← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

Chapter 28

သူနာပြုဆရာမသည် ဆေးသွင်းရန်အတွက် လီရှောင်ယာ၏ အင်္ကျီလက်မောင်းကို ပင့်တင်လိုက်လေသည်။ ကလေးငယ်၏ လက်ကောက်ဝတ်လေးမှာလွန်စွာသေးသွယ်နေသည်ကို မြင်လိုက်ရသောအခါ ဦးလေးလီအား စူးစူးဝါးဝါး စိုက်ကြည့်တော့၏။

"ရှင်တို့ ကလေးကို ဘယ်လိုများကျွေးမွေးစောင့်ရှောက်ထားတာလဲ"

ယောကျ်ားလေးဆိုလျှင်တော့ ဖွံ့ဖွံ့ထွားထွား သန်သန်မာမာဖြစ်အောင်ထားပြီး မိန်းကလေးကျတော့ ပိန်ပိန်လှီလှီနှင့် လက်ပေါ်တွင်လည်း ဒဏ်ရာအပြည့်ပါလား

ဦးလေးလီမှာ မတတ်သာသည့်အပြုံးကို အတင်းဟန်လုပ်ပြလိုက်ရပြီး ပြောလိုက်၏။

"ဒီကလေးက အရင်က သူ့အဖွားအိမ်မှာ နေတာလေ အဲဒီက လူကြီးတွေက သေချာဂရုမစိုက်နိုင်ကြဘူးထင်တယ်"

သူနာပြုဆရာမသည် ခေါင်းငုံ့ကာ ဘာစကားမှမဆိုသော်လည်း စိတ်ထဲတွင်မူ ထိုလူအား အထင်သေးရွံရှာနေမိသည်။ ဒါ သေချာပေါက် ယောကျ်ားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ်သည့် အခြေအနေမျိုးပင် ကလေးကို ရိုက်နှက်ထားတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ကြည့်ပါဦး အဖျားကကြီး၊ မျက်နှာကလည်း စက္ကူတစ်ရွက်လို ဖြူဖပ်ဖြူရော်ဖြစ်နေတာတောင်မှ အခုမှ ဆေးရုံပို့ရလား။

သူနာပြုဆရာမသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သေးသွယ်လွန်းသည့် လက်ကောက်ဝတ်လေးပေါ်တွင် သားရေကြိုးစည်းကာ ပိုးသတ်ဆေးသုတ်၍ အပ်သွင်းလိုက်လေသည်။ အပ်ဖျားသည် အရေပြားထဲသို့ စူးဝင်သွားသည်နှင့် လီရှောင်ယာ၏ သေးငယ်နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်တက်သွားပြီး နှုတ်ခမ်းဖျားမှ တိုးညှင်းသော ညည်းသံသဲ့သဲ့လေး ထွက်ပေါ်လာရှာသည်။

သူနာပြုဆရာမမှာ သနားကရုဏာသက်စွာဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။

ဦးလေးလီသည် သူမ၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးတိတ်တိတ် ကြိမ်ဆဲလိုက်သည်။

"စပ်စုလိုက်တဲ့ မိန်းမ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး"

အခန်းပြင်ရောက်သောအခါ သူနာပြုဆရာမက သူမ၏ လုပ်ဖော်ကိုင်ဖက်အား လီရှောင်ယာ၏ အကြောင်းကို ပြောပြနေလေသည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက သက်ပြင်းချရင်း ပြောလိုက်၏။

"ထားလိုက်ပါဟာ ဝင်မပါနဲ့ ဒီဆေးရုံမှာ သနားတတ်တဲ့စိတ်က မထားသင့်ဆုံးအရာပဲ ဘာလို့ဆို လူတိုင်းကို နင် လိုက်သနားနေလို့မှ မရတာ ကြာရင် ကိုယ့်ကိုတောင် ပြန်တိုင်သွားဦးမယ်"

သူနာပြုဆရာမလေး ခေါင်းညိတ်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တိတ်တဆိတ် ချောင်းမြောင်းနေသော သုန့်သဝေနှင့် ဝင်တိုက်မိလေတော့သည်။

"ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

"ကျွန်တော် ကျွန်တော်က ကလေးရဲ့ဦးလေးပါ" သုန့်သဝေ လိမ်ပြောလိုက်သည်။

"ဒါဆို ဘာလို့မဝင်တာလဲ"

"ကျွန်တော် ထားပါတော့ဗျာ အမှန်အတိုင်းပဲ ပြောပြပါတော့မယ် အဲဒီလူက မသင်္ကာစရာကောင်းနေလို့ပါ"

