← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

Chapter 29

အခြားတစ်ဖက်တွင်မူ သုန့်သဝေသည် ဆေးရုံသို့ ရောက်ရှိလာခဲ့လေသည်။ သူသည် မျှော်လင့်ချက်ကြီးကြီးဖြင့် ဧည့်ကြိုကောင်တာတွင် မေးမြန်းလိုက်တော့သည်။

"ဒီမှာ ရှန်းယွီရှောင်ဆိုတဲ့ လူနာ ရှိသလားဟင်"

ဧည့်ကြိုဝန်ထမ်းမလေး၏ မျက်နှာထား ပြောင်းလဲသွားပြီး တောင့်တောင့်ကြီး ပြန်ဖြေလေသည်။

"လူနာရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ပါ... တောင်းပန်ပါတယ်... ပြောပြလို့မရပါဘူး"

သုန့်သဝေ အံ့အားသင့်သွားရသည်။ ဒါဆို တကယ်ရှိတာပဲကိုး။

"ကျွန်တော့်မှာ အရေးကြီးကိစ္စရှိလို့ပါဗျာ" သုန့်သဝေက စိုးရိမ်တကြီး ပြောလိုက်သည်။

"လူတိုင်း အဲဒီလိုပဲ ပြောကြတာပါပဲ... တကယ် တောင်းပန်ပါတယ်ရှင်"

ဤ ရှန်းယွီရှောင် ဆိုသူမှာ သာမန်လူမဟုတ်မှန်း သုန့်သဝေ ရိပ်မိလိုက်တော့သည်။

စောစောက ဒုတိယဆေးရုံ၌ ကလေးမလေး ပြောလိုက်သည်မှာ ချင်ဆွေ့က လီမိသားစုရွာတွင် အစီအစဉ်ရိုက်ကူးနေသည်ဟု ဆိုသည်။ ဘယ်လိုအစီအစဉ်မျိုးပါလိမ့်။

စီးပွားရေးသမားပီပီ သူ့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လိုက်သည်။

သုန့်သဝေသည် ဖုန်းကိုထုတ်ကာ "လီမိသားစုရွာ"၊ "အစီအစဉ်ရိုက်ကူးခြင်း" နှင့် "ချင်ဆွေ့" စသည့် စကားလုံးများဖြင့် ရှာဖွေကြည့်လိုက်သည်။

ဝက်ဘ်စာမျက်နှာတစ်ခုက သူ့မျက်လုံးကို ဖမ်းစားသွားလေသည်။

ရှန်းယွီရှောင်...။

ဪ... ဒီ ရှန်းယွီရှောင် ဖြစ်နေတာကိုး။

သုန့်သဝေမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားရသည်။

ထိုကောင်မလေးက သူ့အတွက် လာဘ်ကောင်လေးပေပဲ။

သူမဘေးနားရှိ လူများမှာ ချင်ဆွေ့တို့၊ ရှန်းယွီရှောင်တို့လို သခင်လေးတွေ ဖြစ်နေကြသည်ကိုး။

သုန့်သဝေသည် ဖုန်းထဲမှ အစီအစဉ်ရိုက်ကူးစဉ်က လီရှောင်ယာ၏ ပုံကိုဖွင့်၍ ဝန်ထမ်းမလေးကို ပြလိုက်သည်။

"အွန်လိုင်းမှာ ရှာကြည့်လိုက်ပါ... ဒီကောင်မလေး ပျောက်နေတာ... အခု ဒုတိယဆေးရုံမှာ ရောက်နေတယ်... ကျွန်တော်က ရှန်းယွီရှောင်ကို လာအကြောင်းကြားပေးတာပါ"

ဝန်ထမ်းမလေးသည် သူ့ကို ယုံတဝက်မယုံတဝက် ကြည့်နေသော်လည်း နောက်ဆုံးတွင် ဖုန်းဆက်ပေးလိုက်လေသည်။

နာရီဝက်ပင် မကြာလိုက်ပါချေ။ ကားတန်းကြီးတစ်ခု မြို့နယ်ဆေးရုံရှေ့တွင် ရပ်တန့်လာရာ လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်တော့သည်။

ရှန်းယွီရှောင် ကားပေါ်မှ ဆင်းလာပြီး ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်သည်။

"သူ ဘယ်မှာလဲ"

သုန့်သဝေသည် တခါမှမကြုံဖူးလောက်အောင် လူအများ၏ အာရုံစိုက်မှုကို ခံရသဖြင့် ကျေနပ်နေမိသည်။ သူသည် သခင်လေးရှန်း၏ ရုပ်ရည်သွင်ပြင်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်လောက်အောင် ထူးခြားလှသည်ဟု တွေးတောရင်း လူအုပ်ကို တိုးဝှေ့ကာ ရှေ့ထွက်လာခဲ့သည်။

"သခင်လေးရှန်း... ကျွန်တော် ဒီမှာပါ"

သက်တော်စောင့်များက သူ့ကို တားဆီးရန် ပြင်လိုက်သော်လည်း သူ့စကားကြောင့် ပြန်လည်နောက်ဆုတ်သွားကြသည်။

ရှန်းယွီရှောင်သည် လူအုပ်ကိုတိုးလျက် ခြေလှမ်းကျဲကြီးများဖြင့် သူ့ရှေ့သို့ ရောက်လာ၏။

"ခင်ဗျား လီရှောင်ယာကို တွေ့ခဲ့တာလား"

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒုတိယဆေးရုံမှာပါ..."

"သူ ဒဏ်ရာရထားလား" ရှန်းယွီရှောင်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားသည်။

သုန့်သဝေမှာ အလိုလိုနေရင်း တုန်လှုပ်သွားရပြီး ပြောလိုက်၏။

"အာ... မဟုတ်... မဟုတ်ဘူး ဒဏ်ရာမရပါဘူး... ဖျားနေတာပါ... အဖျားကြီးပြီး ဆေးသွင်းနေရတယ်... သူ့ကို စောင့်နေတဲ့လူလည်း ရှိတယ်"

သုန့်သဝေက ဘေးဘီကို ကြည့်လိုက်သည်။ အမှန်အတိုင်း ပြောပြလိုက်လျှင် သူတို့က ဆွေမျိုးတွေရှိနေတာပဲဆိုပြီး ဂရုမစိုက်တော့မှာကို စိုးရိမ်မိပြန်သည်။

ထို့ကြောင့် သုန့်သဝေက ဆက်ပြောလိုက်သည်။

"သနားစရာလေးပါ မျက်နှာလေးက အဖျားတက်ပြီး နီရဲနေတာ ဆေးထိုးအပ် စိုက်တုန်းကဆို ငိုတောင်ငိုရှာတယ်"

သုန့်သဝေ စကားမဆုံးသေးခင်မှာပင် လေတစ်ချက်ဝှေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှန်းယွီရှောင်သည် ထွက်ပေါက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

"ဒုတိယဆေးရုံကို သွားမယ်"

"သခင်လေးရှန်း... ကျွန်တော့်ကို စောင့်ပါဦး စောင့်ပါဦး"

သုန့်သဝေသည် ကျန်ရစ်ခဲ့မည်စိုးသဖြင့် အနောက်မှ ပြေးလိုက်သွားရသည်။

ရှန်းယွီရှောင်သည် ဤလူကို အသုံးဝင်ဦးမည်ဟု တွေးမိသဖြင့် ပြန်လှည့်လာကာ သူ့ကိုဆွဲပြီး တစ်ပါတည်း ခေါ်ဆောင်သွားလေတော့သည်။

ရှန်းယွီရှောင်သည် အသက်ငယ်ရွယ်သော်လည်း သုန့်သဝေထက် ခေါင်းတစ်လုံးမျှ ပိုမြင့်သည်။ ယခုအချိန်တွင်မူ သုန့်သဝေသည် သူ့ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သခင်လေးရှန်း ကိုယ်တိုင် ဆွဲခေါ်သွားခြင်း ခံရသည်မှာ ဂုဏ်ယူစရာပင် ဖြစ်နေတော့သည်။

...

ကန်ယွမ် နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီရှေ့သို့ ကားအများအပြား ရောက်ရှိလာပြီး ရပ်တန့်လိုက်ကြသည်။

ချင်ဆွေ့သည် ကားပေါ်မှ ဦးဆုံးဆင်းလာခဲ့သည်။

"ဟို... ရှင်တို့ဘယ်သူတွေလဲ... ကြိုတင်ချိန်းဆိုမထားဘဲ ဝင်လို့မရပါဘူး"

ဧည့်ကြိုဝန်ထမ်းမလေးက တားဆီးရန်ကြိုးစားသော်လည်း အသံမှာ ယုံကြည်မှု ကင်းမဲ့နေသည်။

ဒီလောက်များတဲ့ လူအုပ်ကြီးက ဘယ်လိုလုပ် ရောက်လာကြတာလဲ...။

ထိုဆူညံသံများကို အပေါ်ထပ်ရှိ ဦးလေးလီ ခေါ် လီဟုန်ကွမ်ပင် ကြားလိုက်ရသည်။

တစ်ယောက်ယောက် ပြဿနာရှာပြီဟု တွေးလိုက်မိသဖြင့် သူသည် ရုံးခန်းတံခါးကိုဖွင့်ကာ ထွက်ကြည့်လိုက်သည်။

"အရပ်ဝတ်ရဲတွေပါ... လီဟုန်ကွမ်က မင်းတို့သူဌေးမလား"

