အခန်း (၃၄)
Vol. 4 Ch. 34
Chapter 34
သုန့်သဝေသည် လီရှောင်ယာအား မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
လီရှောင်ယာမှာမူ အလွန်ထိတ်လန့်သွားပြီး ရှန်းယွီရှောင်ကို စိုက်ကြည့်ကာ အော်ပြောလိုက်၏။
"အစ်ကိုက ဘာကိစ္စ သမီးစကားကို နားထောင်မှာလဲ"
ရှန်းယွီရှောင်က ပြုံးလိုက်ပြီး မေးခွန်းပြန်ထုတ်လိုက်သည်။
"ဘာလို့ နားမထောင်ရမှာလဲ"
လီရှောင်ယာသည် သူမ၏ လက်ချောင်းလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ ခေါင်းငုံ့ထားလိုက်၏။
သူမ၏ ငယ်စဉ်ကလေးဘဝ မှတ်ဉာဏ်များမှာ အနည်းငယ် ဝေဝါးနေသော်လည်း တစ်နှစ်က သူမအမေ ပြောခဲ့သည်ကိုတော့ ရေးတေးတေး မှတ်မိနေသည်။ "ရှောင်ယာရေ... မေမေ့အတွက် ရွေးပေးပါလား" ဟူ၍ဖြစ်သည်။
မည်သည့်အရာကို ရွေးချယ်ခိုင်းခဲ့သည်၊ သူမ မည်သည့်အရာကို ရွေးချယ်ပေးခဲ့သည် ဆိုသည်ကို မေ့လျော့နေပြီဖြစ်သော်လည်း ထိုကိစ္စပြီးနောက် သူမ သည်းကြီးမည်းကြီး ငိုကြွေးခဲ့ရသည်ကိုတော့ မှတ်မိနေသည်။
သူမ ရွေးချယ်မှု မှားခဲ့သည်မှာ သေချာသည်။
အလွန် အလွန်ကို မှားယွင်းသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။
လီရှောင်ယာက အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။
"သမီးကို နားမထောင်ပါနဲ့၊ သမီး ရွေးတာ မှားလိမ့်မယ်"
သူမ၏အသံတွင် ငိုသံစွက်နေသည်ကို ရှန်းယွီရှောင် သတိထားမိလိုက်၏။ သူ့ရင်ထဲ တစ်ချက်မျှ ထိတ်သွားရသည်။ သူမ ကြောက်လန့်သွားတာလား။
မဟုတ်ဘူး... အဲဒါမဟုတ်ဘူး။
ကြည့်ရသည်မှာ သူမသည် အတိတ်က အလားတူ စိတ်ဒဏ်ရာမျိုး ရခဲ့ဖူးပုံပင်။
ရှန်းယွီရှောင် နှုတ်ခမ်းကို စေ့လိုက်မိသော်လည်း လီရှောင်ယာကို ရွေးချယ်စေချင်သည့် ဆန္ဒက ပို၍ပြင်းပြလာခဲ့သည်။
တကယ်တော့ လူအများ မသိကြသည့် အချက်တစ်ချက်ရှိသည်။ ကြီးမားခိုင်မာသော အရင်းအနှီးတစ်ခု ရှိနေသည့်အခါ စီးပွားရေးလုပ်ရသည်မှာ အတော်အတန် လွယ်ကူသွားတတ်၏။
ငွေကြေးအင်အား တောင့်တင်းသည်နှင့် ငွေက ငွေကို ပြန်ရှာပေးဖို့ မခက်ခဲတော့ပေ။ အဆက်အသွယ်ကောင်းများကလည်း လမ်းခင်းပေးရန် အသင့်ရောက်လာကြစမြဲပင်။
သူ့အတွက် ငွေရှုံးဖို့ဆိုသည်မှာ တကယ်တမ်းကျတော့ အတော်လေး ခက်ခဲသောကိစ္စဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် သာမန်လူတန်းစားများ ရွေးချယ်မှု ပြုလုပ်ကြသည့်အခါ မည်သည့်အရာကို ရွေးသည်ဖြစ်စေ မှားယွင်းသွားတတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အခြေခံအုတ်မြစ်က မူလကတည်းက အားနည်းနေသည့်အတွက် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် ခက်ခဲနေတတ်သောကြောင့် ဖြစ်ပေသည်။
