← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

Chapter 21

လီရှောင်ယာ ခေါင်းခါပြလိုက်သည်။

"ဘာလို့လဲ" ချင်ဆွေ့က တည်ငြိမ်စွာ မေးလိုက်သည်။

"သမီးမှာ အစ်ကိုနဲ့ လဲစရာ ဘာမှမရှိဘူး" လီရှောင်ယာ သူမ၏ ဗလာဖြစ်နေသော အိတ်ကပ်များကို လှန်ပြရင်း ပြောလိုက်သည်။

ချင်ဆွေ့ ဒီကလေးကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု မြင်လိုက်သည်။

သူမသည် အိမ်တွင်ရှိသော သူ့ညီမလေးထက် အများကြီး ပိုပြီး ထက်မြက်ပုံရသည်။ သူ့ညီမလေးဆိုလျှင် သောင်းကျန်းရန်နှင့် ပစ္စည်းများ ရိုက်ခွဲရန်သာ သိပြီး သူတစ်ပါးအား အနိုင်ကျင့်ရမှ ကျေနပ်တတ်သူ ဖြစ်သည်။ အနည်းဆုံးတော့ လီရှောင်ယာတွင် ပုံမှန်အလုပ်လုပ်သော ဦးနှောက်တစ်ခု ရှိနေသေးသည်။

ချင်ဆွေ့ မျက်လုံးများ အရောင်လက်သွားပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"ဒါပေမဲ့ မင်းမှာ ရှိတယ်လေ... ဒီလိုလုပ်...မင်း ရှန်းယွီရှောင်အတွက် သိမ်းထားတဲ့ လက်ဆောင်ကို ငါ့ကိုပေး၊ အဲ့ဒါဆို ရပြီ"

လီရှောင်ယာ၏ မျက်နှာသည် ရင်းနှီးနေကျ သတိထားစောင့်ကြည့်သည့် အမူအရာသို့ ပြောင်းလဲသွားပြီး ခေါင်းကို ပို၍ပြင်းပြင်းထန်ထန် ခါရမ်းလိုက်သည်။ "လုံးဝ မရဘူး"

ချင်ဆွေ့ မတ်တတ်ရပ်လိုက်သည်။ "ကောင်းပြီလေ... မင်းနောက်မှ နောင်တမရနဲ့ပေါ့"

"နောင်တ မရပါဘူး" ကလေးမလေးက သူမ၏ ကလေးသံပါသော အသံလေးဖြင့် ပြန်ပြောသည်။

ချင်ဆွေ့က မိုက်ခရိုဖုန်းကို ပြင်တပ်လိုက်သည်။ "သွားကြစို့... ကျောင်းသွားရမယ့်အချိန် ရောက်ပြီ"

ကလေးမလေးက သူ့ကို အရူးတစ်ယောက်ကို ကြည့်သလို ချက်ချင်း ကြည့်လာသည်။

"ဒီနေ့ စနေနေ့လေ... ကျောင်းပိတ်တယ်"

ချင်ဆွေ့ - "..."

လီရှောင်ယာသည် မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ကြက်များနှင့် ဝက်များကို အစာကျွေးကာ ပေါက်စီအချို့ ပေါင်းလိုက်သည်။

သူမသည် ပေါက်စီများကို ချင်ဆွေ့အား တန်းမပေးဘဲ အရင်မေးလိုက်သည်။ "သူတို့ အစ်ကို့ကို ထမင်းကျွေးမှာလား"

"ရိုက်ကူးရေးအဖွဲ့ကို ပြောတာလား... မကျွေးဘူး"

“သမီး အစ်ကို့ကို မကျွေးရင် အစ်ကို ငတ်သေမှာလား"

"အဲ့လိုပဲ ပြောရမှာပေါ့"

"ဒါဆိုလည်း ပြီးရော" လီရှောင်ယာသည် ရှန်းယွီရှောင်ကို သစ္စာဖောက်ရသလို ခံစားနေရသဖြင့် မပျော်မရွှင် မျက်နှာထားဖြင့် ပေါက်စီများကို ဝေပေးလိုက်သည်။

ချင်ဆွေ့သည် လီရှောင်ယာ၏ ထိုကဲ့သို့သော မျက်နှာအမူအရာများကို မြင်ရသည်ကို အထူးပင် နှစ်သက်သည်။

အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်လေ။ လေ့ကျင့်ခန်းစာအုပ်တွေ ဖြေရှင်းရတာထက် ပိုပြီးကျေနပ်စရာကောင်းသည်။ ထိုစာအုပ်များက လွယ်လွန်းသဖြင့် သူ့ကို ပျင်းရိစေသည်။

ထိုအချိန်တွင် လီရှောင်ယာ ကောက်ထားသော မှိုများကို သူ ရုတ်တရက် သတိရသွားသဖြင့် မေးလိုက်သည်။ "မင်းမြို့တက်ပြီး မှိုသွားရောင်းမလို့ မဟုတ်ဘူးလား"

"မြို့ကို မသွားတော့ဘူး"

"ဘာလို့လဲ"

"ရှန်းယွီရှောင် ဒဏ်ရာရထားလို့"

"ရှန်းယွီရှောင်က မင်းနဲ့အတူ လိုက်သွားပေးမယ် ပြောထားလို့လား" ချင်ဆွေ့ ခဏရပ်ပြီး ဆက်ပြောသည်။ "ဒါဆို သူ့အစား ငါလိုက်ခဲ့ပေးလို့ ရတာပဲ၊ အတူတူပဲဟာ"

လီရှောင်ယာ စကားပြန်မပြောနိုင်ခင်မှာပင် ချင်ဆွေ့က သူမကို ပွေ့ချီပြီး အိမ်ပြင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ သူသည် ရိုက်ကူးရေးအဖွဲ့ကို ရှာတွေ့သောအခါ သူ့ဆန္ဒကို တဲ့တိုးပင် ပြောလိုက်သည်။ "ကျွန်တော် လီရှောင်ယာကို မှိုသွားရောင်းဖို့ မြို့ပေါ် ခေါ်သွားချင်တယ်"

ရိုက်ကူးရေးအဖွဲ့မှာ ခဏမျှ ကြောင်အသွားပြီး တိတ်တဆိတ် အံ့သြနေကြသည်။ ဒီသခင်လေးနှစ်ယောက်စလုံးက လီရှောင်ယာအပေါ် ဒီလောက်ကောင်းကြတာပါလားဟု တွေးနေမိကြသည်။

သူတို့က သဘောထားကြီးလိုက်ကြတာ၊ ပြုပြင်ပြောင်းလဲဖို့ လိုနေတဲ့ပုံစံမျိုးကို မတွေ့ရဘူး။

လီရှောင်ယာသည် ချင်ဆွေ့၏ အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး ငြင်းရှာသည်။ "မသွားချင်ဘူး..."

လီရှောင်ယာအဖို့ ချင်ဆွေ့သည် လူစိမ်းတစ်ယောက်နှင့် ပိုတူနေသေးသည်။

ချင်ဆွေ့ သူမကို ဂရုမစိုက်ဘဲ ရိုက်ကူးရေးအဖွဲ့ကို ဆက်ပြောသည်။ "ကျွန်တော့်ရမှတ်တွေနဲ့ လဲမယ်လေ... ဘယ်လိုလဲ"

ရိုက်ကူးရေးအဖွဲ့က ဘာပြောနိုင်မည်နည်း။

"ကောင်းပါပြီ... မြို့ကို သွားလို့ရပါတယ်"

ချင်ဆွေ့က ထပ်မေးလိုက်သည်။ "ရှန်းယွီရှောင်က ဘယ်မြို့နယ်မှာ ဆေးကုနေတာလဲ"

ရိုက်ကူးရေးအဖွဲ့ အသက်ရှူမှားသွားသည်။ "သခင်လေး ဆိုလိုတာက... သွားချင်လို့လား..."

ချင်ဆွေ့က ပြောလိုက်သည်။

"ကျွန်တော်တို့ သူ့ဆီ ဝင်တွေ့မလို့ပါ"

စကားပြောရင်း လီရှောင်ယာနှင့် မျက်လုံးချင်းဆုံအောင် ကြည့်ကာ မေးလိုက်သည်။ "မင်း ရှန်းယွီရှောင်ကို မတွေ့ချင်ဘူးလား"

လီရှောင်ယာ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ "တွေ့ချင်တယ်"

ချင်ဆွေ့ ဒီရလဒ်ကို အလွန်ကျေနပ်သွားပြီးပြောလိုက်သည်။

"ဒါဆို သွားကြစို့"

