← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

Chapter 33

မူလကမူ ရသစုံအစီအစဉ်တစ်ခုဆိုသည်မှာ အဆင့်အတန်းနိမ့်ကျသော ဖျော်ဖြေရေးပုံစံတစ်ခုဟုသာ ယူဆထားခဲ့ကြ၏။

သို့သော် ရှန်းယွီရှောင် ပါဝင်လာခြင်းနှင့် ယခုအခါ ချင်ဆွေ့ပါ ရောက်ရှိနေခြင်းတို့ကြောင့် အဆင့်နိမ့်သည်ဟုဆိုသော ဖျော်ဖြေရေးအစီအစဉ်မှာ ရုတ်ခြည်းပင် ချမ်းသာကြွယ်ဝသော အမျိုးသမီးများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။ ချင်ဆွေ့၏မိခင် မစ္စစ်ချင်၏ ဦးဆောင်မှုဖြင့် သူမတို့တစ်တွေသည် ပထမဆုံးအပိုင်းမှစ၍ ကြည့်ရှုလာခဲ့ကြသည်။

"ဒီအိမ်ကြီးကလည်း ဟောင်းနွမ်းလွန်းလိုက်တာ၊ ရှုချွီလိုင်က သူ့သားကို ဒီလိုနေရာမျိုး ပို့ရက်တယ်နော်"

"ညစ်ပတ်လိုက်တာအေ"

"ဒါပေမဲ့ ဟိုကောင်မလေးက သနားစရာလေးနော်"

"ရှန်းသခင်လေး ဒီလောက် သိမ်မွေ့တာမျိုး ငါတစ်ခါမှမမြင်ဖူးဘူး"

"ချင်ဆွေ့ ဒီလောက်သည်းခံနိုင်တာ တွေ့ရခဲတယ်"

ချမ်းသာကြွယ်ဝသော အမျိုးသမီးများသည် တိုးတိုးတိတ်တိတ် ရေရွတ်ရင်း အစီအစဉ်ကို ကြည့်ရှုနေကြလေသည်။ အစီအစဉ် တင်ဆက်ပြသလာသည်နှင့်အမျှ ၎င်းတို့၏အစပိုင်းက အထင်အမြင်သေးမှုများသည် တဖြည်းဖြည်းနှင့် လီရှောင်ယာအပေါ် သနားကရုဏာသက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

၎င်းတို့၏ သနားကြင်နာမှုမှာ စစ်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ သူတို့သည် ပရဟိတအလုပ်များ လုပ်လေ့ရှိသူများဖြစ်ရာ တောရွာမှ မိန်းကလေးတစ်ယောက်အပေါ် မည်သည့်မကောင်းသောစိတ်ထားမျိုးကိုမှ ထားရှိမည်မဟုတ်ပေ။

ဤသို့ဖြင့် လီရှောင်ယာ ဟူသော အမည်မှာ သူတို့အကြား ရင်းနှီးကျွမ်းဝင်လာခဲ့လေသည်။

မစ္စစ်ချင် ပြောပြခဲ့ဖူးသည့် နင်းဟန် သည်လည်း ဤအစီအစဉ်အကြောင်းကို သူ၏မိခင်ထံမှ ကြားသိခဲ့ရ၏။

သူသည် ချင်ဆွေ့ကဲ့သို့ အစပိုင်းကတည်းက ဆန့်ကျင်ငြင်းဆန်နေသူ မဟုတ်ပေ။

"အစ်ကိုရှန်း ရှိတယ်မလား၊ ကောင်းပြီလေ... ကျွန်တော်သွားမယ်၊ အစ်ကိုရှန်းနဲ့ အတူတူ ခရီးသွားရသလိုပေါ့"

နင်းဟန်က ထိုသို့ပြောဆိုရင်း Weibo တွင် ပို့စ်တစ်ခုတင်လိုက်လေသည်။

@ငါကနင်းဟန် : @ရှန်းYX, ကျွန်တော့်အမေက ကျွန်တော့်ကိုပြုပြင်ဖို့ အစ်ကို့ဆီ ပို့ချင်နေတယ်တဲ့။

အရင်က ချင်ဆွေ့၊ ယခု နင်းဟန် ပါဝင်လာခြင်းက စပ်စုလိုစိတ်ပြင်းပြနေသော အွန်လိုင်းသုံးစွဲသူများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့တော့သည်။

