← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

Chapter 20

"ငါအိပ်ဖို့နေရာကို လီရှောင်ယာ ကိုယ်တိုင်စီစဉ်ပေးထားတာ... မင်း တခြားနေရာသွားအိပ်"

"လီရှောင်ယာ့အဘိုးက လူကောင်းလို့ ထင်နေလောက်အောင် မင်းမတုံးဘူးလို့ မျှော်လင့်တယ်... အဲ့ဒီ အဘိုးကြီး လီရှောင်ယာဆီကနေ အခွင့်အရေးယူတာမျိုး အဖြစ်မခံနဲ့"

"ဘာကိစ္စမှမရှိရင် လီရှောင်ယာနဲ့ ဝေးဝေးနေ... မင်းရဲ့ မကောင်းတဲ့အငွေ့အသက်တွေ ကလေးကို ကူးကုန်မယ်"

...

"ငါ မကြာခင် ပြန်ရောက်တော့မှာ"

စာများက တစ်စောင်ပြီး တစ်စောင် ဒလဟော ဝင်လာသည်။

ရှန်းယွီရှောင် စိတ်ပူနေမှန်း သိသာလှ၏။

ချင်ဆွေ့ကတော့ မျက်တောင်မခတ်ဘဲ စာအားလုံးကို ဖျက်ပစ်လိုက်လေသည်။

ရုတ်တရက်ဆိုသလို ရှန်းယွီရှောင် ပြန်မလာရင်တောင် မဆိုးဘူးဟု ချင်ဆွေ့ တွေးလိုက်မိသည်။

ချင်ဆွေ့သည် ဖုန်းကို ထုတ်လုပ်ရေးမှူးထံ ပြန်ပစ်ပေးလိုက်သည်။

ထုတ်လုပ်ရေးမှူးက မေးသည်။

"ဒါပဲလား... စာပြန်မပို့တော့ဘူးလား"

"ပြောစရာမှ မရှိတာ" ချင်ဆွေ့က အေးစက်စက် ပြန်ဖြေပြီးနောက် အိမ်ထဲသို့ ဝင်သွားတော့သည်။

မနေ့ညကတော့ ကလေးနှင့် သိပ်မရင်းနှီးသေးသဖြင့် ချင်ဆွေ့တစ်ယောက် တခြားနေရာတွင် သွားအိပ်ခဲ့သည်။

သို့သော် ဒီညတော့ ရှန်းယွီရှောင်နေရာတွင် အိပ်ရန် ဆုံးဖြတ်လိုက်သည်။

သူ အိပ်ရာလိပ်ကို ယူလိုက်သည်ကို မြင်သောအခါ လီရှောင်ယာက ချက်ချင်းပင် အိပ်ရာပေါ်သို့ ခုန်တက်လိုက်ပြီး အိပ်ရာထောင့်စွန်းများကို တင်းကျပ်စွာ ဖိထားလိုက်လေသည်။

"အဲ့ဒါ ရှန်းယွီရှောင်နေရာ... မထိနဲ့"

[အို... လီရှောင်ယာက ပိုပိုပြီး ချစ်ဖို့ကောင်းလာပါလား]

[သူ့ဘေးမှာ ရပ်နေတဲ့ ချင်ဆွေ့ပုံစံက ဝံပုလွေကြီးကျနေတာပဲ]

"ဒီည အပူချိန် ဘယ်လောက်ထိကျမလဲ မင်းသိလား" ချင်ဆွေ့က သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။

လီရှောင်ယာ ခေါင်းခါပြသည်။

"ငါ ဖုန်းထဲမှာ ကြည့်လိုက်တာ ၈ ဒီဂရီတဲ့... မနေ့ကလို သွားအိပ်ရင် ငါအေးခဲပြီး သေသွားလိမ့်မယ်" ချင်ဆွေ့က လီရှောင်ယာ၏ မျက်လုံးများကို စိုက်ကြည့်ကာ နားဝင်အောင် ပြောလိုက်သည်။ "ငါ အေးခဲပြီး သေတာကို မင်းမြင်ချင်လို့လား"

