အခန်း (၃၂)
Vol. 4 Ch. 32
Chapter 32
"ငါ ရှေ့နေနဲ့ တွေ့ချင်တယ်"
လီဟုန်ကွမ်သည် ထိန်းသိမ်းခံရပြီးနောက် အကြိမ်ကြိမ် အော်ဟစ်တောင်းဆိုနေခဲ့သည်။
သူ တကယ်ပင် ရှေ့နေနှင့် တွေ့ခွင့်ရခဲ့သည်။ သို့သော် ရှေ့နေရောက်လာသောအခါ လီဟုန်ကွမ်ကို ဝမ်းနည်းဖွယ်သတင်းတစ်ခု ပြောပြလေသည်။
"ဒီအမှုက လူအများ အာရုံစိုက်တာကို ခံနေရတယ်။ အခုဆိုရင် ပြည်နယ်အဆင့်နဲ့ ပူးပေါင်းကိုင်တွယ်နေပြီး မကြာခင်မှာ ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးကို စတင်တော့မှာ"
လီဟုန်ကွမ်၏ မျက်နှာမှာ စိမ်းပုပ်သွားတော့သည်။
"ဒါပေမဲ့ လီရှောင်ယာနဲ့ ငါက ဆွေမျိုးတွေလေ"
"ဟုတ်ပါတယ်... ဒါကြောင့် ခင်ဗျားအနေနဲ့ သူ့ရဲ့ တိုက်ရိုက်ဆွေမျိုးတွေဆီက ခွင့်လွှတ်ကြောင်း စာရဖို့ ကြိုးစားကြည့်လို့ရတယ်... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက... သူ့အဘိုးကိုလည်း စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးဖို့အတွက် ရဲက ခေါ်ထားပြီးပြီ"
"..."
လီဟုန်ကွမ် နောက်ဆုံးထွက်ပေါက်တစ်ခုကိုသာ တွေးမိတော့သည်။
"ငါ လျော်ကြေးပေးလို့ရတယ်လေ... လီရှောင်ယာကို ယွမ် ၅၀,၀၀၀ ပေးမယ်... ဟင့်အင်း ၁၀၀,၀၀၀... ၂၀၀,၀၀၀ ပေးမယ်ဆိုရင်တောင် ရတယ်... တက္ကသိုလ်ပြီးတဲ့အထိ ကောင်းကောင်းမွန်မွန် ကျောင်းတက်နိုင်တဲ့ ပမာဏလေ"
ထို့နောက် လီဟုန်ကွမ် ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှေ့နေကို မေးလိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လဲ... ငါ့ဆီက ပိုက်ဆံရချင်လို့ လီရှောင်ယာရဲ့အဘိုးနဲ့ သူနဲ့ပေါင်းပြီး ထောင်ချောက်ဆင်တာများ မဖြစ်နိုင်ဘူးလား"
"ဒါ အကွက်ချစီစဉ်ထားတာ... သေချာပေါက် ငါ့ကို အကွက်ဆင်တာပဲ"
လီဟုန်ကွမ် အော်ဟစ်လိုက်သည်။
ရှေ့နေက သူ့ကို သနားကရုဏာသက်စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။
"ခင်ဗျား ထင်နေလား... ရှန်းယွီရှောင်နဲ့ ချင်ဆွေ့လို လူတွေက ပိုက်ဆံလိုနေတယ်လို့လေ... သူတို့က ခင်ဗျားဆီက လျော်ကြေးလိုချင်တာ မဟုတ်ဘူး... ခင်ဗျားကို ထောင်ကျစေချင်တာ"
လီဟုန်ကွမ် နောက်ဆုံးတော့ စိတ်ဓာတ်ကျသွားပြီး စားပွဲခုံကို လက်သီးဖြင့် ထုချလိုက်ရာ သူ့မျက်မှန်ကိုင်းပင် ကျိုးပဲ့သွားတော့သည်။
"ဘာလို့ ငါ့ကိုမှ ရွေးပြီးလုပ်ရတာလဲ... ဘာလို့လဲ"
ရှေ့နေက သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့... ခင်ဗျားရဲ့ တူမလေးက အရမ်းချစ်စရာကောင်းနေလို့ ဖြစ်မယ်"
လီဟုန်ကွမ် - "..."
