အခန်း (၃၆)
Vol. 4 Ch. 36
Chapter 35
အဒေါ်လော် ပြန်လည်ဆုတ်ခွာသွားပြီးနောက်တွင် ရွာအဝင်ဝ၌ ရပ်နေကြသော ကျန်လူများသည်လည်း အရှက်ကွဲမခံတော့ဘဲ ထပ်မလာကြတော့ပေ။
ကားသည် လီရှောင်ယာ၏ အိမ်ရှေ့သို့ ရောက်လာသည့်အခါ အပြင်တွင် စောင့်ဆိုင်းနေကြသော ရွာသားများသည် ထရပ်ကြပြီး လက်များကို ပွတ်သပ်ကာ ပြောလာကြသည်။
"ရှောင်ယာ... ညည်းအဘိုးကို ရဲတွေ ဖမ်းသွားပြီ၊ ဒီအိမ်က ဆောင်းတွင်းမှာ နေလို့မဖြစ်ဘူး၊ ဦးလေးတို့အိမ် လာနေပါလား"
လီရှောင်ယာသည် သူတို့ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အိမ်က ဒီနှစ်မှ နေလို့မရတာ မဟုတ်ဘူး၊ အမြဲတမ်း ဒီလိုဖြစ်နေတာပါ၊ အဘိုး အဖမ်းမခံရခင်တုန်းကလည်း အဘိုးက လမ်းမလျှောက်နိုင်ဘူး၊ လယ်မလုပ်နိုင်ဘူးလေ... အဲဒီတုန်းက ဦးလေးတို့ သမီးဆီ တစ်ခါမှ ရောက်မလာခဲ့ဘူးနော်"
ထိုလူများသည် ရုတ်တရက် ဆွံ့အသွားကြ၏။
တိုက်ရိုက် မှတ်ချက်ကဏ္ဍတွင်လည်း မှတ်ချက်များ တစ်မဟုတ်ချင်း ပေါက်ကွဲထွက်လာလေသည်။
[ဟားဟား... လီရှောင်ယာက ပြောတတ်ဆိုတတ်သားပဲ]
[တစ်လုံးတည်း ပြောမယ်... ရှယ်ပဲ]
[ဒီရွာကလူတွေက ဘယ်လိုလူတွေပါလိမ့်]
[စောစောက လီရှောင်ယာ ချင်ဆွေ့ကို ကိုယ့်အားကိုယ်ကိုးဖို့ပြောတာတွေ၊ အင်္ကျီအခြောက်ခံဖို့ ရေနွေးရှာတဲ့နေရာမှာ ဈေးဆစ်တာတွေ ကြည့်ပြီးကတည်းက ဒီကောင်မလေး မလွယ်ဘူးဆိုတာ သိလိုက်တယ်]
[ဟုတ်ပ... ရှန်းသခင်လေးသာ သူ့အပေါ် အစကတည်းက မကောင်းခဲ့ရင် ဒီကောင်မလေးက သူ့ကိုလည်း ဂရုစိုက်မှာ မဟုတ်ဘူး၊ အသက်ငယ်ပေမဲ့ ဉာဏ်ပြေးတယ်]
အင်တာနက် အသုံးပြုသူများသည် လီရှောင်ယာကို ပို၍ ချစ်ခင်နှစ်သက်လာကြပြီး လီချင်းချင်းကို ခေတ္တမျှ မေ့လျော့သွားကြလေသည်။
"ရှောင်ယာရယ်... အရင်တုန်းက ဦးလေးတို့ ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး၊ ညည်းအဘိုးက စိတ်ကြီးတော့ ဦးလေးတို့ကို အနားအကပ်မခံဘူးလေ၊ ဦးလေးတို့မှာ ရည်ရွယ်ချက်ရှိတယ်ဆိုပြီး ပြောလွှတ်လိုက်တာ"
ထိုလူက စကားခေတ္တရပ်ပြီး အိမ်ကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်။
"ကြည့်စမ်း... ဘယ်လောက်တောင် ယိုယွင်းနေလဲ၊ နှင်းနည်းနည်း ထပ်ကျရင် ပြိုတောင်ပြိုတော့မယ်၊ ညည်း ဘယ်လိုလုပ် နေမလဲ၊ မီးဖိုဘေးမှာ အိပ်ရင်တောင် ထင်းကုန်မှာ ကြောက်နေရဦးမယ်..."