လီရှောင်ယာ တွေဝေသွားသည်။

သူမ ဖြည်းဖြည်းချင်း ထလိုက်ပြီး တိုးတိုးလေး ပြောရှာသည်။ "ဒါဆို ရှန်းယွီရှောင်အိပ်ရာကို ညစ်ပတ်အောင်မလုပ်နဲ့နော်"

ချင်ဆွေ့၏ မျက်ဝန်းအိမ်များ လှုပ်ရှားသွားပြီး အနည်းငယ် နားလည်သွားသလို ခံစားလိုက်ရသည်... ရှန်းယွီရှောင် ဘာကြောင့် ဒီကလေးကို ဒီလောက် ကာကွယ်ပေးချင်ရသလဲ ဆိုတာကိုပေါ့။

သူမက ကြံ့ခိုင်သလို နူးညံ့သည်... လောကအဆိပ်အတောက် မသင့်သေးဘဲ ဖြူစင်နေဆဲ ဖြစ်ပေသည်။

သူတို့နှစ်ဦး အမြန်ရေချိုးသန့်စင်ပြီးနောက် ကိုယ့်အိပ်ရာကိုယ်စီ ဝင်ခဲ့ကြသည်။

ချင်ဆွေ့သည် မညီမညာဖြစ်နေသော ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရင်း အမှောင်ကျနေသော မျက်နှာကြက်ကို စိုက်ကြည့်ကာ စကားစလိုက်သည်။ "ငါ ဒီကိုမလာခင်တုန်းက အစီအစဉ်ကို နည်းနည်းကြည့်ခဲ့တယ်"

အသံကြားသဖြင့် လီရှောင်ယာ နားစွင့်လိုက်သော်လည်း ချင်ဆွေ့ကို ပြန်မဖြေပေ။

ချင်ဆွေ့က ဆက်ပြောသည်။ "မင်း ရှန်းယွီရှောင်ကို သီချင်းဆိုပြတာ ကြားတယ်"

လီရှောင်ယာ သူ့ကို သတိထားသည့်ပုံစံဖြင့် ကြည့်လိုက်သည်။

သူမက သူ့အတွက်တော့ သီချင်းဆိုပြမည် မဟုတ်ချေ။

"နင် ကလေးသီချင်းဆိုနေတာလေ... အမေကို လွမ်းလို့လား" ချင်ဆွေ့ မေးလိုက်သည်။

ရှန်းယွီရှောင်တုန်းက ဒီလိုမေးခွန်းမျိုး တစ်ခါမှ မမေးခဲ့ဖူးပေ။

ရှန်းယွီရှောင်က အပြင်ပန်းကြည့်လျှင် မောက်မာပြီး ဒေါသကြီးသည့်ပုံ ပေါက်သော်လည်း အတွင်းစိတ်ကမူ အများကြီး နူးညံ့သည်။

ချင်ဆွေ့ကတော့ လုံးဝဆန့်ကျင်ဘက်ပင်။ သူက အပေါ်ယံတွင် တည်ငြိမ်အေးဆေးသည့်ပုံ ပေါက်သော်လည်း တိတ်တဆိတ်ဖြင့် ရန်လိုတတ်သည့် သဘောသဘာဝရှိသည်။ သူ့ရည်မှန်းချက် အောင်မြင်ဖို့ဆိုလျှင် တစ်ဖက်သားရဲ့ ခံစားချက်ကို လုံးဝလျစ်လျူရှုထားနိုင်သူ ဖြစ်သည်။

လီရှောင်ယာ နှုတ်ခမ်းကိုကိုက်ကာ တိတ်ဆိတ်နေသည်။

ချင်ဆွေ့က ထပ်မေးပြန်သည်။ "မလွမ်းဘူးလား... ကျောင်းမှာ တခြားကလေးတွေကို မိဘတွေ လာကြိုတာမြင်ရင် နင်ပိုပြီးလွမ်းမယ်လို့ ငါထင်ထားတာ"

[တောက်... ချင်ဆွေ့စကားတွေက ရက်စက်လိုက်တာ]

[သခင်လေးရှန်းနဲ့ ဘာလို့ မတည့်လဲဆိုတာ မပြောနဲ့တော့]