[မင်းတို့သူဌေးတွေ ဘာဖြစ်နေကြတာလဲ၊ လီရှောင်ယာကို ဂိမ်းထဲက level ဖြတ်သလို သဘောထားနေကြတာလား]

[လီချင်းချင်းရဲ့ အဘိုးက လီရှောင်ယာကို ဘာလို့ဖယ်ထုတ်ချင်ရတာလဲဆိုတာ မပြောနဲ့တော့၊ ဒီသတင်းသာမြင်ရင် သူပိုတောင် မနာလိုဖြစ်ဦးမယ်]

[သူတို့ စနောက်နေကြတာနေမှာပါ၊ ထားလိုက်ပါတော့ ဘယ်သူဌေးသားက တောင်ပေါ်ရွာမှာ ဆင်းရဲဒုက္ခသွားခံချင်မှာလဲ၊ အစီအစဉ်စည်းမျဉ်းတွေကလည်း ခွင့်ပြုမှာမဟုတ်ပါဘူး]

အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများဖြင့် ဆူညံနေချိန်၌ လီရှောင်ယာမှာ ရုတ်တရက် နှာချေလိုက်လေသည်။

ရှန်းယွီရှောင် သည် သူမကို နှာခေါင်းစည်း အမြန်တပ်ပေးလိုက်၏။

"မင်းက ကောင်းကောင်းနေပြန်ကောင်းသေးတာ မဟုတ်ဘူး၊ Mask တပ်ထား"

သို့သော် သူတပ်ပေးလိုက်သည်နှင့် နှာခေါင်းစည်းမှာ အောက်သို့ အနည်းငယ် လျောကျသွားသည်။

လီရှောင်ယာ၏ မျက်နှာလေးမှာ သေးငယ်လွန်းလှပေရာ ရှန်းယွီရှောင်မှာ နှာခေါင်းစည်းကြိုးကို အထုံးချည်ပေးရပြီး ကိုယ်ကိုကိုင်းကာ သူမကို ပြန်တပ်ပေးလိုက်ရလေသည်။

ထိုမြင်ကွင်းကို သုန့်သဝေသည် အဝေးမှ လှမ်းကြည့်နေခဲ့သော်လည်း သူတို့ လီမိသားစုရွာသို့ ပြန်တော့မည့်ပုံရသဖြင့် ဆက်လက်စောင့်ဆိုင်းမနေနိုင်တော့ဘဲ အပြေးအလွှား ရောက်ရှိလာခဲ့၏။

"ကလေး ကလေးမလေး ဦးကို မှတ်မိလားဟင်"

သုန့်သဝေ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။

ရှန်းယွီရှောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ခင်ဗျားကိုး၊ အဲဒီနေ့က သတင်းပေးတာ ကောင်းတယ်၊ ခင်ဗျားကို ကျေးဇူးတင်စကားတောင် မပြောရသေးဘူးပဲ"

သုန့်သဝေ၏ ရင်ထဲမှ စိုးရိမ်စိတ်များ လျော့ပါးသွားရသည်။ ရှန်းသခင်လေးက ဤသို့ပြောလာသည်ဆိုလျှင် အခြေအနေကောင်းပြီဟု ဆိုလိုခြင်းပင်။

လီရှောင်ယာကလည်း တေးသီငှက်ကလေးပမာ ဝင်ပြောလိုက်လေသည်။

"သမီးကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ဦးရယ်... ပြီးတော့ အဲဒီနေ့က သူနာပြုအစ်မကိုရောပဲ"

"ဘယ်သူနာပြုလဲ"

ရှန်းယွီရှောင်က မေးလိုက်၏။ သူလည်း ထိုသူနာပြုကို ကျေးဇူးတင်ရပေမည်၊ မည်သူ့ကိုမျှ ကျန်ရစ်ခဲ့၍မဖြစ်။

ရှန်းယွီရှောင်သည် သတိမထားမိလိုက်ဘဲ မိဘတစ်ယောက်ကဲ့သို့ တွေးခေါ်သည့်အလေ့အထကို ရရှိနေပြီဖြစ်လေသည်။

သုန့်သဝေက ကပျာကယာပင် ပြောလိုက်သည်။

"အဲဒီနေ့က သူ့ရင်ထိုးကတ်ကို ကျွန်တော်တွေ့လိုက်တယ်၊ နာမည်က လင်းရှောင်ရူတဲ့"

ရှန်းယွီရှောင်က မှတ်သားထားလိုက်ကြောင်း ခေါင်းညိတ်ပြ၏။

သုန့်သဝေသည် သူ့လက်သူ ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။

"ဟို... ရှန်းသခင်လေး၊ ကျွန်တော်..."