"ကိစ္စမရှိပါဘူး၊ အိမ်ပျက်ရင် လှေကားထောင်ပြီး တက်ပြင်လိုက်မှာပေါ့"
လီရှောင်ယာက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
[ဟမ် ဒီကလေးက ခေါင်မိုးတောင် ကိုယ့်ဘာသာ ပြင်တတ်တယ်လား]
မှတ်ချက်ကဏ္ဍတွင် အံ့သြနေသကဲ့သို့ ထိုလူများသည်လည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားကြ၏။
"ကောင်းပြီလေ... ကောင်းပြီ၊ ညည်း ဦးလေးတို့ဆီ လာနေချင်ရင် အချိန်မရွေး လာပြောနော်"
ကင်မရာများကလည်း ရိုက်ကူးနေကာ ရှန်းယွီရှောင်ကလည်း ဘေးတွင်ရှိနေသဖြင့် သူတို့သည် ဆက်၍ အတင်းမခေါ်ရဲတော့ဘဲ မတတ်သာသည့်အဆုံး ပြန်လည်ထွက်ခွာသွားကြရလေသည်။
သူတို့၏ အကြံအစည်မှာ ရွာသူကြီး အဖမ်းခံရပြီးနောက် သူဌေးကို မျက်နှာလုပ်ခွင့် သူတို့လက်ထဲ ရောက်လာပြီဟု တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမှသာ ဤရှန်းသခင်လေး မည်မျှသြဇာအာဏာကြီးမားသည်ကို သူတို့ ကောင်းစွာ သဘောပေါက်သွားကြတော့သည်။
ရွာသူကြီးသည်လည်း မျှတသောသူ မဟုတ်ပေ၊ အခွင့်အရေးကောင်း မှန်သမျှကို သူတစ်ဦးတည်း သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။
သေချာပြန်စဉ်းစားကြည့်လျှင် ရွာသူကြီး ပြုတ်ကျသွားအောင် လုပ်ပေးသည့် လီရှောင်ယာကိုပင် သူတို့ ကျေးဇူးတင်သင့်နေပေသည်။
"ရွာသူကြီး ထောင်ကျတော့မယ် ကြားတယ်"
"တကယ်လား... အဲဒီလောက်တောင်လား"
"ဒါပေါ့... မင်းက ဘာထင်လို့လဲ"
ထိုလူများသည် လမ်းလျှောက်သွားရင်း ဆွေးနွေးငြင်းခုံနေကြပြီး စိတ်မသန့်ဖြစ်နေကြကာ လီရှောင်ယာ၏ အဆင့်အတန်းကို တိတ်တဆိတ် မြှင့်တင်သတ်မှတ်လိုက်ကြလေသည်။
သူတို့ထွက်သွားပြီးမှ လီရှောင်ယာက ရှန်းယွီရှောင်ကို သတိရပြီး မေးလိုက်သည်။
"သူတို့နဲ့ လိုက်နေချင်လား"
ရှန်းယွီရှောင်က ရယ်မောလိုက်၏။
"ငါက ဘာကိစ္စ သူတို့နဲ့ လိုက်နေရမှာလဲ၊ သူတို့က ငါနဲ့ ဘာတော်လို့လဲ"
လီရှောင်ယာက ရှေ့မှအိမ်ကို လက်ညှိုးထိုးပြရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ ဒီအိမ်က သိပ်ဟောင်းနေပြီ..."
