← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

Chapter 23

ရှန်းယွီရှောင်က ချင်ဆွေ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထူးထူးခြားခြားပင် ယခုတစ်ကြိမ်၌ သူ ချင်ဆွေ့စကားကို ဖြတ်မပြောမိ‌ေပ။

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ယောက် ပူးပေါင်းကာ စစ်ဆေးမေးမြန်း နေကြခြင်း ဖြစ်ပေသည်။

ထိုအချိန်၌ လီချင်းချင်းခမျာ ချင်ဆွေ့၏အကြည့်များကို ရင်မဆိုင်ရဲတော့ပေ။ ထို့ကြောင့် ခေါင်းကို အမြန်လှည့်လိုက်ကာ လီရှောင်ယာဘက်သို့လှည့်၍ ရှိုက်ကြီးတငင် ပြောလိုက်လေသည်။

"ငါ တကယ်မမှတ်မိတော့လို့ပါ ငါ ငါတောင်းပန်ပါတယ် တကယ်လို့ ငါလုပ်ခဲ့မိတယ်ဆိုရင် တောင်းပန်ပါတယ်နော်"

"ပြီးတော့... ခုနက နင့်ကိုလာနှုတ်ဆက်တာကလည်း အဖေက မှာလိုက်လို့ပါ... နင်နဲ့ငါ အစီအစဉ်တစ်ခုတည်း အတူတူရိုက်ရမှာမို့လို့တဲ့... နင်က သနားဖို့ကောင်းတယ်တဲ့... တွေ့ရင် ဂရုစိုက်ပေးလိုက်ပါဦးတဲ့... ငါတို့က တစ်ရွာတည်းသားချင်းတွေပဲမို့လို့ ဆိုပြီး မှာလိုက်လို့ပါ"

【 လီချင်းချင်း ငိုနေတာ တော်တော်သနားဖို့ကောင်းတယ်နော် 】

【 ဟာ... ရှန်းယွီရှောင်ရော ချင်ဆွေ့ရော နှစ်ယောက်ပေါင်းပြီး ဝိုင်းစစ်နေမှတော့ ကြောက်ရှာမှာပေါ့... သူက ကလေးပဲ ရှိသေးတာကို 】

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှန်းယွီရှောင်က အေးစက်စက် နှာခေါင်းရှုံ့ရယ်လိုက်သည်။ လီရှောင်ယာအနေဖြင့် ခွင့်မလွှတ်ချင်လျှင် မလွှတ်ဘဲနေနိုင်ကြောင်း၊ ထိုသို့လုပ်ပိုင်ခွင့်ရှိကြောင်း ပြောရန်ပြင်လိုက်သော်လည်း လီရှောင်ယာက ဦးအောင်ပြောလိုက်လေသည်။

"အော်... ဟုတ်လား... ငါ့ကို ဂရုစိုက်စရာမလိုပါဘူး... ငါက နင်နဲ့မှ မကစားချင်တာ"

လီချင်းချင်းတစ်ယောက် ကျောက်ရုပ်လို တောင့်ခဲသွားချေသည်။

ထိုစကားသည် ခွင့်မလွှတ်ဘူး ဟု ပြောလိုက်သည်ထက်ပင် ပို၍ ထိရောက်မှုပြင်းထန်လှပေသည်။

တကယ်လို့သာ လီရှောင်ယာက နင့်ကိုခွင့်မလွှတ်ဘူးဟု ပြောလိုက်ပါက လီချင်းချင်းအနေဖြင့် အခြေအနေကိုပြောင်းပြန်လှန်ကာ လီရှောင်ယာကို ရန်ငြိုးထားတတ်သူ၊ သဘောထားသေးသိမ်သူဟူ၍ လူပြောများအောင် လုပ်နိုင်ပေသည်။

သို့သော် လီရှောင်ယာ ပြောလိုက်သည်က သူနှင့် မကစားချင်ဘူး ဟူ၍သာ။

ထိုစကားက လီချင်းချင်း၏ အကျင့်စရိုက်တွင် ပြဿနာရှိနေသောကြောင့်သာ လီရှောင်ယာက မပေါင်းသင်းချင်ခြင်းဖြစ်သည်ဟု လူတိုင်းသိအောင် သွယ်ဝိုက်ပြောလိုက်သလို ဖြစ်သွားစေသည်။