"မင်း ရွေးတာ မမှားပါဘူး၊ ကိုယ့်ကို ယုံစမ်းပါ၊ စမ်းပြီးရွေးကြည့်... မင်းမရွေးရင်တော့ ကိုယ်လည်း သူ့ကို ပြန်လွှတ်လိုက်ရုံပဲရှိတော့မယ်"
ရှန်းယွီရှောင်သည် လီရှောင်ယာ၏ နားနားသို့ကပ်ကာ လေသံတိုးတိုးဖြင့် ချော့မော့ပြောဆိုလိုက်၏။
သုန့်သဝေမှာမူ မျက်ရည်ကျလုနီးပါး ဖြစ်နေရှာသည်။
ကလေးတစ်ယောက်ကို ဒီလိုပဲ ချော့ရသလား။
လီရှောင်ယာသည် သူမ ပခုံးပေါ်တွင် လူတစ်ယောက်စာ၊ မဟုတ်သေး... စက်ရုံတစ်ခုလုံးစာ တာဝန်ကြီးရှိနေသည်ကို တွေးတောနေမိသည်။
စက်ရုံတစ်ခုလုံးတဲ့...။
အဒေါ်လော် ပြောဖူးသည်မှာ သူမ ကြီးလာရင် လူရာချီနဲ့ အတူလုပ်ကိုင်ရတဲ့ စက်ရုံမှာ အလုပ်လုပ်ရလိမ့်မည်တဲ့။
ဒါဆို သူမက လူရာချီရဲ့ ကံကြမ္မာကို ထမ်းပိုးထားရတာပေါ့။
လီရှောင်ယာသည် စိတ်ဆင်းရဲစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မချင့်မရဲ မေးလိုက်သည်။
"အင်း... အင်းပါ၊ 'လက်လွှဲဝယ်ယူတာ' ဆိုတာ ဘာလဲဟင်"
သုန့်သဝေက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"အဲဒါက တခြားသူတွေက ဦးရဲ့စက်ရုံကို လာဝယ်ကြတာကို ပြောတာပါ"
"အော်... နိုင်ငံခြား ကုမ္ပဏီဆိုတာကရော"
"တခြားနိုင်ငံက ကုမ္ပဏီကို ခေါ်တာပါ၊ နိုင်ငံခြားသားတွေကို သမီးသိတယ်မလား"
"အင်း... ယွမ်တစ်သန်းဆိုတာ အများကြီး မဟုတ်ဘူးလား၊ ဦးက ဘာလို့ မလိုချင်တာလဲ"
သုန့်သဝေ မျက်နှာမဲ့သွားသည်။
"ဈေးေပါေနတာမှမဟုတ်တာ သူတို့က ဈေးကို ခွေးသေဝက်သေလို နှိမ်ဝယ်နေကြတာလေ"
"ဒါဆို သူတို့က လူဆိုးတွေပေါ့နော်"
"ဟုတ်တယ်၊ ဟုတ်တယ်"
လီရှောင်ယာက ရှန်းယွီရှောင်ကို ကြည့်လိုက်သည်။
"ဒါဆိုရင် ကောင်းပြီလေ"
ရှန်းယွီရှောင်က ပြုံးလိုက်၏။
"ဘာကို ကောင်းပြီလေလဲ"
"နိုင်ငံခြားသားတွေကို မရောင်းနဲ့လို့ ပြောတာ"
ရှန်းယွီရှောင် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။
"ကောင်းပြီ... ကိုယ် မင်းစကား နားထောင်မယ်"
ထိုပေါ့ပါးသော စကားကို ကြားလိုက်ရသည့်အခါ သုန့်သဝေခမျာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေတ္တမျှ ကြောင်အသွားရသည်။ ခဏကြာမှ သူ အော်ဟစ်လိုက်မိတော့၏။
"ဘုရားရေ... ဘုရားရေ... ကျွန်တော်... ကျွန်တော် အောင်မြင်သွားပြီလား"
ရှန်းယွီရှောင်က မဲ့ပြုံးပြုံးလိုက်သည်။
"ခင်ဗျား အောင်မြင်တာ မဟုတ်ဘူး၊ လီရှောင်ယာက ခင်ဗျားကို အောင်မြင်အောင် ကူညီပေးလိုက်တာ"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်... ကောင်မလေး၊ မဟုတ်ဘူး သခင်မလေး၊ သခင်မလေးက ဦးရဲ့ ပြန်ဝင်စားလာတဲ့ ဘိုးဘေးပါပဲ ဦး ကန်တော့ပါရစေ"
