← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

"ကျောင်းမိသားစုကသမီးနဲ့ ရှုမိသားစုကသားလေ သူတို့နှစ်ယောက်က ချစ်သူတွေ၊ နောက်တော့ လမ်းခွဲဖြစ်သွားကြတယ်၊ ကျောင်းရဲ့သမီးက ခံစားချက်ပြင်းထန်ပြီး မြစ်ထဲခုန်ချသွားခဲ့ပေမယ့် ရှုရဲ့သားလေးကဆင်းမကယ်ခဲ့ဘူး၊ အဲ့တော့ ကောင်မလေး ရေနစ်သေသွားရောလေ အခုကောင်မလေးဘက်က ဆွေမျိုးသားချင်းတွေ ရောက်လာပြီး ရဲစခန်းမှာ လာရစ်နေကြတာ"

ဒါကိုကြားတော့ ညွှန်ကြားရေးမှူးဆုန့်ရော ဝမ်ရှောင်ရီပါ မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် ဝမ်ရှောင်ရီပင်။ ဒီနေ့မှကြိုဆိုပွဲရှိနေတာကို ဘာလို့ ပြဿနာတွေက တသီကြီးတက်နေရတာလဲ။ ညွှန်ကြားရေးမှူးဆုန့်က လာစစ်ဆေးပါမှ ဒီအရှုပ်ထုပ်နဲ့လာတိုးနေရပြန်ပြီ။ ညွှန်ကြားရေးမှူးဆုန့်မှာ မျက်နှာမည်းကြီးဖြင့် ပြောလိုက်သည်။

"ဝမ်ရှောင်ရီ ဒီကိစ္စကို ခင်ဗျားအခုထိ မဖြေရှင်းရသေးဘူးလား"

ဝမ်ရှောင်ရီခမျာ အပြစ်ရှိသူပီပီ ညွှန်ကြားရေးမှူးဆုန့်ကို မကြည့်ရဲတော့ပေ။ ရှုမိသားစုဘက်က ကောင်လေးကို အပြစ်မရှိ၍ သူပြန်လွှတ်ပေးဖို့လုပ်ထားသည်ကို ကျောင်းမိသားစုဘက်မှ လက်မခံဘဲ ရဲစခန်းထိပြဿနာလာရှာကြလိမ့်မည်ဟုထင်မထားခဲ့ချေ။ ညွှန်ကြားရေးမှူးဆုန့် အော်ပြောလိုက်သည်။

"ဘာရပ်လုပ်နေသေးတာလဲ၊ ဒီပြဇာတ်ကို ဆက်ကခိုင်းနေဦးမှာလား၊ လူခေါ်ပြီး သွားရှင်းတော့လေ"

ညွှန်ကြားရေးမှူးဆုန့်၏ အဆူခံလိုက်ရမှ ဝမ်ရှောင်ရီသတိပြန်ဝင်လာပြီး သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

"အားလုံး လိုက်ခဲ့ကြ၊ ကျောင်းမိသားစုက ဒီနေ့ငါတို့ပါလီမြစ်ကို လာပိတ်ဆို့နေတာ သူတို့ကို ဒီတိုင်းလွှတ်ထားလို့ မဖြစ်ဘူး၊ ဒါနဲ့ လူသစ် ၅ယောက်လည်း လိုက်ခဲ့ လိုအပ်ရင်ဝင်ကူကြ"

ဝမ်ရှောင်ရီပြောလိုက်သည်။

"ဟုတ်ကဲ့"

ချင်ရန်တို့အားလုံး ပြိုင်တူဖြေလိုက်ကြသည်။ ချင်ရန် စိတ်ထဲမှနေ တွေးလိုက်မိ၏။

*တရားဥပဒေအရ ကြည့်မယ်ဆိုရင် ရှုမိသားစုဘက်က မမှားဘူး။ ကျောင်းမိသားစုဘက်ကလည်း မမှားဘူး။ ဒါပေမဲ့ ကျောင်းမိသားစုက တစ်မိသားစုလုံးကိုခေါ်လာပြီး ရဲစခန်းမှာလာပိတ်ထားတာကတော့ ပြဿနာကြီးသွားပြီ*

