အခန်း (၃)
Vol. 1 Ch. 3
ဘတ်စ်ကားပေါ်တွင်...
ခရီးသည်အများစုမှာ အလုပ်နောက်ကျမှာစိုးသဖြင့် စောစောစီးစီး ဆင်းသွားကြပြီဖြစ်သည်။ သို့သော် အချို့သော စပ်စုတတ်သည့်သက်ကြီးရွယ်အိုခရီးသည်အချို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်သဖြင့် ကားပေါ်တွင် ကျန်နေခဲ့ကြသည်။
ချင်ရန်၏အကြည့်များမှာ လူကုန်ကူးသမားအမျိုးသမီးကြီးအပေါ်တွင်သာ စွဲမြဲစွာ ရောက်ရှိနေသည်။
ယခုအချိန်၌ ကလေးငယ်ကို လီတဝေကချီထားပြီး ချင်ရန်ကတော့ ကားတံခါးပေါက်ဝတွင် ပိတ်ရပ်ကာ တရားခံကို စောင့်ကြည့်နေ၏။
ဒီလို လူစိတ်မရှိတဲ့ မိစ္ဆာမမျိုးကို လွယ်လွယ်နဲ့တော့ အလွတ်မပေးနိုင်ဘူး။
"ဝူး... ဝူး..."
ထိုစဉ်မှာပင် ကားတစ်စီးမှာအရှိန်ပြင်းပြင်း မောင်းဝင်လာပြီး ဘတ်စ်ကားအနောက်တွင် ထိုးရပ်လိုက်သည်။ ချင်ရန် လှမ်းကြည့်လိုက်သော် ရဲကားတစ်စီးဖြစ်နေ၏။ ချင်ရန်အကြည့်လွှဲသွားသည်ကို တွေ့လိုက်သည်နှင့် လူကုန်ကူးသမားက ချက်ချင်းဆိုသလို ပြတင်းပေါက်ဘက်သို့ ပြေးကပ်သွားပြီး တိုးထွက်ရန် ကြိုးစားတော့သည်။
သို့သော် ချင်ရန်မှာ ဉာဏ်ထက်မြက်သူပီပီ ချက်ချင်းပင်သူမရှေ့သို့ရောက်သွားပြီး ပိတ်ရပ်လိုက်၏။
"နင်... နင်ဘာလို့ ငါ့ကိုမလွှတ်ပေးတာလဲ"
လူကုန်ကူးသမားမှာ အံကြိတ်ထားပြီး ချင်ရန်ကို မုန်းတီးစွာစိုက်ကြည့်နေသည်။ ရဲကားရောက်လာပြီး သူမကို ခေါ်သွားသည်နှင့် တစ်ပြိုင်နက် သူမဘဝတော့သွားပြီပင်။ နောက်ကြောင်းရာဇဝင်စစ်ဆေးလိုက်သည်နှင့် အကုန်ပေါ်ကုန်တော့မည်။ အခုက ထွက်ပြေးဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပေမယ့် ဒီကောင်လေးက ရှေ့ကနေပိတ်ရပ်ထားပြန်၏။
"ခင်ဗျားက ဥပဒေကိုချိုးဖောက်ထားပြီးမှ ဒီလောက်လွယ်လွယ်နဲ့ ထွက်ပြေးလို့ရမယ်ထင်နေလား"
ချင်ရန့်မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။ ထိုအချိန်မှာ ယာဉ်မောင်းက ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ချန်ရှင်းချန် ကားပေါ်တက်လာပြီးအော်မေးလိုက်သည်။
"ဘယ်သူက ရဲစခန်းကိုဖုန်းဆက်တာလဲ၊ လူကုန်ကူးသမားက ဘယ်မှာလဲ"
"ဒီမှာ..... ဒီမှာပါ"
လီတဝေအမြန် လက်ယမ်းပြလိုက်သည်။ ချန်ရှင်းချန် လှမ်းကြည့်လိုက်၏။ စူးရှရှသူ့အကြည့်များမှာ ကားပေါ်ရှိလူများကို တစ်ချက်ဝေ့ကြည့်လိုက်ရုံနဲ့တင် အတွေ့အကြုံအရ လူကုန်ကူးသမား ဘယ်သူလဲဆိုတာ တန်းသိလိုက်သည်။