"နေဦး နေဦး..." လီရှောင်ယာသည် ချင်ဆွေ့လက်ပေါ်မှ အတင်းရုန်းဆင်းကာ အိမ်ထဲသို့ ပြေးဝင်သွားပြီး အိတ်ကပ်ထဲသို့ တစ်စုံတစ်ခု ထိုးထည့်လိုက်သည်။

ထို့နောက် သူတို့ ကားပေါ် တက်လိုက်ကြသည်။

ချင်ဆွေ့သည် လီရှောင်ယာကို ခါးပတ်ပတ်ပေးပြီး တံခါးပိတ်လိုက်သည်။

လီရှောင်ယာ ရုတ်တရက် မျက်လုံးပြူးသွားသည်။ "မှိုတွေ... မှိုတွေ မေ့ကျန်ခဲ့ပြီ"

ဝန်ထမ်းတစ်ဦး ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လှည့်ကာ ခြင်းတောင်းသွားယူပေးရသည်။

[ဝါး... ချင်ဆွေ့က ဆိုးလိုက်တာ၊ ရှန်းယွီရှောင် ဒေါသထွက်အောင် တမင်သက်သက် လုပ်နေတာ မဟုတ်ဘူးလား]

[ငါ ကားတံဆိပ်ကို ကြည့်လိုက်တာ Maybach ကြီးဟ၊ ဘယ်သူဌေးကများ ယွမ်သန်းချီတန်တဲ့ ကားကြီးမောင်းပြီး မှိုသွားရောင်းမှာလဲ]

ရိုက်ကူးရေးအဖွဲ့လည်း ဒီအခြေအနေကို အတော်လေး လက်တွေ့မကျဘူးဟု ခံစားနေရသည်။ သခင်လေးချင် ကိုယ်တိုင် မှိုရောင်းမည့်ကိစ္စက တစ်ပိုင်း၊ နောက်ပိုင်း ဆေးရုံခန်းထဲ ရောက်လျှင် သူတို့နှစ်ယောက် ရန်မဖြစ်အောင် တားရမည့်ကိစ္စက တစ်ပိုင်း ဖြစ်နေသည်။

ကားစထွက်သည်နှင့် လီချင်းချင်းဆီ အိမ်မှ ဖုန်းဝင်လာသည်။

ချင်ဆွေ့က လီရှောင်ယာကို ကာကွယ်ပေးနေပြီး ပြန်မသွားဘူး ဆိုပါလား။

လီချင်းချင်း ဒေါသကြောင့် သွားကြိတ်လိုက်မိသည်။

သို့သော် နောက်ဆက်တွဲဖြစ်လာမည့် ကိစ္စများက ပိုပြီးပေါက်ကွဲစရာ ကောင်းနေမှန်း သူမ မသိခဲ့ပေ။

ခမ်းနားထည်ဝါသော Maybach ကားကြီးသည် မြို့နယ်လေးထဲသို့ မောင်းဝင်လာရာ ချက်ချင်းပင် ဘေးမှ ကြည့်ရှုသူများ အများအပြား ရှိလာသည်။

"ဒီရက်ပိုင်း သူဌေးတွေ လာတာများနေပါလား"

"ဟုတ်တယ် ဟုတ်တယ်... မနေ့က ကုန်တိုက်မှာ သူဌေးတစ်ယောက် ပစ္စည်းတွေ အများကြီး ဝယ်သွားတယ်ဆိုတာ ကြားပြီးပြီလား"

"မိုက်လိုက်တာ... သူဌေးကြီးတွေပဲ"

ဒေသခံများမှာ လည်ပင်းရှည်အောင် မျှော်ကြည့်နေမိကြသည်။

ထိုအချိန်တွင် ကားတံခါး ပွင့်လာသည်။

ချင်ဆွေ့ အရင်ဆင်းလာ၏။

"ကြည့်ရုံနဲ့တင် ချမ်းသာမှန်း သိသာတယ်ဟေ့"

"ဟို... မင်းသားနဲ့ တူလိုက်တာ"

လူအုပ်ကြီး၏ အော်ဟစ်သံများ ပိုကျယ်လာပြီး အချို့က ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ကြသည်။

ထိုအချိန်တွင် ချင်ဆွေ့ ခဏရပ်တန့်လိုက်ပြီး ကားထဲမှလူကို လက်ကမ်းပေးလိုက်သည်။

"ကိုယ့်ဘာသာ ဆင်းတတ်ပါတယ်" လီရှောင်ယာ လိမ်လိမ်မာမာပြောရှာသည်။

ချင်ဆွေ့က မေးလိုက်သည်။

"ခါးပတ် ဘယ်လိုဖြုတ်ရလဲ သိလို့လား"