ထို့နောက် ဝန်ဆောင်မှုခန်းမဘက်သို့ အကုန်လုံးအမြန်ပြေးသွားကြသည်။

ချင်ရန်ရောက်သွားချိန်တွင် ခန်းမတစ်ခုလုံး လူများဖြင့်ပိတ်ဆို့နေသည်ကိုတွေ့လိုက်ရသည်။ လူဦးရေ တစ်ရာနီးပါးလောက်ရှိမည်။ ရုံးခန်းထဲရှိ စာရေးမလေးများလည်း ကြောက်လန့်နေကြ၏။ ဒီလူအုပ်ကြီးအထဲဝင်လာပြီး ပစ္စည်းတွေရိုက်ခွဲကြမှာကိုစိုးရိမ်နေကြသည်။

"ဘာလုပ်နေကြတာလဲ၊ ရဲစခန်းကို လာပိတ်ဆို့နေကြတာလား၊ အချုပ်ထဲဝင်ချင်နေကြတာလား"

ဝမ်ရှောင်ရီ ရောက်လာသည်နှင့်အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ဝမ်ရှောင်ရီ ထွက်လာသည်ကိုမြင်တော့ ကျောင်းမိသားစုဘက်မှအသံများပိုကျယ်လာပြီး ဝမ်ရှောင်ရီကိုဝိုင်းအော်ကြသည်။

"လူစိတ်မရှိတဲ့ကောင် လူသတ်သမားကို ဘာလို့လွှတ်ပေးရတာလဲ၊ အဲ့ဒီ တိရစ္ဆာန်ကောင်က ငါ့သမီးလေးကို သတ်လိုက်တာ ခင်ဗျားတို့ သူ့ကိုဒီတိုင်း လွှတ်ပေးလို့မရဘူး၊ အဲ့ကောင် အပြင်ထွက်လာတာနဲ့ ကျုပ်သူ့ကို အသေသတ်ပစ်မယ်"

ကျောင်းမိသားစုဝင်များမှာ ဒေါသတကြီးဖြင့်အော်ဟစ်နေကြပြီး မျက်လုံးထဲမှာလည်း နာကျည်းမှုများ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ဝမ်ရှောင်ရီ ကျောချမ်းသွားရ၏။ ဒီလူတွေ ရူးများနေကြသလား။ ဥပဒေအရကြည့်လျှင် ရှုမိသားစု၏သားဖြစ်သူ ရှုကျစ်မင်မှာ ဘာပြစ်မှုမှကျူးလွန်ထားခြင်းမရှိဘူးရာ ဘာအကြောင်းနှင့်ဖမ်းချုပ်ထားရမည်နည်း။ ဒီလူတွေက ရဲစခန်းကိုပိတ်ဆို့ပြီး ဥပဒေကိုအတင်းပြောင်းခိုင်းနေကြတာလား။

"ငါ့သမီးလေးရဲ့အသက်ကို ပြန်ပေး ငါ့သမီးကို ပြန်ပေး"

သေဆုံးသူ၏အဖေဖြစ်သည့် အဖိုးကြီးကျောင်းမှာ တစ်နေရာတည်းကို စိုက်ကြည့်ပြီး အော်ဟစ်နေသည်။

ထိုနေရာတွင် ရှုကျစ်မင်တစ်ယောက် တုန်ရီစွာရပ်နေပြီး အပြင်မထွက်ရဲ ဖြစ်နေသည်။ ချင်ရန်၊ လီတဝေနှင့်တခြားလူသစ်များလည်း သူ့ဘေးနားရောက်နေကြသည်။ ရှုကျစ်မင်မှာ သူ့ဘေးနားရှိ ချင်ရန်ကိုအမြန်ပြောလိုက်သည်။

