← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

Chapter 24

ရိုက်ကူးရေးအဖွဲ့သားများသည် ချင်ဆွေ့နှင့် အခြားသူများ မြို့တွင် အချိန်ဆွဲနေမည်ကို စိုးရိမ်သောကြောင့် မနက်အစောကြီး တံခါးလာခေါက်ကြလေသည်။

ချင်ဆွေ့သည်လည်း အတော်ပင် ပူးပေါင်းဆောင်ရွက်မှုရှိပြီး Maybach ကားပေါ်သို့တက်ကာ လီရှောင်ယာအား ဆေးရုံမှသွားခေါ်လေ၏။

လီရှောင်ယာမှာမူ ဤမျှ နူးညံ့အိစက်သော ကုတင်မျိုးပေါ်တွင် တစ်ခါမျှ မအိပ်ဖူးခဲ့သဖြင့် ရိုက်ကူးရေးအဖွဲ့သားများ အခန်းထဲသို့ ဝင်ရောက်လာသည့်တိုင် မျက်လုံးပင်မဖွင့်နိုင်ဘဲ အိပ်ပျော်နေရှာသည်။

လီရှောင်ယာသည် စောင်အပါးလေးကို ပတ်လျက် ထိုင်းမှိုင်းစွာ ထထိုင်လိုက်ရာ အရုပ်လေးတစ်ခုနှယ် ဖြစ်နေတော့သည်။

"ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ"

ရှန်းယွီရှောင်က ဝန်ထမ်းများကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။ ဝန်ထမ်းများက တုံ့ဆိုင်းစွာဖြင့် ဖြေရှင်းချက်ပေးကြသည်။

"အဘိုးလီကို ပြုစုရမယ့်အပြင် အိမ်မှာ ဝက်တွေကြက်တွေလည်း ရှိနေသေးတယ်လေ..."

"ခင်ဗျားတို့ဘာသာ အစာကျွေးလိုက်လို့ မရဘူးလား"

"ကျွန်တော်တို့က သေချာမလုပ်တတ်လို့ပါ"

"ဒါလောက်လေးတောင် မလုပ်နိုင်ကြဘူးလား၊ ကလေးတစ်ယောက်လောက်တောင် အသုံးမကျပါလား"

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဝန်ထမ်းများမှာ ပြန်လည်ငြင်းခုံချင်သော်လည်း စဉ်းစားကြည့်လိုက်သောအခါ ပြန်ပြောစရာစကား မရှိဖြစ်သွားရချေသည်။

အမှန်တကယ်ပင် လီရှောင်ယာက ထိုလူကြီးများထက် ပို၍ အလုပ်တွင်လေ၏။ ထို့ကြောင့် အိမ်တွင် လီရှောင်ယာမရှိလျှင် မဖြစ်ပေ။

"နေဦး၊ လီရှောင်ယာ မျက်နှာသစ် သွားတိုက်တောင် မလုပ်ရသေးဘူး"

ရှန်းယွီရှောင်က နောက်ဆုံးတွင် လိုက်လျောလိုက်သည်။ သူ့ဒဏ်ရာလည်း ကျက်လုနီးပါးဖြစ်နေပြီဖြစ်၍ မကြာခင် အောင်ပွဲခံကာ ပြန်လည်ရောက်ရှိလာပြီး ချင်ဆွေ့ကို မောင်းထုတ်နိုင်တော့မည်ဟု တွေးတောနေမိ၏။

လူတိုင်းက လီရှောင်ယာ မျက်နှာသစ်၊ သွားတိုက်သည်ကို စောင့်ဆိုင်းနေကြပြီးနောက် သခင်လေး ရှန်းယွီရှောင် စိတ်ကူးပေါက်ကာ လီရှောင်ယာအား ဆံပင်စည်းပေးနေသည်ကို ထပ်မံစောင့်ဆိုင်းနေရပြန်သည်။

"နည်းနည်း စောင်းသွားတယ်"

ရှန်းယွီရှောင်က လက်ကိုချလိုက်ရင်း သိပ်ဘဝင်မကျသလို ပြောလိုက်၏။

"ဒါပေမဲ့ တော်တော်လေး နောက်ကျနေပြီ..."