အောက်ထပ်မှ လူများက ရဲတံဆိပ်ပြကာ ဧည့်ကြိုကောင်တာကို ဖြတ်ကျော်ဝင်ရောက်လာကြသည်။

ထိုစဉ် နှစ်ဖက်သား မျက်နှာချင်းဆိုင် တွေ့သွားကြတော့သည်။

"အဲဒါ သူပဲ... အဲဒါ လီဟုန်ကွမ်ပဲ" တစ်ယောက်က အော်ပြောလိုက်သည်။

ထို့နောက် သူ့လက်အောက်ငယ်သားများနှင့် လူအားလုံး၏ ရှေ့မှောက်တွင်ပင် လီဟုန်ကွမ်သည် ရုတ်တရက် ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။

လီဟုန်ကွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ ဘာလုပ်တာလဲ... ရူးနေကြတာလား"

"လီဟုန်ကွမ်... ခင်ဗျားကို (၇)နှစ်အောက် ကလေးသူငယ် ပြန်ပေးဆွဲမှု သံသယနဲ့ ဖမ်းခေါ်သွားရပါလိမ့်မယ်" ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သူ့ကို လမ်းပြခိုင်းလိုက်"

ဒါကတော့ အလွန်ငယ်ရွယ်သော အသံတစ်ခုပင် ဖြစ်သည်။

လီဟုန်ကွမ်သည် ခေါင်းမော့ကြည့်ရန် ရုန်းကန်လိုက်သော်လည်း တန်ဖိုးကြီးပြီး သပ်ရပ်သော ဘောင်းဘီရှည်ဝတ်ထားသည့် ထိုသူ၏ ခြေထောက်ကိုသာ တစွန်းတစ မြင်လိုက်ရသည်။

သူ... ဘယ်သူပါလိမ့်...။

လီရှောင်ယာ၏ အဒေါ်ဖြစ်သူသည် ရေခွက်နှင့် ရေနွေးယူရန် အိမ်ပြန်ရာမှ ပြန်ရောက်လာခဲ့သည်။ သူမ အခန်းဝရောက်သည်နှင့် ပြည်နယ်မှ နံပါတ်ပြားများ တပ်ဆင်ထားသည့် ရဲကားအများအပြား ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူ့ကို လာဖမ်းကြတာလဲ... အကြီးအကျယ်ပါလား"

အဒေါ်ဖြစ်သူ ရေရွတ်ရင်း အထဲသို့ ဝင်လာခဲ့သည်။

ထိုစဉ် လူတစ်ယောက်က သူမကို ဝင်တိုက်မိသဖြင့် လက်ထဲမှ ခွက်လွတ်ကျသွားလေသည်။

အဒေါ်ဖြစ်သူက မျက်စိမပါဘူးလားဟု အသံကျယ်ကြီးဖြင့် လှမ်းဆဲလိုက်သည်။

အဝတ်အစားစုတ်ပြတ်သတ်ကာ ခါးကိုင်းနေသော ထိုလူသည် မြေကြီးပေါ်ကျသွားသော ခွက်ကို အမြန်ကောက်ယူပြီး သူမကို ပြန်ပေးလိုက်သည်။

အဒေါ်ဖြစ်သူမှာ ထိုလူကို ညစ်ပတ်သည်ဟု ထင်မြင်ကာ မျက်နှာလွှဲလိုက်ပြီး လီရှောင်ယာအတွက် ရေဖြစ်နေလို့သာ တော်သေးသည်ဟု တွေးလိုက်တော့သည်။

"ရှောင်ယာ... အဒေါ် ပြန်ရောက်ပြီ"

အဒေါ်ဖြစ်သူ အခန်းထဲ ဝင်လာချိန်တွင် သားဖြစ်သူက သစ်တုံးတစ်တုံးလို မတ်တပ်ရပ်စောင့်နေဆဲပင်။

လီရှောင်ယာသည် ဆေးသွင်းနေဆဲဖြစ်ပြီး ဖျားနာမှုကြောင့် အရှုံးပေးလိုက်ရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

"အဒေါ် ရေနွေးယူလာတယ်... သောက်လိုက်ဦး... တွေ့လား... ငါတို့အားလုံးက နင့်ကို ဂရုစိုက်ကြပါတယ်... နောက်ဆို ငါတို့နဲ့ပဲ ကောင်းကောင်းမွန်မွန် နေတော့နော်..."