လီရှောင်ယာ... မသိပါချေ။ ချင်ဆွေ့ကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။

ချင်ဆွေ့ ကိုယ်ကိုကိုင်းကာ ခါးပတ်ဖြုတ်ပေးလိုက်ပြီး အခွင့်ကောင်းယူကာ သူမကို ကားပေါ်မှ ပွေ့ချီချပေးလိုက်သည်။

သေချာသည်မှာ လီရှောင်ယာ ငြင်းဆန်ဖို့ စကားမပြောနိုင်တော့ပေ။

"လှလိုက်တဲ့ ကလေးမလေး... သူတို့က မောင်နှမတွေလား"

"ဘာလို့ ဝတ်ထားတဲ့ပုံစံက မတူကြတာလဲ"

"စတိုင်အကြောင်း နင်ဘာနားလည်လို့လဲ... နင် နားမလည်ပါဘူး"

သူတို့၏ ဆွေးနွေးသံများ ပိုကျယ်လောင်လာချိန်တွင် ချင်ဆွေ့သည် နောက်ဖုံးထဲမှ ခြင်းတောင်းကို ထုတ်ကာ ထိုနေရာမှာပင် ဆိုင်ခင်းပြီး အော်လိုက်တော့သည်။

"မှိုရောင်းနေပါတယ်"

လူအုပ်ကြီး ကြောင်အသွားကြသည်။

"ဘာဖြစ်တာလဲဟ"

"Maybach မောင်းပြီး ဘာလို့ မှိုလာရောင်းနေတာလဲ"

ဝန်ထမ်းတစ်ဦး ခေါင်းကိုလက်ဖြင့် အုပ်ထားမိသည်။ "တွေ့လား... ဒီလိုပုံစံနဲ့ ရောင်းလို့မရပါဘူးလို့ ပြောသားပဲ၊ သခင်လေးချင်က ဇွတ်လုပ်တာကိုး၊ တားလို့မှ မရတာ"

သူတို့ဘေးတွင် လူများ ပိုမိုစုဝေးလာသော်လည်း မည်သူမျှ ဝယ်မည့်သူမရှိပေ။

လီရှောင်ယာ ချင်ဆွေ့ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။

ပထမဆုံးအကြိမ်အဖြစ် ချင်ဆွေ့ ဝန်ခံလိုက်ရသည်။ "ငါ့အမှားပါ... ငါ တစ်ခုခု စဉ်းစားလိုက်မယ်"

လီရှောင်ယာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ ပထမဆုံး ဖောက်သည်ကို အမြန်ရွေးချယ်လိုက်သည်။

သူမသည် မှိုအချို့ကို ကိုင်ကာ အဘွားအိုတစ်ဦးရှေ့သို့ သွားပြီး သနားစရာမျက်နှာလေးဖြင့် မော့ကြည့်လိုက်သည်။ "အဘွား... မှိုဝယ်ဦးမလားဟင်၊ ဟင်းချိုချက်သောက်ရင် အရမ်းကောင်းတာ"

အဘွားအိုသည် ကလေးချစ်သူဖြစ်ရာ ကြင်နာစွာဖြင့် ချက်ချင်းမေးလိုက်သည်။ "သမီးနဲ့ သမီးအစ်ကိုက ဘာလို့ မှိုရောင်းနေကြတာလဲကွယ်"

လီရှောင်ယာသည် အစ်ကိုမဟုတ်ကြောင်း ပြောချင်သော်လည်း ငြင်းခုန်ရမည့်အချိန် မဟုတ်ပေ။

ထို့ကြောင့် မျက်လွှာချကာ ပို၍သနားစရာကောင်းအောင် လုပ်လိုက်ပြီးပြောလိုက်သည်။

"သမီး အစ်ကို့ပစ္စည်းတစ်ခုကို မတော်တဆ ခွဲမိလို့ပါ... အစ်ကိုက သမီး အကြွေးပြန်ဆပ်နိုင်အောင် မှိုရောင်းတာ လိုက်ကူပေးနေတာ"

[ဒါတောင် လီရှောင်ယာကို လူလိမ်လေးမဟုတ်ဘူးလို့ ပြောဦးမလား၊ အခု လူတွေကို လိမ်နေပြီလေ]

