အခန်း (၂)
Vol. 1 Ch. 2
"ဘာဖြစ်တာလဲ အဲ့ကောင်လေးက အဘွားကြီးကို လူကုန်ကူးသမားလို့ ပြောလိုက်တာလား"
"ဒီအဘွားကြီးက နည်းနည်းတော့ ထူးဆန်းသလိုပဲ ကြည့်ပါလား မျက်နှာပျက်နေတာလေ"
"ဒါပေမဲ့ ကလေးကမငိုတော့ဘူးနော်၊ သူသာ တကယ်လူကုန်ကူးသမားဆိုရင် ကလေးက ဒီလောက်လွယ်လွယ်နဲ့ အငိုတိတ်ပါ့မလား"
ခရီးသည်အများစုထံမှ မေးခွန်းများ၊ သံသယဝင်သံများ ထွက်ပေါ်လာသည်။ ဒီအချိန်မှာတော့ ကားနောက်ဘက်နားမှာရှိနေသည့် လီတဝေရော၊ ရှေ့ခန်းမှယာဉ်မောင်းပါ နောက်ကို လှည့်ကြည့်လာကြသည်။
လူကုန်ကူးသမား ဒါနားထောင်လို့ကောင်းတဲ့စကားလုံးမဟုတ်ဘူးလေ။
လီတဝေအနည်းငယ် စိတ်ဝင်စားသွားသည်။ ခုနသူကြည့်လိုက်စဉ်၌ အခြေအနေအေးဆေးဖြစ်နေသည်ပင်။ ဘာလို့ အခုမှပြန်စဖြစ်ကြတာလဲ။ ယာဉ်မောင်းမှာလည်း သံသယအကြည့်ဖြင့်မေးလာသည်။
"ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်ကြတာလဲ"
ဒီအချိန်မှာတော့ လူကုန်ကူးသမားအမျိုးသမီးကြီး၏မျက်လုံးအိမ်များ သိသိသာသာ ကျုံ့ဝင်သွားသည်။ ဒါသည် ကြောက်လန့်တကြားဖြစ်မှု၏ လက္ခဏာရပ်ပင်။
"မင်း မင်းဘာတွေပြောနေတာလဲ၊ ငါ့ကို စွပ်စွဲနေတာလား ငါကဒီကလေးရဲ့ အဘွားအရင်းပါ၊ ငါကသူ့အပေါ် အရမ်းကောင်းတာကို ငါအိမ်ပြန်ချင်တယ် လွှတ် ငါ့ကိုမဆွဲထားနဲ့"
လူကုန်ကူးသမား၏မျက်နှာထားမှာ အလွန်အပြစ်ကင်းစင်ဟန်ပေါက်နေပြီး ချင်ရန့်လက်ထဲမှ ရုန်းထွက်ရန်သာ ကြိုးစားနေသည်။ သို့သော် ချင်ရန်မှအားဖြင့်ဖိချုပ်ထားလိုက်သည်မို့ သူမ ရုန်းမထွက်နိုင်ပေ။ ချင်ရန်သည် အရပ် ၆ ပေခန့်ရှိပြီး ကြံ့ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်။ အသက် ၆၀ ကျော် ၇၀ အရွယ် လူကုန်ကူးသမားအဘွားကြီး၏အားနှင့် ဘယ်လိုမှ ယှဉ်မရပေ။
"လန့်သွားပြီလား ပေါက်ကရတွေ ပြောမနေနဲ့တော့၊ ငါနဲ့ ရဲစခန်းကို လိုက်ခဲ့"
ချင်ရန် အော်ဟစ်လိုက်သည့်အချိန်မှာတော့ သူ့ခေါင်းပေါ်တွင်တရားမျှတမှု၏အလင်းရောင်များ ဖြာထွက်နေသယောင် ခံစားလိုက်ရသည်။ လူကုန်ကူးသမား၏မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ရဲစခန်း အဲ့နေရာကို သူမလုံးဝသွားလို့မဖြစ်။ အဲ့ကိုရောက်သွားရင် သူမဘဝတစ်ခုလုံး သွားပြီပဲ။
"ငါ ငါအိမ်ပြန်ချင်တယ်၊ ငါကားပေါ်က ဆင်းချင်တယ် မတားနဲ့"