"ရဲဘော် ကျွန်တော့်ကိုမြန်မြန်ဖမ်းထားလိုက်ပါလား၊ ကျွန်တော်အပြင်မထွက်ရဲတော့ဘူး၊ ဟိုလူတွေက ကျွန်တော့်ကို သတ်ပစ်လိမ့်မယ်၊ ကျွန်တော်က နိုင်ငံသားကောင်းတစ်ယောက်ပါ ခင်ဗျားတို့ ကျွန်တော့်ကို ဒီတိုင်းပစ်မထားဘူးမလား"

ချင်ရန့်မျက်နှာထား အနည်းငယ် ရှုပ်ထွေးသွားရသည်။ ရှုကျစ်မင်နှင့်ကျောင်းမိန်းကလေးကြားတွင် ဘာတွေဖြစ်ခဲ့ကြလဲဆိုသည့်အတွင်းရေးကို သူလည်းမသိပေသိ သေချာသည်မှာ ကျောင်းမိန်းက‌လေးသေဆုံးသွားခဲ့ပြီဖြစ်သလို သူမမိသားစုကလည်း တကယ်ကိုဒေါသထွက်နေကြသည်။

"ဟူး..."

ချင်ရန် ခေါင်းခါပြီးပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကိုဒီတိုင်းတော့ ပစ်မထားပါဘူး၊ ဒါကရဲစခန်းလေ ဒီနေရာမှာ ဘယ်သူကမှတခြားတစ်ယောက်ကို ထိခိုက်အောင်လုပ်လို့မရဘူး၊ ခင်ဗျားက ရာဇဝတ်ကောင်ဖြစ်နေရင်တောင် ခင်ဗျားကိုထိခိုက်အောင် လုပ်ခွင့်မရှိဘူး၊ အခုခင်ဗျားက ဥပဒေချိုးဖောက်ထားတာမှ မဟုတ်တာ"

ဒါကိုကြားတော့ ရှုကျစ်မင်ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ရဲဘော် ကျေးဇူးပါပဲ"

သူ့ပုံစံမှာ ချင်ရန်ကို ဒူးထောက်ကန်တော့ချင်နေသည့် ပုံစံပေါက်နေသည်။ လီတဝေ၊ ရှကျဲနဲ့တခြားသူတွေလည်း ဒီရှုပ်ထွေးနေတဲ့ အခြေအနေကြီးကို ဘာလုပ်ရမှန်းမသိ ကြည့်နေကြသည်။ ရှကျဲက တိုးတိုးလေးပြောလာ၏။

"ဒီလူတွေကို ဒီတိုင်းလွှတ်ပေးထားလို့တော့ မဖြစ်ဘူးထင်တယ်၊ ဒါက ရဲစခန်းလေ ဒီတိုင်းဆက်သွားရင်ဘာဖြစ်ကုန်မလဲ"

လီတဝေ ခေါင်းကုတ်လိုက်သည်။

"သူတို့က ဘာလို့ဒီလောက်ထိလုပ်နေကြလဲ ကျွန်တော် နားမလည်ဘူး"

ထိုအချိန်တွင် ညွှန်ကြားရေးမှူးဆုန့် လျှောက်လာသည်။ လူတစ်ရာနီးပါး ဆူပူသောင်းကျန်းနေသည်ကိုမြင်တော့ ဒေါသထွက်သွားတော့၏။

"ဒီနေရာမှာလာပြီး ရမ်းကားရဲတယ်ပေါ့လေ၊ အကုန်လုံးကို ဖမ်းချုပ်လိုက်စမ်း"

အမိန့်သံကြားတော့ ဝမ်ရှောင်ရီလက်ဝှေ့ယမ်းပြလိုက်သည်။

"ဘာရပ်ကြည့်နေကြတာလဲ၊ အခြေအနေကို အမြန်ထိန်းသိမ်းလိုက်ကြ"

