← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

Chapter 31

"ဘဝခြင်းလဲလှယ်ရေး" အစီအစဉ်သည် နောက်ဆုံး၌ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်စတင်ခဲ့၏။

ထုတ်လုပ်သူသည် ကြည့်ရှုသူများ၏ မှတ်ချက်များကို အချိန်နှင့်တပြေးညီ ပြသနေသော တက်ဘလက်ကြီးတစ်ခုနှင့် မျက်နှာချင်းဆိုင်လျက် ကင်မရာရှေ့တွင် ထိုင်နေသည်။

ဖန်သားပြင်ပေါ်၌ မက်ဆေ့ချ်များ ပြည့်နှက်နေတော့သည်။

[ဘာတွေဖြစ်ကုန်ကြပြီလဲ]

[လူရော ပြန်တွေ့ပြီလား]

ထုတ်လုပ်သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ပြန်တွေ့ပါပြီ အသေးစိတ်ကိုတော့ ရဲဘက်က သတင်းထုတ်ပြန်တာကို စောင့်ပေးကြပါ"

[ဘာ... ရဲဆီက သတင်းကို စောင့်ရမယ် ဟုတ်လား]

[ကြောက်စရာကောင်းလိုက်တာ... လီရှောင်ယာ သေသွားပြီလား]

"ဟင့်အင်း... မဟုတ်ပါဘူး မသေပါဘူး" ရှန်းယွီရှောင် မြင်သွားမည်စိုး၍ ထုတ်လုပ်သူမှာ ကပျာကယာပင် ရှင်းပြလိုက်ရသည်။ "အဆိပ်မိသွားလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာပါ... ပရိသတ်တို့ ကြည့်ချင်လား... ကင်မရာကို ဟိုဘက် လှည့်ပြပေးလို့ရပါတယ်"

[အဆိပ်မိတယ်တဲ့... ဘုရားရေ... ဘာတွေဖြစ်ကုန်ကြတာလဲ]

[သနားစရာ လီရှောင်ယာလေး]

[ဒါ ပထမဆုံးအကြိမ်ပဲ... reality show ကြည့်ရင်း မှုခင်းဒရမ်မာ ဖြစ်သွားတာ...]

ထိုအချိန်၌ပင် ကင်မရာသည် ဆေးရုံအခန်းဘက်သို့ ပြောင်းသွားလေသည်။

ရှန်းယွီရှောင်သည် ခုတင်ဘေးတွင် ထိုင်နေသည်။ ကင်မရာများသယ်ဆောင်လာသော ရိုက်ကူးရေးအဖွဲ့သားများကို မြင်လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

"သူအိပ်နေတယ်... မနှောင့်ယှက်ကြနဲ့"

အဖွဲ့သားတစ်ယောက်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ လူတိုင်းက စိတ်ပူနေကြလို့ပါ..."

ရှန်းယွီရှောင်၏ မျက်မှောင်ကြုတ်ထားမှု ပြေလျော့သွားပြီး ပြောလိုက်၏။

"ကောင်းပြီလေ... မြန်မြန်ဆင်ပြီး ထားခဲ့လိုက်ကြ"

အဖွဲ့သားက ခေါင်းညိတ်ပြပြီး ကင်မရာကို ကျွမ်းကျင်စွာ တပ်ဆင်လိုက်သည်။

ရှန်းယွီရှောင်သည် မျက်လွှာချကာ ဘာမှဆက်မပြောတော့ပေ။

ကြည့်ရှုသူတွေ လီရှောင်ယာကို ဂရုစိုက်ကြသည်မှာ ကောင်းပါသည်။

သူမကို ဆဲရေးတိုင်းထွာနေကြသည်ကို သူ ထပ်မကြားချင်တော့ပေ။

ကင်မရာတပ်ဆင်ပြီးသည်နှင့် ကြည့်ရှုသူများ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်မှာ

ဆေးရုံခုတင်ပေါ်ရှိ မိန်းကလေးငယ်သည် နှင်းကဲ့သို့ ဖြူဖွေးသော စောင်များကြားတွင် မြုပ်နေပြီး ပို၍ သေးကွေးကာ ကျိုးပဲ့လွယ်မည့်ပုံ ပေါက်နေလေသည်။

[ဘုရားရေ... မိခင်တစ်ယောက်အနေနဲ့ ဒါကို မကြည့်ရက်တော့ဘူး... ကျွန်မ ထွက်တော့မယ်]