လူကုန်ကူးသမားမှာ ရုတ်တရက်ရူးချင်ယောင်ဆောင်ကာ ပခုံးများကိုလှုပ်ခါရုန်းကန်ပြီး ကားတံခါးပေါက်ဆီသို့ ထွက်ပြေးရန် ကြိုးစားလေသည်။ ဒီလုပ်ရပ်မှာ ခရီးသည်တော်တော်များများကို သံသယဝင်သွားစေသည်။ တကယ့် အဘွားအရင်းသာဆိုရင် ဘာလို့ ဒီလောက် အသည်းအသန်ဖြစ်နေရတာလဲ။ ထိုအချိန်တွင် အနောက်နားတွင်ရှိနေသော လီတဝေသည်ငြိမ်မနေနိုင်တော့ဘဲ လျှောက်လာခဲ့သည်။ အငြင်းပွားနေသော သူတို့နှစ်ဦးအနားသို့ရောက်သည်နှင့် အော်ပြောလိုက်၏။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ၊ ကျွန်တော်က ရဲဝန်ထမ်းပါ၊ ကျွန်တော့်ကို ရှင်းခွင့်ပြုပါ"
ရဲဝန်ထမ်းဟုကြားလိုက်သည်နှင့် ခရီးသည်များက လီတဝေကိုလမ်းဖယ်ပေးလိုက်ကြသည်။
"ခင်ဗျားက သူမကိုလူကုန်ကူးသမားလို့ ပြောတာလား၊ ခင်ဗျားမှာ သက်သေရှိလား"
လီတဝေ ချင်ရန်ကို မေးလိုက်သည်။ ချင်ရန်က သူမကိုလူကုန်ကူးသမားမှန်း ဘာလို့ ဒီလောက်သေချာနေရတာလဲ။
"သူမလက်ချောင်းပေါ်မှာ တစ်ခုခု သုတ်ထားတယ်၊ အဲ့ဒါကို ကလေးနှာခေါင်းဝနားကပ်ပြီး အနံ့ခံခိုင်းလိုက်တော့ ကလေးကချက်ချင်းမှိန်းသွားတာပဲ"
ချင်ရန် ဩရှရှအသံဖြင့်ပြောလိုက်သည်။ လီတဝေ နားထောင်ရင်းဇဝေဇဝါဖြစ်သွားရသည်။
တကယ်လား အထင်မှားတာလား။
ထို့နောက် လီတဝေမှာလူကုန်ကူးသမားဘက်သို့ လှည့်လိုက်သည်။
"အန်တီ ကျွန်တော်နဲ့အတူ ကားပေါ်ကဆင်းပြီး ရဲစခန်းမှာ ဒီကိစ္စကိုလိုက်ရှင်းပြပေးပါ"
"ငါ ငါမလိုက်ချင်ဘူး"
လူကုန်ကူးသမားက ခေါင်းကို တွင်တွင်ခါရမ်းနေသည်။
"ဒါဆို ခင်ဗျားမှာ ဒီကလေးနဲ့ဆွေမျိုးတော်စပ်ကြောင်း သက်သေအထောက်အထားတစ်ခုခုရှိလား"
လီတဝေ မေးလိုက်သည်။
"ရှိ ရှိပါတယ် ဒါပေမဲ့အိမ်မှာကျန်ခဲ့လို့"
လူကုန်ကူးသမားမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြန်ပြောရင်း မျက်လုံးများက ဟိုဒီဝေ့ဝဲကြည့်နေသည်။ လီတာဝေ ကြောင်သွားပြီးနောက် ထပ်မေးလိုက်သည်။
"ဒါဆို မှတ်ပုံတင်ရောပါလား"
"ငါ ငါကအဲ့လိုဟာတွေ ယူမလာတတ်ဘူး"
လူကုန်ကူးသမားမှာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ခင်ဗျား သက်သေမပြနိုင်ဘူးဆိုရင်တော့ ကျွန်တော်နဲ့ရဲစခန်းကို လိုက်ခဲ့ရမှာပဲ"
လီတဝေ မျက်မှောင်ကြုတ်လိုက်သည်။ ဒီအမျိုးသမီးက တော်တော်လေး မသင်္ကာစရာကောင်းနေပြီ။
ထိုစဉ်......