ရှန်းယွီရှောင်မှာ အလွန်ရက်ရောမည့်ပုံ ပေါက်နေသည်။

"ဆုယူမလို့မလား၊ ကျွန်တော် တစ်ယောက်ယောက်ကို ပေးခိုင်းလိုက်မယ်လေ"

သူ ခေတ္တရပ်လိုက်ပြီးမှ မေးလိုက်၏။

"ယွမ်နှစ်သိန်းဆို ဘယ်လိုလဲ၊ တခြားလိုချင်တာရော ရှိသေးလား"

လီရှောင်ယာမှာ ချက်ချင်းပင် မျက်လုံးအဝိုင်းသားဖြစ်သွားပြီး ရှန်းယွီရှောင်၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။

သူမ၏လက်ကလေးမှာ သေးငယ်လွန်းလှသဖြင့် ရှန်းယွီရှောင်က သူမလက်ကို သူ့လက်ထဲထည့်ကာ ဆုပ်ကိုင်ထားလိုက်ပြီး ထပ်မလှုပ်နိုင်အောင် တားဆီးထားလိုက်သည်။

"သခင်လေးက... သိပ်ရက်ရောတာပဲ၊ ဒါပေမဲ့ ကျွန်တော် ပိုက်ဆံမလိုချင်ပါဘူး"

သုန့်သဝေသည် စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ကာ ပြောလိုက်သည်။ ဤမျိုးဆက်သစ် သူဌေးသားများသည် ရက်ရောမှန်း သိထားသော်လည်း ဤမျှအထိ ရက်ရောလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယွမ်နှစ်သိန်းကို မျက်တောင်မခတ်ဘဲ ငွေနှစ်ကျပ်လောက် ပေးသကဲ့သို့ ပေးနေသည်မဟုတ်ပါလော။

"ပိုက်ဆံမလိုချင်ရင် ဘာလိုချင်တာလဲ"

"ကျွန်တော်... ကျွန်တော် ရှန်းသခင်လေးကို ကျွန်တော့်စက်ရုံမှာ ရင်းနှီးမြှုပ်နှံစေချင်လို့ပါ"

ရှန်းယွီရှောင် မျက်မှောင်ကြုတ်သွားပြီး သုန့်သဝေကို ပြန်လည်ဆန်းစစ်လိုက်သည်။

ရှန်းယွီရှောင်သည် သူ့ထက် ငယ်ရွယ်သူဖြစ်သော်လည်း သုန့်သဝေမှာ ရှန်းယွီရှောင်၏ စူးစမ်းသော အကြည့်ဒဏ်ကို မခံနိုင်ပေ။ သူသည် အလိုအလျောက် ထိတ်လန့်သွားပြီး စကားထစ်အငေါ့နှင့် ရှင်းပြလေသည်။

"အဲဒီနေ့က လီရှောင်ယာနဲ့ ချင်သခင်လေး မှိုရောင်းနေတာကို တွေ့တော့ ကျွန်တော် ချင်သခင်လေးကို မှတ်မိပြီး အကူအညီတောင်းချင်ခဲ့တာ၊ နောက်ရက်ကျရင် ဒီလိုကိစ္စဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး..."

"တိုက်ဆိုင်တာက ကျွန်တော်လည်း ဒေဝါလီခံရခါနီးဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို ရောင်းချနေရတဲ့အချိန်ဖြစ်နေတယ်၊ အိမ်ကိုရှင်းပြီး ထွက်လာတော့ ကလေးပိုးထားတဲ့ လီဟုန်ကွမ်နဲ့ တိုးတာပဲ... ကျွန်တော်... ကျွန်တော်က ဒီကိစ္စကို အသုံးချပြီး ရင်းနှီးမြှုပ်နှံမှု ရချင်ခဲ့တာပါ၊ ကျွန်တော့်ရည်ရွယ်ချက် မရိုးသားခဲ့ပါဘူး၊ ကျွန်တော်..."