"မင်းပဲ ပြင်တတ်တယ်ဆို"
ရှန်းယွီရှောင်က သူမကို နောက်ပြောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အေးလည်း အေးတယ်..."
"ရပါတယ်... ငါအနွေးထည် ဝတ်ထားလိုက်မယ်လေ၊ မင်းရော ရှိလား၊ မရှိဘူးမလား... ကဲ... ငါ့ကို နားထောင်လို့ကောင်းတာလေး တစ်ခွန်းပြော၊ ငါငှားပေးမယ်"
"နားထောင်လို့ကောင်းတာက ဘာလဲဟင်"
လီရှောင်ယာက သူ့ကို လေးလေးနက်နက် မော့ကြည့်လာ၏။
သူမ၏ ပါးပြင်လေးများသည် ဖြူဖျော့နေဆဲဖြစ်သဖြင့် မျက်လုံးလေးများက ပို၍ ရွှန်းလဲ့နေကာ အနက်ရောင် ကျောက်မျက်ရတနာလေးများပမာ တောက်ပနေသည်။
လူများသည် ချစ်စရာကောင်းသည့်အရာတစ်ခုကို တွေ့လျှင် ညှစ်ချင်စိတ် ပေါက်လာတတ်ကြသည်။
ထို့ကြောင့် ရှန်းယွီရှောင်သည် လက်လှမ်းလိုက်ပြီး သူမ၏ ဆံပင်များကို ဖွလိုက်ကာ ပြောလိုက်သည်။
"အစ်ကိုကြီး လို့ ခေါ်ကြည့်၊ အဲဒါ နားထောင်လို့ကောင်းတယ်"
လီရှောင်ယာ၏ မျက်နှာတွင် တွေဝေမှုများ ပေါ်လာသည်။
သူမသည် လူများနှင့် သံယောဇဉ်တွယ်ရမည်ကို ကြောက်ရွံ့နေမိသည်။
တစ်နေ့ သူတို့ ဤတောင်ပေါ်ရွာလေးမှ ထွက်ခွာသွားကြသောအခါ သူမ အလွန် ဝမ်းနည်းကျန်ရစ်ခဲ့ရမည်မှာ သေချာနေသည်။
သူမ တွေဝေနေသည်ကို မြင်ေသာအခါ ရှန်းယွီရှောင်က မျက်ခုံးပင့်လိုက်သည်။ သူ၏ ချောမောသော မျက်နှာတွင် ဟန်လုပ်ထားသော ဒေါသအမူအရာ အနည်းငယ် ပေါ်လာ၏။
"ငါက ခြေထောက်ဒဏ်ရာနဲ့ေတာင် မင်းကို လိုက်ရှာခဲ့ရတာနော်၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စမှာလည်း မင်းစကား နားထောင်ပေးခဲ့တာပဲ..အစ်ကိုကြီး လို့ ခေါ်ခိုင်းတာ များသွားလား"
လီရှောင်ယာသည် သူ့စကားကို ကြားသည်နှင့် ပျာသွားသည်။
"ခြေထောက် နာနေတုန်းပဲလား"
သူမ အနည်းငယ် တန့်သွားပြီးမှ အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။
"အစ်ကိုကြီး"
ရှန်းယွီရှောင်၏ မျက်နှာထား ချက်ချင်း ပျော့ပျောင်းသွား၏။ သူသည် ကိုယ်ကိုကိုင်း၍ လီရှောင်ယာကို ပွေ့ချီလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အိမ်ထဲသို့ ဝင်သွားလေသည်။
"မင်းခေါ်တာ ကြားလိုက်ရတော့ မနာတော့ပါဘူး၊ မင်းကိုတောင် ချီပြီး လမ်းလျှောက်နိုင်သေးတယ်"
လီရှောင်ယာ ခေတ္တ ငြိမ်သက်နေပြီးမှ သူ့နားနားကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သမီးက ငယ်ပေမဲ့ မအပါဘူးနော်"
ရှန်းယွီရှောင် "..."