ဝန်ထမ်းများက စိတ်ပူပန်စွာ ပြောလာကြသည်။

"ပြီးရော၊ သွားကြတော့"

ရှန်းယွီရှောင်က ခေါင်းဖြီးကို ဘေးသို့ပစ်လိုက်ပြီး မျက်ဝန်းထဲမှ ရန်လိုမှုများ ပျောက်ကွယ်သွားကာ လီရှောင်ယာကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်လေသည်။

"ငါ ပြန်လာမှာကို စောင့်နေနော်"

လီရှောင်ယာ ခေါင်းညိတ်ပြပြီး ဆေးရုံခန်းထဲမှ ထွက်ခွာသွားလေသည်။

ချင်ဆွေ့သည် စင်္ကြံလမ်း၌ စောင့်ဆိုင်းနေ၏။ ဝန်ထမ်းများက သူ့ကို ကျေးဇူးတင်စကား ပြောနေကြသည်။

"နားလည်ပေးလို့ ကျေးဇူးပါပဲ သခင်လေးချင်"

အကယ်၍ ချင်ဆွေ့သာ အခန်းထဲဝင်ပြီး လီရှောင်ယာကို ခေါ်ထုတ်သွားမည်ဆိုပါက ရှန်းယွီရှောင်၏ ဒေါသကို ချက်ချင်း ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။ ချင်ဆွေ့က အပြင်၌သာ စောင့်ဆိုင်းပေးရန် ဆန္ဒရှိခဲ့သဖြင့် ရှန်းယွီရှောင်မှာ ပို၍ သဘောပေါက်လွယ်သွားခြင်း ဖြစ်ပေသည်။

Maybach ကားကို စက်နှိုးလိုက်ပြီး မြို့ဆေးရုံမှ တရွေ့ရွေ့ မောင်းထွက်သွားလေ၏။

ကားပေါ်တွင် ထိုင်လိုက်သည်နှင့် လီရှောင်ယာသည် ပိုက်ဆံအချို့ကို ထုတ်ကာ ချင်ဆွေ့အား ရေတွက်ပေးလိုက်သည်။ ချင်ဆွေ့မှာ ဤမျှ ကြေမွနေသော ငွေစက္ကူများကို တစ်ခါမျှ မကိုင်တွယ်ဖူးပေ။ သူက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"မင်းဘာသာပဲ သိမ်းထားလိုက်ပါ"

"မရပါဘူး"

လီရှောင်ယာက အတင်းငြင်းဆန်ပြီး ပိုက်ဆံများကို သူ့လက်ထဲ ထိုးထည့်ကာ တိုးတိုးလေး ပြောရှာသည်။

"အခု ဒီပိုက်ဆံယူပြီး ကိုယ့်ဘာသာ ထမင်းဝယ်စားလို့ ရပြီလေ"

ချင်ဆွေ့ တစ်ယောက် စကားမပြောနိုင် ဖြစ်သွားရသည်။ ဒီစကားသံကို ထောက်ရှုရလျှင် လီရှောင်ယာက သူ့ကိစ္စကို တာဝန်မယူချင်တော့ဘဲ သူ့စားစရိတ်သူ ရှင်းစေချင်သည့် သဘောဖြစ်နေသည် မဟုတ်လား။ ဒီကောင်မလေး၏ စိတ်ကိုအပိုင်ရရန်မှာ အတော်ပင် ခက်ခဲလှချေသည်။

Maybach ကား လီမိသားစုကျေးရွာသို့ ပြန်ရောက်လာပြီး ရွာအဝင်သို့ ရောက်သည်နှင့် လူတစ်ယောက်က လက်ကို ဝှေ့ယမ်းကာ ကားကိုတားရင်း အော်ဟစ်လိုက်သည်။

"လီရှောင်ယာ... လီရှောင်ယာ"

"သမီးကို တစ်ယောက်ယောက် ခေါ်နေတယ်"

လီရှောင်ယာက ကားပြတင်းပေါက်ကို ကပ်ကြည့်လိုက်၏။

ချင်ဆွေ့က မြင်သည်နှင့် လက်လှမ်းကာ မှန်ချပေးလိုက်သည်။ လီရှောင်ယာက သူ့ကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောလေသည်။

"ကျေးဇူးပါ"