ရှန်းယွီရှောင်မှာ ပြောစရာစကားပင် မရှိတော့။
"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ"
လူသေကိုမှ ကန်တော့ကြတာ မဟုတ်ဘူးလား။
သုန့်သဝေသည် သူ့ပါးသူ အမြန် နှစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ကျွန်တော် စကားမှားသွားလို့ပါ"
"ကျွန်တော် သဘောတူလိုက်ပြီ ဆိုပေမဲ့ ခင်ဗျားဘက်က အစီရင်ခံစာ ရေးရဦးမယ်၊ လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက်တွေအားလုံး တစ်ခုမကျန် တင်ပြရမယ်"
ရှန်းယွီရှောင်၏ အသံမှာ အနည်းငယ် အေးစက်သွားသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်၊ စာရွက်စာတမ်းတွေ မစုံရင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ် ပြီးမြောက်မှာ မဟုတ်ဘူး"
ရှန်းယွီရှောင်သည် လီရှောင်ယာကို ကားပေါ်သို့ တင်ပေးလိုက်ပြီး သုန့်သဝေကို ဆက်လက် ဧည့်ဝတ်ပြုမနေတော့ပေ။
"ခင်ဗျားဆီကို လူလွှတ်ပြီး ဆက်သွယ်ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ပါ"
သုန့်သဝေသည် ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်တွင် လင်းရှောင်ရူသည်လည်း ကောင်းမှုကုသိုလ် လုပ်ခဲ့ရသည့်အတွက် ပျော်ရွှင်နေမိသည်။
ဤမျှ ခမ်းနားသော မြင်ကွင်းမျိုးကို အနီးကပ် မြင်တွေ့ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။
"ဘဝခြင်းလဲလှယ်ရေး" အစီအစဉ်သာ ဒီကို လာမရိုက်ကူးလျှင် ဤမျှ ချမ်းသာကြွယ်ဝသူများကို သူမတစ်သက် မြင်တွေ့ခွင့်ရမည် မဟုတ်ပေ။
"ရှောင်ရူ"
လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမကို လှမ်းခေါ်လိုက်သည်။
သူမ လှည့်ကြည့်လိုက်ရာ ထိုလုပ်ဖော်ကိုင်ဖက်က မေးလာ၏။
"နင့်ကောင်လေးနဲ့ သူ့မိဘတွေဆီ ပြီးခဲ့တဲ့အပတ်က သွားတွေ့ကြတယ်ဆို၊ ဘယ်လိုနေလဲ"
လင်းရှောင်ရူ၏ မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားသည်။
"ဘယ်လိုနေရမှာလဲ၊ ငါ့အလုပ်က အိမ်မှုကိစ္စနဲ့ မကိုက်ညီဘူး၊ လက်ထပ်ပြီးရင် ကလေးမထိန်းနိုင်ဘူးဆိုပြီး သူတို့မိဘတွေက ငြင်းလိုက်တယ်လေ၊ ပြတ်သွားပြီ"
"ဒါဆို နင် ဒါရိုက်တာကျန့်ကို စဉ်းစားလိုက်ပါလား၊ ဆရာဝန်နဲ့ သူနာပြု ညားကြတာက ရေစက်ပဲလေဟာ"
သူတို့ပြောနေသော ဒါရိုက်တာကျန့် ဆိုသူမှာ အသက်လေးဆယ်ကျော်နေပြီဖြစ်ကာ အိမ်ထောင်တစ်ဆက်ကျဖူးပြီး ကွာရှင်းထားသူဖြစ်သည်။ ဤမြို့ငယ်လေးတွင်တော့ ဝင်ငွေအတော်အတန် ကောင်းသူဟု ဆိုရမည်။ သို့သော် လင်းရှောင်ရူသည် သူ့၏ ဗိုက်ရွှဲရွှဲ၊ ထိပ်ပြောင်ပြောင်နှင့် သူနာပြုကောင်မလေးတိုင်းကို လိုက်ပိုးပန်းတတ်သော အကျင့်စရိုက်ကို တွေးမိသည်နှင့်...