လီရှောင်ယာ တစ်ဖက်သို့ လှည့်သွားပြီး စောင်ဖြင့် မျက်နှာကို အုပ်လိုက်သည်။ "မလွမ်းပါဘူး... အမေက မှာသွားတယ် မလွမ်းရဘူးတဲ့... သေသွားရင် နှင်းစက်တွေ နေရောင်တွေ လေပြေတွေ ဖြစ်သွားမှာမို့ နေ့တိုင်းတွေ့နေရမှာတဲ့... ဒါကြောင့် လွမ်းစရာမလိုဘူးတဲ့"

[ဟာ... ဒီအခန်းက အရမ်း ဝမ်းနည်းစရာကောင်းတာပဲ]

[လီရှောင်ယာ့အမေက အရမ်းနူးညံ့သိမ်မွေ့တဲ့သူ ဖြစ်မှာပဲ]

[ပညာတတ်လည်း ဖြစ်လောက်တယ်နော်... မဟုတ်ရင် ဒီလိုစကားမျိုး ဘယ်ပြောတတ်မလဲ]

[သူ့အမေက ဒေသခံ ဟုတ်ရဲ့လား... လီရှောင်ယာ့ပုံစံကြည့်ရတာ သူ့အမေက အချောစာရင်းဝင်ဖြစ်လောက်တယ်၊ ဘယ်လိုလုပ် ဒီလိုဆင်းရဲတဲ့နေရာကို ရောက်လာရတာပါလိမ့်]

ကြည့်ရှုသူများခမျာ စိတ်ဝင်တစား ဆွေးနွေးနေကြတော့သည်။

"အဖေကျတော့ရော" ချင်ဆွေ့က ထပ်မေးသည်။

လီရှောင်ယာက "သူ့အကြောင်း မတွေးချင်ဘူး" ဟု ပြန်ဖြေသည်။ ဒီတစ်ခါ သူမ၏လေသံက အနည်းငယ် မာထန်နေပြီး တကယ်ကို မတွေးချင်မှန်း သိသာလှသည်။

"သူပြန်လာမှာကို မလိုချင်ဘူးလား"

လီရှောင်ယာ စောင်ကို ဆွဲချလိုက်ရာ လရောင်အောက်တွင် မျက်ရည်စများကို တွေ့လိုက်ရသည်။

အတော်ကြာမှ သူမက ပြတ်သားစွာ ပြောလိုက်သည်။ "ဟင့်အင်း"

ချင်ဆွေ့ စကားလမ်းကြောင်း လွှဲလိုက်သည်။

" မန်ဒရင်းစကားကို မင်းအမေ သင်ပေးထားတာလား"

"အင်း" လီရှောင်ယာ တိုးတိုးလေး ဖြေသည်။

"သူက မြို့ကလာတာလား"

"မသိဘူး"

[သူက တကယ်ပဲ လီရှောင်ယာအမေဘက်က ဆွေမျိုးတော်ချင်ယောင်ဆောင်နေတာလား၊ မေးလိုက်တာမှ စေ့စေ့စပ်စပ်]

ထို့နောက်တွင်တော့ ချင်ဆွေ့ ဘာမှဆက်မပြောတော့ပေ။

သူ့စိတ်ထဲတွင် တစ်ခုခုလွဲနေသလို ခံစားလိုက်ရသည်။ လီရှောင်ယာသည် ဤနေရာမျိုးတွင် ရှိမနေသင့်ဟု တွေးနေမိ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေထွက်လာခဲ့ပြီး ကြက်တွန်သံများက အဝေးမှ ပျံ့လွင့်လာရာ နားငြီးစရာ ကောင်းလှသည်။

ချင်ဆွေ့ အိပ်ရာထပြီး အိမ်ပြင်ထွက်လိုက်ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး အိမ်ရှေ့တွင် ခေါင်းပြူထွက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ခိုးမလို့လား... ဒီမှာ ခိုးစရာ ဘာမှမကျန်တော့ဘူး" ချင်ဆွေ့က အေးစက်စက် ပြောလိုက်သည်။

အသံကြားသဖြင့် ထိုလူ လန့်သွားပြီး ကမန်းကတန်း လှည့်ကြည့်လာသည်။ "ကျုပ် ကျုပ်က ရွာလူကြီးပါ"

ချင်ဆွေ့ မျက်လုံးအနည်းငယ်မှေးကာ ထိုလူကို အထက်အောက် ကြည့်လိုက်ပြီးမေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ... ဆင်းရဲသားထောက်ပံ့ကြေး လာပေးတာလား"

ရွာလူကြီး ဆွံ့အသွားပြီး လက်ကာပြကာ "မဟုတ်ဘူး မဟုတ်ဘူး... မင်းကို လာတွေ့တာ၊ မင်းသိလား... မြို့ကိုသွားပြီး အစီအစဉ်ရိုက်နေတဲ့ လီချင်းချင်းဆိုတာ ကျုပ်ကလေးလေ..."