ဘေးနားရှိ ခရီးသည်တစ်ဦးမှာ ရုတ်တရက် လီတဝေကိုကြည့်ပြီး ထူးဆန်းသည့်အကြည့်ဖြင့် မေးလိုက်သည်။
"နေပါဦး မင်းကရဲဝန်ထမ်းဆိုရင် မင်းမှာရော ရဲသက်သေခံကတ်ပြားပါလား၊ မင်းနဲ့ဒီလူကုန်ကူးသမားက အလိုတူအလိုပါတွေဆိုရင်ရော ကားပေါ်ကဆင်းပြီး ငါတို့မြင်ကွင်းကနေ လွတ်အောင်ကြံနေကြတာများလား"
ခရီးသည်တစ်ဦးမှ မေးခွန်းထုတ်လိုက်သည်။ ယာဉ်မောင်းကလည်း ဝင်ထောက်ခံလာ၏။
"ဟုတ်တယ် မင်းမှာရဲကတ်ပြားပါလား၊ မင်းဘယ်သူလဲဆိုတာ အရင်သက်သေပြ"
ဒီကောင်လေးက ရဲယူနီဖောင်းဝတ်ထားတာလည်းမဟုတ်ပဲနဲ့ ဘယ်သူကအတည်ထင်မှာလဲ။ လီတဝေ ချက်ချင်းကြောင်အသွားသည်။
သူ့မှာလည်း ကတ်ပြားမှမပါတာ။
လီတဝေ ခေါင်းကုတ်ရင်းအနေခက်စွာ ပြောလိုက်ရသည်။
"ကျွန် ကျွန်တော်က အစမ်းခန့် အလုပ်သင်ရဲဝန်ထမ်းပါ၊ ကတ်ပြားမရသေးပါဘူး"
ဒီစကားထွက်လာသည်နှင့် ယာဉ်မောင်းရော ခရီးသည်များပါ စိတ်ရှုပ်သွားကြသည်။
ဟာသလုပ်နေတာလား။ ဟိုအဘွားကြီးမှာလည်း မှတ်ပုံတင်မရှိ၊ မင်းမှာလည်း မရှိ။ မင်းတို့နှစ်ယောက်ပေါင်းကြံနေကြလားဆိုတာ ဘယ်သူသိမှာလဲ။ ယာဉ်မောင်းမှာ ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်သည်။
"မဖြစ်ဘူး မင်းပုံစံကြည့်ရတာလည်း လူကောင်းပုံမပေါက်ဘူး၊ မင်းတို့နှစ်ယောက်ပေါင်းကြံနေတာ သေချာသလောက်ပဲ"
"အမ် ကျွန်တော်ကဘယ်လိုလုပ် သူနဲ့ ပေါင်းကြံရမှာလဲ"
လီတဝေ ခေါင်းမီးတောက်သွားသည်။ ဘယ်လိုလုပ်ပြီး သူပါအမှုပတ်သွားရတာလဲ။
ထိုစဉ်မှာပင်......
