← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

Chapter 30

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သောအခါ သူ့၏မျက်နှာထားမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသွားလေသည်။

"ရောင်းစားတယ် ဟုတ်လား"

သူသည် ထိုစကားလုံးကို တံတွေးထွေးထုတ်လိုက်သကဲ့သို့ ရွံရှာစွာ ရေရွတ်လိုက်ပြီး မကောင်းဆိုးဝါးတစ်ကောင်အလား အဒေါ်ဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တော့၏။

"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ... ဘယ်သူက လီရှောင်ယာကို ရောင်းစားမှာလဲ"

ထိုအချိန်၌ တိတ်ဆိတ်ငြိမ်သက်နေသော ဆေးရုံစင်္ကြံလမ်းသည် ရုတ်တရက်ဆိုသလို ရှုပ်ထွေးဆူညံသော ခြေသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ချင်ဆွေ့နှင့် သူ့လူများ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

နယ်မြေခံရဲစခန်းမှ ရဲများကလည်း လီဟုန်ကွမ်ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။ ပြည်နယ်အဆင့် အရာရှိများကို မြင်လိုက်ရသောအခါ သူတို့၏ ရင်များ ဒိန်းကနဲ ခုန်သွားရချေသည်။ ယခုနှစ်အတွက် စွမ်းဆောင်ရည်ရည်မှန်းချက် ပြည့်မီဖို့တော့ သေချာသလောက် ရှိသွားပြီဟု တွေးမိလိုက်ကြ၏။

"ငါ နည်းနည်း နောက်ကျသွားတယ် ထင်တယ်" ချင်ဆွေ့က ပြောလိုက်သည်။

လီဟုန်ကွမ် အဖမ်းခံထားရသည်ကို မြင်လိုက်ရသောအခါ အဒေါ်ဖြစ်သူမှာ ရူးမတတ်ဖြစ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

"ကျွန်မယောကျ်ားကို လွှတ်ပေး... ရှင်တို့ ဘာဖြစ်နေကြတာလဲ... ကျမတို့က လီရှောင်ယာရဲ့ ဦးလေးနဲ့ အဒေါ်ပါ... ဘာလို့ ကျမတို့ကို ဖမ်းရတာလဲ"

ယူနီဖောင်းဝတ်ဆင်ထားသော သက်ကြီးပိုင်းအရာရှိတစ်ဦးက တည်ကြည်ခက်ထန်သော မျက်နှာထားဖြင့် လက်ကာပြလိုက်သည်။

"အားလုံးကို ခေါ်သွားကြ... ဆွေမျိုးသားချင်းတွေကြောင့် ဖြစ်ရတဲ့ အဖြစ်ဆိုးတွေ ဘယ်လောက်များလဲဆိုတာ ခင်ဗျားတို့ သိသင့်တယ်"

အဒေါ်ဖြစ်သူက တစုံတရာ ထပ်ပြောရန် ပြင်လိုက်သော်လည်း လီဟုန်ကွမ်က တုန်ရီနေသော အသံဖြင့် ဖြတ်ပြောလိုက်သည်။

"တိတ်... တိတ်တိတ်နေစမ်း"

သူသည် အဘိုးအို၏ ပခုံးပေါ်မှ ရာထူးတံဆိပ်များကို မှတ်မိလိုက်သောကြောင့် ပင်။

ထိုအရာရှိများသည် ပြည်နယ်အဆင့်မှ ဖြစ်ပြီး ရာထူးအလွန်ကြီးမားလှသည်။ အလွန်ကြီးမားသည်ဟု ဆိုရပေမည်။

သူတို့အားလုံး သူ့ကို ဖြေရှင်းရန် ရောက်လာကြခြင်း ဖြစ်ချေသည်။

လီရှောင်ယာသည် ပတ်ဝန်းကျင်မှ ရှုပ်ထွေးမှုများကို သတိမထားမိဘဲ ရှန်းယွီရှောင်၏ ပခုံးပေါ်တွင် အားနည်းစွာ မှီတွယ်လျက် တိုးညှင်းသော အသံဖြင့် ခေါ်လိုက်ရှာသည်။

"ရှန်းယွီရှောင်... သမီး နည်းနည်း... နေလို့မကောင်းဘူး..."

