← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

Chapter 27

"သူ ပြန်သွားပါပြီ.. မနေ့က နေ့လယ်စာစားပြီးတာနဲ့ ပြန်သွားတာ" ဟု အဒေါ်ကြီး ပေါင်ကိုပုတ်ကာ ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ.. သူ ပျောက်နေလို့လား.. သူက အဲ့ဒီလို ပျောက်ပျောက်သွားနေကျပဲဥစ္စာ.. တောင်ပေါ်တက်ပြီး မှိုခူးနေတာ ဖြစ်မှာပေါ့.. စိတ်မပူကြပါနဲ့"

ချင်ဆွေ့က တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းအနည်းငယ်ညိတ်ကာ ပြောလိုက်၏။

"သူ လိမ်နေတာ"

"တောင်ပေါ်မှာ သွားရှာကြည့်ရအောင်လေ" ဟု ပြောရန်ပြင်နေသော ဝန်ထမ်း၏ စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့သွားတော့သည်။

ဘယ်လို

လိမ်နေတာ ဟုတ်လား..

"သခင်လေးချင်က ဘယ်လိုသိတာလဲ" ဝန်ထမ်းမှာ ကြောင်အမ်းအမ်းဖြင့် မေးလိုက်မိသည်။

အဒေါ်ကြီးမှာ တီဗီဇာတ်လမ်းတွဲများ မကြာခဏ ကြည့်လေ့ရှိသဖြင့် မန်ဒရင်စကားကို ကောင်းကောင်း နားလည်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူမ ဒေါသထွက်သွားပြီး ချင်ဆွေ့ကို လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။ "ပေါက်ကရတွေ.. နင် ဒီမှာ လာလိမ်‌ေနတာလား.. နင်"

အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း သက်တော်စောင့်နှစ်ဦး ရှေ့ထွက်လာပြီး အဒေါ်ကြီးကို ပိတ်ရပ်လိုက်ကြ၏။

ထိုအခါမှ အဒေါ်ကြီးမှာ ယခုရောက်ရှိနေသော လူငယ်လေးသည် သာမန်လူမဟုတ်မှန်း သတိထားမိသွားတော့သည်။

သူမ ခြေလှမ်းဝက်ခန့် နောက်ဆုတ်လိုက်ပြီး အနည်းငယ် ကြောက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ "နင်တို့ မယုံရင် အိမ်ထဲဝင်ရှာကြည့်ကြလေ.. ငါက လီရှောင်ယာကို ဝှက်ထားစရာ အကြောင်းမှ မရှိတာ.. အဲ့ဒီကလေးက တောင်ပေါ်လမ်းတွေမှာ တစ်ယောက်တည်း လျှောက်သွားတတ်တာ.. ဝံပုလွေတွေ ဆွဲသွားတာလား ဝက်ဝံတွေ စားသွားတာလား ဘယ်သူသိမှာလဲ.."

ထိုစကားကို ကြားရသောအခါ ဝန်ထမ်းများပင် စိတ်ထဲ မခံမရပ်နိုင် ဖြစ်သွားကြသည်။

ကောမန့်များလည်း ဆဲဆိုသံများဖြင့် ပြည့်နှက်သွားတော့သည်။

[ဟ ဒါကို လူကြီးတစ်ယောက်လို့ ခေါ်ရမှာလား]

[ဘာ.. လီရှောင်ယာ သေသွားရင် ကောင်းမယ်လို့ မျှော်လင့်နေတာလား]

[ဒါ ဘယ်လိုလူစားတွေလဲ.. ဒေါသထွက်လိုက်တာ]

ဤအချိန်၌ လူတိုင်းလိုလို လီချင်းချင်းကို မေ့လျော့နေကြပြီး ကြည့်ရှုသူအားလုံး၏ စိတ်ခံစားချက်မှာ လီရှောင်ယာတစ်ယောက်တည်းအပေါ်၌သာ ရောက်ရှိနေကြလေသည်။

ထိုကဲ့သို့ ဆင်းရဲနွမ်းပါးသော ဒေသမှ လူများတွင် ထူးခြားချက်တစ်ခု ရှိကြသည်။

သင်က သူတို့ကို သင် ဘယ်လောက်အရေးပါတယ်၊ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ပြောပြရင်လည်း သူတို့ နားလည်ကြမည် မဟုတ်ပေ။