"ကဲ အသေးစိတ်သိရအောင် ရဲစခန်းကို လိုက်ခဲ့ကြပါ"
ချန်ရှင်းချန် လေသံမာမာဖြင့်ပြောလိုက်သည်။ လူကုန်ကူးမှုလို ကြီးမားသည့်ဖြစ်စဉ်မျိုးကို ဒီနေရာမှာတင် ဖြေရှင်းလို့မရနိုင်ပေ။ သေချာစစ်ဆေးမေးမြန်းမှုတွေလုပ်ရမည့် အမှုကြီးဖြစ်သည်။
"သူ့ကို ခေါ်သွားကြ"
ချန်ရှင်းချန် လက်ပြလိုက်သည်နှင့် သူ့အနောက်မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက လက်ထိပ်ထုတ်ကာ ဝင်ရောက်ဖမ်းဆီးလိုက်ကြသည်။ လူကုန်ကူးသမား၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်များ ပေါ်လာသလို ချင်ရန်ကိုကြည့်သည့် အကြည့်များတွင်လည်း အမုန်းတရားများ ပြင်းထန်စွာပါဝင်နေသည်။ သို့သော် ချင်ရန်ကတော့ ဂရုမစိုက်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲရှိစနစ်၏ဆုပေးသံထွက်လာသောကြောင့်ပင်။
"တင်း ဂုဏ်ယူပါတယ် အိမ်ရှင်။ တာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိပါပြီ"
အသံဆုံးသွားသည်နှင့် ချင်ရန်သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲတစ်ခု ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ ခေါင်းထဲသို့ တိုက်ခိုက်ရေးနည်းစနစ်များစွာ ဝင်ရောက်လာပြီး သူ့တုံ့ပြန်နိုင်စွမ်းများမှာလည်း ပိုမိုထက်မြက်သွက်လက်လာသည်။
"မင်းတို့နှစ်ယောက်ပါ ငါတို့နဲ့အတူ လိုက်ခဲ့ကြပါဦး"
ချန်ရှင်းချန်က ချင်ရန်နှင့်လီတဝေကို လှမ်းပြောလိုက်သည်။ ဤလူငယ်နှစ်ယောက်၏နောက်ခံကို မသိရသေးပေသိ လူကုန်ကူးသမားကိုတွေ့ရှိခဲ့သူများဖြစ်ရာ ထွက်ဆိုချက်ပေးဖို့လိုက်ခဲ့ရမည်။
"ဟုတ်ကဲ့"
ချင်ရန်နှင့် လီတဝေခေါင်းညိတ်လိုက်ကြသည်။
"ကားပေါ်တက်"
ကားပေါ်ရောက်ပြီး စကားပြောကြရင်းမှ ချန်ရှင်းချန် သိလိုက်ရသည်မှာ ဒီကောင်လေးနှစ်ယောက်က ပါလီမြစ်ရဲစခန်းကိုရောက်လာမယ့် ရဲတပ်ဖွဲ့ဝင်အသစ်များဖြစ်နေကြောင်းပင်။ ချန်ရှင်းချန် မျက်နှာမှာမှင်သက်သွားရသည်။ လီတဝေကတော့ စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။
"ကျွန်တော်တော့ ထင်တောင်မထင်ထားဘူး၊ အလုပ်စဝင်တဲ့နေ့မှာပဲ ရဲကားစီးရတယ်လို့၊ ကျွန်တော်နဲ့ပါလီမြစ်နဲ့က ရေစက်တော်တော်ပါတာပဲ"