စကားဆုံးသည်နှင့် သူမ မထိန်းနိုင်တော့ပေ။ ပျို့တက်ကာ အန်ချလိုက်ပြီး ငိုယိုကာ ပြောလိုက်သည်။

"တောင်း... တောင်းပန်ပါတယ်..."

ထိုသို့ ပြောပြီးနောက် သူမ၏ မျက်နှာလေးမှာ ပို၍ ဖြူဖပ်ဖြူရော်ဖြစ်ကာ သတိလစ်မေ့မြောသွားတော့သည်။

ရှန်းယွီရှောင်၏ ရင်ထဲမှ ဒေါသများ တဟုန်းဟုန်း တောက်လောင်လာသည်။ လီဟုန်ကွမ်ကို စကားတစ်ခွန်းမျှ မဆိုဘဲ အေးစက်စွာ စိုက်ကြည့်နေသည်မှာ စကားပြောနေသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်း၏။

"ဆရာဝန်... ဆရာဝန် မြန်မြန်ခေါ်ကြ" ချင်ဆွေ့က သူ့ဘေးနားမှ လူတစ်ယောက်ကို တွန်းထုတ်ကာ ပြောလိုက်သည်။

လီရှောင်ယာကို ခေါ်ဆောင်သွားကြလေသည်။

ထိုအချိန်တွင် လီဟုန်ကွမ်တို့ မိသားစုသုံးယောက်ကို စင်္ကြံလမ်းရှိ ခုံတန်းရှည်များပေါ်တွင် ခေတ္တထိန်းသိမ်းထားသည်။ လီဟုန်ကွမ်သည် မျက်နှာကို အားပါပါ ပွတ်သပ်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည်ရယူရန် ကြိုးစားလိုက်သည်။

"ကျုပ်တို့က လီရှောင်ယာရဲ့ ဦးလေးနဲ့ အဒေါ်ပါ... ခင်ဗျားတို့ ဘာတွေ နားလည်မှုလွဲပြီး ကျုပ်တို့ကို သံသယတရားခံတွေလို ဆက်ဆံနေလဲတော့ မသိဘူး..."

"အဲဒါတွေ နောက်မှပြော" လီဟုန်ကွမ်ရလိုက်သည်မှာ အေးစက်မာကျောသော တုံ့ပြန်မှုသာ ဖြစ်သည်။

"ဘယ်သူ ရဲတိုင်လိုက်တာလဲ သိချင်တယ်... လီရှောင်ယာကို သူ့အဘိုးက ကျုပ်တို့ဆီ ပေးလိုက်တာလေ... ဆွေမျိုးအချင်းချင်း စောင့်ရှောက်တာက အပြစ်ဖြစ်လို့လား"

ယခုအချိန်ထိ လီဟုန်ကွမ်သည် အဘိုးလီက ပိုက်ဆံပိုလိုချင်၍ သူတို့ကို ရဲတိုင်ကာ လုပ်ဇာတ်ခင်းသည်ဟု ထင်နေဆဲပင်။

"ဘယ်သူတိုင်လဲ သိချင်တာလား" ရဲအရာရှိက သူ့ကို တချက်လှမ်းကြည့်လိုက်သည်။ "ခုနက ကောင်လေးနှစ်ယောက်လေ"

"သူတို့က..."

"သူတို့တင်မကဘူး... မရေမတွက်နိုင်တဲ့ ကြည့်ရှုသူတွေအများကြီးပဲ"

လီဟုန်ကွမ် ကြောင်အမ်းသွားသည်။

"ဘာကို ဆိုလိုတာလဲ" သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်ကြီး ဝင်ရောက်လာပြီး စကားကို မနည်းညှစ်၍ မေးလိုက်ရသည်။ "မရေမတွက်နိုင်တဲ့ ကြည့်ရှုသူတွေဆိုတာ ဘာပြောတာလဲ"

ရဲအရာရှိလေး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး တရားမျှတမှု အရှိန်အဝါများ ထွက်ပေါ်လာသည်။

သူက ပြောလိုက်၏။ "ခင်ဗျားတို့က အစီအစဉ်ရိုက်ကူးနေတုန်း ကလေးကို ဖျောက်လိုက်တာလေ... ကြည့်ရှုသူတွေအားလုံးရဲ့ ရှေ့မှောက်မှာတင် ပျောက်သွားတာ... လူတိုင်းက ကလေးဘယ်ရောက်သွားလဲဆိုပြီး စိတ်ပူနေကြတာ... အခု သဘောပေါက်ပြီလား"