[ခဏ... ငါ ဘာမြင်လိုက်ရတာလဲ... ချင်ဆွေ့က ဇလုံကြီးကိုင်ပြီး ဝင်လာတာမလား]

ချင်ဆွေ့သည် ရေနွေးထည့်ထားသော ဇလုံကို သယ်ဆောင်လာပြီး ဇလုံအနားတွင် မျက်နှာသုတ်ပုဝါတစ်ထည် ချိတ်ထားသည်။

ရှန်းယွီရှောင်က သူ့ကို တချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ငါ လုပ်လိုက်မယ်"

ထို့နောက် သူသည် မျက်နှာသုတ်ပုဝါကိုယူ၊ ရေစွတ်လိုက်ပြီး လီရှောင်ယာ၏ မျက်နှာကို သုတ်ပေးလိုက်သည်။

ချင်ဆွေ့က သူ့ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"မင်း သူများတွေကို ပြုစုဖူးလို့လား"

ရှန်းယွီရှောင် ခဏရပ်တန့်သွားပြီး ဆိုလိုက်သည်။ "သခင်လေးချင်မှာ အကြံဉာဏ်များ ရှိလို့လား"

"အနည်းဆုံးတော့ သူ့လည်ပင်းပေါ် ရေမကျအောင် ငါ လုပ်တတ်တယ်" ချင်ဆွေ့က ပြောရင်း ဇလုံကိုချကာ မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်သည်။

ရှန်းယွီရှောင် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။

"မင်းကရော ပြုစုဖူးလို့လား"

[သခင်လေးနှစ်ယောက် ထိပ်တိုက်တွေ့ကြပြီဟေ့... ဘယ်သူကမှ ဘယ်သူ့ကို ဝေဖန်လို့မရဘူး... သူတို့နှစ်ယောက်လုံး အရင်က လီရှောင်ယာပြုစုတာ ခံခဲ့ရတဲ့လူတွေချည်းပဲ]

[စိတ်ဝင်စားစရာ ကောင်းလာပြီ... လီရှောင်ယာကို ဘယ်သူပြုစုမလဲဆိုပြီး သူတို့နှစ်ယောက် လုနေတာကို တစ်နှစ်လောက် ထိုင်ကြည့်လို့ရတယ်]

မှတ်ချက်ရေးသူများမှာ ပွဲကြည့်ကောင်းနေကြပြီ ဖြစ်သည်။

ထိုစဉ် ချင်ဆွေ့သည် လီရှောင်ယာ၏ လည်ပင်းပေါ်ရှိ ရေများကို တစ်ရှူးဖြင့် သုတ်ပေးရင်း လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"အနည်းဆုံးတော့ ငါ့အမေရဲ့ ခွေးကို ငါ ပြုစုဖူးတယ်"

"မင်းက လီရှောင်ယာကို ခွေးနဲ့ နှိုင်းနေတာလား"

"မင်းကျတော့ ခွေးတောင် ပြုစုဖူးတာ မဟုတ်ဘူး"

"..." ရှန်းယွီရှောင် စဉ်းစားလိုက်သည်။ သူ့အမေက လိပ်တစ်ကောင်သာ မွေးထားဖူးသည်။ ချင်ဆွေ့ကို ယှဉ်နိုင်မည်မဟုတ်သဖြင့် သူ လက်လျှော့လိုက်တော့သည်။

ရှန်းယွီရှောင်မှာ မကျေမနပ်ဖြင့် နောက်ဆုတ်လိုက်ရတော့သည်။

လီရှောင်ယာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း မဟုတ်ပေ။ ချင်ဆွေ့က မျက်နှာသုတ်ပေးပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာလေသည်။

မျက်ရည်များ စီးကျလာပြီး နှုတ်ခမ်းများ လှုပ်ရှားကာ အက်ကွဲသောအသံဖြင့် ညှစ်ထုတ်ပြောလိုက်သည်။

"အမေ... အမေ..."