ဤသည်ကို ရှန်းယွီရှောင်က အလွန်သဘောကျသွားတော့သည်။ သူက လီရှောင်ယာ၏ ပါးလေးကို လှမ်းဆွဲလိုက်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်... တခြားသူတွေနဲ့မကစားနဲ့... ငါနဲ့ပဲကစား"

ထိုအပြုအမူက ချင်ဆွေ့၏အာရုံကို ဖမ်းစားသွားပြီး လီရှောင်ယာ၏ပါးလေးကို ဆွဲရသည်မှာ မည်သို့သောခံစားချက်မျိုးဖြစ်မည်နည်းဟု တွေးတောကာ တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ရှန်းကျွင်းမှာမူ ဒါတွေက ပြက်လုံးတစ်ခုလိုဖြစ်နေပြီဟု တွေးကာ နားထင်ကိုဖိနှိပ်ရင်း ဘေးနားရှိ သက်တော်စောင့်ကို အချက်ပြလိုက်လေသည်။

သက်တော်စောင့်က လီချင်းချင်းအနားသို့ ချက်ချင်းလျှောက်သွားလိုက်ပြီး မေးလိုက်၏။

"မျက်နှာသွားသစ်မလား"

လီချင်းချင်းက ခေါင်းငြိမ့်ပြကာ ရှိုက်သံတကြီးဖြင့် အပြင်သို့ထွက်သွားလေသည်။ ထွက်သွားရင်းဖြင့် သူမ၏ မျှော်လင့်တကြီးအသံလေးက နောက်တွင် ကျန်ရစ်ခဲ့သည်။

"လီရှောင်ယာ... ငါ့ကို စိတ်မဆိုးတော့ဘူးမလားဟင်"

လီရှောင်ယာဆီမှ မည်သည့်အဖြေစကားမှ ပြန်မကြားရသဖြင့် လီချင်းချင်းမှာ မျက်နှာကိုအုပ်ကာ ပို၍ပင်အော်ငိုလျက် သက်တော်စောင့် ခေါ်ဆောင်ရာနောက်သို့ ပါသွားလေတော့သည်။

လီချင်းချင်း ထွက်သွားသည်နှင့် ရှန်းယွီရှောင်က ပြောလိုက်သည်။

"တော်ပါသေးရဲ့... အခုမှပဲ နားအေးပါးအေး ရှိတော့တယ်"

ရှန်းကျွင်းက သက်ပြင်းချလိုက်ပြီး "စကားကို ဆင်ခြင်ပြောစမ်းပါ... ဘာပဲဖြစ်ဖြစ် သူက ကလေးငယ်လေးပဲလေ"

ရှန်းယွီရှောင်က လီရှောင်ယာကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"သူကရော ကလေး မဟုတ်လို့လား... သူက ပိုပြီး ချစ်ဖို့မကောင်းဘူးလား... ပိုပြီး ဂရုစိုက်ချင်စရာ မကောင်းဘူးလား"

ရှန်းကျွင်း ပြောစရာစကားမဲ့သွားသည်။

ထိုစဉ် ချင်ဆွေ့က အချိန်ကိုက် ဝင်ပြောလိုက်သည်။ "မိုးချုပ်နေပြီ... လီရှောင်ယာ အိမ်ပြန်သင့်ပြီ"

သူ၏လေသံသည် စည်းကမ်းကြီးသော အုပ်ထိန်းသူတစ်ယောက်နှင့် တူလှပေသည်။

ရှန်းယွီရှောင်က ကိုယ်ကိုမတ်လိုက်ပြီး ဆိုလိုက်၏။

"မိုးချုပ်နေပြီလား... ဒါဆိုလည်း ပြန်မနေနဲ့တော့လေ... ဒီည လီရှောင်ယာ ဒီမှာပဲ အိပ်လိုက်တော့... မနက်ဖြန် ကျောင်းပိတ်တယ်မလား"