သူနာပြုဆရာမလေး မျက်မှောင်ကြုတ်သွား၏။

"ကျွန်မကြည့်ရတာလည်း သူက ဖခင်ကောင်းတစ်ယောက် မဟုတ်ပုံပဲ"

"အဖေ ဟုတ်လား သူက ကလေးအဖေပါလို့ ပြောတာလား မဖြစ်နိုင်တာသူ ကျွန်တော့်ကိုပြောတုန်းက အဲဒီလိုမဟုတ်ပါဘူး ဒီလူက သေချာပေါက် သံသယဖြစ်စရာပဲ"

သုန့်သဝေသည် စိတ်လှုပ်ရှားနေသော လေသံကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"ကျွန်တော် သံသယရှိတာကတော့ သူက ကလေးလူကုန်ကူးတဲ့လူ ဖြစ်နေမလားလို့ပဲ"

သူနာပြုဆရာမလေး၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး တရားမျှတလိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

လီရှောင်ယာသည် အချိန်အတော်ကြာအောင် တောင်စဉ်ရေမရ အိပ်မက်များ မက်နေခဲ့သည်။ အိပ်မက်ထဲတွင် မိခင်ဖြစ်သူကို မြင်သလို၊ ဖခင်ဖြစ်သူက ထွက်မသွားခင် သူမအား နူးညံ့စွာစကားပြောနေသည်ကိုလည်း မက်နေခဲ့သည်။ သို့သော် မကြာမီမှာပင် အိပ်မက်ထဲမှ ဖခင်သည် သွေးသံရဲရဲ ပါးစပ်ပေါက်ကြီးနှင့် မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲသွားချေသည်။

သူမ လန့်နိုးလာပြီး ထထိုင်ရန်ပြင်လိုက်စဉ် ဦးလေးလီက အကြမ်းပတမ်း ပြန်လည်တွန်းလှဲချလိုက်သည်။

"သမီး သမီး ဘာဖြစ်သွားတာလဲ"

လီရှောင်ယာ၏ အသံမှာ အသံကြိုးများ စုတ်ပြဲသွားသကဲ့သို့ အက်ကွဲနာကျင်စွာ ထွက်ပေါ်လာသည်။

အမျိုးသမီးဖြစ်သူက အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"ငါ ရေသန့်တစ်ဘူး သွားဝယ်လိုက်ဦးမယ်"

ဦးလေးလီကမူ မသေသေးသရွေ့ ပြီးရောဟု တွေးတောနေမိသည်။ သူသည် သားဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏။

"မင်း ဒီမှာနေပြီး ညီမလေးကို စောင့်ကြည့်ထား... ငါ ကုမ္ပဏီကို ခဏပြန်လိုက်ဦးမယ်"

ဦးလေးလီ ထွက်သွားသည်နှင့် သူနာပြုဆရာမလေး ဝင်လာလေသည်။

"ကလေးကို အပူကျကပ်ခွာလေး ကပ်ပေးမလို့ပါ"

ကောင်လေးက ချက်ချင်းပင် နေရာဖယ်ပေးသည်။

သူနာပြုဆရာမသည် ခါးကိုကိုင်းလိုက်ပြီး အပူကျကပ်ခွာ ကပ်ပေးရင်း လီရှောင်ယာ၏ နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"ညီမလေး ခုနကလူက ညီမလေးရဲ့အဖေ ဟုတ်ရဲ့လား"

ကောင်လေးက ရုတ်တရက် အသံကျယ်ကြီးဖြင့် ထမေးတော့သည်။

"ကျွန်တော့်ညီမနားမှာ ဘာတွေကပ်ပြောနေတာလဲ"

သူနာပြုဆရာမ၏ ကျောပြင်တွင် ချွေးစေးများ ပြန်လာသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။

"တခြားနေမကောင်းတဲ့နေရာ ရှိသေးလားလို့ ကလေးကို မေးနေတာပါ... ရှင်တို့အုပ်ထိန်းသူတွေက တော်တော် တာဝန်မဲ့တာပဲ"

ထိုအခါမှ ကောင်လေးလည်း ငြိမ်ကျသွားတော့သည်။

လီရှောင်ယာမှာမူ သူနာပြုဆရာမလေးအား အံ့သြတကြီး ကြည့်နေမိသည်။

သူမ ဘယ်လိုသိတာလဲ...။

လီရှောင်ယာသည် သူနာပြုဆရာမ၏ လက်ကိုဆွဲကာ သနားစဖွယ် အသံပျော့ပျော့လေးဖြင့် ပြောလိုက်သည်။

"မမ... သမီး အိမ်သာသွားချင်လို့... လိုက်ပို့ပေးလို့ရမလားဟင်"

သူနာပြုဆရာမက သဘောပေါက်သွားပြီး...