လင်းရှောင်ရူ ခေါင်းကို တွင်တွင်ခါလိုက်ပြီး ပြောလိုက်သည်။
"ငါ မမှန်းရဲပါဘူး၊ တကယ် မမှန်းရဲပါဘူး"
တခြား လုပ်ဖော်ကိုင်ဖက်များက သူမကို ဝိုင်းရယ်ကြသည်။
"နင်ကလည်း... ဒါရိုက်တာကျန့်က နင့်အပေါ် သိပ်ကောင်းတာ၊ ပြီးခဲ့တဲ့အပတ် ခွဲစိတ်ခန်းထဲမှာတောင် စကားစပ်ပြီး နင့်ကို SK-II ဝယ်ပေးချင်တယ်လို့ ပြောနေတာ၊ အဲဒါ ဈေးကြီးတယ်မလား၊ တစ်ဘူးကို ယွမ်တစ်ထောင်ကျော်တယ်လေ"
လင်းရှောင်ရူ နှုတ်ခမ်းကိုကိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။
"ငါက ဆင်းဆင်းရဲရဲ ဘဝနဲ့ပဲ ကိုက်ပါတယ်၊ အဲဒီလို အမြင့်ကြီးတွေကို ငါ မမှန်းနိုင်ပါဘူး"
သူမ ထိုသို့ ပြောလိုက်ချိန်မှာပင် အရပ်ရှည်ရှည် ထွားကျိုင်းကျိုင်း လူတစ်ယောက်သည် လင်းရှောင်ရူရှိရာသို့ တည့်တည့်လျှောက်လာခဲ့သည်။
"မစ္စ လင်းရှောင်ရူ ဟုတ်ပါသလား"
ထိုလူက သူမ၏ ရင်ထိုးကတ်ကို ကြည့်ရင်း မေးလိုက်၏။
"ဟု... ဟုတ်ပါတယ်"
လင်းရှောင်ရူသည် လူနာများနှင့် ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် အနည်းငယ် ကြောက်လန့်သွားသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များကလည်း ထိုလူကိုမြင်တော့ အနောက်သို့ အနည်းငယ် ဆုတ်သွားကြ၏။
"လီရှောင်ယာလေးကို ဒီရက်ပိုင်း ဂရုစိုက် ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဒါက ခင်ဗျားအတွက် လက်ဆောင်ပါ"
ထိုလူက ပြောရင်း သေတ္တာတစ်ဘူးကို ကမ်းပေးလိုက်သည်။
သေတ္တာမှာ လက်ဖဝါးအရွယ်အစားခန့်သာ ရှိသည်။ လင်းရှောင်ရူသည် ဇဝေဇဝါဖြင့် ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ကတ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုလူက ဆက်ပြောသည်။
"စကားဝှက်က ခင်ဗျားရဲ့ မွေးနေ့ပါပဲ၊ ဘဏ်ရောက်ရင် ကိုယ့်ဘာသာ ပြောင်းလိုက်လို့ရပါတယ်"
"ဘုရားရေ..."
သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ဒါ ဒီရက်ပိုင်းက သတင်းနဲ့ ဆိုင်နေတာလား၊ လင်းရှောင်ရူ... နင် သိပ်ကံကောင်းတာပဲ၊ နင်လည်း ဒီကိစ္စထဲ ပါနေတာကိုး"
လင်းရှောင်ရူ အနည်းငယ် ပြာသွားပြီး ကတ်ကို ပြန်ပေးရန် ပြင်လိုက်သည်။
သို့သော် ထိုလူက တားလိုက်၏။
"ခင်ဗျား မငြင်းသင့်ပါဘူး၊ ကောင်းမှုလုပ်တဲ့သူတွေက ဆုလာဘ်ပြန်ရမှ ဒီလောကကြီးမှာ ကောင်းမှုလုပ်တဲ့သူတွေ ပိုများလာမှာပေါ့"
ထိုစကားကြောင့် လင်းရှောင်ရူတွင် ငြင်းစရာအကြောင်းပြချက် မရှိတော့သဖြင့် မျက်နှာလေးရဲကာ လက်ခံလိုက်ရတော့သည်။
ထိုလူ ထွက်သွားပြီး မကြာမီမှာပင် သက်တော်စောင့်နှင့်တူသော နောက်ထပ်လူတစ်ယောက် ရောက်လာပြန်ပြီး ထပ်တူညီသော စကားကို ပြောပြန်သည်။
"ဒါ မစ္စ လင်းရှောင်ရူ ဟုတ်ပါသလား၊ ဒါက ခင်ဗျားအတွက် လက်ဆောင်ပါ၊ လီရှောင်ယာလေးကို ကူညီပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါ"
