အခန်း (၅)
Vol. 1 Ch. 5
ညွှန်ကြားရေးမှူးဆုန့် ထောက်ခံပေးလိုက်သည့် ငါးဦးထဲတွင် ယန်တက္ကသိုလ်မှ ထူးချွန်ကျောင်းသားတစ်ဦးပါပြီး သူသည် ပညာအရည်အချင်းမြင့်မားကာ တန်ဖိုးရှိသောလူငယ်တစ်ယောက်ဖြစ်သည်။ ယခုတွင်တော့ ချင်ရန်ကလည်း သူ့ရဲ့ပထမဆုံးရက်မှာတင် ထွက်ပြေးလွတ်မြောက်နေသော လူကုန်ကူးသမားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြန်သည်။ ဒီအောင်မြင်မှုက တကယ်ကို ကြီးမားလှပေ၏။
လွန်ခဲ့သောနှစ်အနည်းငယ်၌ စောင့်ကြည့်ကင်မရာစနစ်များနှင့် စုံစမ်းစစ်ဆေးရေးပိုင်း အားနည်းချက်များကြောင့် ဝရမ်းပြေးအများအပြား လွတ်မြောက်နေဆဲ ဖြစ်သည်။
ရဲစခန်းတစ်ခုအနေဖြင့် ၎င်းတို့ထဲမှ တစ်ယောက်ကို ပြန်လည်ဖမ်းဆီးနိုင်ခြင်းသည်ပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
ဝမ်ရှောင်ရီ အားပါးတရရယ်လိုက်ပြီး မေးလာ၏။
"ညွှန်ကြားရေးမှူးဆုန့် ကြိုဆိုပွဲ အခမ်းအနား စလိုက်ကြမလား"
"စကြတာပေါ့"
ညွှန်ကြားရေးမှူးဆုန့် ခေါင်းညိတ်လိုက်သည်။ ဒီနေ့ကြိုဆိုပွဲမှာ ဒီလိုကြီးမားတဲ့အံ့အားသင့်စရာမျိုးနဲ့ ကြုံရလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
ဝမ်ရှောင်ရီမှာ ချင်ရန်နှင့်လီတဝေထံ လက်ယမ်းပြလိုက်သည်။
"မင်းတို့နှစ်ယောက် အထဲအမြန်ဝင်လိုက်ကြ၊ လူတိုင်း မင်းတို့ကိုစောင့်နေကြတာ"
"ဟုတ်ကဲ့"
ချင်ရန်နှင့်လီတဝေ ခေါင်းညိတ်ပြီး အထဲသို့ ဝင်သွားကြသည်။ အထဲတွင် ယူနီဖောင်းဝတ်မထားသော အခြားလူငယ်သုံးဦးကို တွေ့လိုက်ရသည်။ ရှကျဲ၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့ ဖြစ်၏။ သူတို့သုံးဦးကလည်း ချင်ရန်ထံ စပ်စုချင်စိတ်ဖြင့်လှမ်းကြည့်နေကြသည်။ ဝမ်ရှောင်ရီနှင့် ညွှန်ကြားရေးမှူးဆုန့်တို့ အပြင်မှာအချိန်အတော်ကြာရှိနေကြပြီး အဘွားအိုတစ်ယောက်နှင့် ကလေးတစ်ယောက်ကိုပါ ခေါ်လာသည်ဖြစ်ရာ ဘာတွေဖြစ်နေသည်ကိုသူတို့သိချင်နေကြသည်။
ချင်ရန်က ဘယ်ဘက်အစွန်ဆုံး၊ ရှကျဲ၏ဘေးတွင် ဝင်ရပ်လိုက်၏။
ထို့နောက် ဝမ်ရှောင်ရီနှင့်ညွှန်ကြားရေးမှူးဆုန့်တို့ လျှောက်လာကြသည်။
ဝမ်ရှောင်ရီက မျက်နှာသစ်ငါးဦး၏ အမည်များကိုခေါ်ပြီး ပါလီမြစ်ရဲစခန်းမှ ဝါရင့်ရဲဘော်များနှင့်မိတ်ဆက်ပေးလိုက်သည်။ ညွှန်ကြားရေးမှူးဆုန့် မတ်မတ်ရပ်လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့်ပြောလာ၏။