ရှန်းယွီရှောင်၏ နှလုံးသားကို ထုနှက်လိုက်သကဲ့သို့ နာကျင်သွားရသည်။

သူက ချင်ဆွေ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။

"မြန်မြန်... သူ့ကို ချော့လိုက်"

ချင်ဆွေ့ နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ ရှန်းယွီရှောင်၏ စရိုက်အရဆိုလျှင် ဒီလိုအခွင့်အရေးမျိုးကို ဘယ်တော့မှ လက်လွှတ်မည့်လူ မဟုတ်ပေ။

ချင်ဆွေ့သည် ယုံတဝက်မယုံတဝက်ဖြင့် လီရှောင်ယာကို အနည်းငယ်ပင့်မကာ သူ့ရင်ခွင်ထဲ မှီစေလိုက်သည်။

ထို့နောက် ရှန်းယွီရှောင်က ဆက်ပြောလိုက်သည်။

"အမေ ဒီမှာရှိတယ်လို့ ပြောပြီး ချော့လိုက်"

ချင်ဆွေ့ - "..."

[ချင်ဆွေ့ရဲ့ မျက်နှာကြီး ပျက်သွားပြီ ဟားဟား]

[အမေလို ယောကျ်ားလေးတစ်ယောက် လိုချင်တယ်... အမေလို ယောကျ်ားလေးတစ်ယောက် လိုချင်တယ်!]

ထိုအချိန်၌ အခန်းပြင်မှ လူတစ်ယောက်က တိုးတိုးလေး ခေါ်လိုက်သည်။

"ရှန်းယွီရှောင်"

အပြင်ဘက်ရှိ ယူနီဖောင်းဝတ်ထားသူကို မြင်လိုက်ရသောအခါ ရှန်းယွီရှောင် ချက်ချင်း မတ်တပ်ရပ်ပြီး ထွက်သွားလေသည်။ ကြည့်ရှုသူများမှာ သူ့ကို ဘယ်သူခေါ်လိုက်သလဲဆိုသည်ကို သိချင်စိတ် ပြင်းပြနေကြတော့၏။

အပြင်ဘက်တွင် သက်လတ်ပိုင်း ရဲအရာရှိတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

"လီရှုကျန်းရဲ့ ရေဘူးအဖုံးမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့ရတယ်"

"လီရှုကျန်း အဲဒါ ဘယ်သူလဲ"

"လီရှောင်ယာရဲ့ အဒေါ်လေ"

ရှန်းယွီရှောင် မျက်နှာ မဲမှောင်သွားသည်။

"သူတို့က ကလေးကို သတ်ဖို့ ကြိုးစားနေတုန်းပဲလား"

ရဲအရာရှိက ခေါင်းခါလိုက်သည်။ "ဒါက ပြစ်မှုကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး... လီရှုကျန်းကလည်း အဆိပ်ခတ်တဲ့ကိစ္စကို အပြင်းအထန် ငြင်းဆိုထားတယ်"

သို့သော် လီဟုန်ကွမ်တို့ လင်မယားအတွက်မူ လူသတ်ရန် ကြံစည်မှုဖြင့် သံသယဝင်ခံရခြင်းကပင် နှိပ်စက်မှုတစ်မျိုး ဖြစ်နေပေပြီ။

"နောက်ပြီး လီရှောင်ယာရဲ့ အဘိုးက တစ်ခုခုကို ဝန်ခံလာတယ်... လီမိသားစုရွာရဲ့ ရွာသူကြီးက သူ့ကို ဒီလိုလုပ်ဖို့ အရိပ်အမြွက်ပြခဲ့တယ်တဲ့... လျော်ကြေးငွေ ယွမ် ၅,၀၀၀ ပေးမယ်လို့ သဘောတူခဲ့ကြတယ်တဲ့"

"ယွမ် ၅,၀၀၀ ဟုတ်လား... ယွမ် ၅,၀၀၀ တည်းနဲ့ လီရှောင်ယာကို ရောင်းစားလိုက်တယ်ပေါ့... သူ ရူးနေတာလား"

ရှန်းယွီရှောင် အသံမထိန်းနိုင်တော့ဘဲ အော်လိုက်မိရာ သူ့စကားသံသည် ကင်မရာရှိရာ အခန်းထဲထိ ရောက်သွားတော့သည်။

[သူ ဘယ်သူနဲ့ စကားပြောနေတာလဲ]

[လီရှောင်ယာကို ယွမ် ၅,၀၀၀ နဲ့ ရောင်းစားလိုက်တယ်တဲ့လား... ဘုရားရေ... လူကုန်ကူးတာလား... ဘယ်သူလုပ်တာလဲ]

[သောက်ခွေးလိုပဲ လီရှောင်ယာလေးရဲ့ ဘဝက တကယ်ကို ဆိုးရွားလွန်းတယ်]

[သူ့အဘိုးအပေါ် သံသယဖြစ်စရာ ရှိနေပြီ]