ပြောရင်းဆိုရင်း သူကလည်း ကတ်တစ်ခုကို ကမ်းပေးလာပြန်၏။
ထိုကတ်ပေါ်တွင် တံဆိပ်တုံးစာလုံးပုံစံဖြင့် "ချင်" ဟူသော စာလုံးကို ရေးထွင်းထားပြီး ကျောဘက်တွင် "ဤကတ်ဖြင့် ချင် လုပ်ငန်းစုအောက်ရှိ မည်သည့်ဈေးဝယ်စင်တာတွင်မဆို ငွေပေးချေစရာမလိုဘဲ ဝယ်ယူနိုင်သည်" ဟူသော စာတမ်းလေး ပါရှိလေသည်။
"ဘုရားရေ... ဘုရားရေ... တကယ်ကြီးလား"
လုပ်ဖော်ကိုင်ဖက်များမှာ နောက်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။
"ဒီကတ်သာရှိရင် SK-II မပြောနဲ့ ဘာမဆို ဝယ်လို့ရပြီ၊ သူများ ဝယ်ပေးတာကို ယူစရာတောင် မလိုတော့ဘူး၊ လုံးဝ မလိုတော့ဘူး၊ ဒါက သောက်ရမ်း မိုက်လွန်းတယ်၊ ဒါက ချမ်းသာတဲ့သူတွေရဲ့ ပျော်ရွှင်မှုဆိုတာလား"
ထိုအချိန်တွင် လင်းရှောင်ရူခမျာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
တစ်နှစ်က ဈေးဝယ်ပွဲတော်တွင် ကံစမ်းမဲပေါက်ပြီး အလကား ဈေးဝယ်ခွင့်ရသွားသူထက်ပင် သူမက ပို၍ ကံကောင်းနေသကဲ့သို့ ခံစားလိုက်ရ၏။
"ဒါက ချင်ဆွေ့ဆီက ဖြစ်ရမယ်၊ ခုနကဟာက... ရှန်းယွီရှောင်ဆီက နေမှာ၊ လီရှောင်ယာအတွက်နဲ့ သူတို့ တော်တော် ရက်ရောကြတာပဲ"
လုပ်ဖော်ကိုင်ဖက်တစ်ဦးက အားကျစိတ်ဖြင့် မျက်ရည်ပင် ဝဲလာသည်။
သူတို့မသိသည်မှာ ဤနုနယ်စ သခင်လေးနှစ်ယောက်၏ သွေးကြွနေသော လူငယ်သဘာဝအရ သူတို့၏ နှာခေါင်းအောက် ကနေ လီရှောင်ယာကို ခေါ်ထုတ်သွားခြင်းသည် သူတို့ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်ဟု ခံယူထားကြကြောင်းကိုပင်။
ထိုအချိန်တွင် လီရှောင်ယာသည် လီမိသားစုရွာသို့ ပြန်ရောက်လာခဲ့သည်။
ကားက ရွာထဲသို့ မောင်းဝင်လာသောအခါ ရွာသားများသည် ဘာတွေဖြစ်နေသလဲဟု သိချင်စိတ်ဖြင့် ထွက်ကြည့်ကြလေသည်။
ဒီတစ်ခါ လှုပ်ခတ်မှုက ကြီးမားလွန်းသဖြင့် နောက်ကျမှ သိလိုက်ရသူများပင် အံ့သြမဆုံး ဖြစ်ကြရ၏။
"လီရှောင်ယာက သူဌေးနဲ့ ချိတ်မိသွားပြီ" ဟု သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"ရှောင်ယာ... ရှောင်ယာ၊ ညည်း ပြန်ရောက်လာပြီပဲ၊ အားလုံးက ညည်းအတွက် စိတ်ပူနေကြတာ၊ ညည်းအဘိုးကတော့ တကယ့်လူယုတ်မာပဲ၊ ညည်းအဖေနဲ့ တူတူပဲ"
ရွာအဝင်ဝတွင် နေထိုင်သော အဒေါ်လော်က လက်ထဲတွင် ခြင်းတောင်းတစ်လုံးကို ကိုင်လျက် ပထမဆုံး ရောက်လာလေသည်။
သူမက ခြင်းတောင်းကို မြှောက်ပြပြီး ကားပြတင်းပေါက်မှတစ်ဆင့် လီရှောင်ယာ၏ ရင်ခွင်ထဲသို့ အတင်း ထိုးထည့်ပေးရန် ကြိုးစားရင်း ပြောလိုက်သည်။
"ညည်း ဒုက္ခတွေ အများကြီး ရောက်ခဲ့မှာပဲ၊ အဒေါ် ညည်းစားဖို့ ခြံထဲက ဘဲဥတွေ ကောက်လာခဲ့တယ်"
လီရှောင်ယာက သူမကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"သမီး မလိုချင်ပါဘူး"
"အို... ညည်းကလည်း အိမ်နီးချင်းအချင်းချင်း ဘာတွေ အားနာနေတာလဲ..."