ချင်ဆွေ့ ပြန်မပြောနိုင်ခင်မှာပင် လီရှောင်ယာက ခေါင်းခါပြလိုက်သည်။ "အိမ်မှာ အဘိုးရှိတယ်"

"မင်းအဘိုးကို ပြန်ပြုစုဖို့အတွက် ချင်ဆွေ့ကို လွှတ်လိုက်မယ်လေ" ရှန်းယွီရှောင်က ချက်ချင်းပင် အစီအစဉ်ချလိုက်သည်။

ချင်ဆွေ့က ထပ်ပြောလိုက်သည်။ "ဒါဆိုရင်တော့ သူ့အဘိုးက မနက်ဖြန်မနက် နေထွက်တာကို မြင်ရမှာ မဟုတ်တော့ဘူး"

ရှန်းယွီရှောင်: "......"

ထို့နောက် ရှန်းယွီရှောင်က ဝန်ထမ်းများကို လှည့်ကြည့်လိုက်ရာ အကြည့်တစ်ချက်ဖြင့်ပင် အားလုံးကို နားလည်စေသည်။

ဝန်ထမ်းများမှာ တွန့်ဆုတ်သွားကြသည်။ "ကျွန်တော်တို့က... သွားစောင့်ရှောက်ပေးရမှာလား"

ရှန်းယွီရှောင်က ရယ်လိုက်ပြီး ပြောလိုက်၏။

"အားလုံးက တော်တော် တက်ကြွကြတာပဲ... ကုသိုလ်ကောင်းမှုလုပ်တာ ကောင်းပါတယ် ဒီကိစ္စကို ခင်ဗျားတို့အဖွဲ့ကိုပဲ လွှဲလိုက်တော့မယ်"

ဝန်ထမ်းများမှာ ပြောစရာစကား မရှိတော့ချေ။

ရှန်းယွီရှောင် နေရသောအခန်းမှာ သီးသန့်အခန်းဖြစ်ပြီး လူနာကုတင်သာမက လူစောင့်အိပ်သည့် ကုတင်ပါရှိရာ လွန်ခဲ့သည့်ရက်များက လွတ်နေခဲ့သော်လည်း ယနေ့တွင်မူ အသုံးဝင်လာပြီ ဖြစ်သည်။

ရှန်းယွီရှောင်က လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"လီရှောင်ယာ... မင်း ဒီည ဒီမှာအိပ်"

【 ချင်ဆွေ့: ဒါဆို ငါက ပြန်ရမှာလား 】

【 ချင်ဆွေ့: ကြမ်းပြင်ပေါ်မှာ အိပ်ရလည်း ရပါတယ် 】

ချင်ဆွေ့မှာ လူကြီးလူကောင်း ပီသသူဖြစ်ရာ ကောမန့်များတွင် ခန့်မှန်းနေကြသလို သိက္ခာချကာ ကြမ်းပြင်ပေါ်တွင် အိပ်မည့်သူမဟုတ်ပေ။ သူက ခေါင်းလှည့်ကာ မေးလိုက်သည်။ "ပြီးခဲ့တဲ့ရက်တွေတုန်းက ရှန်းယွီရှောင် ဘယ်မှာတည်းတာလဲ"

"လီယန် ဟိုတယ်မှာ"

ရှန်းကျွင်းက ပြန်ဖြေလိုက်သည်။ ရှန်းကုမ္ပဏီနှင့် ချင်ကုမ္ပဏီတို့ မသင့်မြတ်ကြသော်လည်း လူကြီးများအနေဖြင့် ကလေးများကို အနိုင်ကျင့်ခြင်းမှာ ရိုင်းစိုင်းရာရောက်သဖြင့် အပေါ်ယံတွင်မူ ယဉ်ကျေးဟန်ဆောင်ထားကြသည်။

"ဒါဆို ကျွန်တော်လည်း အဲဒီမှာပဲ တည်းမယ်" ချင်ဆွေ့က ဆုံးဖြတ်ချက်ချလိုက်သည်။

ရိုက်ကူးရေးအဖွဲ့သားများမှာ မျက်လုံးပြူးသွားကြပြီး ပြောလိုက်ကြသည်။

"ဒါ... ဒါက မသင့်တော်ဘူးထင်တယ်... အခုက ရိုက်ကူးရေးလုပ်နေတာဆိုတော့..."