အပြင်ဘက်ရှိ ရဲအရာရှိက သူ့ကို စိတ်ငြိမ်စေရန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ရွာသူကြီးကိုလည်း ဆင့်ခေါ်ဖို့ လူလွှတ်ထားပြီးပါပြီ... အဆိပ်ခတ်တဲ့လူကလည်း ဒီကွင်းဆက်ထဲမှာပဲ ရှိနေမယ်လို့ ယုံကြည်ပါတယ်... သေချာစုံစမ်းရင် တွေ့မှာပါ"

ရှန်းယွီရှောင်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။

"ပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"

"ကျွန်တော်တို့ တာဝန်ပါ"

အရာရှိက ခဏရပ်ပြီးမှ ဆက်ပြောသည်။

"ပြောပြစရာ ကိစ္စတစ်ခုတော့ ရှိတယ်... လူကုန်ကူးတာ မှန်တယ်ဆိုရင်တောင် လီရှောင်ယာရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူက သူ့အဘိုးဖြစ်နေတဲ့အတွက် ဥပဒေအရ ပြစ်ဒဏ်လျှော့ပေါ့ စဉ်းစားပေးရလိမ့်မယ်"

ရှန်းယွီရှောင် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းရှာပါ့မယ်"

ရှန်းယွီရှောင် ဆေးရုံခန်းထဲသို့ ပြန်ဝင်လာသော်လည်း လီရှောင်ယာကို တွေ့လိုက်ရသည့်တိုင် သူ့ရင်ထဲမှ ဒေါသများ ပြေပျောက်မသွားပေ။ ပို၍ပင် ပြင်းထန်လာရသည်။

သွေးသားရင်းချာတဲ့...။

ပျော်ရွှင်သော မိသားစုရှိသူများအတွက် ဤစကားလုံးသည် အလှပဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် လီရှောင်ယာလို လူမျိုးအတွက်မူ ဒါသည် သေစေနိုင်သော အဆိပ်အတောက်၊ တစ်သက်တာ ရုန်းမထွက်နိုင်သော သံခြေကျင်းတစ်ခုသာ ဖြစ်သည်။

ချင်ဆွေ့က သူဝင်လာသည်ကို မြင်သောအခါ ရုတ်တရက် ပြောလိုက်သည်။

"တကယ်တော့... ငါတို့ သူ့ကို မွေးစားလို့ရတာပဲ"

"သူ့အဘိုးက တိုက်ရိုက်တော်စပ်တဲ့ ဆွေမျိုးလေ... တိုက်ရိုက်တော်စပ်တဲ့ ဆွေမျိုးရှိနေသရွေ့ မွေးစားလို့မရဘူး"

ရှန်းယွီရှောင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

ချင်ဆွေ့ ခဏစဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ဒါဆို သူ့အမေဘက်က ဆွေမျိုးဆိုရင်ရော... ငယ်ရွယ်သန်စွမ်းပြီး ချမ်းသာတဲ့၊ လူမှုအသိုင်းအဝိုင်းမှာ မျက်နှာပန်းလှပြီး ဂုဏ်သတင်းကောင်းတဲ့ ဆွေမျိုးတစ်ယောက်လောက်ဆိုရင်ရော..."

ရှန်းယွီရှောင်၏ မျက်လုံးများ အရောင်လက်သွားသည်။

သခင်လေးနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးသား တိတ်တဆိတ် နားလည်လိုက်ကြသည်။

ဆွေမျိုးမရှိရင်လည်း ကိစ္စမရှိဘူးလေ။

ဖန်တီးယူလို့ ရတာပဲ။

သူတို့၏ စကားဝိုင်းသည် ကြည့်ရှုသူများထံမှ ပြင်းထန်သော တုံ့ပြန်မှုများကိုလည်း ထွက်ပေါ်လာစေသည်။

[ဒါဆို ဒီမတော်တဆမှုက လီရှောင်ယာရဲ့ အဘိုးကြောင့် ဖြစ်ရတာပေါ့]

[သူ့မြေးအရင်းခေါက်ခေါက်ကို ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ]

ထိုအချိန်တွင်...