ရုတ်တရက် ခြေသံများ အဆောတလျင် နီးကပ်လာသည်။

"ဘာသံတွေလဲ" ဘေးနားမှ ဆေးသွင်းနေသော လူနာများက စပ်စုကာ လှမ်းကြည့်ကြသည်။

"ဒီရက်ပိုင်း မြို့ထဲမှာ သိပ်မအေးချမ်းဘူးနော်"

"လူတွေအများကြီးပဲ... ဘာလို့ ငါတို့ဘက် လာနေကြတာလဲ"

အဒေါ်ဖြစ်သူ စိတ်ထင့်သွားသော်လည်း မဖြစ်နိုင်ပါဘူးဟု တွေးလိုက်သည်။

လီရှောင်ယာက ဘယ်သူမို့လို့လဲ... အမေမရှိ၊ အဖေပျောက်၊ ပိုက်ဆံမက်တဲ့ အဘိုးတစ်ယောက်သာရှိပြီး ရွာထဲမှာ ဘယ်သူမှဂရုမစိုက်တဲ့ ကလေးကို ဘယ်သူက လာရှာမှာမို့လဲ။

အဒေါ်ဖြစ်သူ စိတ်အေးသွားသည်။ သူမ ရေဘူးအဖုံးကို ဖွင့်လိုက်ပြီး...

"မြန်မြန်သောက်လိုက်... ကြည့်စမ်း အသံတွေတောင် ဝင်နေပြီ"

လီရှောင်ယာသည် တကယ်ပင် ရေဆာလောင်နေရှာသည်။

နှစ်ရက်နှင့် နှစ်ညလုံးလုံး အစာနှင့်ရေ မဝင်ထားသဖြင့် လည်ချောင်းတစ်ခုလုံး စုတ်ပြဲမတတ် နာကျင်နေသည်။

လီရှောင်ယာ ခေါင်းငုံ့ကာ ရေသောက်ရန် ပြင်လိုက်ချိန်တွင်...

"လီရှောင်ယာ"

တစ်စုံတစ်ယောက်က သူမနာမည်ကို ခေါ်လိုက်သံ ကြားလိုက်ရသည်။

သူမ မော့ကြည့်လိုက်သည်။

ရှန်းယွီရှောင် အပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။ သူသည် အဒေါ်ဖြစ်သူကို တွန်းဖယ်ကာ လီရှောင်ယာကို ပွေ့ဖက်လိုက်တော့သည်။

"မင်း ငါ့ကို လန့်သေအောင် လုပ်နေတာပဲ"

အဒေါ်ဖြစ်သူမှာ ဟန်ချက်ပျက်ပြီး လဲကျသွားရာ လက်ထဲမှ ရေနွေးများ ပေါင်ပေါ်သို့ မှောက်ကျကုန်တော့သည်။

"အား..."

သူမ မဆဲဆိုနိုင်ခင်မှာပင် ရောက်ရှိလာသော ရဲများက သူမကို ဖမ်းချုပ်လိုက်ကြသည်။

သားဖြစ်သူမှာ ကြောင်အမ်းသွားပြီး ထပြေးရန် ပြင်လိုက်သော်လည်း နံရံတွင် ကပ်၍ ဖမ်းချုပ်ခံလိုက်ရလေသည်။

ဒါကိုမြင်တော့ အဒေါ်ဖြစ်သူ ရူးမတတ် ဖြစ်သွားတော့သည်။

"ငါ့သားကို လွှတ်ပေး... လွှတ်ပေးကြစမ်း"

သို့သော် သူမကို ဘယ်သူမှ ဂရုမစိုက်ကြပေ။

အဒေါ်ဖြစ်သူမှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် မဝချင်တော့ပေ။ ထိုစဉ် လီရှောင်ယာကို ပွေ့ဖက်ထားသူကို ကြည့်လိုက်မိသည်။

ထိုသူမှာ အလွန်ငယ်ရွယ်သော လူတစ်ယောက်...။

အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည်နှင့် တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ့ရုပ်ရည်မှာ ချောမောသော်လည်း မျက်နှာထားမှာ အလွန်ကြောက်စရာကောင်းနေ၏။ သူက ဒီလိုမြို့နယ်လေးမှာ ရှိနေတတ်မည့် လူပုံစံမျိုး လုံးဝမဟုတ်ပေ။

ထိုစဉ် အဒေါ်ကြီးလိုပင် သူမလည်း လီရှောင်ယာ ပြောခဲ့သောစကားကို ပြန်သတိရသွားသည်။

"သမီးကို လာခေါ်မယ့်လူ ရှိတယ်"

အဒေါ်ဖြစ်သူ ဘေးဘီကို ကြည့်လိုက်ရာ သူမတစ်သက် မမြင်ဖူးလောက်အောင် များပြားလှသော ရဲများကို တွေ့လိုက်ရသည်။

ကြောက်လန့်စိတ်နှင့် ဒေါသစိတ်များ ရောထွေးလာပြီး သူမ ရုတ်တရက် အော်ပြောလိုက်မိတော့သည်။

"လီရှောင်ယာ... နင့်အဘိုးတော့ သေချင်းဆိုးနဲ့ သေရတော့မယ်... သူက နင့်ကို သူဌေးတွေဆီ ရောင်းစားလိုက်တာလား”

All Chapters