"လာ... မမ လိုက်ပို့ပေးမယ်"

ကောင်လေးက တားချင်သော်လည်း အမျိုးသမီးသန့်စင်ခန်းထဲသို့ သူ ဝင်၍မရမှန်း သိသဖြင့် သူနာပြုဆရာမ ခေါ်သွားသည်ကို လွှတ်ထားလိုက်ရတော့သည်။

အပြင်သို့ရောက်သည်နှင့် လီရှောင်ယာ၏ နှုတ်မှ ပထမဆုံးထွက်လာသော စကားမှာ...

"သူက သမီးအဖေ မဟုတ်ဘူး" ဟူ၍ပင်။

ထိုစကားကို ကြားလိုက်ရသောအခါ သူနာပြုဆရာမမှာ တုန်လှုပ်ချောက်ချားသွားတော့သည်။

တကယ်ပါလား... တကယ်ကြီးပါလား...

ရုပ်ရှင်တွေထဲက ဇာတ်ကွက်မျိုးကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။

"မမ အခုချက်ချင်း ရဲခေါ်လိုက်မယ်"

လီရှောင်ယာက ဝမ်းနည်းစွာ ခေါင်းခါပြသည်။

"အဲဒါ အလုပ်ဖြစ်မယ် မထင်ဘူး သူက သမီးရဲ့ ဦးလေးတော်တယ် ပြီးတော့ သမီးအဘိုးက သူ့ပိုက်ဆံ ယူထားပုံရတယ် "

သူနာပြုဆရာမက ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ဒီကိစ္စကို မိသားစုကိစ္စဆိုပြီး လွှတ်ထားလိုက်ရင် ညီမလေးက အဘိုးဆီ ပြန်ရောက်သွားပြီး အဘိုးက ထပ်ရောင်းစားဦးမှာ..."

စကားအနည်းငယ်ပြောရုံဖြင့် သူနာပြုဆရာမလေးမှာ ဒေါသထွက်လာရပြီ ဖြစ်သည်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ... ဘုရားရေ... ဘယ်လိုလုပ်ကြမလဲ"

သူနာပြုဆရာမက ခဏရပ်လိုက်ပြီးမှ ပြောလိုက်၏။

"ဪ... ဟုတ်သားပဲ... သုန့်သဝေဆိုတဲ့ လူတစ်ယောက် ညီမလေးကို လိုက်ရှာနေတယ်... ညီမလေးကို လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့ သူကပြောတယ် သူ့ကို သိလား"

လီရှောင်ယာက ဇဝေဇဝါဖြင့် ခေါင်းခါလိုက်သည်။

"သုန့်သဝေက ဘယ်သူလဲဟင်"

သူနာပြုဆရာမသည် ယိုင်နဲ့နဲ့ဖြစ်နေသော လီရှောင်ယာကို တွဲကာ ထောင့်ချိုးတစ်ခုမှတဆင့် အခြားစင်္ကြံလမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။

ထိုနေရာတွင် သုန့်သဝေက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေ၏။

လီရှောင်ယာက သူ့ကိုမြင်သည်နှင့် ချက်ချင်း မှတ်မိသွားသည်။

"ဦးလေးပဲ "

သုန့်သဝေ ဝမ်းသာသွားရသည်။

"ဦးလေးကို မှတ်မိသားပဲ... အဲဒီလူက လူဆိုးမလား... ဦးလေး ကလေးကို ကူပြီး သခင်လေးချင်ဆွေ့ဆီ ဆက်သွယ်ပေးရမလား"

သူနာပြုဆရာမလေးမှာ သခင်လေးချင် ဆိုသည်မှာ ဘယ်သူပါလိမ့်ဟု တွေးနေမိသည်။

မြို့နယ်လေးတစ်ခုမှ သူနာပြုတစ်ယောက်အနေဖြင့် သခင်လေးဆိုသူများကို သူမ တစ်ခါမှ မကြားဖူးပေ။

လီရှောင်ယာက ဦးစွာ ခေါင်းညိတ်ပြလိုက်သည်။

"သူက လူဆိုးကြီးဟုတ်တယ်"

သို့သော် မကြာမီ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ သမီး ချင်ဆွေ့ရဲ့ ဖုန်းနံပါတ် မသိဘူး"

ဖျားနာနေသော မျက်နှာလေးမှာ မျက်မှောင်ကြုတ်ထားသဖြင့် ပို၍ပင် သနားစဖွယ် ကောင်းနေတော့သည်။

သုန့်သဝေ ကြောင်အမ်းသွား၏။

ဆက်သွယ်ရန် နံပါတ် မရှိဘူးတဲ့လား...

