်သည် ရှန်းကျွင်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။

"အဖေရော အဲ့လိုထင်လား"

ရှန်းကျွင်းက ခေါင်းခါလိုက်သည်။

"ဒါက မင်းကိစ္စလေ... ကလေးမလေးနဲ့ ဘာဆိုင်လို့လဲ. ဒါပေမဲ့ မင်းသာ တကယ်ကာကွယ်ပေးခဲ့တာဆိုရင်တော့ ကောင်းတာပေါ့ အနည်းဆုံးတော့ မင်းနည်းနည်းလောက် အရွယ်ရောက်လာပြီ တာဝန်သိစိတ်ရှိလာပြီ အားနည်းသူကို ကာကွယ်ပေးရကောင်းမှန်း သိလာပြီလို့ ဆိုရမှာပေါ့"

ရှန်းယွီရှောင်၏ မျက်နှာထား အနည်းငယ် လျော့ကျသွားပြီး ရှန်းကျွင်းကို ပြန်မေးလိုက်သည်။

"ဒါဆို ကျွန်တော် ပြန်သွားပြီး အားနည်းသူကို ဆက်ကာကွယ်ပေးဖို့ ခွင့်ပြုမှာလား"

ရှန်းကျွင်းက ပြောလိုက်သည်။

"မင်းအမေဆီ အရင်ဖုန်းဆက်လိုက်ပါဦး... သူ တအားစိတ်ပူနေတာ"

ရှန်းယွီရှောင် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဝန်ထမ်းဆီမှ ဖုန်းတောင်းလိုက်လေသည်။

ရှုချွီလိုင်ထံသို့ ဖုန်းခေါ်နေစဉ် တစ်ဖက်မှ ဖုန်းကိုင်ရန် စောင့်ဆိုင်းနေတုန်းမှာပင် လီချင်းချင်းဘက်သို့ လှည့်ပြောရန် မမေ့ခဲ့ပေ။

"ငါ့ကို အစ်ကိုလို့ မခေါ်နဲ့"

လီချင်းချင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး မျက်နှာပျက်မသွားအောင် မနည်းထိန်းထားရရှာသည်။

သူမက ရှန်းကျွင်းကို လှည့်ကြည့်လိုက်မိသည်။ သဘောထားကြီးပြီး ကျက်သရေရှိသော ရှန်းသခင်ကြီးက သူမဘက်မှ ဝင်ပြောပေးမလားဟု မျှော်လင့်မိသော်လည်း ရှန်းကျွင်းက ဘာမျှမပြောပေ။ သူမကို လက်ဟန်ပြကာ ခေါ်လိုက်ပြီး နှစ်ယောက်သား အခန်းပြင်သို့ ထွက်လာခဲ့ကြသည်။ အခန်းထဲတွင်တော့ ရှန်းယွီရှောင်နှင့် သူ့အမေ စကားပြောရန် ကျန်ရစ်ခဲ့လေ၏။

ရှန်းကျွင်းက ပြောလိုက်သည်။

"ဒါ ယွီရှောင်ရဲ့ စိတ်နေစိတ်ထားပဲ... သူက လူတွေနဲ့ဆို စည်းခြားထားတတ်တယ်... သူသတ်မှတ်ထားတဲ့ စည်းကို ဘယ်သူ့ကိုမှ ကျော်ခွင့်မပေးတတ်ဘူး"

[အဖေကောင်းပါလား သားဖြစ်သူရဲ့ စရိုက်နဲ့ သဘောထားကို တော်တော်လေး သည်းခံပေးရှာတယ်]

[တကယ်တော့ ရှန်းသခင်လေး အဲ့လိုဖြစ်နေတာ ကောင်းပါတယ်... ကြီးလာရင် ရှုပ်ပွေတဲ့သူ ဖြစ်လာမှာ မဟုတ်ဘူး... မိန်းကလေးတွေကိုလည်း အသည်းကွဲအောင် လုပ်မယ့်ပုံ မပေါ်ဘူး]

[ဟုတ်တယ်... မိန်းကလေးတစ်ယောက်က အစ်ကိုလို့ ခေါ်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ ယောကျာ်းတွေကို ငါမုန်းတယ်... ဘာကိစ္စ ညီမတွေ အဲ့လောက် အများကြီး မွေးထားရတာလဲ... မျက်လုံးတောင် လှန်မိတယ်]

[လီချင်းချင်းက အနေအထိုင် သိပ်မတတ်ဘူး]

[ငယ်ပါသေးတယ်လေ]