လီချင်းချင်းသည် ရှန်းကျွမ်ကွယ်ရာတွင် ဖုန်းပြောနေလေသည်။ ထိုအခါမှ သူမ၏ အဘိုးဖြစ်သူ အဖမ်းခံလိုက်ရကြောင်း သိလိုက်ရတော့သည်။

အရူးတွေ... အသုံးမကျတဲ့ ဝန်ထုပ်ဝန်ပိုး အရူးတွေ။

လီချင်းချင်း စိတ်ထဲတွင် အကြိမ်တစ်သန်းမက ကျိန်ဆဲလိုက်မိသည်။

သို့သော် အဖေဖြစ်သူကိုမူ နှုတ်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့... သမီး ဦးလေးရှန်းကျွမ်နဲ့ အတူတူ ပြန်လာတော့မှာပါ... သူ့ကို ကူညီပေးဖို့ နည်းလမ်းရှာခိုင်းလိုက်ပါ့မယ်"

လီစုန့်၏ တုံ့ဆိုင်းနေသော အသံကို တဖက်မှ ကြားလိုက်ရသည်။

သူက ပြောလိုက်၏။

"နည်းလမ်းရှာမနေနဲ့တော့... အဘိုးကို မကယ်နဲ့တော့"

လီချင်းချင်း အံ့သြသွားသော်လည်း ဟန်လုပ်ကာ ပြောလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ... သူက သမီးရဲ့ အဘိုးလေ"

"အဖေကြီးက တသက်လုံး ရွာကနေ မထွက်ဖူးဘူး... သူ့အမြင်တွေက ကျဉ်းမြောင်းပြီး အမှားလုပ်မိတတ်တယ်... သမီးကိုပါ ဆွဲချသွားမှာ အဖေ မလိုလားဘူး ချင်းချင်း... သမီးက အဖေနဲ့အမေရဲ့ ဂုဏ်ယူစရာလေး ဖြစ်လာမှာလေ... ဟုတ်တယ်မလား"

လီချင်းချင်း အသက်ရှူမှားသွားရသည်။ သူမ၏ ဖခင်အရင်းက သူမကဲ့သို့ပင် ရက်စက်တတ်လိမ့်မည်ဟု တခါမှ မတွေးမိခဲ့ပေ။

သူမ တိုးတိုးလေး ရှိုက်ငိုသံပြုလိုက်ပြီး ပြောလိုက်၏။

"ကောင်းပါပြီ"

ထိုအချိန်တွင် ရှန်းကျွမ် လျှောက်လာသည်။ သူမ၏ အမူအရာကို သတိထားမိပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

လီချင်းချင်းသည် ဘာမှမသိသကဲ့သို့ ဟန်ဆောင်ကာ ငိုလိုက်သည်။

"အဘိုးကို ရဲတွေ ဖမ်းသွားပြီတဲ့... သူ မကောင်းတာ လုပ်ထားတယ်တဲ့"

ရှန်းကျွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး လီရှောင်ယာ ပျောက်ဆုံးမှုနှင့် ချက်ချင်း တွဲမြင်မိလိုက်သည်။

ရှန်းကျွမ်က လီချင်းချင်းကို စိုက်ကြည့်ရင်း တမင်မေးလိုက်သည်။

"ဦးလေး ကူညီပေးရမလား"

လီချင်းချင်းက ခေါင်းခါရင်း ရှိုက်ငိုလိုက်သည်။

"အဘိုးက တကယ်ပဲ လူဆိုးဆိုရင် ဦးလေးကို အကူအညီမတောင်းရဲပါဘူး... တကယ်လို့ အဘိုးက လူဆိုးမဟုတ်ဘူးဆိုရင် ရဲဦးလေးတွေက အိမ်ပြန်လွှတ်ပေးမှာပါ"

"အင်း... ဒါဆို သွားကြစို့"

"သွားတော့မလို့လား... အစ်ကိုကြီးကို ဝင်မတွေ့တော့ဘူးလားဟင်"

"မလိုပါဘူး... ဒီအချိန်လောက်ဆို သူ လီရှောင်ယာနားမှာပဲ ရှိနေမှာပါ"

လီချင်းချင်းမှာ မနာလိုဝန်တိုစိတ်များဖြင့် လောင်မြိုက်လာတော့သည်။

သူမခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ ရှန်းယွီရှောင်က လီရှောင်ယာကို ကလေးသတို့သမီးအဖြစ် မွေးစားဖို့များ ကြံစည်နေတာလား။

ထိုအတွေးဝင်လာသည်နှင့် လီချင်းချင်းမှာ ပို၍ပင် မနာလိုဖြစ်လာရတော့သည်။

All Chapters