အထက်လူကြီးအမိန့်ရှိလာ၍ ဝမ်ရှောင်ရီလည်း ရဲရဲတင်းတင်းလုပ်ရဲသွားပြီပင်။ အရင်တုန်းကတော့ လူအုပ်ကြီးကိုကြောက်ပြီး မလုပ်ရဲခဲ့သော်လည်း အခုတော့ တာဝန်ယူမယ့်လူရှိပြီလေ။ သို့သော်ပါလီမြစ်ရဲစခန်းတွင် ဝန်ထမ်းအင်အားမှာ၂၀ကျော်လောက်သာရှိ၏။ တဖက်ရှိလူ ၁၀၀လောက်ရှိသော လူအုပ်ကြီးကို ဘယ်လိုထိန်းချုပ်ရမည်နည်း။ ပြီးတော့ဒီလူတွေက ဒေါသအရှိန်တက်နေကြပြီး သေမထူးနေမထူးပုံစံပေါက်နေကြတာလေ။

"ရပ်မနေကြနဲ့ လက်ထိပ်တွေထုတ်ပြီး တစ်ယောက်ချင်းစီခတ်လိုက်ကြ"

ဝမ်ရှောင်ရီ အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုစကားကြားသည်နှင့် ရဲဝန်ထမ်းများလည်း လက်ထိပ်ထုတ်ပြီး ဖမ်းဖို့ပြင်လိုက်ကြသည်။ သို့သော်ကျောင်းမိသားစုဘက်မှ သေဆုံးသူ မိန်းကလေး၏အဖေအဖိုးကြီးကျောင်းမှာ ရုတ်တရက် ရူးသွပ်သွားသလို အော်ဟစ်လိုက်သည်။

"ငါ့ကို လက်ထိပ်ခတ်မလို့လား၊ ဘာလို့ ငါ့ကို ခတ်မှာလဲကွ"

ထို့နောက် သူသည်ခါးကြားမှအသီးလှီးဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားသွားမှာလက်တစ်ဝါးစာလောက်ရှည်ပြီး သူက ဓားကိုဝှေ့ယမ်းပြလိုက်သည်။

"ဟာ"

"သောက်ကျိုးနည်း ပါလီမြစ်ရဲစခန်းထဲထိ ဓားယူလာရဲတယ်ပေါ့"

ဤသည်ကိုမြင်သော် ညွှန်ကြားရေးမှူးဆုန့်၏မျက်လုံးများ မဲမှောင်သွားတော့သည်။ ပါလီမြစ်ရဲစခန်းထဲမှာ ဓားကိုင်ပြီး ရမ်းကားတာကိုခွင့်ပြုလိုက်ရင် သူတို့သိက္ခာဘယ်နားသွားထားမလဲ။

"စိတ်လျှော့ထားပါ ခင်ဗျားစိတ်လျှော့ပါဦး"

အဖိုးကြီးကျောင်း ဓားထုတ်လိုက်သည်ကိုမြင်သည်နှင့် ဝမ်ရှောင်ရီ မျက်နှာချက်ချင်း ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ဒီမှာ လူတွေအများကြီးလေ သေမှာမကြောက်တဲ့ အဖိုးကြီးကျောင်းသာ ရှေ့တိုးလာခဲ့ရင် လူတစ်ယောက်ယောက်တော့ သေချာပေါက် ထိခိုက်တော့မှာပဲ။

ပါလီမြစ်ရဲစခန်းထဲသာ လူထိခိုက်မှု ဖြစ်ပွားခဲ့လျှင် သူ၏စခန်းမှူးရာထူးမှာတော့ သွားပြီပင်။