"ကျွန်တော့်မှာ ရဲကတ်ပြားပါတယ်"
တည်ငြိမ်သော အသံတစ်သံထွက်ပေါ်လာသည်။
ချင်ရန်ပင်ဖြစ်၏။
သူသည် အိတ်ကပ်ထဲမှအနက်ရောင်ကတ်ပြားတစ်ခုကို တည်ငြိမ်စွာထုတ်ပြလိုက်သည်။ ဒါသည် စနစ်မှသူ့ကို ပေးထားသောပစ္စည်းပင်။ လီတဝေသည် ချင်ရန်ကိုမျက်လုံးအပြူးသားဖြင့် ကြည့်လာ၏။
"ခင်ဗျားလည်း ရဲပဲလား"
ချင်ရန် ခေါင်းညိတ်ပြလိုက်သည်။ ခရီးသည်အားလုံး၏အကြည့်များမှာ ချင်ရန်ထံသို့ ပြောင်းလဲရောက်ရှိသွားပြန်သည်။ ချင်ရန်၏ပုံပန်းသွင်ပြင်ကသာ ပိုပြီးဖြောင့်မတ်တည်ကြည်ကာ ဩဇာအာဏာရှိပုံပေါက်၏။ သူသာ ပြည်သူ့ရဲဝန်ထမ်းတစ်ဦးဖြစ်မည်ဆိုပါက လူထုအတွက်အလွန်လုံခြုံစိတ်ချရပေလိမ့်မည်။
ယာဉ်မောင်းမှာ ချင်ရန်လက်ထဲမှ ကတ်ပြားကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ရွှေရောင်တံဆိပ်တုံးမှာ အလွန်လက်ရာမြောက်ပြီး တံဆိပ်အောက်တွင်တရားရုံးဟူသော စာသားကို တွေ့ရသည်။
ရဲအမှတ်စဉ်၊ နာမည်၊ ကျား/မ၊ ရာထူးနှင့် မွေးသက္ကရာဇ် စသည့် အချက်အလက်များကလည်း အလွန် အသေးစိတ်ကျသည်။ ယာဉ်မောင်းမှာ သေချာကိုင်တွယ်ကြည့်ပြီးနောက် လေးနက်ဟန်ဖြင့်ခေါင်းညိတ်လိုက်ပြီး ချင်ရန်ကို လေးစားသောအကြည့်ဖြင့် ကြည့်လာ၏။
"ဒါက ရဲကတ်ပြားအစစ်ပဲ၊ ကျုပ်ဆွေမျိုးထဲမှာ ရဲဝန်ထမ်းရှိလို့ ကျုပ်သိတယ်၊ ဒါအတုမဖြစ်နိုင်ဘူး"
ဒီစကားကြားတော့မှ ခရီးသည်အားလုံးယုံကြည်သွားကြသည်။ ယာဉ်မောင်းကတော့ လိမ်ပြောစရာ အကြောင်းမရှိပေ။ ကြည့်ရသည်မှာ ချင်ရန်ကသာ တကယ့်ရဲအစစ်ဖြစ်ပြီး လီတဝေကတော့ သံသယဖြစ်စရာပဲ။ ထိုအချိန်တွင် ချင်ရန်မှထပ်ပြောလိုက်သည်။
"လူတိုင်းစိတ်မချသေးရင် ရဲစခန်းကို အရင်ဖုန်းဆက်ပြီး ဒီလူကိုလာခေါ်ခိုင်းလို့ရပါတယ်"
ထိုအခါမှ ယာဉ်မောင်းလည်း သတိရသွားပြီး ရဲစခန်းသို့အမြန်ဖုန်းဆက်လိုက်သည်။ ယခုအချိန်၌ လူကုန်ကူးသမား၏မျက်နှာတွင် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်ခြင်းများ ဖုံးလွှမ်းသွားသည်။ ချင်ရန်က တကယ့်ရဲအစစ် ဖြစ်နေတာပဲ။ သွားပြီ... ဒီနေ့တော့ ကံဆိုးမိုးမှောင်ကျပြီ။
"ရဲအရာရှိကြီး ကျွန်.....ကျွန်မကတကယ်လူကောင်းပါ၊ အိမ်မှာလုပ်စရာလေးတွေရှိသေးလို့ ကျွန်မကို လွှတ်ပေးလို့ရမလား"
လူကုန်ကူးသမားက သနားစရာမျက်နှာထားဖြင့် ချင်ရန်ကိုပြောလိုက်သည်။ ချင်ရန် သူမကို တစ်ချက်ကြည့်လိုက်၏။ သနားသည့်အရိပ်အယောင် လုံးဝမပြသလို၊ ဒီဟန်ဆောင်ပန်ဆောင်စကားတွေကြောင့်လည်း စိတ်လှုပ်ရှားမသွားခဲ့ပေ။ ဩရှရှအသံဖြင့် သူပြတ်ပြတ်သားသားပြောလိုက်သည်။
"ရဲစခန်းကလူတွေ ရောက်လာမှပဲ ဆက်ပြောကြတာပေါ့"
"ကျွန်မ..."