"ဒါမှမဟုတ်ရင်လည်း ကားထဲမှာအိပ်ရမလား... အောက်စီဂျင်ပြတ်ပြီး သေသွားမှာကို ခင်ဗျားတို့ စိတ်မပူဘူးဆိုရင်ပေါ့" ချင်ဆွေ့က အကျိုးအကြောင်းခိုင်လုံစွာ ပြောလိုက်သည်။

အဖွဲ့သားတစ်ယောက် နှုတ်ခမ်းမဲ့လိုက်ပြီး ပြောလိုက်၏။

"မဟုတ်တာ ဟိုတယ်မှာပဲ သွားတည်းပါ... မနက်ဖြန်ကျမှ ရွာဘက်ပြန်လာကြတာပေါ့ ဟုတ်ပြီလား"

ချင်ဆွေ့ ခေါင်းငြိမ့်ပြလိုက်သည်။

ရှန်းယွီရှောင်မှာ ချင်ဆွေ့က လီရှောင်ယာအနားတွင် ကပ်မနေသရွေ့ မည်သည့်နေရာတွင်သွားအိပ်အိပ် ဂရုမစိုက်သဖြင့် ယခုတစ်ကြိမ်တွင် ဝင်မဟန့်တားတော့ပေ။

【 ချင်ဆွေ့က သခင်လေးရှန်းထက် အဆတစ်သောင်းလောက် ပိုပြီးကိုင်တွယ်ရခက်တယ်လို့ ငါခံစားနေရတယ် 】

【 ရှန်းယွီရှောင်က သူ့ကို ဉာဏ်များတယ်လို့ ပြောတာ မဆန်းပါဘူး... ကွက်တိပဲ 】

ရှန်းကျွင်းမှာ အလုပ်ကိစ္စများ ရှိနေသေးသဖြင့် တစ်နေကုန် ဒီမှာနေဖို့မဖြစ်နိုင်ရာ ပြန်ရန်ထွက်သွား‌ေတာ့သည်။ ချင်ဆွေ့လည်း လိုက်ထွက်သွားသည်။

လီရှောင်ယာ မရှိတော့ဟု တွေးလိုက်သော လီချင်းချင်းသည် ချင်ဆွေ့အနားသို့ ရဲရဲတင်းတင်း တိုးကပ်သွားပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"အကိုကြီး... သမီးကို လီရှောင်ယာနဲ့ အဆင်ပြေအောင် ဝိုင်းပြောပေးပါလားဟင်"

"အကိုကြီး ဟုတ်လား" ချင်ဆွေ့က နောက်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းက ရှန်းယွီရှောင်ကိုလည်း အကိုကြီးလို့ ခေါ်တာပဲလား"

လီချင်းချင်း ကြောင်သွားသည်။ ချင်ဆွေ့ကလည်း တခြားလူတွေ သူ့ကို အကိုကြီးလို့ခေါ်တာ မကြိုက်ဘူးလားဟု သူမ တွေးလိုက်မိသည်။

သူမ သေချာမစဉ်းစားရသေးခင်မှာပင် ချင်ဆွေ့က လှောင်ပြောင်သလို ပြောလိုက်သည်။ "မင်းမှာကလည်း အကိုကြီးတွေ များလိုက်တာ"

လီချင်းချင်း: "......"

လီချင်းချင်းမှာ သတ္တိမွေးကာ ဝမ်းနည်းပက်လက်အသံဖြင့် ပြောလိုက်သည်။ "သမီးမှာ အကိုအရင်းမှမရှိတာ... သမီးက အကိုကြီးတို့နဲ့ ကစားချင်ရုံပါ..."