ဖိအားများလွန်းသဖြင့် လူကောင်ကြီးကြီး သုန့်သဝေမှာ စကားပြောရင်း အသံများ တိမ်ဝင်ကာ ရှိုက်မတတ်ဖြစ်လာရလေသည်။

လီရှောင်ယာသည် အိတ်ကပ်ထဲမှ တစ်ရှူးတစ်ရွက်ကို နှိုက်ယူကာ သူ့ကို ကမ်းပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"လုပ်ရပ်ကိုပဲကြည့်ပါ၊ စိတ်ကိုမကြည့်ပါနဲ့"

သုန့်သဝေ ခေတ္တမျှ ကြောင်အသွားပြီးမှ ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်... လုပ်ရပ်ကိုပဲ ကြည့်၊ စိတ်ကိုမကြည့်နဲ့၊ ကျေးဇူးပါ ကလေးရယ်၊ သမီးက... သမီးက အများကြီးသိတာပဲ၊ ဒီလို ခက်တဲ့ စကားပုံတွေတောင် သိနေပါလား"

လီရှောင်ယာ၏ အသံလေးမှာ ပို၍တိုးသွား၏။

"အမေ သင်ပေးထားတာပါ"

သို့သော် သူမ စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။

"ဒါပေမဲ့ ဦးက သမီးကို ကယ်ခဲ့တာလေ၊ ရှန်းယွီရှောင်ဆီက ဘာလို့ တစ်ခုခုတောင်းဆိုနေရတာလဲ"

ရှန်းယွီရှောင်က သူမခေါင်းကို ပုတ်လိုက်ပြီးပြောလိုက်၏။

"မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်တာလဲ၊ ငါ့ကို အစ်ကိုလို့ ဘယ်တော့ခေါ်မှာလဲ"

လီရှောင်ယာက ခေါင်းခါလိုက်ပြီး ပြောသည်။

"ဦးလေး... ဦးလေးကို သမီး တကယ်ကျေးဇူးတင်ပါတယ်၊ သမီး ပြန်ပေးဆပ်လို့ရပါတယ်၊ ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့၊ ငါနဲ့ စည်းခြားချင်နေတုန်းပဲလား"

ရှန်းယွီရှောင်က ပေါ့ပါးစွာ နှာခေါင်းရှုံ့လိုက်ပြီး သုန့်သဝေဘက်သို့ လှည့်ပြောလိုက်သည်။

"ကောင်းပြီ... ဘာစက်ရုံလဲ၊ ရှင်းရှင်းလင်းလင်း ပြောပြ၊ ခင်ဗျားစက်ရုံရဲ့ လည်ပတ်မှုအခြေအနေကို အစီရင်ခံစာ ရေးပေး၊ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာလည်း ပြင်ဆင်ခဲ့... ရန်ပုံငွေ ဘယ်လောက်လိုတယ်၊ ဘာအတွက်သုံးမယ်၊ ဘယ်အချိန် အရင်းကျေမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးထား"

သုန့်သဝေ၏ ရင်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားရသည်။

ထိပ်တန်း ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်လေးပီသပါပေသည်။ အခြားသော မျိုးဆက်သစ် သူဌေးသားများနှင့် လုံးဝ မတူကွဲပြားနေ၏။

ဤလူငယ်သည် အထက်တန်းကျောင်းပင် မပြီးသေးသော်လည်း စီးပွားရေးကိစ္စရပ်များကို ကောင်းစွာ နားလည်သဘောပေါက်ထားပြီး စိတ်လိုက်မာန်ပါ သဘောတူလိုက်ခြင်းမျိုး လုံးဝမရှိပေ။

ဤသခင်လေးမှာ အလွန် ဆင်ခြင်တုံတရားနှင့် ပြည့်စုံလှသည်...။

သို့သော် ပြဿနာက ထိုနေရာတွင် ရှိနေပြန်သည်။

သုန့်သဝေ၏ မျက်နှာမှာ ညှိုးကျသွားပြီး နောက်ထပ် နှစ်အနည်းငယ်ကြာသည်အထိ အရှုံးပေါ်နိုင်ဦးမည့် စီးပွားရေးတစ်ခုတွင် ငွေရင်းနှီးမြှုပ်နှံရန် ဤသခင်လေးကို မည်သို့စည်းရုံးရမည်နည်းဟု စဉ်းစားနေမိတော့သည်။