သို့သော် ရွာသူကြီး သို့မဟုတ် ဒေသခံ ရဲစခန်းမှ ဝန်ထမ်းများ သူတို့ရှေ့ရောက်လာပြီဆိုလျှင်တော့ သူတို့ ကြောက်လန့်သွားတတ်ကြသည်။

ကွက်တိပင် ရဲကားဥသြသံများ နီးကပ်လာခဲ့သည်။

ထိုကားသည် Maybach နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျသော်လည်း တံခါးပွင့်လာပြီး ယူနီဖောင်းဝတ် ရဲအရာရှိအချို့ ဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ အဒေါ်ကြီး၏ ခြေထောက်များ ပျော့ခွေသွားပြီး ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

သွားပြီ သွားပြီ အရာအားလုံးတော့ သွားပြီဟု သူမ အမှန်တကယ် ခံစားလိုက်ရသည်။

"ဒီလောက်ကိစ္စလေးကို ဘာလို့ ရဲခေါ်ရတာလဲ" သူမ၏ နှုတ်ခမ်းများ တုန်ရီလျက် မေးလိုက်မိ၏။

ဒါက အစပဲရှိသေးကြောင်း သူမ မသိရှာပေ။

ဒေသခံရဲများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဘွားဝမ်းကွဲ၏ အိမ်ကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြသော်လည်း လီရှောင်ယာ၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

ဝန်ထမ်းတစ်ဦးက မေးလိုက်သည်။ "ဒါ နားလည်မှုလွဲတာများ ဖြစ်နေမလား.. လီရှောင်ယာက ပြန်သွားပြီးမှ ပျောက်သွားတာများလား"

ချင်ဆွေ့က အဒေါ်ကြီးကို ညွှန်ပြကာ မေးလိုက်သည်။ "သူ့သားနဲ့သမီးက မြို့ပေါ်မှာ နေတာမလား"

"ဟုတ်ပါတယ်" ဒေသခံလမ်းပြက ခေါင်းညိတ်ဖြေလိုက်သည်။

"သူ မနေ့က လက်ဖက်ရည် ဖျော်ထားတယ်.. ဖန်ခွက် ၃ ခွက်တောင်ပဲ.. ဘေစင်ထဲမှာ မဆေးရသေးဘူး.. ရိုးရိုးလက်ဖက်ခြောက် မဟုတ်ဘဲ နံရံပေါ်က လက်ဖက်ခြောက်ကောင်းတွေ သုံးထားတာ.. ဧည့်သည်လာတာ သေချာတယ်.. ပြီးတော့ သူ့အတွက် အရေးကြီးတဲ့ ဧည့်သည် ၃ ယောက် ဖြစ်လိမ့်မယ်" ချင်ဆွေ့က လျင်မြန်သွက်လက်စွာ ပြောလိုက်၏။

ထိုစကားကြောင့် ကောမန့်ကဏ္ဍတွင် အာမေဋိတ်သံများ ပေါက်ကွဲသွားရုံသာမက..

အခင်းဖြစ်ပွားရာနေရာရှိ လူများကိုလည်း သူ့အား နောက်တစ်ကြိမ် ပြန်လည်အကဲခတ်သွားစေသည်။

"မင်း ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဘက်မှာဆိုရင် အရမ်းတော်မှာပဲ"

ချင်ဆွေ့၏ သဲလွန်စစကားကြောင့် အဒေါ်ကြီးကို မေးမြန်းရန်အတွက် တရားဝင် ခေါ်ဆောင်သွားကြတော့သည်။

"မလိုက်ဘူး.. မလိုက်ဘူး.. ငါ မလိုက်ဘူး.. နင်တို့ အပြစ်ကင်းတဲ့လူကို စွပ်စွဲနေတာ.." အဘွားဝမ်းကွဲမှာ ချွေးစေးများပြန်လျက် ရဲကားတံခါးကို အတင်းဖက်တွယ်ကာ ငိုယိုအော်ဟစ် ငြင်းဆန်နေတော့သည်။ ယခင်နေ့က သူမ၏ မောက်မာမှုများ ဘယ်ရောက်ကုန်ပြီနည်း။

ထိုအချိန်၌..