လီဟုန်ကွမ်၏ အော်ဟစ်သောင်းကျန်းမှုကြောင့် အချုပ်ခန်းစောင့်များ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး လူတစ်ယောက်က သူ့ကို ချက်ချင်းပင် လာရောက်ချုပ်နှောင်လိုက်သည်။
"ရှေ့နေနဲ့ စကားပြောလို့ ပြီးပြီလား"
အစောင့်က အေးစက်စွာ မေးလိုက်သည်။
ရှေ့နေက ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်၏။ "ပြီးပါပြီ ကျွန်တော် ပြန်ပါတော့မယ် ကျေးဇူးပါပဲ"
အဘိုးလီ၏ အခြေအနေမှာလည်း အလားတူပင်။ သူ ဘယ်လောက်ပဲ အော်ဟစ်ဆူပူနေပါစေ၊ ဒီနေရာမှာတော့ ဘာမှအရာမထင်ပေ။
ရဲအရာရှိက သူ့ကို မေးလိုက်သည်။
"ရွာသူကြီးက လီရှောင်ယာကို အဆိပ်ခတ်ခိုင်းတဲ့ အစီအစဉ်အကြောင်း ခင်ဗျား သိသလား"
"ဘာ ကျုပ် မသိဘူး ကျုပ် တကယ်မသိဘူး... ဘုရားစူးရပါစေ သူက ကျုပ်ရဲ့ မြေးမလေးရှောင်ယာကို သတ်ဖို့တောင် ကြံစည်တယ်ပေါ့လေ"
အဘိုးလီမှာ ကြောက်လန့်တကြားဖြစ်သွားပြီး မျက်ရည်၊ နှပ်ချေးများဖြင့် ငိုယိုတော့သည်။
ရှန်းယွီရှောင်သည် မှန်ပြတင်းပေါက်မှတဆင့် အဘိုးလီ၏ အရုပ်ဆိုးအကျည်းတန်သော အပြုအမူကို ကြည့်ရင်း ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်မိသည်။
"နှမြောစရာပဲ... သူ တကယ်မပါဝင်ခဲ့ပုံရတယ်... မဟုတ်ရင် တိုက်ရိုက်ဆွေမျိုးက လူသတ်ဖို့ကြံစည်တယ်ဆိုပြီး လီရှောင်ယာရဲ့ အုပ်ထိန်းခွင့်ကို လွှဲပြောင်းယူလို့ ရနိုင်ခဲ့မှာ"
ရှန်းယွီရှောင် အပြင်ထွက်လာသောအခါ လီရှောင်ယာက စင်္ကြံလမ်းတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
လီရှောင်ယာသည် ယခုအခါ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ပြီဖြစ်သည်။ သူမသည် ရှန်းကျွမ် ဝယ်ပေးထားသော ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သူနာပြုဆရာမလေးများက သပ်သပ်ရပ်ရပ် စည်းပေးထားသဖြင့် လန်းဆန်းတက်ကြွနေပုံ ရသည်။
ရှန်းယွီရှောင်သည် သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ အခြားစစ်ဆေးမေးမြန်းခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
ထိုနေရာတွင် ရွာသူကြီးကို ထိန်းသိမ်းထားသည်။
ရွာသူကြီး၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ရက်ပိုင်းအတွင်းမှာပင် မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပို၍နက်ရှိုင်းသွားသကဲ့သို့ ထင်ရသည်။ သူက ခေါင်းခါရင်း တတွတ်တွတ် ရေရွတ်နေသည်။
"ကျုပ်မှာ အပြစ်မရှိဘူး... ကျုပ်မှာ အပြစ်မရှိဘူး..."