သူ့မျက်နှာမှ အခက်တွေ့နေသော အမူအရာကို မြင်လိုက်ရသည်နှင့် ရှန်းယွီရှောင် ချက်ချင်း နားလည်လိုက်၏။

"ကြည့်ရတာ ခင်ဗျားစက်ရုံက ပိုက်ဆံမရနိုင်ဘူးဆိုတာကို ခင်ဗျားကိုယ်တိုင်လည်း ကောင်းကောင်းသိနေပုံပဲ"

သုန့်သဝေက စိုးရိမ်တကြီး ပြောလိုက်သည်။

"ရွှေတစ်ထောင် ဖော်မြူလာ ဆိုတာကို ကြားဖူးလားဗျ"

"ကျုပ် စွန်းရှီမြောင်ရဲ့ ရွှေတစ်ထောင် ဆေးညွှန်းများ ဆိုတာပဲ ကြားဖူးတယ်"

"အဲဒါပါပဲ ရှေးလူကြီးတွေက လူ့အသက်တစ်ချောင်းဟာ ရွှေတစ်ထောင်ထက် တန်ဖိုးရှိတယ်လို့ ယုံကြည်ကြတော့ အသက်ကယ်ဆေးညွှန်းတွေကို ရွှေတစ်ထောင် ဖော်မြူလာ လို့ နာမည်ပေးခဲ့ကြတာ၊ ကျွန်တော်တို့က မူလက တိုင်းရင်းဆေးဝါး ထုတ်လုပ်တဲ့ ဆေးကုမ္ပဏီပါ စစ်နီ၊ ဝန်ဖီကျင်း နဲ့ ပိုင်ထိုဝမ် လိုမျိုး ဆေးတွေကို ထုတ်လုပ်ခဲ့ဖူးတယ်၊ အဲဒီ ဖော်မြူလာတွေကို 'ရွှေတစ်ထောင် ဖော်မြူလာ' လို့ခေါ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်က တော်တော်နာမည်ကြီးခဲ့တာဗျ"

"အဲဒီတုန်းက ကျွန်တော့်အဖေက ဦးစီးတာလေ၊ စီးပွားရေး ကြီးထွားလာတော့ မိတ်ဖက်တွေက မြို့ကြီးတွေကို ချဲ့ထွင်ဖို့ တိုက်တွန်းကြပေမဲ့ အဖေက ငြင်းခဲ့တယ်၊ ဒီဆင်းရဲတဲ့ဒေသမှာ စိုက်ပျိုးတဲ့ ဆေးဖက်ဝင်အပင်တွေကသာ အစစ်မှန်ဆုံးပဲလို့ ပြောတယ်၊ ဆေးဖက်ဝင်အပင်တစ်ပင်ရဲ့ အရည်အသွေးက ပြုပြင်ထုတ်လုပ်ပုံတင်မကဘဲ စိုက်ပျိုးတဲ့ ပတ်ဝန်းကျင်အပေါ်မှာလည်း မူတည်တယ်လေ၊ ဥပမာ- အကောင်းဆုံး ကံကော်ပန်းဝတ်ဆံဆိုရင် အီရန်ကလာတယ်၊ အကောင်းဆုံး ရှားစောင်းလက်ပတ် ဆိုရင် ရှန်းနျိုကျား မှာ ပေါက်တာမျိုးပေါ့..."

သုန့်သဝေသည် မျက်နှာကို သပ်ချလိုက်ပြီး ဆက်ပြောသည်။

"ဒါပေမဲ့ မြင်တဲ့အတိုင်းပါပဲ၊ နေရာငယ်လေးတွေက လူတွေက အမြော်အမြင် နည်းတတ်ကြတယ်၊ ကျွန်တော့်အဖေရဲ့ ရည်ရွယ်ချက်က မွေးရပ်မြေမှာ အလုပ်အကိုင်တွေ ဖန်တီးပေးချင်တာ၊ စီးပွားရေး ကြီးထွားလာလေလေ ဒေသခံတွေ ပိုအကျိုးရှိလေလေပေါ့၊ ဒါပေမဲ့... ကုမ္ပဏီကလူတွေက ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဖော်မြူလာတွေကို ခိုးပြီး ပြင်ပလူတွေကို ရောင်းစားကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ အဲဒီနောက်ပိုင်း အဖေလည်း ဖျားနာပြီး ဆေးကုမ္ပဏီလည်း လုံးဝ ကျဆင်းသွားတော့တာပါပဲ"