ထားပါတော့လေ... ကလေးအများစုက လူကြီးတွေရဲ့ ဖုန်းနံပါတ်ကို မမှတ်မိတတ်ကြတာ ပုံမှန်ပါပဲ။

လီရှောင်ယာက တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါပေမဲ့ သူက လီမိသားစုရွာမှာ ရိုက်ကူးရေးလုပ်နေတာ... အဲဒီမှာ သွားရှာရင်တော့ ရလောက်တယ်"

"ဟင့်အင်း... သူ့ဆီ မသွားနဲ့တော့" လီရှောင်ယာ စိတ်ပြောင်းလိုက်သည်။

"မြို့နယ်ဆေးရုံကိုသွားပြီး ရှန်းယွီရှောင်ကို ရှာပေး သူ အဲဒီမှာ ဆေးရုံတက်နေတယ်" လီရှောင်ယာ ဆုံးဖြတ်ချက် ချလိုက်သည်။

သူမက ချင်ဆွေ့နှင့် သိပ်မရင်းနှီးပေ။

ရှန်းယွီရှောင်ကတော့ သူမကို လာကယ်မှာပါနော်... လာကယ်မှာပါ... သူ သေချာပေါက် လာမှာပါ။

လီရှောင်ယာသည် အသက်ကို ခပ်မျှင်းမျှင်းရှူလိုက်ပြီး ခုန်ပေါက်နေသော နှလုံးသားကို ငြိမ်သက်စေရန် ကြိုးစားလိုက်သည်။

"ရှန်းယွီရှောင်" သုန့်သဝေမှာ ကြောင်အမ်းအမ်းဖြစ်သွားကာ ထိုနာမည်ကို ရေရွတ်လိုက်သည်။

"နာမည်က ရင်းနှီးနေသလိုပဲ... ဘယ်စာလုံးတွေနဲ့ရေးလဲ... ရေးပြနိုင်မလား"

လီရှောင်ယာ၏ မျက်နှာလေး ငယ်သွားရှာသည်။

"သမီး စာမရေးတတ်ဘူး"

"ရပါတယ်... စိတ်မပူပါနဲ့... ဦးလေး တာဝန်ထားလိုက်"

သုန့်သဝေက ဒီကိစ္စကို အဆုံးထိ ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူသည် မြို့နယ်ဆေးရုံသို့သွားရန် အငှားကားတစ်စီးကို အမြန်တားလိုက်လေသည်။

သူတို့ရောက်နေသည့် အမှတ်(၂)ဆေးရုံနှင့် မြို့နယ်ဆေးရုံသည် ၈ ကီလိုမီတာခန့် ကွာဝေးသည်။

သုန့်သဝေ ထွက်ခွာသွားချိန်တွင် လီရှောင်ယာ၏ အဒေါ်ဖြစ်သူနှင့် ပခုံးချင်းတိုက်မိလုနီးပါး ဖြစ်သွားသည်။

အဒေါ်ဖြစ်သူက သုန့်သဝေကို မသိသဖြင့် ဂရုမစိုက်ဘဲ ကျော်သွားလိုက်သည်။

"နင် ဘာလို့ အပြင်ထွက်နေတာလဲ" အဒေါ်ဖြစ်သူက လီရှောင်ယာကို မြင်သောအခါ နားမလည်နိုင်စွာ မေးလိုက်သည်။

"အိမ်သာသွားမလို့..." လီရှောင်ယာက ဖြေလိုက်၏။

အဒေါ်ဖြစ်သူက သူမဝယ်လာသော ရေဘူးကို ကမ်းပေးလိုက်သည်။

သူနာပြုဆရာမက ချက်ချင်း ဝင်တားလေသည်။

"ကလေးက ရေအေး သောက်လို့မရဘူး"

အဒေါ်လုပ်သူက ကိစ္စမရှိပါဘူးဟု ပြောချင်သော်လည်း စကားကို ပြန်မျိုချလိုက်ရသည်။ ကလေး အခြေအနေ ပိုဆိုးသွားရင် သူတို့ပိုက်ဆံတွေပဲ ကုန်မှာမလား။

"ဒါဆိုလည်း ငါ အိမ်ပြန်ပြီး ရေခွက်သွားယူလိုက်မယ် သမီးအစ်ကိုနားမှာ လိမ်လိမ်မာမာ နေခဲ့နော်"

လီရှောင်ယာက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။

အဒေါ်ဖြစ်သူက စိတ်ချသွားပြီး ထွက်ခွာသွားလေသည်။

အခြားတစ်ဖက်တွင်မူ...