ချင်ဆွေ့က ဂရုမစိုက်စွာဖြင့် ပြန်ပြောလိုက်သည်။ "ငါတို့နဲ့ ကစားချင်တာလား... လီရှောင်ယာတောင် ငါတို့နဲ့ မကစားချင်ဘူး"

လီချင်းချင်း နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ "ငါက လီရှောင်ယာနဲ့မှ မတူတာ" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

"နောက်တစ်ခါ ငါ့ကို အကိုကြီးလို့ မခေါ်နဲ့... ငါ့မှာ ညီမအရင်းရှိတယ်... သူသာ ဒီအစီအစဉ်ကို ကြည့်နေရင် မင်းပါးစပ်ကို လာဆွဲဖြဲလိမ့်မယ်" ထိုသို့ပြောပြီးနောက် ချင်ဆွေ့က Maybach ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။

ကားတံခါးသည် လီချင်းချင်းရှေ့တွင် ရက်စက်စွာ ပိတ်ကျသွားတော့သည်။

လီချင်းချင်းမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

ချင်ဆွေ့၌ ညီမအရင်းတစ်ယောက်ရှိသော်လည်း နိုင်ငံခြားတွင် ကိုယ့်ကိုယ်ကိုသတ်သေသွားဆိုတာကို သူမ ကောင်းကောင်းသိသည်။

" သူ့ဘဝက ငါ့ထက်သာတာ ဘာရှိလို့လဲ"

ဆေးရုံအခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။

အဘိုးလီကို စောင့်ရှောက်မည့်သူရှိနေပြီဖြစ်၍ လီရှောင်ယာသည်လည်း အတင်းပြန်ပါမည်ဟု မပြောတော့ပေ။ သူမက ရှန်းယွီရှောင်ကို မေးလိုက်သည်။

"အစ်ကို့ကို ပြုစုမယ့်လူရော ရှိလား"

"ရှိတာပေါ့... ဘာဖြစ်လို့လဲ... မင်းက အသက်လည်း သိပ်မကြီးသေးဘဲနဲ့ ငါ့ကို ပြုစုပေးချင်လို့လား" ရှန်းယွီရှောင် ရယ်လိုက်သည်။

လီရှောင်ယာက စိုးရိမ်တကြီးကြည့်ရင်း မေးလာသည်။ "နာနေသေးလားဟင်"

ထိုသို့ကြည့်နေသည်ကို မြင်ရသောအခါ ရှန်းယွီရှောင် စိတ်များ အရည်ပျော်သွားရသည်။ "သက်သာသွားပါပြီ"

သူက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "ဒါနဲ့ နေပါဦး... ချင်ဆွေ့က မင်းကို အနိုင်မကျင့်ဘူးမလား"

"ချင်ဆွေ့ ဟုတ်လား" လီရှောင်ယာက နားမလည်သလို ကြည့်လိုက်သည်။

"အင်း... ခုနက ထွက်သွားတဲ့လူလေ... မင်း သူ့နာမည်ကို မသိဘူးလား"

လီရှောင်ယာက ခေါင်းခါပြလိုက်သည်။ အော်... သူ့နာမည်က ချင်ဆွေ့တဲ့လား။

သူမ အမြန်ပြန်ဖြေလိုက်သည်။ "ဟင့်အင်း... သမီးသူနဲ့ အတူတူမနေပါဘူး... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ဒါပေမဲ့ ဒီနေ့ မှိုသွားခူးပြီးတော့ အတူတူရောင်းခဲ့ကြတယ်"

ဤကိစ္စကို ရှန်းယွီရှောင် သိပြီးဖြစ်သည်။ သူက လက်ကာပြလိုက်ရင်း ပြောလိုက်သည်။

"ရပါတယ်... ကိစ္စမရှိပါဘူး... မှိုတွေ အကုန်ရောင်းထွက်ရဲ့လား... မကုန်လည်း ဘာမှမဖြစ်ဘူး... နောက်တစ်ခါကျရင် ငါလိုက်ခဲ့မယ်..."