[ဒါကို လိမ်တယ်ခေါ်လား... နင် အဆင်ပြေရဲ့လား]

အဘွားအို ပြုံးလိုက်သည်။ "လိမ္မာလိုက်တာ... သမီးက တကယ့် ကလေးကောင်းလေးပဲ၊ အဘွား မြေးလေး ဟင်းချိုသောက်ဖို့ ဝယ်သွားမယ်၊ သူသာ သမီးလောက် လိမ္မာရင် သိပ်ကောင်းမှာ၊ အဲ့ကောင်စုတ်လေးက ပန်းအိုးခွဲမိတာတောင် ဝန်မခံရဲဘူး"

ထိုသို့ဖြင့် လီရှောင်ယာ အရင်ဦးဆုံး ရောင်းထွက်သွားလေသည်။

[ဒီမိသားစုက လီရှောင်ယာ မရှိရင် မဖြစ်ပါဘူး]

[ဘုရားရေ... သူက မိသားစုစားဝတ်နေရေးအတွက် မှိုရောင်းနေရတုန်းလား]

လီရှောင်ယာသည် တကယ်ကို ထူးခြားစွာ လှပသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။

အကယ်၍ သူမသာ မိဘမဲ့ဖြစ်နေလျှင် မွေးစားချင်သူများ ဝိုင်းလုနေကြမည်မှာ အသေအချာပင်။

အဘွားအိုက စံပြအနေဖြင့် ဝယ်သွားပြီးနောက် အခြားသူများလည်း သူမ၏ သနားစရာပုံစံလေးကို ကြည့်ကာ မနေနိုင်တော့ဘဲ ပိုက်ဆံထုတ်ကာ ဝယ်ကြလေတော့သည်။

"အန်တီ... ၁ ယွမ်ဆို ရပါပြီ" လီရှောင်ယာက ရွေးထားသော မှိုများကို အမာရွတ်များဖြင့် ပြည့်နေသော လက်ကလေးဖြင့် ကမ်းပေးရင်း ပြောလိုက်သည်။

ထိုအချိန်ကျမှ ချင်ဆွေ့ ဝင်ပါတော့သည်။ သူက သူမဘေးတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။ "အဲ့လိုရောင်းရတာ မဟုတ်ဘူးလေ... ၁ ယွမ်နဲ့ မရဘူး"

"ဒါတွေက Chanterelles မှိုတွေ... တစ်ပေါင်ကို ၃၀ ယွမ်၊ ဘေးကဆိုင်မှာ ချိန်ခွင်သွားငှားလိုက်မယ်" ချင်ဆွေ့က "လူကြီး" တစ်ယောက်၏ တည်ငြိမ်မှုမျိုးဖြင့် ပြောလိုက်သည်။

လီရှောင်ယာသည် "လူကြီး" စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

အခြားဝယ်သူများက "ဈေးတက်" သွားသည်ကို မကျေမနပ် မဖြစ်ကြသည့်အပြင် ပြုံးတောင် ပြုံးနေကြသေးသည်။

သူတို့က လီရှောင်ယာကို စနောက်ကြသည်။ "သမီး အစ်ကိုဆီက သင်မှဖြစ်မယ်... ကလေးရ... ဒီလိုဈေးရောင်းရင် ရှုံးကုန်မှာပေါ့"

ချောမောပြီး ဈေးကြီးပေးရသည့် အဝတ်အစားများ ဝတ်ဆင်ထားသော ချင်ဆွေ့သည် အနီးနားရှိ လူတစ်ဦးထံမှ ချိန်ခွင်ကို အောင်မြင်စွာ ငှားရမ်းနိုင်ခဲ့သည်။

ထို့နောက် တစ်ယောက်က မှိုရွေးပြီး အိတ်ထဲထည့်၊ နောက်တစ်ယောက်က ချိန်တွယ်ပြီး ပိုက်ဆံကောက် လုပ်ကြသည်။

ရိုက်ကူးရေးအဖွဲ့က အံ့သြတကြီး ကြည့်နေကြသည်။ "သူတို့နှစ်ယောက် အလုပ်လုပ်တာ အပေးအယူမျှသားပဲ"

သို့သော် လူအများစုမှာ ပွဲလာကြည့်ကြသူများသာ ဖြစ်သည်။ ဈေးကြီးသော မှိုများမှာ သိပ်မရောင်းရပေ။