လီချင်းချင်းသည် တုန်ရီနေသော ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ရှန်းကျွင်းကို မေးလိုက်သည်။

"ဒါဆို အစ်ကို သဘောကျအောင် သမီး ဘယ်လိုလုပ်ရမလဲဟင်"

ရှန်းကျွင်း မျက်လုံးအနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဘာလို့ သူ့အကြိုက်ကို ရချင်နေရတာလဲ"

ထိုအကြည့်အောက်တွင် လီချင်းချင်း ပျာယာခတ်သွားသော်လည်း ဂရုတစိုက် သနားစရာကောင်းသော မျက်နှာထားကို ဆက်လက်ထိန်းသိမ်းကာ ပြောလိုက်သည်။ "သမီးက လူတိုင်း သဘောကျတာကို လိုချင်မိလို့ပါ... လူတွေ မကြိုက်မှာကို... ကြောက်... ကြောက်လို့ပါ"

[ဪ.လူတိုင်းအကြိုက် လိုက်ဆောင်ရွက်တတ်သူ ပေါ့ သနားစရာ ကောင်းလိုက်တာ]

ရှန်းကျွင်း ခေါင်းညိတ်လိုက်သည်။ "သမီးခံစားချက်ကို နားလည်ပါတယ်... ဒါပေမဲ့... ယွီရှောင်ရဲ့ စရိုက်နဲ့ဆိုရင်တော့ တော်တော်လေး ခက်ခဲလိမ့်မယ်"

ဘာလို့လဲ။ လီချင်းချင်း တိတ်တဆိတ် အံကြိတ်လိုက်မိသည်။

ထိုအချိန်တွင် အခန်းထဲ၌ ရှုချွီလိုင်သည် သားဖြစ်သူကို အလျင်အမြန်ပင် ဖျောင်းဖျနေလေ၏။

"ဒဏ်ရာ လုံးဝပျောက်ပြီး အမာရွတ်မကျန်တော့မှ ပြန်တာ အကောင်းဆုံးပဲ"

"မေမေ... သား အဲ့လောက်ထိ မပျော့ပါဘူး"

"လီရှောင်ယာအတွက်ရော ထည့်စဉ်းစားပေးရဲ့လား"

"ဘာကို ဆိုလိုတာလဲ"

"သား ဒဏ်ရာရတုန်းက သူတော်တော်လေး စိတ်မကောင်းဖြစ်ပြီး သူ့ကိုယ်သူ အပြစ်တင်နေလောက်မှာ... အခုချက်ချင်း ပြန်သွားရင် သားရဲ့ဒဏ်ရာတွေကို မြင်ပြီး သူ စိတ်ထိခိုက်နေဦးမယ်လေ... သူဘယ်လောက်တောင် ဝမ်းနည်းမလဲဆိုတာ ထည့်မစဉ်းစားဘူးလား"

"...”

ရှန်းယွီရှောင် သက်ပြင်းချလိုက်သည်။

"သိပါပြီ... ဒဏ်ရာပျောက်မှပဲ ပြန်တော့မယ်... ဒါပေမဲ့ ဟိုငတုံး ချင်ဆွေ့လေ... သူက လီရှောင်ယာကို ကောင်းကောင်း စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး"

ရှုချွီလိုင်သည် သားဖြစ်သူ၏ အသုံးအနှုန်းကို ပြင်မပေးတော့ဘဲ တစ်ခုသာ သတိပေးလိုက်သည်။

"သား မရောက်ခင်တုန်းက လီရှောင်ယာတစ်ယောက်တည်း ဖြတ်သန်းလာခဲ့ရတာပါ"

ရှန်းယွီရှောင် ဆွံ့အသွားရပြန်သည်။

ခဏကြာမှ သူက ပြောလိုက်၏။

"သားက သူ့ကို စိတ်ပူလို့ရုံပါပဲ"

"မင်းအဖေ ရောက်နေပြီလား" ရှုချွီလိုင်က မေးလိုက်သည်။

"ဟုတ်... ရောက်နေပြီ... ကလေးတစ်ယောက်လည်း ပါလာတယ်... စိတ်ရှုပ်စရာကြီး သားကို အစ်ကို... အစ်ကိုနဲ့ လာခေါ်နေတယ်"

"မိန်းကလေးဆိုတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေါ့" ရှုချွီလိုင်က ခဏရပ်ပြီးမှ ဆက်ပြောသည်။