"အကုန်ရောင်းထွက်သွားတယ်"

"..." ရှန်းယွီရှောင် စကားသံ တိတ်ဆိတ်သွားသည်။ ခဏကြာမှ အသံပြန်ထွက်လာပြီး "ဘယ်လောက်ရလဲ"

"၃၃၁ ယွမ် ရတယ်"

"မဆိုးဘူးပဲ..." ရှန်းယွီရှောင်၏ ပြိုင်ဆိုင်လိုစိတ်များ ထကြွလာသည်။ "နောက်တစ်ခါကျရင် အဲဒီထက်ပိုရအောင် ငါကူရောင်းပေးမယ်"

လီရှောင်ယာက ခေါင်းငြိမ့်ပြလိုက်ပြီး ပြောသည်။ "သူက မှိုကူရောင်းပေးလို့ ရတဲ့ပိုက်ဆံထဲက သူ့ကို တစ်ဝက်ခွဲပေးရမယ်"

"ဘာကိစ္စ သူ့ကို ပေးရမှာလဲ" ရှန်းယွီရှောင်က မကျေမနပ် ရေရွတ်လိုက်သည်။

လီရှောင်ယာက အဝတ်အိတ်ကလေးထဲမှ ပိုက်ဆံများကို ထုတ်ကာ ၅ ယွမ်တန် တစ်ရွက်ကို ရေတွက်ပြီး ရှန်းယွီရှောင်ကို ပေးလိုက်သည်။ "ရော့... အစ်ကို့ကိုလည်း ခွဲပေးမယ်"

ရှန်းယွီရှောင်၏ မကျေနပ်ချက်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ၅ သန်းတန်ကို ကိုင်ထားရသကဲ့သို့ ၅ ယွမ်တန်လေးကို ကိုင်ထားရင်း သူ ပြုံးလိုက်မိသည်။

"ဘာလုပ်ဖို့လဲ... ငါ့ကို သကြားလုံး ဝယ်စားစေချင်လို့လား"

လီရှောင်ယာ ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"တခြားဟာ ဝယ်စားပါလား သမီးရထားတဲ့ ပန်းပွင့်နီလေးတွေနဲ့ သကြားလုံး လဲလို့ရတယ်"

သူမ ရထားသမျှ ပန်းပွင့်နီလေးတွေ အကုန်လုံးကို သူ့အတွက် သကြားလုံးနဲ့ လဲပေးဖို့ စိတ်ကူးထားတာများလား။

တကယ်တော့ ရှန်းယွီရှောင် သကြားလုံး မကြိုက်ပေ။

ဘာကြောင့်မှန်းမသိ လီရှောင်ယာက သူ့ကို သကြားလုံးကြိုက်သည်ဟု ထင်နေပုံရသည်။

ဘာပဲဖြစ်ဖြစ်... ရှန်းယွီရှောင်၏ စိတ်သည် မိုးပျံပူဖောင်းနှင့် ချည်နှောင်ထားသကဲ့သို့ ကောင်းကင်ပေါ်သို့ လွင့်မြောတက်သွားကာ ကြည်နူးမှုတို့ကို ခံစားလိုက်ရသည်။

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ "လီရှောင်ယာ... နောက်ပိုင်း ငါမရှိတော့ရင် သကြားလုံးတွေကို ဘယ်လိုလုပ်မလဲ"

'ဒါဆိုရင် အစ်ကိုပြန်သွားတဲ့အခါ လိပ်စာထားခဲ့လေ... သမီးစာတိုက်ကနေ သကြားလုံး ပို့ပေးမယ်' ဟု လီရှောင်ယာ ပြောချင်သော်လည်း ပြန်စဉ်းစားလိုက်ပြီး မပြောဖြစ်တော့ပေ။

သူပြန်သွားပြီးရင် သူမကို မေ့သွားလောက်သည်။

"အစားအသောက်တွေ မှာစားကြမယ်... အရသာရှိတာတွေ စားကြတာပေါ့" ရှန်းယွီရှောင်က စိတ်ပူပန်မှုများကို ခါထုတ်လိုက်ပြီး ဖုန်းဖြင့် အစားအသောက်များ မှာတော့သည်။