ဒီလူ ရူးနေတာလား။

ချင်ဆွေ့ သူ့ကိုကြည့်ကာ စကားသုံးလုံးသာ အေးစက်စက် ပြောလိုက်သည်။ "မသိဘူး"

ဘယ်ကမှန်းမသိတဲ့ လူကြမ်းတစ်ယောက်ကများ သူ့အသိမိတ်ဆွေကို လာမေးရဲသေးတယ်။

ချမ်းသာသော မိသားစု၏ အမွေဆက်ခံသူ ပီပီ အရွယ်မရောက်သေးသော်လည်း သူ့ထံမှထွက်သော အရှိန်အဝါက လူကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

ရွာလူကြီးခမျာ ချင်ဆွေ့၏ စကားသုံးလုံးကြောင့် ကြောင်အသွားပြီး စကားပြန်ပြောနိုင်ရန် မိနစ်ဝက်ခန့် အချိန်ယူလိုက်ရသည်။ "ဒါပေမဲ့... ဒါပေမဲ့ အစီအစဉ်ရဲ့ စည်းကမ်းအရဆို မင်းက ကျုပ်အိမ်မှာ လာရိုက်ရမှာလေ"

"စည်းကမ်း ဟုတ်လား" ချင်ဆွေ့က ကင်မရာအဖွဲ့ဘက်သို့ လှည့်လိုက်သည်။ "ဒါရိုက်တာ"

ထုတ်လုပ်ရေးမှူး အပြေးအလွှား ရောက်လာသည်။

ချင်ဆွေ့က မေးလိုက်သည်။ "အဲ့လိုစည်းကမ်း ရှိလို့လား"

ထုတ်လုပ်ရေးမှူး - "ရှိတော့ရှိတယ်... အဲ မရှိဘူးလားလို့"

ချင်ဆွေ့ - "ခင်ဗျားက ကျုပ်ကို ပြန်မေးနေတာလား"

ထုတ်လုပ်ရေးမှူး ချက်ချင်း ပြတ်သားသွားသည်။ "အဲ့လိုစည်းကမ်း မရှိပါဘူး"

ရွာလူကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သခင်လေးရှန်းတုန်းကလည်း မလိုက်နာဘူး၊ အခု လူသစ်ရောက်လာတော့လည်း မလိုက်နာပြန်ဘူးလား"

ချင်ဆွေ့၏ လေသံက အေးစက်နေဆဲပင်။ "ရှန်းယွီရှောင်တောင် မလုပ်တာ ကျုပ်က ဘာလို့လုပ်ရမှာလဲ"

ထုတ်လုပ်ရေးမှူးက ရွာလူကြီးကို အမြန်တားလိုက်သည်။ "ဟုတ်တယ်... ခင်ဗျား အခုပြန်လိုက်တော့"

သို့သော် ရွာလူကြီးက ဘယ်လိုလုပ် လိုလိုလားလား ပြန်ပါ့မလဲ။

သူ့ဘက်က ငွေတွင်းတစ်ခု ဆုံးရှုံးထားရပြီးပြီဖြစ်ရာ ယခုရလာသည့် ရွှေရောင်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ ဟိုကောင်မလေး လီရှောင်ယာကို အကျိုးအမြတ်တွေ အကုန်အယူသွားခိုင်းလို့ မဖြစ်ဘူးလေ။

"ဒီနေရာက အခြေအနေ ဘယ်လောက်ဆိုးလဲ မင်းနားမလည်ပါဘူး... ကျုပ်အိမ်က မတူဘူး၊ ကျုပ်အိမ်လာရင် အိစက်တဲ့ မွေ့ရာရှိတယ်... ရေနွေး ၂၄ နာရီရတယ်... ပြီးတော့ အင်တာနက်တောင် ရသေးတယ်"