လီရှောင်ယာ၏ စကားကို မိုက်ခရိုဖုန်းက ရှင်းလင်းစွာ ဖမ်းယူလိုက်နိုင်သဖြင့် မှတ်ချက်ကဏ္ဍတွင် ရယ်မောသံများ ပေါက်ကွဲထွက်လာပြန်သည်။
[ဟားဟား... မင်းက တမင်စနေမှန်း ငါတို့ မသိဘူးများ ထင်နေလား]
[ဟုတ်ပ... သူက သုံးတန်းရောက်နေပြီလေ၊ စာအုပ်တွေလည်း ဖတ်ဖူးတယ်၊ အရူးမလေး မဟုတ်ဘူး]
အချို့လူများကမူ အဓိက စကားလုံးကို ဖမ်းမိသွားပြီး မေးခွန်းထုတ်ကြလေသည်။
[ဘာရင်းနှီးမြှုပ်နှံမှုလဲ၊ လီရှောင်ယာစကားကို နားထောင်ပြီး ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဘာသဘောလဲ]
[လီရှောင်ယာက ရှန်းယွီရှောင်ဆီက ပိုက်ဆံလိမ်ယူနေတာတော့ မဟုတ်ပါဘူးနော်]
အချို့ ဆင်ခြင်တုံတရားရှိသော အင်တာနက် အသုံးပြုသူများက ပြန်လည်ဖြေကြားကြသည်။
[စိတ်မပူပါနဲ့၊ လီရှောင်ယာသာ မရိုးမသားလုပ်ရင် ရှန်းမိသားစုက ကိုင်တွယ်ဖြေရှင်းမှာပါ၊ ရသစုံအစီအစဉ်ကိုပဲ အရသာခံပြီး ကြည့်ကြပါ]
မှတ်ချက်ကဏ္ဍတွင် အငြင်းပွားလုနီးပါး ဖြစ်သွားကြသေးသည်။
ရှန်းယွီရှောင်မှာမူ လီရှောင်ယာကို အိမ်ထဲသို့ ချီသွားပြီး ကြေညာလိုက်၏။
"ဒီနေ့ ငါ ချက်ကျွေးမယ်"
လီရှောင်ယာက သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
"ငါ့ကို ယုံစမ်းပါ၊ ဆေးရုံတက်တုန်းက ကျန်တာ ဘာမှမလုပ်ဘူး ဟင်းချက်နည်းစာအုပ်တွေပဲ ဖတ်နေခဲ့တာ"
လီရှောင်ယာက တိုးတိုးလေး သတိပေးလိုက်သည်။
"ဒါပေမဲ့ ဟင်းချက်စရာ ဘာမှမရှိဘူးနော်..."
ရှန်းယွီရှောင်သည် ဟင်းသီးဟင်းရွက်ထည့်သည့် ပုံးဆီသို့ လျှောက်သွားပြီး အဖုံးဖွင့်ကြည့်လိုက်သည်။ အတွင်းရှိ အာလူးနှင့် ဂေါ်ဖီထုပ်များမှာ အေးခဲပြီး ပုပ်သိုးနေကြပြီဖြစ်သည်။
လီရှောင်ယာက လက်ချောင်းလေးများကို ရေတွက်ရင်း ပြောသည်။
"ဆီလည်း မရှိဘူး၊ ကြက်သွန်မြိတ်လည်း မရှိဘူး၊ မြို့ကြီးသားတွေ သုံးတဲ့ ဟို... အချိုမှုန့်လည်း မရှိဘူး၊ ဘာမှမရှိဘူး"
အရင်က လီရှောင်ယာ ချက်ပြုတ်ရာတွင် အိမ်လုပ် ဝက်ဆီကိုသာ အဓိကအသုံးပြုခဲ့ခြင်း ဖြစ်သည်။
စားစရာဟူ၍ လယ်ထဲနှင့် တောင်ပေါ်တွင် ရနိုင်သော အရာများသာ ရှိလေသည်။