ယာဉ်မောင်းက ကားအရှိန်လျှော့ပေးလိုက်ရာ လမ်းပိတ်တားထားသူက အပြေးအလွှား ရောက်လာပြီး ပြောလိုက်သည်။

"လီရှောင်ယာ... နင့်အဘိုးက နင့်ကို အဒေါ်ကြီးအိမ် သွားခိုင်းလိုက်တယ်"

"ဘာကိစ္စမို့လို့လဲ"

ဤမေးခွန်းကို မေးလိုက်သူမှာ ချင်ဆွေ့ပင် ဖြစ်သည်။

ထိုလူက ခဏမျှ တုံ့ဆိုင်းသွားပြီး ချင်ဆွေ့ကို သတိထားကြည့်ကာ ပြောလာ၏။

"သူ့အဘိုးပြောတာတော့ ပစ္စည်းတစ်ခု သွားယူခိုင်းတာတဲ့၊ လီရှောင်ယာအမေရဲ့ ပစ္စည်းလို့တော့ ပြောတာပဲ"

"အမေရဲ့ ပစ္စည်းတဲ့လား"

လီရှောင်ယာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပျော်ရွှင်စွာ လက်ခံလိုက်သည်။

"ဟုတ်ကဲ့၊ သမီးသွားလိုက်မယ်"

ချင်ဆွေ့က လီရှောင်ယာ၏ လက်မောင်းကို ဆွဲထားပြီး မေးလိုက်သည်။

"ဘယ်သူ့အိမ်ကို သွားမှာလဲ"

ဒေသသုံးလေသံ ဝဲလွန်းနေသဖြင့် ချင်ဆွေ့ ကောင်းကောင်း မကြားလိုက်ရပေ။

"အဒေါ်ကြီးအိမ်ပါ"

"ဘယ်လောက် ဝေးလဲ"

"လမ်းလျှောက်ရင် လေးနာရီလောက် ကြာတယ်"

လီရှောင်ယာက လက်ချောင်းလေးများကို ရေတွက်ရင်း ပြန်ဖြေသည်။

ချင်ဆွေ့က သူမ၏ သေးငယ်လှသော လက်တံခြေတံများကို ငုံ့ကြည့်လိုက်မိသည်။

"လမ်းလျှောက်ရင် လေးနာရီကျော်တယ်ဟုတ်လား"

"အင်း"

လီရှောင်ယာက ခေါင်းကို တွင်တွင်ညိတ်ပြပြီး သူ့ကို မျှော်လင့်တကြီး ကြည့်လာသည်။

"သမီး ဆင်းချင်လို့ ကားတံခါး ဖွင့်ပေးပါလားဟင်"

လီရှောင်ယာသည် ခါးပတ်ဖြုတ်နည်းနှင့် ကားတံခါးဖွင့်နည်းကို မသိရှာပေ။

ချင်ဆွေ့က ကူညီရန် မလုပ်ဘဲ ယာဉ်မောင်းကို လှမ်းပြောလိုက်သည်။

"သူ့ကို လိုက်ပို့ပေးလိုက်ပါ"

ယာဉ်မောင်းက သဘောတူရန် ပြင်လိုက်စဉ် ရှေ့ခန်းမှ တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်၏။ အစီအစဉ်အတွက် ပါဝင်မှု လိုအပ်ပြီး ရိုက်ကူးရေးအဖွဲ့က အရာအားလုံး ကူညီပေး၍ မရပေ။

ချင်ဆွေ့က သူတို့၏ တုံ့ဆိုင်းနေမှုကို သတိပြုမိလိုက်သည်။

"ပွိုင့်တွေနဲ့ လဲမယ်လေ"

ဝန်ထမ်းက လှည့်ကြည့်ကာ ပြုံးစိစိဖြင့် ပြောလာသည်။

"ပွိုင့်တွေက ကုန်သွားပြီလေ"

ချင်ဆွေ့ ရောက်နေသည်မှာ ရက်ပိုင်းသာ ရှိသေးသဖြင့် ပွိုင့်မလောက်ငှသည်မှာ ဖြစ်နိုင်ပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် လီရှောင်ယာအတွက် ကားတံခါးကို ကုန်း၍ ဖွင့်ပေးလိုက်သည်။