"ဒီနေ့ ငါတို့ပါလီမြစ်ရဲစခန်းက လုပ်ဖော်ကိုင်ဖက်အသစ် ငါးယောက်ကိုကြိုဆိုပါတယ်၊ သူတို့အားလုံးက လူငယ်တွေမလို့ ကိစ္စတွေကိုကိုင်တွယ်တဲ့အခါ အမြဲတမ်းအဆင်ပြေချောမွေ့ချင်မှ ချောမွေ့လိမ့်မယ်၊ ဒါကြောင့် ခင်ဗျားတို့လိုဝါရင့်တွေက ပိုပြီးသည်းခံပေးကြပါ လမ်းပြပေးကြပါ"
"စိတ်ချပါ ညွှန်ကြားရေးမှူးဆုန့် လုံးဝ စိတ်ချလို့ရပါတယ်၊ ဒီကလူအားလုံးက ဝါရင့်တွေချည်းပါပဲ၊ ကိစ္စတွေကို စိတ်ချလက်ချကိုင်တွယ်တတ်ကြပါတယ်"
ဝမ်ရှောင်ရီ သူ့ရင်ဘတ်သူပုတ်ပြီး အာမခံလိုက်သည်။ ညွှန်ကြားရေးမှူးဆုန့်မှာ ဩရှရှအသံဖြင့်ဆက်ပြောလာသည်။
"ဒီနေ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်၊ မင်းတို့လည်း မြင်ကြမှာပါ၊ ချင်ရန်နဲ့လီတဝေ ဒီလုပ်ဖော်ကိုင်ဖက်သစ်နှစ်ယောက်က မိနစ်၂၀လောက် နောက်ကျခဲ့ကြတယ်လေ၊ ပုံမှန်ဆိုရင် သူတို့သေချာပေါက် အပြစ်ပေးခံရမှာဆိုပေမဲ့ သူတို့နောက်ကျတာက ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်"
ညွှန်ကြားရေးမှူးဆုန့် မျက်နှာထားမှာ လေးနက်သွားသည်။
"ဘတ်စ်ကားစီးလာရင်း သူတို့လူကုန်ကူးသမားနဲ့တိုးခဲ့ကြတယ်၊ ကံကောင်းစွာနဲ့ပဲ ချင်ရန်ရဲ့မျက်လုံးတွေက စူးရှထက်မြက်လို့ လူကုန်ကူးသမားရဲ့မသင်္ကာစရာ လှုပ်ရှားမှုတွေကို သတိထားမိပြီး ထိန်းချုပ်ဖမ်းဆီးနိုင်ခဲ့တာပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတင် ဒီလိုကောင်းကျိုးယူနိုင်တဲ့လူမျိုး ရှားပါတယ်၊ ချင်ရန်က အဲ့လူတွေထဲကတစ်ယောက်ပဲ သူ့အတွက်လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါဦး"
ညွှန်ကြားရေးမှူးဆုန့်မှ ဦးဆောင်ပြီး လက်ခုပ်တီးပေးလိုက်သည်။ ပါလီမြစ်ရဲစခန်းမှ လူတိုင်းလည်းအံ့ဩသွားကြပြီး လက်ခုပ်တီးပေးကြသည်။ ဒီကောင်လေးက ကံကောင်းတာပဲဟ ပထမဆုံးရက်မှာတင် နာမည်ကောင်းရသွားပြီ။ သူ့ရဲ့အစမ်းခန့်ကာလကတော့ မကြာခင်ကုန်ဆုံးသွားလောက်တယ်။
ရဲအရာရှိအစစ်တစ်ယောက် အမြန်ဖြစ်လာတော့မယ့်ပုံပဲ။
ဒါ့အပြင် ဒီအမှုအတွက် ဆုကြေးကလည်း နည်းမှာမဟုတ်ဘူး။ လူကုန်ကူးသမားကို ဖမ်းဆီးခြင်း၊ အထူးသဖြင့် တစ်ကိုယ်တော် စွမ်းဆောင်ချက်ဆိုရင် အနည်းဆုံး တတိယအဆင့်ဂုဏ်ပြုမှတ်တမ်းတော့ ရလောက်သည်။ အစိုးရဝန်ထမ်းစနစ်ထဲတွင် ဂုဏ်ပြုမှတ်တမ်းများမှာ အနာဂတ်ရာထူးတက်လမ်းအတွက် အလွန်အရေးပါလှသည်။ ဘေးနားတွင်ရပ်နေသော ရှကျဲ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုပေါ်လာပြီး ချင်ရန်ထံလေးစားအားကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ယန်ရှုနှင့်ကျောက်ကျီဝေ့တို့လည်း အံ့ဩမှင်သက်စွာ လှမ်းကြည့်လာကြသည်။