ထိုရွာစုတ်၌ ဘာမှမရှိပေ။

အခုမှပဲ လီရှောင်ယာကို ကောင်းမွန်တဲ့အရာတွေ မြည်းစမ်းခွင့်ပေးနိုင်တော့သည်။

မကြာခင်မှာပင် ဆေးရုံခန်းထဲသို့ အစားအသောက်များ တသီတတန်း ရောက်ရှိလာသည်။

စားပွဲငယ်လေးပေါ်တွင် အစားအစာများနှင့် ပြည့်နှက်သွားသည်။

"ဒါက ကောက်ညှင်းလုံး... စားဖူးလား... ဒါက အမဲသားဘာဂါ... ဒါက ကန်စွန်းဥနို့လက်ဖက်ရည်... ဒါက သိုးသားနဲ့ငါး ဟော့ပေါ့... ဪ KFC ရော စားမလား... ကလေးတွေက အဲဒါကြိုက်တယ်မလား"

ရှန်းယွီရှောင်က မိတ်ဆက်ပေးနေရင်း လှည့်ကြည့်လိုက်သောအခါ မျက်လုံးအဝိုင်းသားဖြင့် အံ့သြမှင်သက်နေသော လီရှောင်ယာကို တွေ့လိုက်ရသည်။

ရှန်းယွီရှောင် ကျေနပ်သွားသည်။

ဒါက အစပဲရှိသေးသည်။ တကယ်လို့ လီရှောင်ယာသာ မြို့ပေါ်မှာ သူနဲ့အတူလာနေရင် နေ့တိုင်း ဆိုင်ကောင်းကောင်းတွေမှာ လိုက်ကျွေးဦးမည်။ ဒီမြို့နယ်လေးက အစားအစာတွေက သိပ်ပြောပလောက်သည် မဟုတ်သေး‌ေပ။

လီရှောင်ယာမှာ တစ်သက်တာတွင် အကောင်းဆုံးသော စားသောက်ပွဲကြီးကို ကြုံတွေ့လိုက်ရသည်။ မကြားဖူး၊ မမြင်ဖူးသော အစားအစာများစွာကို မြည်းစမ်းလိုက်ရသည်။

"ပြင်ပကမ္ဘာကြီးက သိပ်လှတာပဲနော်"

လီရှောင်ယာ ဗိုက်ကားသွားပြီး ကျေနပ်သွားသည်။

"လာ... သွားတိုက်ကြစို့" ရှန်းယွီရှောင်က သူမကို ပွေ့ချီလိုက်သည်။

ဆေးရုံရေချိုးခန်းမှ ဘေစင်က အနည်းငယ်မြင့်သဖြင့် ရှန်းယွီရှောင်က ခွေးခြေခုံလေး ခံပေးကာ သူမ သွားတိုက်၊ မျက်နှာသစ်နေသည်ကို ဘေးမှ ထိန်းပေးထားသည်။ ပြီးမှ ပြန်ပွေ့ချီလိုက်သည်။

မီးရောင်အောက်တွင် လီရှောင်ယာ၏ မျက်တောင်ရှည်လေးများက တဖျပ်ဖျပ် ခတ်နေသည်။

'ဒီလိုမျိုး ဂရုစိုက်ခံရတာ သိပ်ကောင်းတာပဲ... ဒါပေမဲ့ အမေက ပြောဖူးတယ်... ဒီလောကကြီးထဲက နွေးထွေးမှုတွေကို သံယောဇဉ်မတွယ်မိစေနဲ့တဲ့... အဲဒါဆိုရင် ကိုယ်က အားနည်းသွားပြီး အနိုင်ကျင့်ခံရတတ်တယ်တဲ့'

လီရှောင်ယာ မျက်ရည်စကို သုတ်လိုက်ပြီး စိတ်ထဲတွင် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ 'ဒါက အိပ်မက်ပဲ အိပ်မက်မက်နေတာ. ဒါ အိပ်မက်တစ်ခုပါပဲ...'