ဒီစကားကြားတော့ ချန်ရှင်းချန် လှည့်ကြည့်ကာမေးလိုက်သည်။
"မင်းက ဂုဏ်ယူနေသေးတယ်ပေါ့လေ"
လီတဝေမှာ ရိုးသားဖြူစင်သောမျက်နှာထားနှင့်ပြန်ဖြေလာသည်။
"အလုပ်စဝင်တဲ့နေ့မှာ လူကုန်ကူးသမားကိုဖမ်းနိုင်တာလေ ဂုဏ်ယူသင့်တာပေါ့ ဆရာရ"
ချန်ရှင်းချန် ဘာမှပြန်မပြောနိုင်တော့။ ဒီကောင်လေး လီတဝေကအရမ်းဖြူစင်လွန်းပြီး နည်းနည်းတော့ပေါ့ပျက်ပျက်နိုင်လွန်းတယ် တည်ငြိမ်မှုမရှိဘူးဟုသာ တွေးလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ရန်မှာတော့ ကားပေါ်ရောက်ကတည်းမှ ဘာမှအပိုမပြောဘဲ အလွန်တည်ငြိမ်ရင့်ကျက်နေ၏။
"ဒီကောင်လေးကတော့ လုံးဝကိုခပ်အအပုံစံလေးပဲ ကိစ္စတွေကိုသိပ်ဖြေရှင်းနိုင်မယ့်ပုံမပေါ်ဘူး"
ချန်ရှင်းချန် စိတ်ထဲမှနေမှတ်ချက်ချလိုက်သည်။ သို့သော် ထပ်မေးကြည့်လိုက်တော့မှ လူကုန်ကူးသမားကိုစတွေ့သည်မှာ လီတာဝေမဟုတ်ဘဲ ချင်ရန်ဖြစ်နေမှန်းသိလိုက်ရ၏။ ချန်ရှင်းချန် လီတဝေကိုပိုပြီးတောင် စကားမပြောချင်တော့ပေ။ လူကုန်ကူးသမားဖမ်းမိတဲ့ကိစ္စမှာ သူပါတာကနည်းနည်းလေးပဲလေ။ သို့သော်ချင်ရန်အပေါ် ထားသည့် သူ့အမြင်ကတော့ ကောင်းမွန်သွားခဲ့ပြီပင်။
အလုပ်စဝင်တဲ့နေ့မှာတင် လူကုန်ကူးသမားကိုဖမ်းမိခဲ့တာတောင် ဘဝင်မမြင့်ဘဲ တည်ငြိမ်အေးဆေးနေတာက တော်ရုံလူ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ ဒီလိုလူမျိုးက အလုပ်ဖြစ်မယ့်ပုံပဲ။
ချင်ရန့်စိတ်ထဲမှာတော့ အနည်းငယ်ဂဏှာမငြိမ်ဖြစ်နေမိသည်။ မကြာခင်မှာပင် ပါလီမြစ်ရဲစခန်းကိုရောက်တော့မည်ပင်။ သူ၏ရဲဘဝခရီးလမ်းစတင်တော့မည်ဖြစ်၏။
ထိုအချိန် ပါလီမြစ် ရဲစခန်း၌
စခန်းမှူးဝမ်ရှောင်ရီတစ်ယောက် ပူလောင်နေသော ဒယ်အိုးပြားပေါ်က ပုရွက်ဆိတ်တစ်ကောင်လို ဂဏှာမငြိမ် ဖြစ်နေပြီပင်။
ဘယ်အချိန်ရှိနေပြီလဲ... ညွှန်ကြားရေးမှူးဆုန့်က ရောက်လာတော့မယ်။ ဟိုသုံးယောက်က အခုထိပေါ်မလာသေးဘူး။ ပါလီမြစ်ရဲစခန်း၏ခန်းမဆောင်ထဲတွင် ရဲဘော်များအားလုံး ယူနီဖောင်းအပြည့်အစုံဖြင့် ညွှန်ကြားရေးမှူးဆုန့်ကို ကြိုဆိုဖို့ အသင့်ဖြစ်နေကြပြီပင်။
ဒါပေမဲ့ ဟိုသုံးယောက်မပါရင် ညွှန်ကြားရေးမှူးဆုန့် ရောက်လာတဲ့အခါ ကြည့်ကောင်းမှာမဟုတ်တော့ဘူး။
ဝမ်ရှောင်ရီ ရုံးခန်းထဲအမြန်ပြေးဝင်သွားပြီး နည်းပြဆရာကိုမေးလိုက်သည်။