ညွှန်ကြားရေးမှူးဆုန့် ပြောပုံအရဆိုရင် တရားခံဖမ်းဆီးသည်မှာ ချင်ရန်တစ်ယောက်တည်းရဲ့ စွမ်းဆောင်မှုလို ဖြစ်နေသည်ပင်။ တော်တော်မိုက်တာပဲ။ ညာဘက်အစွန်ဆုံးတွင် ရပ်နေသော လီတဝေမှာမူ အနေရခက်ဟန်ဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဖြစ်စဉ်တစ်ခုလုံးကို သူပြောပြပြီးသွားပြီဖြစ်သလို တရားခံဖမ်းဆီးရာတွင်လည်း သူနှင့်ဘာမှမဆိုင်သလောက်ပင်။ ယခု ညွှန်ကြားရေးမှူးဆုန့်မှ ချင်ရန်အားချီးကျူးနေသည်ကိုကြားသော် လီတဝေလည်း စိတ်လှုပ်ရှားဝမ်းသာမိသည်။ ဝမ်ရှောင်ရီမှာ ဘေးမှနေ၍ ရယ်မောပြောဆိုလိုက်၏။
"ဒီကောင်လေးက အကြီးကြီးတွေလုပ်ပြနိုင်မယ့်ပုံပဲ၊ အစကတော့ သူတို့နောက်ကျလို့ ကောင်းကောင်းဆူပစ်မလို့ဆိုပေမဲ့ သူတို့ကရာဇဝတ်ကောင်ကို ဖမ်းလာမှတော့ နောက်ကျတာကလုံးဝ ခွင့်လွှတ်ပေးလို့ရတာပေါ့"
ညွှန်ကြားရေးမှူးဆုန့် ခေါင်းညိတ်လိုက်ပြီးနောက် ရှကျဲဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။ ရှကျဲကိုကြည့်နေသော ညွှန်ကြားရေးမှူးဆုန့်မျက်လုံးများတွင် ရှုပ်ထွေးနက်နဲသော ခံစားချက်များပါဝင်နေသည်။ ရှကျဲမျက်တောင်ခတ်လိုက်မိ၏။ ညွှန်ကြားရေးမှူးဆုန့် ဘာပြောမည်ကို သူမရိပ်မိနေသလိုပင်။
"လူတိုင်းကိုမိတ်ဆက်ပေးပါရစေ ဒီမိန်းကလေးကတော့ ရှကျဲပါ"
ညွှန်ကြားရေးမှူးဆုန့်မှ ဆက်ပြောလာသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူမအဖေက ပါလီမြစ်ရဲစခန်းရဲ့စခန်းမှူးလေ၊ အဲ့အချိန်တုန်းက ကျွန်တော်က ရဲသားလေးတစ်ယောက်ပဲ ရှိသေးတယ်၊ တာဝန်တစ်ခု ထမ်းဆောင်နေတုန်းမှာ ကျွန်တော်တို့ ဓားကိုင်ထားတဲ့ လူသတ်သမားတစ်ယောက်နဲ့ တိုးခဲ့ကြတယ်၊ အဲ့တုန်းကသာ ရှကျဲရဲ့အဖေ မရှိခဲ့ရင် ဒီနေ့ ကျွန်တော်လဲဒီနေရာမှာရပ်ပြီး စကားပြောနိုင်မှာမဟုတ်ပါဘူး၊ ရှကျဲရဲ့အဖေက သူရဲကောင်းတစ်ယောက်ပါ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်ပြီး ကျွန်တော့်ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်ပါပဲ"
ညွှန်ကြားရေးမှူးဆုန့်မှ ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။ သူ့ဆိုလိုရင်းက အလွန် ရှင်းလင်းသည်။ ဤသည်ကိုကြားလိုက်ရသော လီတဝေ၊ ကျောက်ကျီဝေ့ နှင့် ယန်ရှုတို့ ရှကျဲထံ အံ့ဩမှင်သက်စွာကြည့်လိုက်ကြသည်။ သူမက အာဇာနည်ခေါင်းဆောင်ကြီးရဲ့သမီးဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ ရှကျဲနှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းငုံ့ထားသည်။ ချင်ရန်လည်း ရှကျဲထံကြည့်လိုက်မိ၏။ ရှကျဲမှာ သိတတ်သောမိန်းကလေးတစ်ယောက်ဖြစ်သည်။ ငယ်ငယ်လေးကတည်းမှ ဖခင်ဆုံးရှုံးသွားပြီး မိခင်ဖြစ်သူမှ ပြုစုပျိုးထောင်လာခဲ့သည်ကြောင့် သူမမှာအလွန်တရာလိမ္မာရေးခြားရှိလှသည်။