သူ့နဖူးပေါ်တွင် ချွေးများရွှဲနစ်နေပြီး အဝတ်အစားများမှာလည်း အသီးအရွက်အချဉ်သိပ်ထားသကဲ့သို့ တွန့်ကြေကာ ကိုယ်တွင် ကပ်နေသည်။ ကြည့်ရသည်မှာ အလွန် သနားစရာကောင်းနေ၏။
"ကျုပ် သားနဲ့ တွေ့ချင်တယ်... မဟုတ်ဘူး... မဟုတ်ဘူး... ကျုပ် မြေးမလေးနဲ့ တွေ့ချင်တယ်... ကျုပ်မြေးမလေးက ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိလား... သူက သူဌေးတွေနဲ့ အတူတူ ရိုက်ကူးရေးလုပ်နေတာ... သူဌေးတွေနဲ့နော်" ရွာသူကြီးက ထိုင်ခုံကို ကိုင်လှုပ်ရင်း တံတွေးများစင်သည်အထိ စိတ်လှုပ်ရှားစွာ ပြောနေသည်။
ရှန်းယွီရှောင်က အေးစက်စွာ ဝင်ပြောလိုက်သည်။
"ကျွန်တော့်အဖေက ဟန်ဆောင်ကောင်းလွန်းနေတယ်... ကျွန်တော်သာဆိုရင် လီချင်းချင်းကို အစီအစဉ်ကနေ ကန်ထုတ်လိုက်တာ ကြာပြီ"
"ချင်းချင်း... သမီးက အဘိုးကို စွန့်ပစ်လိုက်ပြီလား" ရွာသူကြီးက မျက်နှာကိုအုပ်ကာ အော်ဟစ်ငိုကြွေးတော့သည်။
လီရှောင်ယာ စိတ်ပျော့သွားမည်စိုးသဖြင့် ရှန်းယွီရှောင်က ငုံ့ကြည့်လိုက်သည်။
သို့သော် သူမက ရွာလူကြီးကို စူးစူးစိုက်စိုက်နှင့် လေးနက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သူ ဝဋ်လည်နေတာ" ရှန်းယွီရှောင်က တိုးတိုးလေး ပြောလိုက်သည်။
လီရှောင်ယာက ခေါင်းအနည်းငယ် ညိတ်ပြသည်။
"အမေပြောဖူးတယ်... သူက လူဆိုးတဲ့... အဆိုးဆုံးလူတဲ့"
ရှန်းယွီရှောင် ပြုံးလိုက်သည်။
"အခု လူဆိုးအဖမ်းခံရပြီဆိုတော့ ပျော်လား"
လီရှောင်ယာက အပြုံးနုနုလေးဖြင့် ပြန်ဖြေသည်။
"အမေတော့ ပျော်နေမှာ"
ရှန်းယွီရှောင် မနေနိုင်ဘဲ သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်မိသည်။
ရွာသူကြီးနှင့် သူ့အပေါင်းအပါများသည် သူတို့မြို့နယ်လေးတွင် အစွမ်းထက်သော ဗိုလ်ကျသူများဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရဲစခန်းရောက်သွားသည်နှင့် ဘာမှမဟုတ်သော လူများ ဖြစ်သွားကြတော့သည်။
စစ်ဆေးမေးမြန်းခြင်း အလျင်အမြန်ပင် ပြီးဆုံးသွားသည်။
တချိန်တည်းမှာပင် ရဲတပ်ဖွဲ့က အစီရင်ခံစာတစ်စောင်နှင့်အတူ ရွာသူကြီးငှားရမ်းခဲ့သော အဆိပ်ခတ်သူကို ဆက်လက်ရှာဖွေရာတွင် ကူညီပေးကြရန် မေတ္တာရပ်ခံစာကို ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာ ထွက်လာသည်နှင့် "ဘဝခြင်းလဲလှယ်ရေး" အစီအစဉ်ကို ကြည့်ရှုသူများအကြား ပွက်လောရိုက်သွားတော့သည်။
[လီချင်းချင်းရဲ့ အဘိုးက လီရှောင်ယာရဲ့ အဘိုးကို ယွမ် ၅,၀၀၀ ပေးပြီး လာဘ်ထိုးတယ်... လီရှောင်ယာရဲ့ အဘိုးကကျတော့ လက်ခံပြီး လီရှောင်ယာကို ဆွေမျိုးဝေးတစ်ယောက်ဆီ ရောင်းစားလိုက်တယ်... အမှန်တရား ပေါ်လာတော့ လီချင်းချင်းရဲ့ အဘိုးက နှုတ်ပိတ်ဖို့အတွက် လီရှောင်ယာကို အဆိပ်ခတ်သတ်ခိုင်းတယ်... ဘုရားရေ... ရက်စက်လိုက်တာ]
[အခု လီချင်းချင်းကို ဘယ်သူ ကာကွယ်ပေးဦးမလဲ ကြည့်ချင်သေးတယ်... တမိသားစုလုံး ပုပ်သိုးနေတာပဲ... သူလည်း မကောင်းဆိုးဝါးမလေး ဖြစ်လာတာ မဆန်းပါဘူး]
[အခုမှ သဘောပေါက်တော့တယ်... လီချင်းချင်းက ဘာလို့ အစီအစဉ်မှာ အဲဒီလောက် ဟန်လုပ်နေနိုင်လဲဆိုတာ... သူက ရွာလူကြီးရဲ့ မြေးမလေးကိုး... သူတို့မိသားစုက ဗီလာအိမ်သေးသေးလေးတောင် ဆောက်ထားနိုင်တာ... အဲဒီဟန်ပန်တွေက ပိုက်ဆံနဲ့ ဝယ်ထားတာပဲ]
[ကြားတာတော့ လီချင်းချင်းရဲ့ အဖေလည်း အဂတိလိုက်စားမှုနဲ့ ရာထူးကနေ ဆိုင်းငံ့ခံထားရတယ်တဲ့]
[ဝါး... ဒီမိသားစုကတော့ ရှယ်ပဲဟေ့]
...