"အဒေါ်... အရင်တုန်းက အဒေါ့်မြေးက ဘဲဥတွေ ခွဲပစ်ပြီး သမီးလုပ်တာလို့ ပြောခဲ့တယ်လေ၊ အဒေါ်က သမီးအိမ်အထိ လိုက်လာပြီး ဥတစ်လုံးကို ယွမ်ရှစ်ဆယ် လျော်ခိုင်းတာ... သမီးက အဲဒီလောက် ဈေးကြီးတဲ့ ဥတွေကို မတတ်နိုင်ပါဘူး"
လီရှောင်ယာက ခေါင်းထပ်ခါလိုက်ပြန်သည်။
ကြည့်ရှုသူ ပရိသတ်များမှာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။
[ဟားဟား... လီရှောင်ယာက တစ်ခါတလေကျတော့လည်း စကားပြောတာ စူးရှသားပဲ]
ထိုစဉ် အဒေါ်လော်၏ မျက်နှာထားမှာ အေးခဲသွားတော့သည်။
"ညည်း... ညည်းကတော့လေ၊ အို... နောက်ဆုံးကျတော့ ညည်း အဲဒီ ယွမ်ရှစ်ဆယ်ကို မလျော်လိုက်ရဘူး မဟုတ်လား"
လီရှောင်ယာက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်လေ၊ သမီး ဒူးထောက်ပြီး တောင်းပန်ခဲ့တယ်၊ သမီးခွဲတာ မဟုတ်ဘူး၊ သမီးမှာ ပိုက်ဆံမရှိပါဘူးလို့ ပြောခဲ့တယ်၊ အဲဒီတော့ အဒေါ်က သမီးရဲ့ ကြက်ပေါက်လေးတွေကို ဖမ်းသွားတယ်လေ"
အဒေါ်လော် "..."
လီရှောင်ယာက လေသံတိုးတိုးဖြင့် ပြောသော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းပြတ်သားနေ၏။
"အဒေါ်က နောက်ပိုင်းကျတော့ သမီးကို လိမ်ပြောတတ်တဲ့ကောင်မလေး၊ ကိုယ်လုပ်ပြီး ကိုယ်မဝန်ခံတဲ့ကောင်မလေးလို့ ပြောခဲ့သေးတယ်လေ"
အဒေါ်လော်၏ မျက်နှာပေါ်တွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသော်လည်း အတင်းဖိနှိပ် ချုပ်တည်းလိုက်ရသည်။ နောက်ဆုံး၌ သူမသည် အပြုံးတုတစ်ခုကို မနည်းညှစ်ထုတ်လိုက်ပြီး ပြောလိုက်သည်။
"အဒေါ် ဒီနေ့မှ သိရတာပါ၊ အဒေါ် ညည်းကို အထင်လွဲခဲ့မိတာ... အဒေါ် ပြန်ရောက်ရင် အဒေါ့်မြေးမိုက်ကို ရိုက်ပြီးဆုံးမလိုက်ပါ့မယ်..."
ထိုသို့ပြောရင်း သူမသည် လမ်းပိတ်မနေရဲတော့ဘဲ လမ်းဘေးသို့ ဆုတ်သွားလိုက်သည်။ ကားပေါ်တွင် ထိုင်နေသော ရှန်းယွီရှောင်ကိုပင် မော့မကြည့်ရဲတော့ပေ။