"သခင်လေးချင်... သူ့နောက် လိုက်မသွားဘူးလား"

"ပွိုင့်ထပ်ရှာဖို့ ပြန်လိုက်ဦးမယ်"

သူတို့ စကားပြောနေစဉ်မှာပင် လီရှောင်ယာသည် ကားပေါ်မှ ခုန်ဆင်းသွားပြီး အခြားလမ်းတစ်ခုအတိုင်း လျှောက်သွားလေပြီ။

သူမ၏ ပုံရိပ်သည် ကင်မရာမြင်ကွင်းထဲတွင် တဖြည်းဖြည်း သေးငယ်သွားတော့သည်။

[လေးနာရီကျော် လမ်းလျှောက်ရမယ် တွေးမိရုံနဲ့တင် ခြေထောက်တွေ ကိုက်လာပြီ]

[လီရှောင်ယာလေးက သနားဖို့ကောင်းလိုက်တာ]

[ချင်ဆွေ့ကိုတောင် ပိုက်ဆံခွဲပေးနေသေးတယ်၊ တကယ် စိတ်သဘောထား ပြည့်ဝတာပဲ]

[ကင်မရာသမားက လိုက်မသွားဘူးလား]

ပရိသတ်များက မေးခွန်းထုတ်လာကြသော်လည်း ဤအစီအစဉ်၏ မူလဇာတ်လိုက်များမှာ ရှန်းယွီရှောင်နှင့် လီချင်းချင်းသာ ဖြစ်ကြောင်း ပြန်လည်သတိရသွားကြသည်။ ယခု ချင်ဆွေ့ကို မတတ်သာ၍ ထည့်သွင်းထားရခြင်း ဖြစ်၏။ လီရှောင်ယာမှာမူ အစီအစဉ်နှင့် ဘာမျှမသက်ဆိုင်ဘဲ ရှန်းယွီရှောင်၏ တောင်းဆိုမှုကြောင့်သာ ပါလာရခြင်း ဖြစ်ပေသည်။

[လီရှောင်ယာ ပြန်လာမှာကိုပဲ စောင့်ကြတာပေါ့]

[+1 ချင်ဆွေ့က အဲဒီကလေးမလေးနဲ့ အတူရှိနေရင် ဒုက္ခရောက်နေတာ ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်]

အစီအစဉ်၏ ဦးတည်ချက်မှာ တိတ်တဆိတ် ပြောင်းလဲလာခဲ့ချေပြီ။

အမှုဆောင် ထုတ်လုပ်သူသည် အွန်လိုင်းမှ သဘောထားများကို စောင့်ကြည့်နေရင်း ဤသို့ဖြစ်လာမည်မှန်း သိခဲ့လျှင် လူချိန်းစရာပင် လိုမည်မထင်ဟု တွေးနေမိသည်။ သို့သော် ယခုအခါတွင်မူ မတူညီသော အစီအစဉ်၏ သက်ရောက်မှုကို တွေ့ရှိခဲ့ရပြီ ဖြစ်၏။

ထိုအချိန်တွင် လက်ထောက်ထုတ်လုပ်သူ ရောက်ရှိလာပြီး တိုးတိုးကပ်မေးလေသည်။

"ကင်မရာသမားကို လွှတ်ပြီး လိုက်ရိုက်ခိုင်းလိုက်ရမလား"

အမှုဆောင် ထုတ်လုပ်သူက လက်ကာပြလိုက်သည်။

"သူတို့ လီရှောင်ယာကို သနားနေပါစေဦး၊ အဲဒါလည်း ကောင်းတာပဲ"

လက်ထောက်ထုတ်လုပ်သူက တုံ့ဆိုင်းစွာဖြင့် မေးပြန်သည်။

"အရင်က လီရှောင်ယာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက... အတုတွေများလား"

"ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ ဒါ ငါတို့ကိစ္စ မဟုတ်ဘူးလေ"

"နောက်ပိုင်း သခင်လေးရှန်းကသာ လီရှောင်ယာဘက်ကနေ နာမည်ပြန်ဆယ်ပေးလိုက်ရင်..."

လက်ထောက်ထုတ်လုပ်သူက စကားကို ခေတ္တရပ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားလေသည်။

"အဲဒါဆို အစီအစဉ်က ပိုပြီး ဒရမ်မာဆန်သွားမှာပေါ့၊."

