အခန်း (၄၀)
Vol. 4 Ch. 40
Chapter 40
ရှန်းယွီရှောင်၏ ဝမ်းကွဲအစ်မကို လီချင်းချင်း ဒီလောက်တောင် မှတ်မိနေရသည့် အကြောင်းရင်းမှာ လီရှောင်ယာကြောင့် ဖြစ်လေသည်။
ရှန်းယွီရှောင်၏ ဝမ်းကွဲအစ်မ ရှုရူယင်းနှင့် လီရှောင်ယာတို့သည် မွေးနေ့တူနေကြ၏။ ရှန်းမိသားစုက လီရှောင်ယာ၏ မွေးနေ့ကို ကျင်းပပေးခဲ့ကြသဖြင့် ရှုရူယင်းမှာ မျက်နှာငယ်ခဲ့ရဖူးသည်။ ဤအဖြစ်အပျက်သည် အနုပညာသတင်းလောကတွင် ရေပန်းစားသော ခေါင်းစဉ်တစ်ခုပင် ဖြစ်ခဲ့ဖူးလေသည်။
သူတို့နှစ်ဦးက ဓါတ်မတည့်သူေတွ ဖြစ်နေမှတော့ မီးလောင်ရာလေပင့် လုပ်လိုက်လျှင် ပိုမကောင်းဘူးလား။
လီချင်းချင်းသည် စောင်ကိုဖယ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ တံခါးဝသို့ လျှောက်သွားပြီး တံခါးဘောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ခေါင်းလေးကို ကြောက်ရွံ့အားငယ်သည့်ပုံစံဖြင့် ပြူထွက်ကြည့်လိုက်၏။ ထို့နောက် မလှမ်းမကမ်းတွင် ရပ်နေသော သွယ်လျသည့် အရိပ်အယောင်ကို လှမ်းနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အစ်မ..."
ရှုရူယင်း၏ အကြည့်များက သူမထံသို့ ရောက်ရှိလာပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"ဒါ ဘယ်သူလဲ"
"မမေလးရှုက နိုင်ငံခြားကနေ ပြန်ရောက်တာ မကြာသေးတော့ မသိသေးတာပါ"
ဘေးနားရှိ အိမ်ဖော်က အလျင်စလို ဝင်ရောက်ရှင်းပြလေသည်။ ဖြစ်ကြောင်းကုန်စင် ကြားသိပြီးသည့်နောက်တွင် ရှုရူယင်းတစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
"ဘာ... ရှန်းယွီရှောင်ကို ရွာလေးတစ်ရွာဆီ ပို့လိုက်တယ် ဟုတ်လား၊ အဒေါ်က ဘာတွေတွေးနေတာလဲ... မဖြစ်ဘူး၊ အဒေါ့်ဆီ သွားတွေ့မှ ရမယ်"
ရှုရူယင်းသည် ရောက်လာသကဲ့သို့ပင် မုန်တိုင်းတမျှ လျင်မြန်စွာ ပြန်ထွက်သွားလေတော့သည်။
လီချင်းချင်းမှာမူ ထိုနေရာ၌ပင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ရရှာ၏။ ဘယ်လိုဖြစ်ပြီးတော့များ... သူမ စကားတစ်ခွန်းမှတောင် ကောင်းကောင်း မပြောလိုက်ရတာလဲ။
---
နေ့သစ်တစ်ခုသို့ ရောက်ရှိလာချိန်တွင် လီရှောင်ယာသည် ရှန်းယွီရှောင်၏ ဆိုဒ်ပွ အနွေးထည်ကြီးထဲမှ တိုးထွက်လာလေသည်။ နင်းဟန်သည် လှုပ်ရှားသံကို ကြားလိုက်သဖြင့် မျက်လုံးများကို အားယူဖွင့်လိုက်ရင်း မေးလိုက်သည်။
"နိုးပြီလား"
"ဟာ... မင်းတို့က စောလိုက်တာကွာ၊ အိမ်မှာသာဆိုရင် အခုအချိန်က ကလပ်တက်ပြီး အိပ်ရာထဲ ဝင်ခါစပဲ ရှိဦးမှာ"