ချင်ဆွေ့က ဈေးမလျှော့ရန် အတင်းပြောထားသည်။

လီရှောင်ယာ ခဏမျှ တွေဝေပြီးနောက် လူအုပ်အစွန်ရှိ လက်ဆွဲအိတ်ကိုင်ထားသော အမျိုးသားတစ်ဦးထံ လျှောက်သွားလိုက်သည်။ "ဦးဦး... ဒီမှိုလေး ကြည့်မလားဟင်"

ထိုလူက ငြင်းရန် ပြင်လိုက်သည်။

လီရှောင်ယာ အမြန်ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ဒီမှိုက နည်းနည်းဈေးကြီးတယ်... ဒီတစ်ခုဆိုရင်ရော၊ ဈေးသက်သာတယ်၊ ဆီနည်းနည်းနဲ့ ကြော်စားရင် အရမ်းမွှေးတာ"

ထိုလူက မေးလိုက်သည်။ "ဘယ်လောက်လဲ"

လီရှောင်ယာက ချင်ဆွေ့သတ်မှတ်ထားသော ဈေးနှုန်းကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်သည်။ "တစ်ပေါင်ကို ၁၀၀ ယွမ်ပါ"

ထိုလူသည် ဘေးနားမှ လူများ၏ အကြည့်အောက်တွင် နှုတ်ခမ်းကိုစေ့ကာ ပြောလိုက်သည်။ "ကောင်းပြီ... ချိန်ပေးပါ"

[ဈေးကြီးတယ် ပြောလိုက်တာနဲ့ အဲ့လူ တကယ်ဝယ်သွားတယ်ဟ]

[သူက ပထမဆုံး ဈေးကြီးပေးဝယ်တဲ့လူ ဖြစ်သွားတာကိုး၊ လူတွေအများကြီး ဝိုင်းကြည့်နေတော့ အားကျတဲ့အကြည့်တွေ၊ အထင်ကြီးတဲ့အကြည့်တွေ ခံချင်လို့ ဝယ်လိုက်တာနေမှာ]

[အရောင်းဗျူဟာပဲ... ဒီကောင်မလေး ဒါတွေနားလည်မယ်လို့ ဘယ်သူထင်မလဲ]

"Porcini မှိုတို့ သိုးအသည်းမှိုတို့ ရှိလား" ထိုအချိန်တွင် ဗိုက်ရွှဲရွှဲနှင့် သားရေဂျာကင် ဝတ်ထားသော လုပ်ငန်းရှင်အသေးစားပုံပေါက်သည့် အမျိုးသားတစ်ဦး လူအုပ်ကြားမှ တိုးထွက်လာသည်။ သူက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။။

"အကောင်းစားတွေ အကုန်ယူမယ်... လက်ဆောင်ပေးလို့ ကောင်းတာပေါ့" ။

လီရှောင်ယာ မျက်လုံးများ အရောင်လက်သွားပြီး ဈေးကြီးသော မှိုများအားလုံး ရောင်းထွက်သွားလေတော့သည်။

ထိုလုပ်ငန်းရှင်သည် မှိုရသည်နှင့် ချက်ချင်းပြန်မသွားဘဲ ချင်ဆွေ့ကို မသိမသာ အကဲခတ်နေသည်။

ချင်ဆွေ့ တစ်ချက်ကြည့်ရုံနှင့် သဘောပေါက်လိုက်သည်။

ဒီလူ သူ့အတွက် လာတာပဲ ဖြစ်မည်။

ချင်ဆွေ့သည် ခြင်းတောင်းအလွတ်ကို ရိုက်ကူးရေးအဖွဲ့ထံ ပြန်ပေးပြီး လီရှောင်ယာကို ကားပေါ်ပြန်ခေါ်ရန် ပြင်လိုက်စဉ် ထိုလုပ်ငန်းရှင်က အမှန်တကယ်ပင် နောက်မှလိုက်လာပြီး ထစ်အထစ်အဖြင့် မေးလာသည်။ "မင်း... မင်းက မစ္စတာ ချင်ဟောက်မင်းရဲ့ သား မဟုတ်ဘူးလား"