ရှန်းယွီရှောင်သည် တံခါးဝရှိ ရိုက်ကူးရေးအဖွဲ့သားများကို လှည့်ကြည့်ပြီး ခံစားချက်မပါသော မျက်နှာဖြင့် မေးလိုက်သည်။
"ငါတို့ ဒီသောက်သုံးမကျတဲ့ အစီအစဉ်ကို တကယ်ရိုက်နေရမှာလား"
အဖွဲ့သားတစ်ယောက်က သူ့အကြည့်ကို ကြောက်ရွံ့စွာ ရင်ဆိုင်ရင်း ခေါင်းညိတ်ပြသည်။
"... ဟုတ်ကဲ့"
ရှန်းယွီရှောင် သက်ပြင်းချလိုက်ပြီး လီရှောင်ယာကို ပြောလိုက်သည်။
"ခြင်းတောင်းပေး၊ ငါ လယ်ထဲသွားပြီး တစ်ခုခု သွားခူးလိုက်မယ်"
လီရှောင်ယာက ပြော၏။
"အတူတူ သွားရအောင်"
"မင်း နေပြန်ကောင်းကာစ ရှိသေးတာကို..."
ရှန်းယွီရှောင်က မျက်မှောင်ကြုတ်ကာ သဘောမတူပေ။
လီရှောင်ယာက သူ့ကို လေးလေးနက်နက် ကြည့်ပြီး မေးလိုက်သည်။
"ဘယ်အခင်းက သမီးတို့အိမ်က အခင်းလဲဆိုတာ ခွဲတတ်လို့လား"
ရှန်းယွီရှောင် "..."
သူသည် ကိုယ်ကိုကိုင်း၍ လီရှောင်ယာကို ပွေ့ချီလိုက်ပြန်သည်။
"သွားစို့"
သူတို့ နားပင်မနားရသေးဘဲ အလုပ်ထလုပ်ရတော့မည်။
လီရှောင်ယာက လှမ်းပြောသည်။
"မချီနဲ့"
"ဘာလို့ အခုမှ မချီခိုင်းရတာလဲ"
လီရှောင်ယာ၏ လေသံမှာ ရိုးသားနေဆဲပင်။
"အစ်ကို့အင်အားကို ချွေတာထားဦး"
လက်တွေ့တွင်လည်း လယ်ထဲမှ ဟင်းသီးဟင်းရွက်များ ခူးခြင်း၊ ဝက်စာအတွက် အပင်များ ရိတ်ခြင်းတို့မှာ တကယ်ပင် ပင်ပန်းလှပေသည်။
ရှန်းသခင်လေးသည် ဘတ်စကက်ဘော ကစားခြင်း၊ စကိတ်စီးခြင်း၊ တောင်တက်ခြင်းတို့တွင် အင်အားအပြည့် ရှိသော်လည်း... ဤလယ်လုပ်ငန်းခွင်မှာမူ လုံးဝမတူညီသော ကစားကွင်းတစ်ခု ဖြစ်နေတော့သည်။
"ဒါဆို လောက်ပြီလား"
ရှန်းယွီရှောင်က မာထန်နေသော မျက်နှာဖြင့် မေးလိုက်သည်။
လီရှောင်ယာက ခေါင်းညိတ်ပြသော်လည်း အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရသည်။
"ဒီနှစ် ဂျုံစိုက်ဖို့ အချိန်လွန်သွားပြီ"
ရှန်းယွီရှောင်ကတော့ တော်ပါသေးရဲ့၊ အချိန်လွန်သွားလို့ ဟု စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။
သူသည် ခြေတံရှည်ကြီးဖြင့် ကန်သင်းရိုးကို ကျော်ခွလိုက်ပြီးနောက် လှည့်ကာ လီရှောင်ယာကို ပွေ့ချီလိုက်ပြန်သည်။
လီရှောင်ယာ : ?