နင်းဟန်က တီးတိုးရေရွတ်ရင်း ညည်းတွားလိုက်သော်လည်း သူတို့နှင့်အတူ ထလိုက်လေသည်။ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေသော လီရှောင်ယာက ဦးစွာ စကားစလိုက်၏။
"ရှန်းယွီရှောင် မရှိတော့ဘူး"
"အော်... သူ ဒီနေ့ စာချုပ်ကိစ္စတွေ ရှင်းဖို့ မြို့ထဲသွားတယ်လေ"
နင်းဟန်က ပြုံး၍ ပြောလိုက်သည်။
"သူက မင်းကို ကိုယ့်ဆီမှာ ယာယီအပ်ထားခဲ့တာ"
လီရှောင်ယာသည် ထိုစကားကို ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ သူမ နားမလည်သည့်အရာကိုသာ မေးလိုက်ရှာသည်။
"ကလပ်တက်တယ်ဆိုတာ ဘာလဲဟင်"
နင်းဟန်၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး မပြောသင့်သည့်စကားကို ပြောမိလိုက်မှန်း သတိထားမိသွားသည်။ တော်သေးသည်က ရှန်းယွီရှောင် ဤနေရာတွင် မရှိနေခြင်းပင်။
"ဘာမှမဟုတ်ပါဘူး၊ ကလေးတွေ မမေးရဘူး"
နင်းဟန်က စကားလွှဲလိုက်ပြီး မတ်တတ်ရပ်ကာ ဖိနပ်စီးလိုက်သည်။
"လာ... မျက်နှာသစ်ရအောင်"
လီရှောင်ယာ၏ မျက်နှာသုတ်ပုဝါကို နင်းဟန်က ယူသုံးမိထားသဖြင့် ရှန်းယွီရှောင်သည် သူ၏ ကိုယ်ပိုင်ပုဝါကို လီရှောင်ယာ အသုံးပြုနိုင်ရန် တစ်ဝက်ဖြတ်ပေးထားခဲ့သည်။ နင်းဟန်သည် ထိုပုဝါပြတ်လေးကို ရှာဖွေပြီး ရေအေးထဲသို့ နှစ်လိုက်ရာ အေးစက်မှုကြောင့် တုန်တက်သွားလေသည်။
နင်းဟန်က မေးလိုက်သည်။
"ရေနွေး မတည်တော့ဘူးလား"
"ထင်းကုန်နေပြီ၊ ထင်းသွားကောက်ရဦးမယ်"
"အိုကေလေ... ဒါဆိုလည်း ပြီးရော"
နင်းဟန်သည် ပုဝါကို ရေညှစ်လိုက်ပြီး လီရှောင်ယာ၏ မျက်နှာကို သုတ်ပေးရန် လှည့်လိုက်သည်။
"သမီးဘာသာ လုပ်တတ်ပါတယ်..."
လီရှောင်ယာက တိုးတိုးလေး ပြောရှာသည်။
"မရပါဘူး၊ ရှန်းက မင်းကို ကိုယ့်လက်ထဲ အပ်ခဲ့တာ၊ ကိုယ်က တာဝန်ကျေအောင် မလုပ်ပေးရင် သူ မျက်နှာပျက်လိမ့်မယ်"
"အော်..."
လီရှောင်ယာသည် နာခံမှုရှိစွာဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ကို မျက်နှာသုတ်ခွင့် ပြုလိုက်လေသည်။ နင်းဟန်သည် ပုဝါကို သူမ မျက်နှာပေါ်သို့ တင်ပေးလိုက်ရင်း မေးလိုက်သည်။
"အေးလား"
"ဟင့်အင်း... မအေးပါဘူး"
နင်းဟန်၏ လက်များမှာ အအေးဒဏ်ကြောင့် ဖြူဖျော့နေသော်လည်း လီရှောင်ယာမှာမူ တွန့်ပင်မတွန့်ချေ။ သူမသည် မျက်လုံးများကို မှိတ်ထားပြီး သန့်စင်သွားသော ပါးပြင်မို့မို့လေးများသည် ကြွေသားကဲ့သို့ ဖြူဥနေလေသည်။
နင်းဟန်က ရုတ်တရက် ဆိုလိုက်သည်။
"မင်းက ဘာဘီရုပ်နဲ့ မတူပါဘူး"