ရှန်းယွီရှောင်သည် ပြည်နယ်အစိုးရပိုင် ကားတစ်စီးပေါ်သို့ တက်လိုက်ပြီး လီမိသားစုရွာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

သူနှင့်အတူ ပါလာသော အဖွဲ့မှာလည်း အတော်ပင် အထင်ကြီးဖွယ်ရာ ဖြစ်၏။

"ကလေးလူကုန်ကူးမှုတွေက ဘယ်လောက်ပဲ တားမြစ်ပိတ်ပင်နေပါစေ ဆက်ရှိနေတုန်းပဲ.. တကယ့်ကို ယုတ်မာပက်စက်လွန်းတယ်" ရှန်းယွီရှောင်ဘေးတွင် ထိုင်လိုက်လာသော အမျိုးသားက တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေါ့" ရှေ့ခန်းမှ လိုက်ပါလာသူကလည်း မျက်မှောင်ကြုတ်လျက် ထောက်ခံလေသည်။ "အထူးသဖြင့် ကျွန်တော်တို့လို ဆင်းရဲပြီး ခေတ်မမီတဲ့ နေရာတွေမှာ ကလေးတွေ ပြန်ပေးဆွဲခံရပြီး စီးပွားရေးကောင်းတဲ့ ဒေသတွေကို ရောင်းစားခံရတာတွေ အမြဲလိုလို ဖြစ်နေတာ.. အမှုမပေါ်တဲ့ ကိစ္စတွေ ကြုံရတိုင်း ရင်ထဲမကောင်းလိုက်တာဗျာ"

ရှန်းယွီရှောင် ကြားရလေလေ ပို၍ နေမထိထိုင်မသာ ဖြစ်လာလေလေပင်။ တစ်ရက်နှင့်တစ်ည ကြာမြင့်သွားပြီဖြစ်ရာ လီရှောင်ယာတစ်ယောက် ဘယ်ဒေသသို့ ရောင်းစားခံလိုက်ရပြီလဲ မသိနိုင်ပေ။

ဒီလို ဆင်းရဲတဲ့နေရာမျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုကိုလိုအပ်နေတာ.. သေချာပေါက် ရင်းနှီးမြှုပ်နှံရမယ်။

လမ်းတွေ ပိုကောင်းအောင် ဖောက်လုပ်ရမယ်.. စောင့်ကြည့်ကင်မရာတွေ ပိုတပ်ဆင်ရမယ်.. ဒေသခံတွေ အလုပ်အကိုင်ရရှိမှုနှုန်းကို မြှင့်တင်ပေးရမယ်.. ဒါမှသာ ရာဇဝတ်မှုတွေ လျော့ကျသွားမှာ..

ရှန်းယွီရှောင်၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ရုတ်တရက် ဝင်ရောက်လာပြီး သူ့ရင်ဘတ်ထဲတွင် မည်သို့မျှ ထုတ်ဖော်မရနိုင်သော မီးတောက်များ ပြည့်နှက်နေသကဲ့သို့ ပူလောင်လာရသည်။

ယာဉ်တန်းကြီးသည် လီမိသားစုရွာ တည်ရှိရာ မြို့နယ်လေးထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသော မြို့နယ်လေးမှာ ရုတ်ချည်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

သူတို့သည် ဘာတွေဖြစ်နေလဲဆိုတာ ဆွေးနွေးရင်း ကားပေါ်တွင် ပါလာသူများကို သိလိုစိတ်ဖြင့် လည်ပင်းရှည်ကြီးများ လုပ်ကာ လှမ်းကြည့်နေကြသည်။

"ကြားတာတော့ ကလေးကုန်ကူးတဲ့သူတွေကို လာဖမ်းတာတဲ့"

"ကောင်းတာပေါ့"