"နည်းပြ ဘယ်အချိန်ရှိနေပြီလဲ၊ သုံးယောက်လုံး အခုထိရောက်မလာသေးဘူး၊ သူတို့ကိုဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေရှာပြီး ဘယ်ရောက်နေလဲ မေးစမ်းကွာ၊ အလုပ်စဝင်တဲ့ရက်မှာတောင် နောက်ကျရတယ်လို့ နည်းပြရေ ဟိုသုံးကောင်ရောက်လာရင် ခင်ဗျားကောင်းကောင်းဆုံးမပေးလိုက်စမ်းပါ၊ ပြီးတော့ ဒီရုံးခန်းတစ်ခုလုံးကို တစ်လတိတိသန့်ရှင်းရေးလုပ်ခိုင်းမယ်လို့ပြောလိုက်"
ဝမ်ရှောင်ရီ၏မျက်နှာမှာ မဲမှောင်နေသည်။ နည်းပြလည်း မှတ်ပုံတင်စာအုပ်ကို အမြန်လှန်လှောကြည့်လိုက်သော်လည်း ဆက်သွယ်ရန်လိပ်စာကို ရှာမတွေ့ပေ။
"စခန်းမှူး ရှာမတွေ့ဘူး သူတို့သုံးယောက်လုံးရဲ့ ဖုန်းနံပါတ်လဲမပါဘူးရယ်"
နည်းပြ ပြောလိုက်သည်။ ဝမ်ရှောင်ရီ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။
အခုတော့ တကယ်ဆက်သွယ်လို့ မရတော့ဘူးပဲ။ ထိုစဉ် အပြင်ဘက်မှ အသံတစ်သံထွက်လာလေသည်။
"စခန်းမှူး ညွှန်ကြားရေးမှူးဆုန့် ရောက်လာပါပြီ အမြန်ထွက်ခဲ့ပါဦး"
ထိုစကားကြားတော့ ဝမ်ရှောင်ရီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မျက်နှာထားကိုပြင်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ရောက်သည်နှင့် ရဲကားတစ်စီးဂိတ်တံခါးဝမှ ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်ရှောင်ရီအပြုံးဖြင့် ဆီးကြိုလိုက်၏။
"မင်္ဂလာပါ ညွှန်ကြားရေးမှူးဆုန့်"
ကားတံခါးပွင့်သွားပြီး လူအချို့ဆင်းလာကြသည်။ ညွှန်ကြားရေးမှူးဆုန့်၏ဘေးတွင် လူငယ်တစ်ယောက် ပါလာသည်။ ညွှန်ကြားရေးမှူးဆုန့်က ပြုံးရွှင်စွာဖြင့်မိတ်ဆက်ပေးလာ၏။
"ဒါက ယန်တက္ကသိုလ်ကနေ ဥပဒေမဟာဘွဲ့ရထားတဲ့ ယန်ရှုပါ၊ ထူးချွန်ကျောင်းသားတစ်ယောက်ပေါ့ လမ်းကြုံတာနဲ့ ခင်ဗျားဆီတန်းခေါ်လာခဲ့တာ"
ဝမ်ရှောင်ရီ ကြားလိုက်သည်နှင့် မျက်နှာဝင်းပသွားခဲ့သည်။
"ယန်တက္ကသိုလ်က ဟုတ်လား အမလေး ဘုရားရေ"
ဒီလိုထူးချွန်တဲ့ ပညာတတ်တစ်ယောက်က သူ့ရဲ့ရဲစခန်းအသေးလေးကိုရောက်လာတာ ဂုဏ်ယူစရာကြီးလေ။ ဝမ်ရှောင်ရီ ချက်ချင်းလက်ကမ်းပေးပြီး ယန်ရှုနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ ယန်ရှုကတော့ အလွန်တည်ငြိမ်စွာဖြင့်ပင် ဝမ်ရှောင်ရီကို ခေါင်းညိတ်ပြသည်။