ရှန်းယွီရှောင်သည် ပင်ပန်းနေသော်လည်း သူမကို အိမ်ပြန်လမ်းတစ်လျှောက် မဆုတ်မနစ် ချီသွားလေသည်။
"ဘယ်လိုလဲ... ငါ သန်မာတယ်မလား"
[ရယ်ရတယ်... ရှန်းသခင်လေးက သူ့မာနက်ု လုံးဝ အထိမခံဘူးပဲ]
[ဆယ်ကျော်သက်တွေရဲ့ ခေါင်းမာမှုဆိုတာ ဒါမျိုးပါလား]
နောက်ဆုံးတွင်တော့ လီရှောင်ယာကပင် ခုံပုလေးပေါ်တက်၍ ဟင်းချက်ရရှာသည်။
ရှန်းယွီရှောင်က သူတို့ ပင်ပင်ပန်းပန်း သယ်လာရသည့် အစားအစာများကို ဖျက်ဆီးပစ်လိုက်မည်ကို သူမ စိုးရိမ်နေသောကြောင့် ဖြစ်၏။
ရှန်းယွီရှောင်သည် စိတ်ပျက်လက်ပျက်ဖြင့် မီးဖိုေဘးတွင် လှည့်ပတ်နေရင်း ရုတ်တရက် မေးလိုက်သည်။
"မင်း ချင်ဆွေ့အတွက် ဟင်းမချက်ပေးဖူးဘူးမလား"
လီရှောင်ယာ ပြန်မဖြေရသေးခင်...
အဓိက ဒါရိုက်တာက ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။
"သခင်လေး ဖုန်းလာနေတယ်"
ရှန်းယွီရှောင်က သူ့အမေဆီက ဖြစ်မည်ဟု တွေးလိုက်သည်။ သို့မဟုတ်ပါက ဒါရိုက်တာက ဤမျှ မျက်နှာလိုမျက်နှာရ လုပ်နေမည် မဟုတ်ပေ။
သူသည် ဒါရိုက်တာလက်ထဲမှ ဖုန်းကို လှမ်းယူလိုက်သည်။
ထိုအချိန်တွင် ဖုန်းသံရပ်သွားပြီ ဖြစ်သည်။
ရှန်းယွီရှောင် ပြန်ခေါ်လိုက်သော်လည်း ဖုန်းလိုင်းမအားဖြစ်နေ၏။
ရှန်းယွီရှောင် စောင့်နေရန် ဆုံးဖြတ်လိုက်စဉ် ဖုန်းထပ်မြည်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ခေါ်ဆိုသူနေရာ၌ နင်းဟန် ဟူသော နာမည်ပေါ်နေလေသည်။
ရှန်းယွီရှောင် ပေါ့ပေါ့ပါးပါးပင် ထူးလိုက်သည်။
"ဟဲလို"
စပီကာမှတစ်ဆင့် နင်းဟန်၏ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
"ရှန်းကော... အမေက ကျွန်တော့်ကို အစ်ကို့ဆီ ပို့ချင်နေတယ်တဲ့၊ လာလို့ရမလား"
ရှန်းယွီရှောင်က လီရှောင်ယာဘက်သို့ လှည့်ကြည့်လိုက်ပြီး စကားတစ်လုံးတည်း ပြောလိုက်သည်။
"ရတယ်"
ထိုခဏချင်းမှာပင် သူ့ခေါင်းထဲ၌ နင်းဟန်အတွက် အစီအစဉ်များ ချမှတ်ပြီးသား ဖြစ်သွားတော့သည်။
ဟင်းသီးဟင်းရွက်ခူးမလား... သူလုပ်လိမ့်မယ်။ ဝက်စာကျွေးမလား... သူလုပ်လိမ့်မယ်။ ဟင်းချက်မလား... သူလုပ်လိမ့်မယ်။
လီရှောင်ယာ ကျောင်းသွားရင် လိုက်ပို့မလား... အဲဒါတော့ ငါလုပ်မယ်။