လီချင်းချင်းသည် ရှန်းမိသားစုအိမ်တော်တွင် ထိုင်ရင်း အွန်လိုင်းပေါ်မှ ရုတ်ချည်းပြောင်းလဲသွားသော အမြင်များကို ကြည့်ကာ ဒေါသတကြီး အံကြိတ်နေမိသည်။
ဘာလို့ အရင်ဘဝကထက်တောင် ပိုဆိုးနေရတာလဲ။
ဘာလို့ ရှန်းယွီရှောင်နဲ့ လီရှောင်ယာက ပိုရင်းနှီးသွားရတာလဲ... ချင်ဆွေ့ကိုတောင် သူတို့ဘက်ပါအောင် ဆွဲခေါ်ထားနိုင်သေးတယ်... ဘာလို့လဲ။
လီချင်းချင်း ဖုန်းကို သိမ်းလိုက်ပြီး အိမ်တော်ထိန်းနှင့် အလုပ်သမားများ၏ မျက်နှာကိုပင် မကြည့်ရဲတော့ပေ။
"သခင်ကြီး ပြန်လာပါပြီ" အိမ်တော်ထိန်း၏ အသံထွက်ပေါ်လာသည်။
လီချင်းချင်း မျက်ရည်များကို ချက်ချင်း ညှစ်ထုတ်လိုက်တော့သည်။
"အွန်လိုင်းက သတင်းတွေ သမီး တွေ့ပြီးပြီမလား" ရှန်းကျွမ်က သူမအနားသို့ လျှောက်လာပြီး သက်ပြင်းချလိုက်သည်။ "သမီးတို့ မိသားစုက တကယ်ကို..."
ကင်မရာများ ရိုက်ကူးနေဆဲမှန်းသိသဖြင့် လီချင်းချင်းသည် ရုတ်တရက် ရှန်းကျွမ်၏ ခြေထောက်ကို ဖက်ကာ ငိုချလိုက်တော့သည်။
"အဘိုးက မကောင်းတာတွေ လုပ်ခဲ့မိတယ်... ဝါး... ဝါး... သမီးတို့ လီရှောင်ယာအပေါ် အမှားလုပ်မိတယ်... အဘိုးရဲ့ အပြစ်တွေကို ချင်းချင်း ဘယ်လို ပြန်ပေးဆပ်ရမလဲဟင်"
ရှန်းကျွမ်က သူမကို တွန်းထုတ်လိုက်သည်။
လီချင်းချင်း ဖင်ထိုင်လျက် လဲကျသွားပြီး ပို၍ သည်းထန်စွာ အော်ဟစ်ငိုကြွေးတော့သည်။
နောက်ဆုံးတွင် မေ့မြောသွားသည်အထိ ငိုကြွေးလိုက်တော့၏။
ထိုအခါမှ ရှန်းကျွမ်လည်း မတတ်သာဘဲ အပေါ်ထပ်သို့ ပွေ့ချီသွားရန် အစေခံများကို ညွှန်ကြားလိုက်ရသည်။
ဤနေရာတွင် ဖြစ်ပျက်နေသော အုံ့မှိုင်းမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရှန်းယွီရှောင်သည် လီရှောင်ယာ၏ လက်ကိုဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"လာ... ချင်ဆွေ့ကို သွားနှုတ်ဆက်ရအောင်"
ကြည့်ရှုသူများမှာ ရယ်မောခြင်းကို မထိန်းနိုင်ကြတော့ပေ။
[ချင်ဆွေ့ ပြန်တော့မှာလား... သခင်လေးရှန်းကတော့ ဝမ်းနည်းချင်ယောင်တောင် မဆောင်ဘူးနော်]
ချင်ဆွေ့ကို လာကြိုသောကားသည် လမ်းဘေးတွင် ရပ်ထားပြီးဖြစ်သည်။
ချင်ဆွေ့သည် ကားတံခါးနားတွင် ရပ်လျက် မိသားစုနှင့် ဖုန်းပြောနေသည်။