နောင်တစ်ချိန်တွင် ဖခင်ခြေရာနင်းပြီး ပြည်သူ့အကျိုးသယ်ပိုးရမည်ဟု ငယ်စဉ်ကတည်းမှ သွန်သင်ဆုံးမခံခဲ့ရသည်။ အခုချိန်ထိ ရှကျဲမှာဤလမ်းကို ရွေးချယ်ခဲ့တုန်းဖြစ်၏။ သူမဖခင်၏ပေးဆပ်စွန့်လွှတ်မှုကြောင့် သူမကြောက်ရွံ့နောက်တွန့်သွားခြင်းမျိုးမရှိခဲ့ပေ။ ထိုအချိန်တွင် ဝမ်ရှောင်ရီမှ အမြန်ကြားဖြတ်ပြောလိုက်သည်။
"ညွှန်ကြားရေးမှူးဆုန့် စိတ်ချပါ၊ ကျွန်တော်တို့ ပါလီမြစ်ရဲစခန်းရဲ့ရာထူးအထက်အောက်အားလုံး ဒီအာဇာနည်မျိုးဆက်လေးကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ"
"ဦးလေးဆုန့်"
ရှကျဲတိုးတိုးလေး ခေါ်လိုက်သည်။ သူမမျက်နှာတွင် မလိုလားသည့် အရိပ်အယောင်များ ပေါ်နေသည်။
အာဇာနည်သမီးဖြစ်၍ အထူးအခွင့်အရေးပေး ဆက်ဆံခံရသည်မျိုးကို သူမ,မလိုလားပုံရသည်။ သို့သော် ညွှန်ကြားရေးမှူးဆုန့်မှာ ရှကျဲအားဆက်မကြည့်တော့ပေ။ ရှကျဲမှာ သူမ,မည်သူဆိုသည်အား ထုတ်ပြောရသည်ကိုမကြိုက်မှန်း သူသိသည်။
သို့သော် သူကရှကျဲရဲ့အဖေအပေါ်မှာ အသက်ကြွေးရှိနေခဲ့တာလေ။ ရှကျဲကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးချင်တာက သဘာဝပါပဲ။
ထိုအချိန်တွင် ညွှန်ကြားရေးမှူးဆုန့်မှာ လူတိုင်းရှေ့တွင် ရပ်လိုက်ပြီး အဓိကအကြောင်းအရာကို စတင်ပြောကြားလိုက်သည်။
"ကဲ အလုပ်ကိစ္စပြောကြရအောင်၊ ဒုတိယ သုံးလပတ်အတွက် မင်းတို့ရဲ့ ပြည်သူ့စိတ်ကျေနပ်မှုနှုန်းက တော်တော်မြင့်တာပဲ ၉၃.၄ရာခိုင်နှုန်းတောင်ရှိတယ်၊ တိုးတက်မှုတော်တော်ရှိတယ်လို့ ပြောရမယ်"
ညွှန်ကြားရေးမှူးဆုန့် လေသံတွင် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင် ပါနေသည်။
လီတဝေမှာ ဤစကားကိုကြားသော် ပြုံးမိသွားပြီး ပျော်ရွှင်စွာဖြင့်လက်ခုပ်ထတီးလိုက်သည်။ ပါလီမြစ်ရဲစခန်းက တော်တော်မိုက်တာပဲဟု တွေးလိုက်မိသည်။ သို့သော် ဝမ်ရှောင်ရီမှာ ချက်ချင်းဆိုသလို သူ့ထံမျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်လိုက်သည်။ ဒီကောင်စုတ်လေး ဘာလို့လက်ခုပ်တီးနေတာလဲ။ ငါ့ကိုအရှက်ခွဲနေတာလား။
ညွှန်ကြားရေးမှူးဆုန့်လည်း သူ့ထံစိုက်ကြည့်လာသည်။
စိတ်ကျေနပ်မှုနှုန်းနည်းနေတာကို လက်ခုပ်တီးနေတယ်ဆိုတော့ ဒီကောင်လေးက နည်းနည်းတော့ အူကြောင်ကြောင်နိုင်သားပဲ။