ဒီလိုနေရာမျိုးမှာ သူ့ကို မှတ်မိမည့်သူ ရှိနေလိမ့်မည်ဟု ချင်ဆွေ့ မထင်ထားခဲ့ပေ။

သူ တဲ့တိုးပြန်မဖြေဘဲမေးလိုက်သည်။

"ကျွန်တော် ကူညီပေးရမယ့် ကိစ္စများ ရှိလို့လား"

လုပ်ငန်းရှင်က လက်များကို ပွတ်သပ်ကာ ပြောသည်။

"ကျွန်တော်... ကျွန်တော် မင်းနဲ့ စီးပွားရေးကိစ္စလေး ဆွေးနွေးချင်လို့ပါ"

ချင်ဆွေ့ သူ့အဝတ်အစားကို ကြည့်လိုက်သည်။ အကြီးစားစီးပွားရေးသမား မဟုတ်မှန်း သေချာသော်လည်း သူ့ကို လာချဉ်းကပ်ရဲသည်ပေါ့။

"ကျွန်တော်တို့ လုပ်စရာရှိသေးလို့ပါ... ဆောရီးပါ" ချင်ဆွေ့ အေးစက်စက်ပြောပြီး ကားပြတင်းပေါက်ကို ပိတ်လိုက်သည်။

လီရှောင်ယာကတော့ ထိုလူကို တစ်ချက်ပြန်ကြည့်နေမိသည်။

ထိုလူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ သူ ဘယ်သူ့ကို ချဉ်းကပ်ရမလဲ သိသွားပြီ။

လုပ်ငန်းရှင်သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူတို့ မောင်းထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် ဖုန်းထုတ်ကာ သူတို့ရိုက်ကူးနေသော အစီအစဉ်အကြောင်း အွန်လိုင်းတွင် ချက်ချင်း ရှာဖွေလိုက်သည်။

နောက်ဆုံးတွင် ကောင်မလေးနာမည်က လီရှောင်ယာမှန်း သိလိုက်ရသည်။

သခင်လေးချင် ကိုယ်တိုင်လိုက်ပါပြီး ဈေးရောင်းပေးရလောက်အောင် ဒီကလေးက အရေးပါမှန်း သိသာနေသည်။

နောက်တစ်ခါကျရင် ဒီကောင်မလေးကို ချဉ်းကပ်ရမယ်။

ကားပေါ်တွင် လီရှောင်ယာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ပိုက်ဆံ ရေတွက်ကြည့်ရအောင်"

ချင်ဆွေ့က မေးသည်။

"ရေတတ်လို့လား"

လီရှောင်ယာ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြသည်။

ချင်ဆွေ့ အနည်းငယ် စိတ်ပျက်သွားသည်။ မဟုတ်လျှင် ကလေးမလေးက သူ့ကို ပိုက်ဆံရေပေးဖို့ အကူအညီတောင်းလာမှာကိုး။

လီရှောင်ယာ ပိုက်ဆံများကို တစ်ခါတည်း ရေတွက်ပြီးချိန်တွင် ကားသည် ခရိုင်ဆေးရုံရှေ့သို့ ရောက်ရှိလာသည်။

ရောက်ပြီဟု ဝန်ထမ်းများပြောသံ ကြားသည်နှင့် လီရှောင်ယာသည် ပိုက်ဆံများကို အိတ်ထဲ ထိုးထည့်ကာ အထဲသို့ အပြေးဝင်သွားတော့သည်။

လီရှောင်ယာက ဉာဏ်ကောင်းသည်။ ကားပေါ်မှ ဆင်းပြီးနောက် အစီအစဉ်က ဝန်ထမ်းတွေ ဘယ်မှာလဲဟု မေးကာ သူတို့ညွှန်ပြသည့် လမ်းအတိုင်း လိုက်သွားလေသည်။

သူမ တံခါးရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်သည်။

"အစ်ကိုကို... ဒါက သမီး ဦးလေးနဲ့အတူ ဝယ်လာပေးတာလေ" ကုတင်ဘေးတွင် မှီကာ လီချင်းချင်းက နူးညံ့စွာ ပြောနေသည်။

လီရှောင်ယာ ခဏမျှ ကြောင်သွားသည်။

သူ့မှာ ကိုယ်ပိုင်ညီမလေး ရှိတာပဲ။

ရှန်းယွီရှောင်၏ အကြည့်များ ရွေ့လျားလာပြီး သူမကို မြင်သွားသည်။ ရှန်းယွီရှောင်တစ်ယောက် သူ မျက်စိမှားနေသည်ဟု ခဏမျှ ထင်လိုက်မိသည်။