လီဟုန်ကွမ် ဆွံ့အသွားတော့သည်။

သူ့မိန်းမနှင့် သားဖြစ်သူမှာလည်း ချက်ချင်းပင် မျက်နှာများ ဖြူရော်သွားကြသည်။

ထိုအချိန်တွင် သုန့်သဝေ လျှောက်လာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ကလေးမလေး ဘယ်လိုနေလဲ"

"ဆရာဝန်က အခြေအနေ ကြည့်နေတုန်းပဲ"

"ဪ... ဟုတ်လား" သုန့်သဝေသည် အကြည့်လွှဲလိုက်ပြီး လီဟုန်ကွမ်ဆီသို့ ကြွားဝါသော ဟန်ပန်ဖြင့် လျှောက်သွားလိုက်သည်။

"ခင်ဗျားပဲကိုး"

"ဟုတ်တယ် ကျုပ်ပဲ" သုန့်သဝေက ပြုံးလျက် ပြောလိုက်သည်။ "ခုနက လျှောက်သွားတဲ့ ကောင်လေးနှစ်ယောက်က ဘယ်သူတွေလဲ ခင်ဗျားသိလား"

လီဟုန်ကွမ်က မုန်းတီးစွာ စိုက်ကြည့်နေပြီး မျက်နှာထားမှာ မဲမှောင်နေသည်။

သုန့်သဝေက သူ့ပုံစံကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

"တစ်ယောက်က ရှန်းယွီရှောင်... နောက်တစ်ယောက်က ချင်ဆွေ့..."

ရှန်းယွီရှောင် ဟုတ်လား...။

လီဟုန်ကွမ်နှင့် ဇနီးဖြစ်သူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

"တစ်ယောက်က ရှန်းလုပ်ငန်းစုရဲ့ သခင်လေး... နောက်တစ်ယောက်က ချင်လုပ်ငန်းစု ရဲ့ သခင်လေးလေ..." သုန့်သဝေက စကားခဏရပ်လိုက်ပြီးမှ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်တယ် ဟုတ်လား" အဒေါ်ဖြစ်သူ နားမလည်နိုင် ဖြစ်သွားသည်။ "သူ ဘာကို ဆိုလိုတာလဲ"

လီဟုန်ကွမ် သဘောပေါက်သွားပြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။

"သူဌေးသားတွေနဲ့ ချိတ်ဆက်ခွင့်ရအောင် အခွင့်အရေးပေးလို့ ငါတို့ကို ကျေးဇူးတင်နေတာ!"

လီဟုန်ကွမ် ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။

သူ့ရင်ဘတ်တစ်ခုလုံး ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ရူးမတတ် ခံစားလိုက်ရသည်။

လီရှောင်ယာ ပြောခဲ့သော ရှန်းယွီရှောင်ဆိုသည်မှာ ဘယ်သူမှန်း သူတို့ အခုမှ သိလိုက်ရ၏။

ဒါပေမဲ့ နောက်ကျသွားပြီ။

ချီးပဲ ဘာလို့ ဘယ်သူမှ ငါတို့ကို မပြောကြတာလဲ... ဘာလို့ အဘိုးလီက တလုံးမှ ဟမလာတာလဲ။

"ဟင့်အင်း... မဖြစ်နိုင်ဘူး... ငါတို့ကို စိတ်ဆင်းရဲအောင် သူ လိမ်ပြောနေတာ နေမှာပါ..." အဒေါ်ဖြစ်သူက တီးတိုးရေရွတ်လိုက်သည်။

"လိမ်ပြောတာ ဟုတ်လား... လိမ်ပြောရုံနဲ့ ဒီလောက်ကြီးကျယ်တဲ့ လှုပ်ရှားမှုကြီး ဖြစ်လာပါ့မလား" လီဟုန်ကွမ် ပြောရင်း ပြောရင်း ကျောချမ်းလာသလို ခံစားလိုက်ရသည်။

အခြားဆေးရုံခန်းတစ်ခုတွင် ဆရာဝန်က ကိုယ်ကိုမတ်လိုက်ပြီး လေးနက်စွာ ပြောကြားလိုက်သည်။