"အစတုန်းက ဒီအစီအစဉ်မှာ ပါဖို့ အတင်းလုပ်တာ ခင်ဗျားတို့ပဲလေ... အခု ကျွန်တော် မပြန်ချင်တော့မှ ပြန်လာခိုင်းနေကြတယ်"
တဖက်မှ မစ္စတာချင်လည်း နားမလည်နိုင် ဖြစ်နေသည်။
"ဒါပေမဲ့ မင်းက လိမ္မာရေးခြား ရှိလာပြီဆိုတော့ ပြန်လာသင့်ပြီပေါ့"
ချင်ဆွေ့ - "..."
ချင်ဆွေ့ တကယ် မပြန်ချင်သေးပါ။
သူ ရောက်တာမှ မကြာသေး၊ လီရှောင်ယာကို ရှန်းယွီရှောင်လက်ထဲမှ လုယူစည်းရုံးခါစ ရှိသေးသည်။ အဲဒီလို အရေးကြီးတဲ့အချိန်မှာမှ လီရှောင်ယာ အခေါ်ခံလိုက်ရသည်။
သူ အစီအစဉ်ရိုက်ကူးနေတုန်း အခေါ်ခံလိုက်ရတာနော်။
ဒါက တကယ့်ကို အရှက်ရစရာပါပဲ။
အခုတော့ အဲဒီအရှက်ကိုတောင် မဆေးကြောရသေးဘူး... ရှန်းယွီရှောင်က လမ်းကောင်းကောင်းလျှောက်နိုင်ပြီး အစီအစဉ်ကို ပုံမှန်ရိုက်ကူးနိုင်ပြီဆိုတဲ့ အကြောင်းပြချက်နဲ့ သူက နှုတ်ထွက်ပေးရတော့မယ်တဲ့။
အခုလည်း ရှန်းယွီရှောင်က လီရှောင်ယာကို ပျော်ပျော်ကြီး ခေါ်လာပြီး သူ့ကို နှုတ်ဆက်ခိုင်းနေတာ မြင်ရတော့ ချင်ဆွေ့ ပိုလို့တောင် မပြန်ချင်တော့ပေ။
"ချင်ဆွေ့... ပြန်လာခဲ့ပါ... မင်းအမေက မင်းကို အရမ်းလွမ်းနေတာ" မစ္စတာချင်က တဖက်မှ တတွတ်တွတ် ပြောနေဆဲပင်။
ချင်ဆွေ့သည် ဖခင်ဖြစ်သူ၏ ဖုန်းကို ရက်စက်စွာ ချလိုက်ပြီး လီရှောင်ယာဘက်သို့ လှည့်မေးလိုက်သည်။
"ကိုကိုမရှိတော့ရင် သတိရမှာလား"
လီရှောင်ယာ ခဏတာ တွေဝေသွားပြီး ပါးစပ်ဟလိုက်သည်။
ချင်ဆွေ့က အမြန်ပင် ဝင်ပြောလိုက်၏။
"ထားလိုက်ပါတော့... မဖြေနဲ့တော့"
[ကိုယ့်ကိုယ်ကိုယ် အရှက်မကွဲချင်ဘူးပေါ့ သခင်လေးချင်ရယ်]
[ရယ်ရလွန်းလို့ သေတော့မယ်... တကယ်ဆို ဒီအစီအစဉ်ကို ပြောင်းလိုက်သင့်တယ်... သုံးယောက်သား အတူတူရိုက်ရင် သိပ်ကောင်းမှာပဲလို့ ထင်တယ်]
ချင်ဆွေ့ကတော့ ပရိသတ်တွေ ဘာတွေးနေလဲဆိုတာ မသိပေ။ သူသည် လိပ်စာကတ်တစ်ခုကို ထုတ်ပြီး လီရှောင်ယာကို ပေးလိုက်သည်။
"ရော့... ယူထား"
ရှန်းယွီရှောင်က ဆွဲယူလိုက်သည်။
"သူ့အိမ်မှာ ဖုန်းမှမရှိတာ"
ချင်ဆွေ့က သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်း တပ်ပေးလိုက်လို့ မရဘူးလား"
"မင်းဆီ ဖုန်းဆက်လို့ရအောင် တပ်ပေးရမှာလား... မဖြစ်နိုင်ဘူး"
"..."