ချင်ဆွေ့ သူ့ကိုကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ "လီမိသားစုရွာက ဒီလောက်ဆင်းရဲတာ ရွာလူကြီးဖြစ်တဲ့ ခင်ဗျားအိမ်ကျမှ ဘာလို့ ဒီလောက်ပြည့်စုံနေရတာလဲ... ရွာရန်ပုံငွေတွေ စားထားတာတော့ မဟုတ်ပါဘူးနော်"

ရွာလူကြီးမျက်နှာမှာ ချက်ချင်းဆိုသလို ဝက်အသည်းရောင် ပြောင်းသွားလေသည်။ "ကျုပ်... ကျုပ်က ဘာလို့စားရမှာလဲ၊ ဘာတွေလာပြောနေတာလဲ၊ ကျုပ်သားက မြို့မှာအလုပ်လုပ်နေလို့... အဲ့ဒါကြောင့်... အဲ့ဒါကြောင့်..."

"ကဲပါ ကဲပါ... တော်လောက်ပြီ" ဒါရိုက်တာက ရွာလူကြီးကို တံခါးဝဘက်သို့ တွန်းထုတ်ရင်း အသံနှိမ့်ကာ သတိပေးလိုက်သည်။ "ခင်ဗျား နောက်ကွယ်မှာ ဘာတွေကြံစည်နေလဲ ကျုပ်မသိဘူး မထင်နဲ့နော်"

ရွာလူကြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း ထစ်အထစ်အဖြင့် ခုခံပြောနေသေးသည်။ "ဘာ... ဘာကြံစည်လို့လဲ... ကျုပ် နားမလည်ဘူး..."

ဒါရိုက်တာက မဲ့ကာပြုံးလိုက်ပြီး စကားတစ်ခွန်းသာ ပြောလိုက်သည်။ "တကယ်တော့ လီရှောင်ယာက ချစ်ဖို့ကောင်းတဲ့ ကလေးပါဗျာ"

ရွာလူကြီး ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။

ထိုအချိန်တွင် ချင်ဆွေ့ အိမ်ထဲသို့ ပြန်ဝင်လာရာ လီရှောင်ယာ ထထိုင်နေသည်ကို တွေ့လိုက်ရသည်။ "ဘယ်သူလာတာလဲ... ရှန်းယွီရှောင် ပြန်လာတာလား"

ချင်ဆွေ့ ခေါင်းခါပြလိုက်သည်။ "ဝမ်းနည်းစရာကောင်းတာက သူမဟုတ်ဘူး... မင်းတို့ရွာက ရွာလူကြီး လာတာ"

"အော်..." လီရှောင်ယာ မျက်နှာမှ မျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်သွားပြန်သည်။

ချင်ဆွေ့က မေးလိုက်သည်။ "သူတို့ မင်းကို အမြဲ အနိုင်ကျင့်လား"

လီရှောင်ယာ သူ့ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။ "ဘယ်သူလဲ"

"ရွာလူကြီး မိသားစုလေ"

"..."

"ဘာလို့ ဘာမှမပြောတာလဲ... သူ မင်းကို ခြိမ်းခြောက်ထားတာလား"

လီရှောင်ယာက တိုးတိုးလေး ပြောရှာသည်။ "အဘိုးက သူတို့စကား နားထောင်တယ်... သမီးကိုလည်း နားထောင်ခိုင်းတယ်"

ချင်ဆွေ့ ကင်မရာများ ရိုက်ကူးနေသည်ကို သိသည်။ သူက တပ်ဆင်ထားသော မိုက်ခရိုဖုန်းအသေးစားနှင့် ကင်မရာကို ဖြုတ်လိုက်ပြီး လီရှောင်ယာအနားသို့ တိုးကာ ကောင်မလေး၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် အသံတိုးတိုးဖြင့် မေးလိုက်၏။

"ငါ မင်းအတွက် လက်စားချေပေးရမလား"

သူက ဆက်ပြောသည်။ "ဒီလိုကိစ္စမျိုးမှာ ငါက ရှန်းယွီရှောင်ထက် ပိုကျွမ်းကျင်တယ်ဆိုတာ မင်းသိလား”

All Chapters