ရွာလူကြီးသည် စိတ်မောလူမော ဖြစ်နေချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သားဖြစ်သူ ကားမောင်း၍ ပြန်ရောက်လာသည်။

"သား... အဖေ ပြောစရာရှိတယ်" ရွာလူကြီးက သူ့အနားသို့ သွားလိုက်သည်။

လီစုန့်၏ မျက်နှာထားမှာ ဖခင်ဖြစ်သူထက်ပင် ဆိုးရွားနေသေးသည်။ သူက ပါးစပ်ဟလိုက်သည်နှင့် ဆဲရေးတိုင်းထွာတော့၏။

"ဘယ်ခွေးသားက ကျုပ် လာဘ်စားပါတယ်ဆိုပြီး သွားတိုင်လိုက်လဲ မသိဘူး ရာထူးကြီးကြီးမားမား ရှိတာလည်း မဟုတ်ဘဲနဲ့... ယူတော့လည်း ဘယ်လောက်များ ယူနိုင်မှာမို့လို့လဲ... ဒီခေတ်ကြီးမှာ လာဘ်မစားတဲ့ကောင် ဘယ်သူရှိလို့လဲ"

ရွာလူကြီး၏ မျက်နှာ ပျက်သွားသည်။

"ဘယ်လိုဖြစ်ရတာလဲ... အထက်လူကြီးတွေက ယုံသွားတာလား"

လီစုန့်၏ မျက်နှာမှာ ကြွက်သားများ ဆတ်ကနဲ တုန်သွားပြီး ပြောလိုက်၏။

"စုံစမ်းစစ်ဆေးဖို့ဆိုပြီး ကျုပ်ကို ရာထူးက ယာယီရပ်ဆိုင်းထားတယ်... ကျုပ်က ဘာများလုပ်မိလို့ သီးသန့်စုံစမ်းစစ်ဆေးခံရမှာလဲ"

ရွာလူကြီးက ရေရွတ်လိုက်သည်။

"ဒါ ပုံမှန်မဟုတ်ဘူး သားရဲ့... တော်တော်လေးကို ပုံမှန်မဟုတ်ဘူး"

"ဘာကိုလဲ"

"တစ်ယောက်ယောက်က မင်းကို တမင်သက်သက် ပစ်မှတ်ထားနေတာများလား"

"ကျုပ်ကို ဖြုတ်ချချင်နေတဲ့ကောင် ရှိတာတော့ သေချာတယ်... ဘယ်သူလဲဆိုတာသာ မသိတာ... ကျုပ်နဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တော့လည်း ဘယ်သူမှ ဘာမှမပြောကြဘူး"

လီစုန့်သည် ဒေါသကို လျှော့ချလိုက်ပြီး ပြောလိုက်သည်။

"ချင်းချင်းဆီ ဖုန်းဆက်ကြည့်ရမယ်... သူက ဉာဏ်ကောင်းတယ်... ဒီအချိန်လောက်ဆို ရှန်းကျွမ်နဲ့လည်း အဆင်ပြေနေလောက်ပြီ"

ရွာလူကြီးက စိုးရိမ်နေဆဲပင်။

"ဒါဆို အဖေ့ရဲ့ ရွာလူကြီးရာထူးကိုရော ထိခိုက်နိုင်မလား"

လီဆောင်က ခါးသက်စွာ ရယ်မောလိုက်သည်။

"မထိခိုက်နိုင်လောက်ပါဘူး... ကျုပ်အပြစ်ကို သက်သေပြဖို့က အဲဒီလောက် လွယ်တာမှ မဟုတ်တာ"

ရွာလူကြီးက ခေါင်းညိတ်လိုက်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။

"သား... နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်..." ထို့နောက် လီရှောင်ယာ အခေါ်ခံရပုံနှင့် ချင်ဆွေ့က ရဲတိုင်ထားသည့်အကြောင်းကို ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် လီစုန့်၏ ဖုန်းမှာ "ဒုတ်" ကနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

"ဒီလောက်ကိစ္စကြီးကို ဘာလို့ ကျွန်တော်တို့နဲ့ မတိုင်ပင်တာလဲ"

"အဖေ... အဖေက ဖြေရှင်းရလွယ်မယ် ထင်လို့ပါ... အဘိုးလီက ပိုက်ဆံမက်တာရယ်... ပြီးတော့ ဒါက သူတို့မိသားစုကိစ္စဆိုတော့ ငါတို့နဲ့ မပတ်သက်ဘူးလို့ တွေးမိပြီး..."