"တကယ်လို့ သိပ်စိတ်ပူနေရင် မင်းအဖေကို ပိုက်ဆံတောင်းပြီး လီရှောင်ယာအတွက် လက်ဆောင်တွေ ဝယ်ပေးလိုက်လေ... သူ ဝမ်းသာလောက်တယ်"

ရှန်းယွီရှောင် တစ်ယောက် လုံးဝစိတ်သက်သာရာ ရသွားတော့သည်။ " သဘောပေါက်ပါပြီ အမေ"

သူ ဖုန်းချလိုက်ပြီးနောက် ပြန်မည့်ကိစ္စကို ဆက်မပြောတော့ပေ။

ဤအခြေအနေကို ကြည့်ပြီး ပရိသတ်များလည်း အံ့သြသွားကြသည်။

[မဒမ်ရှုရဲ့ နည်းလမ်းတွေက ရှယ်ပဲဟေ့]

[လူတစ်ယောက်ကို နားဝင်အောင် ပြောတတ်လိုက်တာ]

မကြာမီ ရှန်းကျွင်း ပြန်ရောက်လာသည်။

ရှန်းယွီရှောင်သည် သူ့အမေမှာလိုက်သည့် စကားများကို ရှန်းကျွင်းအား အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။

ရှန်းကျွင်းကဲ့သို့ ပုဂ္ဂိုလ်ကြီးသည်ပင် ဤစကားကို ကြားသောအခါ သဘောကျစွာ ပြုံးလိုက်ပြီး မေးလိုက်သည်။

"ကောင်းပြီလေ... အဖေ ဝယ်ပေးမယ်... လီရှောင်ယာအတွက် ဘာတွေ ပို့ပေးချင်လဲ"

"အဝတ်အစားအသစ်တွေ၊ ဖိနပ်အသစ်တွေ၊ ဦးထုပ်ကလည်း တစ်လုံးနှစ်လုံးလောက်တော့ ရှိသင့်တယ်... မဟုတ်ရင် ဆောင်းတွင်းရောက်ရင် နားရွက်တွေ အေးခဲကုန်မှာ... ပြီးတော့ ထီးအသစ်၊ နှစ်ချောင်းလောက် ဝယ်ပေး... သူ့ထမင်းချိုင့်ကလည်း လဲရတော့မယ်... မီးလုံးတွေ တပ်ပေးလိုက်... အပူပေးစက်လည်း ရှိသင့်တယ်မလား... စာရေးကိရိယာအသစ်တွေ... လွယ်အိတ်အသစ်တွေရော... သူ့လွယ်အိတ်အစုတ်လေးက‌ လျှော်လွန်းလို့ ပေါက်တောင် ပေါက်နေပြီ..."

ရှန်းယွီရှောင်သည် ကုတင်ခေါင်းရင်းကို မှီလျက် ပျင်းရိစွာဖြင့် စာရင်းများကို ရွတ်ပြနေလေသည်။

ရှန်းကျွင်း နားထောင်ရင်း နဖူးမှ သွေးကြောများ ထောင်တက်လာရသည်။

"မင်းက ကုန်တိုက်တစ်ခုလုံးကို ဟိုသယ်သွားမလို့လား"

"ဆိုင်နှစ်ဆိုင်စာလောက်ပဲ ရှိတာပါ"

"..."

ရှန်းကျွင်းမှာ ပြောစရာမရှိ ဖြစ်သွားသော်လည်း သားဖြစ်သူ ပြောသမျှကို ဝယ်ရန် ထွက်သွားလေသည်။

ရှန်းကျွင်းကိုယ်တိုင် သွားဝယ်ခြင်းတော့ မဟုတ်ဘဲ လက်အောက်လူများကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

လီချင်းချင်းသည် အနောက်မှ လိုက်ပါရင်း အံ့သြထိတ်လန့်နေဆဲပင်။

ရှန်းယွီရှောင်က ဘယ်သူလဲ။

ဘာမဆို လုပ်နိုင်သည့် သခင်လေးတစ်ယောက် မဟုတ်လား။

အဲ့ဒီလိုလူက အသေးစိတ်လေးတွေကအစ မှတ်မိနေပြီး လီရှောင်ယာရဲ့ လွယ်အိတ်ပေါက်နေတာကိုတောင် ဂရုစိုက်နေတယ်တဲ့လား။

ပြင်းပြသော မနာလိုဝန်တိုစိတ်ကြောင့် လီချင်းချင်း၏ ယခင်က ပျော်ရွှင်မှုများ လုံးဝပျောက်ကွယ်သွားရသည်။