"ကျွန်တော့်လက်ထက် ရောက်တဲ့အခါကျတော့ ဆေးကုမ္ပဏီကနေ ဆေးဖက်ဝင်အပင်တွေကို ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအဆင့်လောက်ပဲ ရှိတော့တယ်၊ အခုဆို စက်ရုံတောင် ပြိုလဲလုနီးပါး ဖြစ်နေပြီ၊ နိုင်ငံခြား ကုမ္ပဏီတစ်ခုကတော့ ယွမ်တစ်သန်းတည်းနဲ့ ဝယ်ချင်နေတယ်၊ သူတို့ စက်ရုံကို လိုချင်တာမဟုတ်မှန်း ကျွန်တော်သိတယ်၊ သူတို့လိုချင်တာက အဖေမသေခင် ကျွန်တော့်ကို ချန်ထားပေးခဲ့တဲ့ နောက်ဆုံး လျှို့ဝှက်ဖော်မြူလာကိုပါ"

သုန့်သဝေသည် ရှန်းယွီရှောင်ကို မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကျွန်တော် မရောင်းချင်ဘူး နိုင်ငံခြား ကုမ္ပဏီကို တကယ်မရောင်းချင်ဘူး၊ ဒါပေမဲ့ ရှယ်ယာရှင်တွေက ဆက်မတောင့်ခံနိုင်တော့ဘူး၊ အကုန်လုံးက ရောင်းပြီး အဆုံးသတ်ချင်နေကြပြီ... ဒါပေမဲ့ အဲဒီလိုလုပ်လို့ မဖြစ်ဘူးလေ၊ ကျွန်တော် ဒီအရာကို ဆက်ပြီးရှင်သန်စေချင်သေးတယ်"

လီရှောင်ယာသည် အပြည့်အဝ နားမလည်သော်လည်း သုန့်သဝေ၏ ဝေကွဲမရဖြစ်မှုနှင့် နာကျင်မှုကို မြင်တွေ့နေရသည်။ ထို့ကြောင့် သူမသည် အိတ်ကပ်ထဲတွင် ထပ်မံမွှေနှောက်ပြီး တစ်ရှူးတစ်ရွက်ကို သူ့အား ကမ်းပေးလိုက်ပြန်သည်။

သုန့်သဝေက "ကျေးဇူးပါ" ဟုပြောကာ တစ်ရှူးကိုယူ၍ မျက်နှာသုတ်လိုက်သည်။

"ရှန်းသခင်လေး... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် စိတ်ခံစားမှုနဲ့ လာပြီး ဖိအားပေးနေတာ မဟုတ်ပါဘူး၊ ကျွန်တော်... ကျွန်တော် လက်မလျှော့နိုင်လို့ပါ၊ မျှော်လင့်ချက် ရောင်ခြည်လေး နည်းနည်းပဲ ကျန်တော့ရင်တောင် ကျွန်တော် ကြိုးစားကြည့်ရမှာမို့လို့ပါ"

သုန့်သဝေသည် ရှန်းယွီရှောင်ရှေ့တွင် ဒူးထောက်လုနီးပါး ဖြစ်နေ၏။

ရှန်းယွီရှောင်က မျက်ခုံးပင့်လိုက်ပြီး လီရှောင်ယာကို ငုံ့ကြည့်လိုက်သည်။

"မင်း ဘယ်လိုထင်လဲ"

လီရှောင်ယာက ဇဝေဇဝါဖြင့် မော့ကြည့်လာသည်။

"ဟင်... သမီး ဘယ်လိုထင်လဲ ဟုတ်လား"

"ဟုတ်တယ်၊ မင်း ဆုံးဖြတ်တဲ့အတိုင်း ငါလုပ်မယ်"

ရှန်းယွီရှောင်က အေးအေးလူလူပင် ပြောလိုက်သည်။

ဤငွေပမာဏကို ရင်းနှီးမြှုပ်နှံလိုက်ခြင်းသည် သူ့အတွက်တော့ မုန့်ဖိုးပဲဖိုးလောက်ကို ပေါ့ပေါ့ပါးပါး သုံးစွဲလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

All Chapters