"ကြိုဆိုပါတယ် နွေးထွေးစွာနဲ့ကိုကြိုဆိုပါတယ်၊ ကျွန်တော်တို့ ပါလီမြစ်ရဲစခန်းက မောင်ရင့်လိုလူတော်မျိုး လိုအပ်နေတာပါ"
ဝမ်ရှောင်ရီ ပြုံးပြီးပြောလိုက်သည်။
ထိုစဉ် ဘေးနားမှ ညွှန်ကြားရေးမှူးဆုန့်ပြောလိုက်သည်။
"ကဲ ကြိုဆိုပွဲအခမ်းအနား စလိုက်ကြစို့၊ လူတွေအကုန်စုံပြီမလား"
ထိုစကားအားကြားသော် ဝမ်ရှောင်ရီ၏အပြုံးမှာ ရုတ်တရက်အေးခဲသွားရသည်။ သူ ခေါင်းကိုအနေခက်ဟန်ဖြင့်ကုတ်လိုက်ပြီး
"ညွှန်ကြားရေးမှူးဆုန့် လူအကုန်မစုံသေးပါဘူး"
"ဟေ မစုံသေးဘူးဟုတ်လား"
ညွှန်ကြားရေးမှူးဆုန့် ကြောင်သွားသည်။ ၉နာရီတောင် ထိုးနေပြီလေ နောက်ကျတယ်ဆိုရင်တောင် ဒီလောက်ကြီးတော့ နောက်မကျသင့်ဘူးမလား။
"ဘယ်သူတွေ မရောက်သေးတာလဲ"
ညွှန်ကြားရေးမှူးဆုန့် မေးလိုက်သည်။
"ဟို ဟို ဆရာကြီးမိတ်ဆက်ပေးလိုက်တဲ့ လူငယ်နှစ်ယောက်ပါ"
ဝမ်ရှောင်ရီ ဖြေလိုက်သည်။
"ဘာကွ အဲ့နှစ်ယောက် အခုထိရောက်မလာသေးဘူးလား"
ညွှန်ကြားရေးမှူးဆုန့် မျက်နှာထား တည်သွားသည်။ အလုပ်စဝင်တဲ့ရက်မှာ နောက်ကျတယ်ဆိုတာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလေ။ အဓိက,က သူကိုယ်တိုင်ထောက်ခံပေးလိုက်တဲ့ လူတွေက နောက်ကျနေတယ်ဆိုတော့ သူ့သိက္ခာကျတာပေါ့။
"ဝမ်ကောရေ ဒီလူသစ်နှစ်ယောက်ကိုတော့ ခင်ဗျားအလျော့ပေးလို့မဖြစ်ဘူးနော်၊ ဒါက တော်တော်လွန်လွန်းတယ်"
ညွှန်ကြားရေးမှူးဆုန့်မျက်နှာ မဲပုပ်သွားသည်။ ဝမ်ရှောင်ရီအမြန်ကြားဝင်ပြီး
"စိတ်ချပါ ညွှန်ကြားရေးမှူး ကျွန်တော်သေချာ ကိုင်တွယ်လိုက်ပါ့မယ်၊ ဒါနဲ့ ကြိုဆိုပွဲကို အခုပဲစလိုက်မလား ဒါမှမဟုတ် သူတို့ကိုစောင့်ဦးမလား"
ညွှန်ကြားရေးမှူးဆုန့် တစ်ခုခုပြောရန်ပြင်လိုက်စဉ် ကားမောင်းဝင်လာသံ ကြားလိုက်ရသည်။ နှစ်ယောက်သား လှမ်းကြည့်လိုက်ကြ၏။ ညွှန်ကြားရေးမှူးဆုန့်က လက်ကာပြပြီးပြောလိုက်သည်။
"ခင်ဗျား သွားကြည့်လိုက်ဦး"
ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်လျက် ကားနားသို့အမြန်လျှောက်သွားသည်။
ဖြစ်နိုင်ရင် စခန်းကိုလူမခေါ်လာနဲ့လို့ မှာထားရဲ့သားနဲ့ ချန်ရှင်းချန်ကဘာလို့ ခေါ်လာရတာလဲ။ ချန်ရှင်းချန် ကားပေါ်မှဆင်းလာပြီး အလွန်လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"စခန်းမှူး ကျွန်တော်တို့အမှုကြီးတစ်ခုနဲ့ တိုးလာတယ်"