အခြေအနေမဟန်မှန်းသိလိုက်သော် လီတဝေ၏အပြုံးမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး လက်ခုပ်တီးနေသည်ကိုရပ်လိုက်သည်။ ပါးစပ်ကတော့ တိုးတိုးလေးပွစိပွစိရေရွတ်နေမိ၏။ ချင်ရန်ကတော့ ဒါကိုကြားပြီး နှုတ်ခမ်းထောင့်ပင် ကွေးတက်သွားရသည်။ ဒီကိန်းဂဏန်းရဲ့ အဓိပ္ပာယ်ကို သူသိတာပေါ့။
မြို့တစ်မြို့လုံးမှာရှိတဲ့ ရဲစခန်း၁၆၃ခုထဲမှာ ပါလီမြစ်ရဲစခန်းက အဆင့်၁၄၄ချိတ်တာလေ။ အောက်ဆုံးရောက်ခါနီးနေပြီ။ ညွှန်ကြားရေးမှူးဆုန့်စကားကိုကြားသော် ပါလီမြစ်မှဝါရင့်များမှာ အစပိုင်းတွင်ချီးကျူးသည်ဟုထင်ပြီး ပြုံးနေကြပေသိ စခန်းမှူးဝမ်ရှောင်ရီမှာတော့ မျက်နှာပူနေရှာသည်။
"မြို့ထဲက ရဲစခန်း ၁၆၃ခုမှာ မင်းတို့ပါလီမြစ်က အဆင့် ၁၄၄တဲ့"
ညွှန်ကြားရေးမှူးဆုန့် စကားသံမှာကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ပြုံးနေကြသော ဝါရင့်ရဲဘော်များ၏ မျက်နှာများ ရုတ်တရက်အေးခဲသွားတော့သည်။ ဒါက သရော်တာပဲကိုး။ ဝမ်ရှောင်ရီမှာ အနေခက်ဟန်ဖြင့်
"ညွှန်ကြားရေးမှူးဆုန့် ကျွန်တော်တို့ ပါလီမြစ်က....."
ညွှန်ကြားရေးမှူးဆုန့်က လက်ကိုအဆက်မပြတ်ယမ်းခါပြီး အော်ပြောလိုက်သည်။
"ပေါက်ကရတွေ လာမပြောနဲ့၊ ဆင်ခြေတစ်ရာပေးလည်း အလကားပဲ၊ ဘာအကြောင်းပြချက်ပဲရှိရှိ ပြည်သူ့စိတ်ကျေနပ်မှု နည်းပါးနေတာက အမှန်တရားပဲ၊ ခင်ဗျားတို့ မဖြစ်ဖြစ်အောင်ပြန်ဆွဲတင်ရမယ်၊ ဝမ်ကော ခင်ဗျားက ရဲအင်အားမလုံလောက်ဘူး ပြောတယ်မလား၊ အခု ကျွန်တော်လူ ၅ယောက် ခေါ်လာပေးပြီးပြီ၊ အကုန်လုံးက လူငယ်တွေပဲ ထူးချွန်ကျောင်းသားတစ်ယောက်ပါတယ်၊ အာဇာနည် သမီးတစ်ယောက်လဲပါတယ်၊ ရောက်ရောက်ချင်းဂုဏ်ပြုမှတ်တမ်းယူပြတဲ့လူလဲ ပါတယ်၊ အခု ပါလီမြစ်မှာ လူတော်တွေစုံနေပြီ၊ ဒါတောင် စိတ်ကျေနပ်မှုနှုန်းမတက်လာဘူးဆိုရင်တော့ တကယ်ပြောစရာစကားမရှိတော့ဘူး"
ညွှန်ကြားရေးမှူးဆုန့်က အေးစက်စွာပြောရင်းနှာမှုတ်လိုက်သည်။ ဝမ်ရှောင်ရီတစ်ယောက် ခေါင်းကိုသာကုတ်နေရတော့၏။ ထိုစဉ်မှာပင် ရဲသားလေးတစ်ယောက်မှာ အလောတကြီးပြေးဝင်လာသည်။
"စခန်းမှူး ပြည်သူ့ဝန်ဆောင်မှုခန်းမမှာ လူတွေပိတ်ဆို့နေပြီ ကြပ်ညှပ်နေတာပဲ၊ ဒီလောက် ကျဉ်းတဲ့နေရာလေးမှာ လူတစ်ရာလောက် ရောက်နေကြတယ်၊ ကျောင်းမိသားစုတစ်ခုလုံး ရောက်နေကြတာ၊ အသက် ၈၀အဘိုးကြီးကနေ ၃နှစ်သား ကလေးအထိပါတယ်၊ နေရာအပြည့်ယူထားပြီး ဆိုင်းဘုတ်တွေပါ ကိုင်လာကြသေးတယ်၊ ရှုကျစ်မင်လဲ ကျောင်းမိသားစုကြားထဲ ပိတ်မိနေတာ အပြင်တောင်ထွက်မလာရဲတော့ဘူး"
ဤသည်ကိုကြားလိုက်ရသော် ချင်ရန် ချက်ချင်းဇာတ်လမ်းကိုပြန်သတိရသွားသည်။