ပရိသတ်များမှာလည်း သက်ပြင်းချရုံသာ တတ်နိုင်ကြတော့သည်။

[ရှန်းယွီရှောင်က နည်းနည်း အလိုလိုက်လွန်းမနေဘူးလား]

[မဖြစ်နိုင်တာ... သူက လီရှောင်ယာကို တကယ် ဂရုစိုက်တာလား]

[ ဒါပေမဲ့ လီချင်းချင်းကျတော့ တော်တော်ရက်စက်တယ်နော်... ဒါ... ဒါက... တကယ်တမ်း ဘဝချင်း လဲလိုက်ရတာ လီချင်းချင်းလေ]

[လီရှောင်ယာကတော့ ရှန်းသခင်လေးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်သင့်တယ်]

[ကျေးဇူးတင်လွန်းလို့ကို မဆုံးတော့ဘူး... မြန်မြန် လီရှောင်ယာဘက် သွားကြည့်ရအောင်]

ဇဝေဇဝါဖြစ်နေသော ပရိသတ်အချို့သည် လီရှောင်ယာဘက်သို့ ကူးပြောင်းကြည့်ရှုကြလေသည်။

လီရှောင်ယာသည် မှိုအမျိုးအစားများကို ခွဲခြားပြီး ကြက်ဥများကို နေရာတကျ စီထားလိုက်သည်။ ထို့နောက် ခြင်းတောင်းကြီးကို ငေးကြည့်နေရှာသည်။

သူမသည် ဒူးပေါ် မေးတင်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

"မြို့ထဲ မသွားရတော့ဘူး"

[ဟုတ်သားပဲ... ရှန်းယွီရှောင်က သူ့ကို မြို့ထဲခေါ်သွားပြီး မှိုသွားရောင်းပေးမယ် ပြောထားတာကိုး... အခု သူ မရှိတော့ဘူးဆိုတော့... အမ်... ဘာလို့ ချင်ဆွေ့ကို မပြောတာလဲ]

[နေဦး... သူရွေးထားတဲ့ မှိုတွေကို သေချာကြည့်ကြစမ်း... Chanterelles တို့ Porcini တို့ Termite မှိုတို့ပါလား... ဒါတွေက ရှားပါးပြီး စားလို့ရတဲ့ တောမှိုတွေလေ... စျေးကွက်ထဲမှာဆို စျေးကောင်းရတာ... အဲ့ဒါကို ဟင်းသီးဟင်းရွက် ဝယ်တဲ့လူက ၃ ယွမ်ပဲ ပေးမယ်ပြောတာလား]

[ဟာ... လီရှောင်ယာ ရောင်းမပစ်နဲ့နော်... ရှန်းသခင်လေး ပြန်လာတဲ့အထိ စောင့်လိုက်]

ကောမန့်များ ဆူညံနေစဉ်မှာပင် ချင်ဆွေ့သည် အပြင်မှ ဝင်လာခဲ့သည်။

ဒီပတ်ဝန်းကျင် အနေအထားက ဆိုးရွားလွန်းသော်လည်း ချင်ဆွေ့အတွက်တော့ သည်းမခံနိုင်လောက်အောင် မဟုတ်သေးပေ။ သူသည် အပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်ကာ နေ့လယ်ခင်းတစ်ခုလုံး စာထိုင်ဖတ်နေခဲ့သည်။ ဗိုက်ထဲမှ အသံများ ထွက်လာမှသာ အိမ်ထဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။

"ဘယ်မှာ စားရမလဲ" ချင်ဆွေ့ မေးလိုက်သည်။

လီရှောင်ယာ မော့ကြည့်လိုက်ပြီး ခြေရင်းမှ ကြမ်းပြင်ကို လက်ညှိုးထိုးပြလိုက်၏။

ချင်ဆွေ့ မျက်မှောင်ကြုတ်သွားသည်။ ဒီမှာပဲ စားရမှာလား။ သူ့တစ်သက်တာလုံး ဤမျှဆိုးရွားသော ထမင်းစားသည့် ပတ်ဝန်းကျင်မျိုး မကြုံဖူးခဲ့ပေ။

"ဘာစားရမှာလဲ" ချင်ဆွေ့ ထပ်မေးလိုက်သည်။

လီရှောင်ယာက ပြန်ဖြေလိုက်၏။

"ကိုယ့်ဘာသာ ရှာစားရမှာ"

ချင်ဆွေ့တစ်ယောက် အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရသည်။ "ကိုယ့်ဘာသာ ရှာရမယ်"