လမ်းပေါ်တွင် လမ်းလျှောက်နေသော ဦးလေးလီသည်လည်း ထိုစကားများကို ကြားလိုက်ရ၏။

သို့သော် သူ လုံးဝ ဂရုမစိုက်ပေ။

ကလေးကုန်ကူးသူတွေကို ဖမ်းတာက သူနဲ့မှ မဆိုင်တာ။

သူ နည်းနည်းတော့ စိတ်ရှုပ်နေမိသည်။

အဘယ့်ကြောင့်ဆိုသော် သူ့မိန်းမက ဖုန်းဆက်ပြီး လီရှောင်ယာ နေမကောင်းဖြစ်နေကြောင်း၊ အဖျား ၃၈ ဒီဂရီလောက်ထိ တက်နေပြီး အန်လည်းအန်၊ မျက်နှာလည်း ဖြူဖျော့နေကြောင်း၊ ဆေးရုံပို့မှ ရမည်ဖြစ်ကြောင်း လှမ်းပြောသောကြောင့်ပင်။

အဘိုးလီ ပြောပြဖူးသော လီရှောင်ယာအကြောင်းကို ပြန်တွေးမိပြီး ဦးလေးလီ၏ ပထမဆုံး တုံ့ပြန်မှုမှာ - ဒါ ဉာဏ်ဆင်တာပဲ ဟူ၍ ဖြစ်သည်။

အဲ့ဒီကလေးက အရမ်းလည်တာ.. ပြီးတော့ အတော်လည်း သည်းခံနိုင်စွမ်း ရှိတယ်။

ကလေးဆေးရုံ ရောက်သွားတာနဲ့ အခွင့်ကောင်းချောင်းပြီး ထွက်ပြေးမှာ သေချာတယ်..

ဒါပေမဲ့ ဆေးရုံမပို့ပြန်ရင်လည်း တကယ်ကြီး အဖျားတက်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။

စိတ်ရှုပ်လိုက်တာ!

တကယ့်ကို စိတ်ရှုပ်စရာပဲ!

ဦးလေးလီက မည်းမှောင်နေသော မျက်နှာထားဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သိပ်မဝေးခင်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ကို တားလိုက်၏။

သေချာကြည့်လိုက်တော့မှ ယမန်နေ့ညက သူ့ကို ဆေးလိပ် မီးညှိပေးဖို့ ကြိုးစားခဲ့သည့် အမျိုးသားဖြစ်နေမှန်း သိလိုက်ရသည်။

"မင်္ဂလာပါ မင်္ဂလာပါ.. ကျွန်တော့်နာမည်က သုန့်သဝေ ပါ"

"သွားစမ်း"

သုန့်သဝေ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ။

"ခင်ဗျားက ဟိုကောင်မလေးနဲ့ ဘာတော်လဲ" သုန့်သဝေက လက်မလျှော့ဘဲ ဦးလေးလီ၏ လက်မောင်းကို လှမ်းဆွဲကာ မေးလိုက်သည်။

ဦးလေးလီ ရင်ထဲထိတ်ခနဲ ဖြစ်သွားသော်လည်း မျက်နှာထားကို ပြောင်းလိုက်ပြီး ပြောလိုက်၏။ "ဦးလေးတော်တယ်"

"ဪ.. ဪ.. အစ်ကိုကြီးရယ်.. တကယ်တော့ ကျွန်တော်က ခင်ဗျားအကူအညီနဲ့ သခင်လေးချင်နဲ့ မိတ်ဆက်ချင်လို့ပါဗျာ"

"သခင်လေးချင်?" အဲ့ဒါ ဘယ်သူတုန်း။ ဦးလေးလီက နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ဒီလူ စိတ်များမမှန်ဘူးလားဟု တွေးလိုက်မိ၏။

သုန့်သဝေက တစ်ဖက်လူ သခင်လေးချင်ကို မသိမှန်း ရိပ်မိသွားသည်။

ဒါဆို သူ ဘာလုပ်လို့ရတော့မှာလဲ။

"ခင်ဗျား တူမလေးကို ကျွန်တော် ကြည့်လို့ရမလား"

"ခင်ဗျား ရူးနေလား! ဘာကိစ္စ ကြည့်ချင်ရတာလဲ.. ခင်ဗျားက ကလေးလူကုန်ကူးတဲ့ကောင်လား" ဦးလေးလီက ဆဲဆိုကြိမ်းမောင်းပြီး အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

လီရှောင်ယာ တကယ်ပင် နေမကောင်းဖြစ်နေသည်။

သူမ၏ နှုတ်ခမ်းများမှာ သွေးဆုတ်ဖြူဖျော့နေပြီး တိုးညှင်းစွာဖြင့် "အမေ.. အမေ.." ဟုသာ တတွတ်တွတ် ရေရွတ်နေရှာသည်။