လူကုန်ကူးသမား လုံးဝဆွံ့အသွားရသည်။ သူမ ရင်ထဲအေးခဲသွားသလို ခံစားလိုက်ရ၏။ လီတဝေသည် ချင်ရန့်ထံအားကျလေးစားသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူက အစမ်းခန့်ပဲရှိသေးချိန်မှာ ဒီလူကရဲအရာရှိအစစ်ဖြစ်နေပြီ။
"ဆရာ ခင်ဗျားကတော်တော်မိုက်တာပဲ၊ သူက လူကုန်ကူးသမားမှန်း ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"
လီတဝေအနားကပ်လာပြီး မေးလိုက်သည်။
တစ်ချိန်တည်းမှာပင်
ပါလီမြစ် ရဲစခန်း၌
စခန်းမှူးဝမ်ရှောင်ရီ မျက်မှောင်ကြုတ်လိုက်သည်။
"ဟိုကောင်လေးတွေကရော အခုထိ ရောက်မလာသေးဘူးလား၊ ညွှန်ကြားရေးမှူးဆုန့်ကိုကြိုဆိုမယ့်ပွဲက စတော့မှာလေ"
အလုပ်စဝင်သည့် ပထမဆုံးနေ့မှာတင် နောက်ကျနေကြပြီဖြစ်ရာ ဘယ်လိုလုပ်ကြည့်ကောင်းတော့မှာလဲ။
ထိုစဉ် ရှင်းချန်လျှောက်လာသည်ကိုမြင်တော့ ဝမ်ရှောင်ရီလှမ်းမေးလိုက်သည်။
"ရှင်းချန် မင်း ဘယ်သွားမလို့လဲ"
ရှင်းချန်မှာ လေးနက်သောမျက်နှာထားဖြင့်ပြောလာသည်။
"စခန်းမှူး ပြည်သူတစ်ယောက်က ဖုန်းဆက်လာပါတယ်၊ နံပါတ် ၈ဘတ်စ်ကားပေါ်မှာ လူကုန်ကူးသမားတစ်ယောက်ပါလာတယ်တဲ့၊ အခြေအနေသွားကြည့်ဖို့ အခုချက်ချင်းထွက်မှရမယ်"
"ဘာကွ မနက်ခင်းရုံးတက်ချိန်ကြီးမှာတောင် လူကုန်ကူးသမားဟုတ်လား"
ဝမ်ရှောင်ရီ အနည်းငယ်အံ့ဩသွားရသည်။ ပြီးနောက် သူဆက်ပြောလိုက်၏။
"ကောင်းပြီလေ မြန်မြန်သွား မြန်မြန်ပြန်ခဲ့၊ နေရာမှာတင်ရှင်းလို့ရရင် ရှင်းခဲ့လိုက်၊ စခန်းကိုတော့ သိပ်မခေါ်လာနဲ့ဦး ဧည့်သည်ကြိုစရာ ရှိသေးတယ်"
"ဟုတ်ကဲ့ သိပါပြီ"
ရှင်းချန် ခေါင်းညိတ်ပြီး ကားပေါ်တက်သွားသည်။ ဝမ်ရှောင်ရီ နာရီကိုငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြီးတွန့်ချိုးသွား၏။
"နောက်ကျချင်တိုင်း နောက်ကျနေရအောင် ဒီကောင်စုတ်လေးတွေ ရဲစခန်းကိုဘာမှတ်နေလဲမသိဘူး"
"သာမန်ကုမ္ပဏီမှာတောင် အလုပ်စဝင်တဲ့ရက်နောက်ကျရင် လစာဖြတ်ခံရနိုင်တယ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး နောက်ကျတာကိုတော့ လွယ်လွယ်နဲ့ခွင့်လွှတ်လို့မရဘူး"
ဝမ်ရှောင်ရီတစ်ယောက် နောက်ကျသည့်ကောင်စုတ်လေးများကို ဘယ်လို ပညာပေးဆူပူကြိမ်းမောင်းရမည်အား ကြိုတင်စဉ်းစားထားလိုက်တော့သည်။