"စိတ်လျှော့ရမယ် ဟုတ်လား၊ ငါ့ကို ဘယ်လိုလုပ် စိတ်လျှော့ခိုင်းရတာလဲ၊ ညတိုင်း ငါအိပ်မပျော်ဘူး ငါ့သမီးလေးက ညတိုင်းငါ့ဆီလာပြီးငိုပြနေတာကွ"

အဖိုးကြီးကျောင်းမှာ အံကြိတ်ထားပြီး ချင်ရန်ဘေးရှိ ရှုကျစ်မင်ကိုစိုက်ကြည့်နေသည်။

"မင်း တိရစ္ဆာန်ကောင် အစကတည်းက မင်းတို့နှစ်ယောက်တွဲတာကို ငါ သဘောမတူခဲ့ဘူး၊ အခုတော့ကြည့် ငါ့သမီးလေးသေပြီ၊ မင်းပါ လိုက်သေသင့်တယ်"

အဖိုးကြီးကျောင်းမှာ တဖြည်းဖြည်းစိတ်လွတ်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ထိုစဉ် ချင်ရန့်ခေါင်းထဲတွင် စနစ်၏အသိပေးသံမြည်လာသည်။

"တင်း...တာဝန်သစ် ရှာဖွေတွေ့ရှိပါသည် - အဖိုးကြီးကျောင်းကို တားဆီးပါ၊ သူ့လက်ထဲမှ ဓားကိုလုယူပြီး ပြည်သူ့လုံခြုံရေးကိုကာကွယ်ပါ။

ဆုလာဘ် - အခြေခံ ဇီဝအာရုံခံစွမ်းရည် (၅ မီတာ)နှင့် ကျောင်းမိန်းကလေးသေဆုံးမှု၏နောက်ကွယ်မှ အမှန်တရား"

ဒီအသိပေးချက်ကြားသော် ချင်ရန်ကြောင်အသွားသည်။

ကျောင်းမိန်းကလေး သေဆုံးမှုနောက်ကွယ်မှာ အတွင်းရေးရှိနေတာလား။ ဘာပဲဖြစ်ဖြစ် ဒီတာဝန်ကိုတော့ မဖြစ်မနေ ယူရမှာပဲ။

"တိရစ္ဆာန်ကောင် ငါ့သမီးအသက်ကို ပြန်ပေးစမ်း"

ရုတ်တရက် အဖိုးကြီးကျောင်းလုံးဝ စိတ်လွတ်သွားပြီး သူ့နောက်ရှိ မိသားစုဝင်တွေကိုတောင် ဂရုမစိုက်တော့ဘဲ ရှုကျစ်မင်ရှိရာဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။ ပြေးလာရင်းပင် သူ့လက်ထဲရှိ ဓားကိုလည်းဝှေ့ယမ်းလာ၏။ ဘေးနားမှလူများလည်း ကြောက်လန့်တကြားဖြင့်နောက်ဆုတ်ကုန်ကြသည်။ ဓားသွားမှာတောက်ပနေပြီး အတော်လေးထက်မည့်ပုံပင်။ တစ်ချက်လောက် ထိလိုက်သည်နှင့် သေချာပေါက် ဒဏ်ရာရပေလိမ့်မည်။

"ရဲဘော် ကယ်ပါဦး"

ရှုကျစ်မင်ခမျာ ကြောက်လွန်းလို့ သေးထွက်မတတ်ဖြစ်နေသည်။ လူများပြည့်ကျပ်နေရာ ပြေးစရာလမ်းမရှိတော့၍ ဒီအတိုင်းသာရပ်နေရသည်။

မလှမ်းမကမ်းတွင်ရှိနေသည့် ဝမ်ရှောင်ရီနှင့်ညွှန်ကြားရေးမှူးဆုန့်တို့လည်း မျက်လုံးပြူးကုန်ကြသည်။ ဒီလူမိုက်က ပါလီမြစ်ရဲစခန်းထဲမှာ လူသတ်ဖို့ ကြံစည်ရဲတယ်ပေါ့လေ။

All Chapters