"အဖျားပျောက်ဆေး တိုက်ပြီးပြီလား"

"တိုက်တယ်.. ဒါပေမဲ့ အကုန်ပြန်အန်ထွက်ကုန်တာပဲ"

ဦးလေးလီက ကျိန်ဆဲလိုက်ပြီး သူမကို ပွေ့ချီကာ ပြောလိုက်သည်။ "ဒါဆို ဆေးရုံသွားမှ ရမယ်"

လီရှောင်ယာ၏ အသံမှာ လျင်မြန်စွာ အက်ကွဲဝင်လာသည်။

သူမ မျက်လုံးဖွင့်ရန် အနိုင်နိုင် ကြိုးစားနေရပြီး မျက်နှာလေးမှာ အဖျားကြောင့် နီရဲနေသော်လည်း သူမ၏ နူးညံ့သိမ်မွေ့သော အလှတရားကိုတော့ မဖုံးကွယ်နိုင်ပေ။

နေမကောင်းဖြစ်နေချိန်တွင် သူမပုံစံလေးက ပို၍ပင် သနားစဖွယ် ကောင်းနေသေးသည်။

ဦးလေးလီက သူမကို ငုံ့ကြည့်ပြီး ဒီကလေးမလေး ဈေးကောင်းရမှာ သေချာတယ်ဟု တွေးလိုက်မိ၏။

သို့သော် သူတို့ ကားပေါ်တက်နေသည်ကို သုန့်သဝေက အနီးအနားမှ ချောင်းကြည့်နေသည်ကိုတော့ မသိလိုက်ပေ။

"ကောင်မလေး နေမကောင်းဖြစ်နေတာလား.. ဒါမှမဟုတ် ဒဏ်ရာရထားတာလား.. နေဦး.. တစ်မျိုးပဲ! သူတို့က လူကုန်ကူးတဲ့သူတွေများလား" သုန့်သဝေ၏ မျက်နှာထား ပြောင်းလဲသွားပြီး တွေးလိုက်မိသည်။ "တကယ်လို့သာ ဟုတ်နေလို့ကတော့.. ဒီရာဇဝတ်မှုကို ငါ တားဆီးနိုင်ရင် သခင်လေးချင်ဆီကနေ ရင်းနှီးမြှုပ်နှံမှု ရဖို့ဆိုတာ လက်‌‌ေဖျာက်တစ်ချက် တီးလိုက်သလောက်ပဲ လွယ်ကူသွားမှာ"

ထို့ကြောင့် သုန့်သဝေသည် တွေဝေမနေတော့ဘဲ သူတို့နောက်သို့ လိုက်ပါသွားတော့သည်။

ထိုအချိန်၌ လင်မယားနှစ်ယောက် ကားပေါ်သို့ အလျင်စလို တက်လိုက်သဖြင့် လီရှောင်ယာ၏ ခေါင်းနှင့် ကားဘောင် တိုက်မိသွားလေသည်။

ထိုနေရာမှာ ချက်ချင်းပင် ဖူးရောင်လာပြီး ခရမ်းရောင် သမ်းလာသဖြင့် သူမပုံစံလေးမှာ ပို၍ သနားစရာ ကောင်းလာသည်။

သူမ၏ နှုတ်ခမ်းများ လှုပ်ရှားနေဆဲပင် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ တခြားတစ်ယောက်ကို ခေါ်တနေခြင်း ဖြစ်သည်။

သူမ တဖွဖွ ခေါ်နေသည်မှာ "ရှန်းယွီရှောင်.. ရှန်းယွီရှောင်.." ဟူ၍ ဖြစ်၏။

သို့သော် ဦးလေးလီက သေချာမကြားလိုက်ပေ။

"ဘာပြောတာလဲ" ဟု သူ မေးလိုက်သည်။

ဦးလေးလီက သိပ်ဂရုမစိုက်လိုက်သော်လည်း လီရှောင်ယာ ရေရွတ်လိုက်သော ထိုနာမည်ပိုင်ရှင်၏ နောက်ခံအရှိန်အဝါ မည်မျှကြီးမားကြောင်းကိုမူ သူ လုံးဝ လုံးဝ မသိလိုက်ပေ။

All Chapters