အမှုဆောင် ထုတ်လုပ်သူက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"မင်း တော်လိုက်တာကွာ"

လက်ထောက်ထုတ်လုပ်သူက လီရှောင်ယာကိစ္စကို ထပ်မဟတော့ပေ။

လီရှောင်ယာ အတော်လေးဝေးအောင် လျှောက်လာပြီးမှ ကြက်နှင့် ဝက်များကို အစာကျွေးရန် မှာခဲ့ဖို့ မေ့သွားသည်ကို သတိရလိုက်သည်။ သို့သော် တစ်နပ်လောက်သာဆိုလျှင် ကိစ္စမရှိလောက်ပေ... မိုးမချုပ်ခင် ပြန်ရောက်နိုင်လောက်မည်ဟု တွေးလိုက်မိသည်။

လီရှောင်ယာ ခြေလှမ်းများကို သွက်လိုက်၏။

ဘေးအဒေါ်ကြီးအိမ်သို့ သွားရာလမ်းမှာ မြေသားလမ်းများသာ ဖြစ်သည်။ လီရှောင်ယာ ရောက်သွားချိန်တွင် သူမ၏ ဖိနပ်နှင့် အဝတ်အစားများမှာ ရွှံ့များ ပေကျံနေချေပြီ။

သူမသည် သံတံခါးကြီးကို တွန်းဖွင့်၍ ခြံဝင်းထဲသို့ ဝင်လိုက်သည်။ ခြံဝင်းကို ဘိလပ်မြေ ခင်းထားသဖြင့် လီရှောင်ယာမှာ နင်းရမည်ကိုပင် တွန့်ဆုတ်နေမိ၏။ ဘေးအဒေါ်ကြီး စိတ်ဆိုးပြီး အမေ၏ ပစ္စည်းများကို မပေးလိုက်မည်ကို စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။

"ဘဲပေါက်စလေး ရောက်လာပြီလား"

ဒီနေ့တွင် ဘေးအဒေါ်ကြီးမှာ ထူးထူးခြားခြား ဖော်ရွေနေပြီး ထွက်လာကာ သူမလက်ကို ဆွဲလေသည်။

"လာ... အထဲဝင်ပြီး စကားပြောကြတာပေါ့"

လီရှောင်ယာ အိမ်ထဲသို့ ပါသွားသော်လည်း အခန်းမှာ အမှောင်ကျနေသည်ကို တွေ့လိုက်ရသည်။

ဘေးအဒေါ်ကြီးက တံခါးပိတ်လိုက်ပြီး နံရံပေါ်မှ မီးခလုတ်ကြိုးကို စမ်းကာ ဆွဲဖွင့်လိုက်၏။ မီးလုံးဝါ ကျိုးတို့ကျဲတဲ လင်းလာပြီး စူးရှသောအလင်းရောင်ကြောင့် မျက်စိပင် ကျိန်းသွားရသည်။

လီရှောင်ယာ မျက်တောင်အကြိမ်ကြိမ် ခတ်ပြီး မျက်လုံး အသားကျသွားသောအခါ ဧည့်ခန်းထဲတွင် ထိုင်နေသူကို သေချာမြင်လိုက်ရတော့သည်။

ကြောက်လွန်းသဖြင့် သူမ၏ ဦးရေပြားများ ထုံကျဉ်သွားပြီး ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း ဘေးအဒေါ်ကြီးက သူမကို ပွေ့ဖက်ထားလိုက်သည်။ ခြေထောက်များ မြေကြီးနှင့် လွတ်သွားကာ လီရှောင်ယာမှာ ရုန်းကန်၍ မရတော့ပေ။

"ကလေးမ... ဘာလို့ ပြေးနေတာလဲ၊ နင့်ဝမ်းကွဲဦးလေးတို့ မိသားစုနဲ့ မတွေ့ရတာတောင် ကြာပြီကို"

နှစ်သစ်ကူးတိုင်း လီရှောင်ယာသည် ဤဆွေမျိုး ဝမ်းကွဲဦးလေးနှင့် ဆုံတွေ့ရလေ့ရှိသည်။

ထိုစဉ်က သူသည် နွေးထွေးစွာ ပြုံးပြပြီး သူမခေါင်းကိုပုတ်ကာ အနီရောင်စာအိတ် ပေးရင်း ပြောတတ်သည်။