သို့သော် သူ့ခန္ဓာကိုယ်က ဦးနှောက်ထက် ပိုမြန်နေသည်။

သူ ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။

လီချင်းချင်းကမေးနေဆဲပင်။ "အစ်ကို... ဘာဖြစ်လို့လဲ"

ရှန်းယွီရှောင် ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားပြီး လီရှောင်ယာကို ပွေ့ချီလိုက်သည်။ "ဘယ်လိုလုပ် ဒီရောက်လာတာလဲ"

လီရှောင်ယာ ဘာပြောရမှန်း မသိသဖြင့် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ကာ ရှန်းယွီရှောင်အား ကမ်းပေးလိုက်သည်။ "ဒါ အစ်ကို့ကိုကျွေးဖို့"

ရှန်းယွီရှောင် ငုံ့ကြည့်လိုက်သည်။

သကြားလုံးတစ်လုံး ဖြစ်နေသည်။

သကြားလုံးဆိုတာ ပန်းပွင့်နီလေးတွေနဲ့ လဲရတယ်၊ အဲ့ပန်းပွင့်လေးတွေကို ပိုက်ဆံနဲ့ပြန်ရောင်းပြီး နည်းနည်းချင်း စုရတယ်လို့ သူမပြောခဲ့ဖူးတာကို ရှန်းယွီရှောင် မှတ်မိနေသေးသည်။

အခုတော့ သူမက သကြားလုံးကို သူ့အတွက် စုထားပေးခဲ့တာပဲ။

အိတ်ကပ်ထဲ ထည့်ထားသဖြင့် သကြားလုံးက အနည်းငယ် အရည်ပျော်နေသည်။

အမျိုးအစား သိပ်မကောင်းသဖြင့် အခွံက ကပ်နေသည်။

အပြင်ဘက်တွင် ရောင်စုံ လိုဂိုပုံစံ ရိုင်းရိုင်းများ ရိုက်နှိပ်ထားသည်။

သို့သော် ရှန်းယွီရှောင်က သူမကို ချလိုက်ပြီး သကြားလုံးကို လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်သည်။

"ငါ ကြိုက်တယ်" ရှန်းယွီရှောင် လေးနက်စွာ ပြောလိုက်သည်။

မလှမ်းမကမ်းတွင် ထိုင်နေသော ရှန်းကျွင်း အနည်းငယ် အံ့အားသင့်သွားသည်။

မထူးဆန်းပါဘူးလေ... ဒီကောင်မလေးကို ဘာလို့ ဒီလောက်သဘောကျရလဲဆိုတာ... သူက ငါ့သားရဲ့ စိတ်နေစိတ်ထားကို တကယ့်ကို ကောင်းကောင်းကိုင်တွယ်နိုင်တာပဲ။

လီချင်းချင်းတစ်ယောက်သာ မိုးကြိုးပစ်ခံလိုက်ရသလို မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့သည်။

လီရှောင်ယာ... လီရှောင်ယာက ဘယ်လိုလုပ် ဒီရောက်နေရတာလဲ။

သို့သော် လီချင်းချင်း၏ အတွေးကို မည်သူမျှ ဂရုမစိုက်ကြပေ။

ရှန်းယွီရှောင်သည် သကြားလုံးကို လက်ချောင်းများကြား လှိမ့်ကစားရင်း ပျော်ရွှင်စွာ မေးလိုက်သည်။ "ဘယ်လိုလုပ် ရောက်လာတာလဲ... ရိုက်ကူးရေးအဖွဲ့က ခေါ်လာပေးတာလား"

ရိုက်ကူးရေးအဖွဲ့က လူစိတ်ရှိသားပဲဟု ရှန်းယွီရှောင် တွေးလိုက်မိသည်။

ထိုအချိန်တွင် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ချင်ဆွေ့ ဝင်လာပြီး ပြောလိုက်သည်။

"ငါခေါ်လာတာ"

ရှန်းယွီရှောင် - "... စိတ်ပျက်စရာကွာ"

သူ တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်ပြီး လီရှောင်ယာကို ပြန်ပွေ့ချီကာ ခံစားချက်မပါသော မျက်နှာဖြင့် ပြောလိုက်သည်။ "အဲ့လို လူဆိုးကောင်နား သိပ်မကပ်နဲ့”

All Chapters