ချင်ဆွေ့သည် စကားဆက်မပြောတော့ဘဲ လီရှောင်ယာ၏ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
သူ ထိုနေ့မှာပင် လေယာဉ်ဖြင့် အိမ်ပြန်ရောက်သွားသည်။
မစ္စတာချင်နှင့် မစ္စချင်တို့က သူ့ကို အိမ်တွင် စောင့်နေကြသည်။ သူ တံခါးဝသို့ ဝင်လာသည်ကို မြင်သည်နှင့် မစ္စချင်က စိတ်အလှုပ်ရှားဆုံး ဖြစ်နေပြီး ပြေးဖက်လိုက်သည်။
"မင်းက အမေ့ကို အရမ်းဂုဏ်ယူစေတာပဲ!"
"ဂုဏ်ယူတယ်" ချင်ဆွေ့ နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။
"ဟုတ်တယ်လေ... ပြန်ပေးဆွဲခံရတဲ့ ကလေးမလေးကို ငါ့သားက ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့တဲ့အကြောင်း ဒီရက်ပိုင်း လူတိုင်းကို လိုက်ပြောနေတာ"
"..."
"မင်း လမ်းမှားရောက်သွားမှာကို အမေ စိတ်ပူစရာ မလိုတော့ဘူး... မင်းက စိတ်သဘောထား နူးညံ့ပြီး ကြင်နာတတ်တဲ့ ကလေးပဲ"
"..."
မစ္စတာချင်က ဘေးနားမှ ရယ်မောကာ ဝင်ပြောသည်။
"မင်းအမေ ကြော်ငြာပေးနေတာကို အစီအစဉ်ထုတ်လုပ်သူတွေက ပိုက်ဆံပေးသင့်တယ်"
"ဘာကို ဆိုလိုတာလဲ"
"မင်းအမေ အကြီးအကျယ် ကြွားလုံးထုတ်ထားတာကို မစ္စစ်နင်းက ကြားပြီး သူ့သားကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လွှတ်သင့်တယ်လို့ တွေးနေလေရဲ့"
"နင်းဟန်လား"
"အင်း"
"သူ သွားလို့မရဘူး... ရှန်းယွီရှောင်က အခုဆို ကြက်မကြီးလိုပဲ... လီရှောင်ယာကို ကာကွယ်ပေးထားပြီး ဘယ်သူ့ကိုမှ အနားကပ်မခံဘူး"
ချင်ဆွေ့ စိတ်ထဲတွင် ကျေနပ်သွားမိသည်။ သူပြန်လာရသော်လည်း တခြားသူတွေလည်း သွားလို့မရဘူးလေ။
သို့သော် မစ္စတာချင်က သူ့ကို ငတုံး တစ်ယောက်လို ကြည့်ပြီး ပြောလိုက်သည်။
"နင်းဟန်နဲ့ ရှန်းယွီရှောင်က ငယ်ငယ်ကတည်းက သူငယ်ချင်းအရင်းကြီးတွေလေ... လူတိုင်းက မင်းနဲ့တူတယ်လို့ ထင်နေလား"
ချင်ဆွေ့၏ စိတ်မှာ တမုဟုတ်ချင်း ပြိုလဲသွားရတော့သည်။ "..."
အခုမှ ပြန်လှည့်လို့ ရသေးလား။