လီရှောင်ယာနှင့် ချင်ဆွေ့တို့ ရွာသို့ပြန်မရောက်လာသဖြင့် ရွာလူကြီးက လီရှောင်ယာတို့အိမ်သို့ ရောက်ချလာပြန်သည်။

"ဦးလေးကြီး" ရွာသူကြီးက အဘိုးလီကို နှုတ်ဆက်လိုက်သည်။

အဘိုးလီမှာ ဒီရက်ပိုင်း စိတ်ဓာတ်ကျနေသဖြင့် အရင်လို ယဉ်ကျေးမနေနိုင်တော့ဘဲ ခပ်ပြတ်ပြတ်ပင် မေးလိုက်သည်။ "ဘာကိစ္စလဲ"

ရွာသူကြီးက အနားသို့တိုးကပ်လာပြီး အဘိုးလီကို တိုးတိုးတိတ်တိတ် စကားအချို့ ဆိုလိုက်သည်။

အဘိုးလီ၏ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းခါကာ ပြောလိုက်သည်။ "မလုပ်ဘူး... ငါ မလုပ်နိုင်ဘူး"

ရွာလူကြီး မျက်နှာထား တင်းမာသွားပြီး အော်ပြောလိုက်သည်။ "ရှစ်ရာ ပေးတာတောင် မလုပ်နိုင်ဘူးဆိုတော့ ဦးလေးကြီးက လောဘတက်လာပြီလား"

အဘိုးလီက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။ "ရိုက်ကူးရေးအဖွဲ့က ငါ့ကို တစ်ထောင်ပေးတယ်... ဟို ရှန်းသခင်လေး ဆိုတဲ့ကောင်လေးကလည်း ငါလိုချင်သလောက် ပေးမယ်တဲ့... သူ့အဖေက ဘီလီယံရာချီ ပိုင်တာတဲ့... မင်း ဘီလီယံရာချီဆိုတာ ဘယ်လောက်လဲ သိလား... မင်း ရေတောင်မရေနိုင်တဲ့ ပမာဏကွ"

ရွာသူကြီး စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။ "ပေါက်ကရတွေ... အဲဒီသခင်လေး စကားကို ယုံနေတာလား... သူက ဦးလေးကြီးကို အရူးလုပ်နေတာ... သူတို့ ပြန်လာတာရော မြင်ရလို့လား"

အဘိုးလီ၏ မျက်နှာတွင် တွေဝေသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

ရွာလူကြီးက အခွင့်ကောင်းကို ယူကာ ဆက်ပြောလိုက်သည်။ "ဒီမယ် ဦးလေး ဒီနှစ်တွေမှာ ဦးလေး ဘယ်လောက် ပင်ပန်းခဲ့ရသလဲ... လီရှောင်ယာဆိုတဲ့ ကောင်မလေးက ရိုက်ကူးရေးအဖွဲ့ဆီက ပိုက်ဆံရတာနဲ့ အဒေါ်ကြီးဆီ တန်းပေးလိုက်တာလေ... ဦးလေးကျတော့ တစ်ပြားမှမရဘူး... ဒေါသမထွက်ဘူးလား... ကျွန်တော်ကတော့ ကိုယ်စား ဒေါသထွက်တယ် အဲ့ဒါ‌ေကြာင့် ကျွန်တော် ငါးထောင်ပေးမယ်"

"မရဘူး... တစ်သောင်း"

"ဦးလေး စဉ်းစားကြည့်ဦး... ဒီကိစ္စသာ အောင်မြင်သွားရင် ဟိုဘက်က သောင်းချီပြီး ထပ်ပေးဦးမှာ... အခု ကျွန်တော်ပေးတဲ့ပိုက်ဆံက အသေးအဖွဲပါ... ရေရှည်ကို ကြည့်မှပေါ့..."

အဘိုးလီ၏ မျက်လုံးများ အရောင်တောက်လာသည်။

ခဏအကြာတွင် သူက ခေါင်းကို လေးလေးပင်ပင် ငြိမ့်လိုက်ပြီး ပြောလိုက်သည်။

"မင်းသာ ဒီကိစ္စကို သေချာလုပ်နိုင်ရင် အဲဒီကောင်မလေးက မင်းအတွက် ဆူးငြောင့်ခလုတ် ဖြစ်တော့မှာ မဟုတ်ဘူး”

All Chapters