"အဆိပ်မိတဲ့ လက္ခဏာတွေ တွေ့ရတယ်... ကံကောင်းတာက ပမာဏ မများလို့ပဲ ချက်ချင်း အစာအိမ်ဆေးဖို့ စီစဉ်ရမယ်"

"အဆိပ်မိတာ" ရှန်းယွီရှောင်နှင့် ချင်ဆွေ့တို့ ပြိုင်တူ မတ်တပ်ရပ်လိုက်မိကြသည်။

ဘေးနားတွင် ရပ်နေသော အဘိုးအိုက တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

"အမှုအခြေအနေက ပိုပြီး လေးနက်သွားပြီပဲ"

မကြာမီ ရဲအရာရှိတစ်ဦး လီဟုန်ကွမ်တို့ မိသားစုနားသို့ ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"သူတို့ကို စခန်း တန်းခေါ်သွားလိုက်တော့... စောင့်မနေနဲ့တော့... လူသတ်ဖို့ ကြံစည်မှုနဲ့ သံသယရှိတယ်"

လီဟုန်ကွမ်၏ မျက်နှာထား ဗြောင်းဆန်သွားသည်။

"ဘာ... ခင်ဗျားတို့ လျှောက်ပြောနေတာပဲ... ကျုပ်တို့က ဘယ်လိုလုပ်ပြီး..."

ဒီတစ်ကြိမ်တွင်တော့ သူ ခုခံကာကွယ်စကား တစ်ခွန်းမှပင် မပြောလိုက်နိုင်ဘဲ ခေါ်ဆောင် ခံလိုက်ရတော့သည်။ စင်္ကြံလမ်းတွင် ကျန်ရစ်ခဲ့သည်မှာ အဘိုးလီကို ကျိန်ဆဲနေသော အဒေါ်ဖြစ်သူ၏ အသံများသာ ဖြစ်တော့သည်။

ထိုအချိန်တွင် ရဲကားများက လီမိသားစုရွာဆီသို့ ဦးတည်မောင်းနှင်နေကြရာ ရွာတစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"လီရှောင်ယာကို ပြန်တွေ့ပြီလား"

"အပြင်မှာ သေများသေသွားပြီလား မသိဘူး"

"ကားတွေ ဟိုဘက်သွားနေကြတယ်... အဘိုးလီကို သွားဖမ်းကြတော့မယ် ထင်တယ်"

မကြာမီ ဥသြသံများကို အဘိုးလီ ကြားလိုက်ရသည်။ သူသည် အိပ်ရာပေါ်မှ လှိမ့်ဆင်းလာပြီး တုတ်ကောက်ကို ကမန်းကတန်း လှမ်းယူလိုက်သည်။

သူ့မျက်နှာမှာ တဖျပ်ဖျပ် ပြောင်းလဲနေပြီး စိတ်ထဲတွင်တော့... ဒီကောင်မစုတ်လေးကိုများ ပြန်တွေ့သွားတာလား... သူ ငါ့ကိုများ တိုင်လိုက်ပြီလား ဟု တွေးပူနေမိသည်။

အဘိုးလီ ခဏတာ တွေဝေနေပြီးမှ တုတ်ကောက်ကို အားပြုလျက် ဝက်စာကျွေးရာ အနောက်ပေါက်ဘက်သို့ သုတ်ခြေတင် ပြေးလေတော့သည်။

သို့သော် တံခါးဝသို့ ရောက်သည်နှင့် ဝက်စာကူကျွေးပေးနေကြသော သက်တော်စောင့် နှစ်ယောက်က မော့ကြည့်လာကြသည်။

"အဘိုးလီ... ဘယ်သွားမလို့လဲ"

လေးထောင့်မျက်နှာနှင့် အရပ်ရှည်ရှည် သက်တော်စောင့်မှာ အဘိုးလီကဲ့သို့ တောသားအဘိုးကြီးတစ်ယောက်ကို ခြောက်လှန့်ရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

တဖက်မှ ပိတ်ဆို့ခံလိုက်ရချိန်တွင် အခြားတစ်ဖက်မှ ရဲများ ဝင်ရောက်လာကြသည်။

"အဘိုးလီ... ဒီမှာ အဘိုးလီ ရှိလား... ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ"

အဘိုးလီသည် တုတ်ကောက်ကို ပစ်ချလိုက်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တော့သည်။

"အိုး အိုး ငါ့တစ်ကိုယ်လုံး နာနေပြီ... ငါ မလိုက်နိုင်ဘူး"

ရဲအရာရှိလေးများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူ့ကို မ, ကာ ခေါ်သွားကြလေသည်။

ထိုအခါမှ အဘိုးလီလည်း စစ်မှန်သော အာဏာပိုင်များရှေ့တွင် သူ့ဉာဏ်နီဉာဏ်နက်လေးများမှာ လုံးဝ အသုံးမဝင်ကြောင်း သိလိုက်ရတော့သည်။

တဖက်တွင် ဖမ်းဆီးရမည့် သံသယတရားခံများအားလုံးကို ထိန်းသိမ်းလိုက်နိုင်ပြီ ဖြစ်သည်။

အခြားတဖက်တွင်မူ လီရှောင်ယာသည် အစာအိမ်ဆေးခြင်းကို ခံယူပြီးခါစ ဖြစ်သည်။ အဖျားကြီးထားသည့်အပြင် အစာရေစာ မဝင်ထားသဖြင့် အစာအိမ်ဆေးပြီးချိန်တွင် သူမ၏ အခြေအနေမှာ ပို၍ ဆိုးရွားနေရှာသည်။

သူနာပြုဆရာမလေးက သူမကို ဆေးသွင်းပေးနေရင်း သနားကရုဏာသက်စွာ ပြောရှာသည်။

"နည်းနည်းလေး ထိလိုက်တာနဲ့ အသားတွေ ရဲတက်လာတာပဲ သိပ်အားနည်းလိုက်တာ ဒီလူတွေ လုပ်ရက်လိုက်တာ... တကယ် ငရဲကြီးဦးမှာ"

ရှန်းယွီရှောင်သည် ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတွင် ကလေးကို ဆဲရေးနေကြသူများအား ပြလိုက်ချင်စိတ် ပေါက်သွားသည်။

ရှန်းယွီရှောင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လီရှောင်ယာကို စောင်ခြုံပေးရန် အနားသို့ သွားလိုက်သည်။

လီရှောင်ယာသည် အနည်းငယ် သတိပြန်လည်လာပြီး မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်သည်။

"သမီး အိပ်မက် မက်နေတာလား" သူမအသံလေးမှာ ယခင်ကထက်ပင် ပို၍ အားနည်းနေသည်။

"အိပ်မက် မဟုတ်ဘူး လီရှောင်ယာ... ငါ မင်းကို လာကယ်တာ" ရှန်းယွီရှောင်က နူးညံ့စွာ ပြောလိုက်သည်။

ချင်ဆွေ့ကတော့ ဒီစကားကို သိပ်သဘောမကျပေ။

"လီရှောင်ယာ" ချင်ဆွေ့က ကြားထဲသို့ အတင်းတိုးဝင်လိုက်ပြီး ပြောလိုက်၏။

"ငါလည်း မင်းကို လိုက်ရှာခဲ့တာနော်"

သို့သော် ကလေးမလေးက သူ့ကို မကြည့်ပေ။

သူမ၏ အကြည့်များမှာ ဝေဝါးနေသော်လည်း မျက်ဝန်းထဲမှ အလင်းစက်လေးတစ်ခုအပေါ် အာရုံစိုက်ရန် ကြိုးစားရင်း တိုးတိုးလေး ပြောလိုက်သည်။

"ရှန်းယွီရှောင်... သမီး နာမည်မရေးတတ်ဘူး..."

သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး ဗလုံးဗထွေး ပြောလိုက်ရှာသည်။

"သမီး ရှာလို့ မတွေ့ဘူး..."

ရှန်းယွီရှောင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ငါ စာလုံးပေါင်း သင်ပေးမယ်နော်"

လီရှောင်ယာက ခက်ခဲစွာ ခေါင်းညိတ်ပြပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

ချင်ဆွေ့က သစ်တုံးကဲ့သို့ မျက်နှာထားဖြင့် ပြောလိုက်သည်။

"မင်းလို စိတ်ကြီးတဲ့ကောင်ကို ဒီလောက်တွယ်တာနေတာ... ကလေးက မျက်စိများ မှုန်နေသလားပဲ"

"ချင်ဆွေ့ သွားသေလိုက်"

ရှန်းယွီရှောင်က လီရှောင်ယာ နိုးသွားမည်စိုး၍ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်လေသည်။

All Chapters