လီရှောင်ယာ၏ မျက်တောင်လေးများ လှုပ်ခတ်သွားပြီး မျက်လုံးဖွင့်ကာ သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ နင်းဟန်က လေးလေးနက်နက် ဆက်ပြောလိုက်သည်။
"မင်းက ကြွေရုပ်လေးနဲ့ တူတာ၊ အနုပညာလက်ရာတစ်ခုလိုပဲ"
လီရှောင်ယာသည် ခေါင်းလေးကို စောင်းငဲ့ကာ သူ့ကို ကြည့်နေမိသည်။
"သိတယ်မလား... လှပပြီး သန့်စင်နေတဲ့၊ ဒါပေမဲ့ ကျိုးပဲ့လွယ်တဲ့ ကြွေသားမျိုးလေ"
နင်းဟန်သည် စကားဆက်ပြောရင်း သူ၏ ဖန်တီးမှုအာရုံများ နိုးကြားလာသည်ကို ခံစားလိုက်ရသည်။ သူသည် ပန်းချီ၊ ပန်းပု၊ ကြွေထည် အစရှိသဖြင့် အနုပညာဘာသာရပ်ပေါင်းစုံကို လေ့လာခဲ့ဖူးသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။ မိသားစုသာ တားမြစ်မထားခဲ့လျှင် သူပြည်ပသို့ထွက်၍ လွတ်လပ်သော အနုပညာရှင်တစ်ယောက်အဖြစ် ခရီးသွားရင်း ဘဝကို ဖြတ်သန်းနေလောက်ပြီ ဖြစ်သည်။
ထိုအချိန်တွင် လီရှောင်ယာက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒါဆို သမီး ကြွေရုပ် မဖြစ်ချင်ဘူး"
"ဒါဆို ဘာဖြစ်ချင်လို့လဲ"
"သံနဲ့လုပ်ထားတဲ့ အရုပ်မျိုး ရှိလားဟင်၊ သမီး သံရုပ်ပဲ ဖြစ်ချင်တယ်၊ ရိုက်နှက်ခံရရင်တောင် မကွဲမေကြတဲ့ သံရုပ်လေ"
နင်းဟန်မှာ အသက်ရှူပင် မှားသွားရပြီး သူမကို အံ့အားသင့်စွာ ကြည့်မိလိုက်သည်။ ခဏအကြာတွင် ထိုအံ့အားသင့်မှုသည် ဝမ်းသာပီတိအဖြစ် ပြောင်းလဲသွားပြီး သူ၏ သွေးကြောများထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားမှုများ စီးဆင်းသွားတော့သည်။
"မင်းက တကယ်... တကယ်ကို အံ့ဩဖို့ကောင်းတာပဲကွာ!"
နင်းဟန်သည် အနုပညာဖန်တီးမှုအတွက် အကြံဉာဏ်သစ်တစ်ခု ရရှိသွားသဖြင့် စတူဒီယိုသို့ အမြန်ပြန်ပြေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
"ကိုယ့်လက်ရာ ဆုရခဲ့ရင် ဆုကြေးငွေကို မင်းနဲ့ တစ်ဝက်ခွဲပေးမယ်"
နင်းဟန်သည် ရုတ်တရက် လက်ထဲမှ ပုဝါကို ပစ်ချလိုက်ပြီး လီရှောင်ယာကို ပွေ့ချီကာ ပါးပြင်ကို ဖျတ်ခနဲ နမ်းလိုက်လေသည်။ လီရှောင်ယာမှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရှာသည်။
ဘာဆုလဲ... သူ ဘာတွေပြောနေတာပါလိမ့်။
ကြည့်ရှုသူများ၏ မှတ်ချက်များမှာလည်း အာမေဋိတ်သင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်။
[နင်းဟန်! နင်တော့ သွားပြီ... နင့်ရဲ့ အစ်ကိုရှန်း ပြန်ရောက်လာရင် နင့်ကို ထိုးတော့မှာပဲ!]
[လီရှောင်ယာရဲ့ မျက်နှာသုတ်ပုဝါကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ကလေးကို နမ်းရဲတယ်ပေါ့လေ!]