လီစုန့်က တည်တင်းသော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

"အဖေ တွေးတာ ရိုးရှင်းလွန်းတယ်... လီရှောင်ယာရဲ့ ဆွေမျိုးဝေးဖြစ်တဲ့ ဦးလေးလီဆိုတဲ့လူက တစ်ယောက်တည်း အပြစ်ခံချင်မှာ မဟုတ်ဘူး... သူက မြို့ပေါ်မှာ အဆက်အသွယ်တချို့ရှိပြီး ကျွန်တော်တို့ထက် ပိုက်ဆံပိုရှိတယ်... အရေးကြီးဆုံးက ရဲတွေရဲ့ အာရုံစိုက်မှု‌က ရွာရဲ့ လျှို့ဝှက်ချက်ဆီ ရောက်လာလို့ မဖြစ်ဘူး"

သားဖြစ်သူ၏ သုံးသပ်ချက်ကို ကြားလိုက်ရမှ ရွာလူကြီးလည်း ထိတ်လန့်သွားတော့သည်။

"ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ"

ဖခင်ဖြစ်သူကို ယခုအချိန်မှ ငတုံးလို့ပြောနေလည်း အပိုပဲဖြစ်မည်မှန်း လီစုန့် သိလိုက်သည်။

လီစုန့်က ပြောလိုက်၏။

"လီရှောင်ယာ သေမှရမယ်... ပြီးတော့ သူ့ဦးလေးလက်ချက်နဲ့ သေမှရမယ်... ဒါဆိုရင် သူ့ဦးလေး ဘယ်လိုပဲငြင်းငြင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်မှာ မဟုတ်တော့ဘူး"

ရွာလူကြီးမှာ ကြက်သေသေသွားသည်။

"လူ... လူသတ်ရမယ် ဟုတ်လား"

လီစုန့်က ခက်ထန်စွာပြုံးလိုက်ပြီး ဖခင်ဖြစ်သူ၏ ပခုံးကို လှမ်းပုတ်လိုက်သည်။

"ကျွန်တော်တို့ လူမသတ်ဖူးတာမှ မဟုတ်တာဗျာ"

ထိုအချိန်တွင် လီရှောင်ယာ၏ အဒေါ်ကြီးမှာ မျက်လုံးများ ရဲနေအောင် ငိုထားရပြီး ဆံပင်များနှင့် အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေရှာသည်။ သူမ၏ သားနှင့် ချွေးမဖြစ်သူကလည်း ဘေးနားတွင် ငိုယိုအော်ဟစ်နေကြသည်။

"အမေရာ... ပြောလိုက်ပါတော့... ကျွန်တော်တို့အားလုံးကို အသတ်ခံရအောင် လုပ်ချင်နေတာလား"

အဒေါ်ကြီးမှာ စိတ်ဓာတ်အကြီးအကျယ် ကျသွားပြီး စားပွဲခုံကို လက်များရောင်ကိုင်းလာသည်အထိ ထုရိုက်ကာ ရှိုက်ကြီးတငင် အော်ပြောလိုက်တော့သည်။

"ပြောပါ့မယ်... ပြောပါ့မယ်... သူ့ကိုခေါ်သွားတာ လီဟုန်ကွမ်ပါ... သူက လီရှောင်ယာရဲ့ ဆွေမျိုးဝေး ဦးလေးတော်ပါတယ်... ဒီကိစ္စက ကျမနဲ့ ဘာမှမဆိုင်ပါဘူး... အားလုံးက အဘိုးလီရဲ့ ဆုံးဖြတ်ချက်ပါ!"

ချင်ဆွေ့က ချက်ချင်းပင် လှည့်ထွက်လိုက်ပြီး ပြောလိုက်၏။

"အဲဒီ လီဟုန်ကွမ် ဆိုတဲ့လူကို ချက်ချင်းသွားရှာစမ်း”

All Chapters