လီရှောင်ယာက ဘာမှဆက်မပြောတော့ဘဲ ကျောခိုင်းသွားသဖြင့် အေးစက်စက် နိုင်သော်လည်း ပွယောင်းနေသော ခေါင်းလေးကိုသာ ချင်ဆွေ့ မြင်လိုက်ရတော့သည်။

ကောမန့်များမှာလည်း အံ့သြကုန်ကြ၏။

[ချင်ဆွေ့ကို တကယ်ကြီး လုံးဝလျစ်လျူရှုထားတာပဲ]

[လီရှောင်ယာ... နင်က ရှန်းယွီရှောင်ကို မျက်နှာပန်းလှအောင် လုပ်ပေးနေတာပဲ... နင်သာ ချင်ဆွေ့ကို မျက်နှာသာမပေးမှန်း သူသိရင် ပျော်လွန်းလို့ ကခုန်နေတော့မှာ]

[စဉ်းစားကြည့်မယ်ဆိုရင်... ချင်ဆွေ့ရဲ့ ချောမွေ့နေတဲ့ ဘဝမှာ ဒါ ပထမဆုံး ကျရှုံးခန်း ပဲ မဟုတ်လား]

ချင်ဆွေ့အတွက်တော့... တကယ်ပင် ဟုတ်နေသည်။

သူ့အကျင့်စရိုက်က သိပ်မကောင်းသော်လည်း သူ့ဆွဲဆောင်မှုက အမြဲတမ်း ပြင်းထန်ခဲ့ပြီး သူ့နားတွင် လူတွေ ဝိုင်းဝိုင်းလည်နေတတ်သည်။ မဟုတ်လျှင် ရှန်းယွီရှောင်ကို သူဘယ်ယှဉ်နိုင်ပါမည်နည်း။

ချင်ဆွေ့ ရောက်လာစဉ်က ရည်ရွယ်ချက်ကောင်းများ ရှိခဲ့သည်။ ရွာထဲက ဘယ်သူ့ကိုမှ ဂရုစိုက်ဖို့ အစီအစဉ်မရှိသလို ရှန်းယွီရှောင်လိုမျိုး ကလေးမလေးတစ်ယောက်ကို စောင့်ရှောက်ပေးရလောက်အောင်လည်း မအချေ။

ဒါပေမဲ့ အဲ့ကလေးမလေးကပါ သူ့ကို ဂရုမစိုက်ဘဲ နေလိမ့်မယ်လို့တော့ သူထင်မထားခဲ့မိ။

ချင်ဆွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ထားပါလေ... တစ်နပ်နှစ်နပ်လောက် အစာငတ်တာ ဘာမှမဖြစ်ပါဘူး။

မကြာမီ သစ်ပင်ထက်တွင် ချိတ်ဆွဲထားသကဲ့သို့ လူ ထွက်ပေါ်လာသည်။

ကလေးမလေးသည် တံခါးဝတွင် ထိုင်ရင်း လရောင်အောက်၌ ပိုက်ဆံရေနေ၏။

ချင်ဆွေ့ လျှောက်သွားပြီး မေးလိုက်သည်။ "ဒါ မင်းပိုက်ဆံလား... ဒါမှမဟုတ် Show က ပေးတာလား... ပိုက်ဆံရှိရင် အစားအသောက် ဝယ်စားလို့မရဘူးလား"

လီရှောင်ယာက လှည့်ပင် မကြည့်ပေ။ "မရဘူး"

ချင်ဆွေ့ လေသံပြောင်းလိုက်သည်။ "ဒါဆို ငါချေးမယ်လေ... ၁၀ ဆ ပြန်ပေးမယ်"

လီရှောင်ယာက ပုံမှန်မဟုတ်ဘဲ ပြတ်သားစွာ ပြောလိုက်သည်။ "မရဘူး... ရှင့်ကို ကျွေးဖို့ မတတ်နိုင်ဘူး" သူမ ခဏရပ်ပြီးမှ ဆက်ပြောသည်။ "ဒီပိုက်ဆံက ရှန်းယွီရှောင်ကို ပြုစုဖို့ ထားတာ"

ချင်ဆွေ့ ဆို့နင့်သွားရသည်။

[ဟားဟားဟား... ရက်စက်လိုက်တာ]

[ချင်ဆွေ့ - ငါဘာလို့ ရှန်းယွီရှောင်ကို ရုတ်တရက် မနာလို ဖြစ်သွားရတာပါလိမ့်]

××××××

[Chanterelles မှို]

{Porcini မှို}

[Termite မှို]

All Chapters