"ဦးလေးနဲ့အတူ ကောင်းကောင်းမွန်မွန် လိုက်နေမလား"

ထိုစဉ်က လီရှောင်ယာသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။

နောက်ပိုင်းတွင် ရွာထဲမှ ကလေးများက သူမကို ဝိုင်း၍ လက်ညှိုးထိုး ရယ်မောကြတော့သည်။

"ဟေး... ဟေး... လီရှောင်ယာကို သူ့အဘိုးက ရောင်းစားတော့မယ်တဲ့၊ ခြေမသန်တဲ့လူဆီမှာ မယားငယ်လုပ်ဖို့ ရောင်းစားတော့မှာတဲ့"

လီရှောင်ယာ ကြောက်လန့်တကြားဖြင့် ဆရာမကို တိုင်ပြောခဲ့သည်။

နောက်တစ်နေ့တွင် ဝမ်းကွဲဦးလေး ပြန်ရောက်လာပြီး ဒေါသတကြီးဖြင့် သူမကို ဆူပူကြိမ်းမောင်းလေတော့၏။

"နင့်ရဲ့ မြို့ကလာတဲ့ ဆရာမဆိုတာ ဒီအစီအစဉ်အတွက် ခဏလာတာ၊ နားလည်လား... နှစ်နှစ်လောက်နေရင် ပြန်သွားတော့မှာ၊ နင့်ကို ဘယ်သူကမှ တစ်သက်လုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ မှတ်ထား"

ထိုသို့ ပြောပြီးနောက် သူမပါးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ရိုက်ချက်ပြင်းလွန်းသဖြင့် နားထဲတွင် အူသွားခဲ့ရ၏။

နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာသည်။

သူမ မတ်တတ်ရပ်လျက် အဘိုး ဟု အော်ခေါ်ခဲ့သော်လည်း အဘိုးလီက တံခါးဘောင်ကို မှီကာ ဆေးတံသောက်ရင်း သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

"ရှောင်ယာရယ်... အဘိုးတစ်ယောက်တည်း မင်းကိုပျိုးထောင်ရတာ မလွယ်ဘူးလေ."

ထိုအချိန်နောက်ပိုင်း လီရှောင်ယာလေးကသာ အဘိုးလီကို ပြန်လည်ပြုစု စောင့်ရှောက်ခဲ့ရသည်။

ဝမ်းကွဲဦးလေးလည်း တစ်ခါမျှ ပြန်ပေါ်မလာတော့ပေ။

ကြာလှပြီဖြစ်၍ လီရှောင်ယာ သူ့ကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။

ယခုအချိန်အထိပင်။

ပါးရိုက်ခံခဲ့ရသော အမှတ်တရများ ပြန်လည်ဝင်ရောက်လာပြီး လီရှောင်ယာ၏ ခေါင်းထဲတွင် တဝီဝီ မြည်လာပြန်သည်။

သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြောလိုက်သည်။

"သမီး အိမ်ပြန်ချင်တယ်"

ဝမ်းကွဲဦးလေးက ထလာပြီး အဒေါ်ကြီး လက်ထဲမှ သူမကို လွှဲပြောင်းယူလိုက်သည်။ သူက ပြုံးလိုက်ရာ မျက်လုံးအရေးအကြောင်းများ ပေါ်လာပြီး တစ်ချက်ကြည့်လျှင် သဘောကောင်းသော လူကြီးတစ်ယောက်အသွင် ပေါက်နေလေ၏။

"ဘာအိမ်လဲ... ဦးလေးနဲ့အတူ မြို့ပေါ်တက်ပြီး နေရတော့မှာ၊ အပြင်မှာ ကားစောင့်နေတယ်"

လီရှောင်ယာ မတုန်ယင်မိအောင် ကြိုးစားထိန်းချုပ်လိုက်ပြီး အသံကို မြှင့်လိုက်သည်။

"သမီး အိမ်ပြန်ချင်တယ်... အိမ်ပြန်မရောက်ရင် သမီးကို လာရှာမယ့်လူတွေ ရှိတယ်နော်”

All Chapters