နင်းဟန်လည်း သူဘာလုပ်မိလိုက်မှန်း သတိထားမိသွားပြီး ပုဝါကို အမြန်ပြန်ကောက်ကာ ရေပြန်ဆေးလိုက်သည်။
"သွားတိုက်ဖို့ ကိုယ် ရေထည့်ပေးမယ်"
နင်းဟန်သည် အပြစ်ရှိစိတ်ဖြင့် မျက်နှာလွှဲလိုက်ကာ ရေဘူးကို လိုက်ရှာနေတော့သည်။ ဤရေဘူးသည် နင်းဟန် ကိုယ်တိုင်ယူလာခဲ့ခြင်း ဖြစ်ပြီး သောက်ရေအနည်းငယ် ကျန်နေသေးသဖြင့် လီရှောင်ယာ သွားတိုက်ရန်အတွက် အသုံးပြုလိုက်ကြသည်။
လီရှောင်ယာသည် ဆောင့်ကြောင့်ထိုင်လျက် ပလုတ်ကျင်းနေပြီး နင်းဟန်က သူမ၏ အနောက်တွင် မတ်တတ်ရပ်ကာ ဆံပင်ဖြီးပေးနေလေသည်။
[... ဒီဆံပင်ပုံစံကမှ သဘာဝဘေးဒဏ်သင့်ထားတဲ့ ပုံစံမပေါက်တော့တာ]
[ဒါနဲ့ ယှဉ်ကြည့်လိုက်ရင် အရင်တုန်းက ရှန်းယွီရှောင် ဖြီးပေးတုန်းက ဘာပုံစံကြီး ဖြစ်သွားတာလဲ... ဟားဟား]
အဆင်သင့်ဖြစ်ပြီးနောက် နင်းဟန်သည် လီရှောင်ယာ ကျောင်းသွားရန် လိုက်ပို့ပေးခဲ့သည်။ ရှန်းယွီရှောင်နှင့် ချင်ဆွေ့တို့လို မဟုတ်ဘဲ နင်းဟန်ကမူ စကားပြောရသည်ကို နှစ်သက်သူဖြစ်သည်။ လမ်းလျှောက်လာရင်း သူက လီရှောင်ယာကို စကားစမြည် ပြောလာ၏။
"ဆောင်းတောင်ဝင်တော့မယ်၊ ခြင်တွေက ဘယ်လိုလုပ် ရှိနေသေးတာလဲ၊ ကိုယ့်တစ်ကိုယ်လုံး အကိုက်ခံထားရလို့ အဖုေတွထနေပြီ"
ထိုစကားကို ကြားသောအခါ လီရှောင်ယာက ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး”
ထို့နောက် သူမသည် ဘောင်းဘီရှည်ကို ပင့်တင်လိုက်ပြီး မြက်ခင်းများနှင့် လယ်ကန်သင်းရိုးများကြား ဖြတ်လျှောက်သွားကာ ဆေးဖက်ဝင်အပင် လက်တစ်ဆုပ်စာ ခူးပြီး ပြန်ရောက်လာခဲ့သည်။ သူမ၏ အမာရွတ်များ ထင်ကျန်နေသော လက်ချောင်းထိပ်လေးများဖြင့် ထိုအပင်များကို ချေလိုက်ပြီး ထွက်လာသော အရည်ကို နင်းဟန်၏ ခြင်ကိုက်ဖုများပေါ်သို့ သုတ်လိမ်းပေးလိုက်သည်။
လီရှောင်ယာက မေးလိုက်သည်။
"သက်သာလား"
နင်းဟန်သည် သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်၏။
"အစ်ကိုရှန်း မင်းကို ဘာလို့ သဘောကျလဲဆိုတာ ကိုယ်နားလည်ပြီ"
နင်းဟန်သည် လီရှောင်ယာ၏ လက်ထဲမှ ကျန်နေသော ဆေးပင်များကို ယူလိုက်ပြီး ကိုယ်တိုင်ချေကာ လမ်းလျှောက်ရင်း ကျန်နေသော နေရာများကို ဆက်လက် လိမ်းကျံလိုက်သည်။ မကြာမီ သူတို့ ကျောင်းသို့ ရောက်ရှိလာကြသည်။
လီရှောင်ယာ ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် ပွဲတော်တစ်ခုလို ဖြစ်သွားတော့သည်။ သူမသည် လူတိုင်း၏ အကြည့်ကို ချက်ချင်းပင် ဖမ်းစားနိုင်လိုက်၏။ ကျောင်းသားများသည် နင်းဟန်ကို တအံ့တသြ ငေးမောကြည့်ရှုနေကြသည်။
နင်းဟန်သည် ဆံပင်ရှည်များကို စုစည်းချည်နှောင်ထားသဖြင့် သန့်ရှင်းသပ်ရပ်သော မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မြင်နေရသည်။ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်နှင့် လွတ်လပ်ပေါ့ပါးသော အငွေ့အသက်မျိုး ရှိနေ၏။ သူ၏ ဗာဒံစေ့ပုံစံ မျက်လုံးအိမ်များက ဘေးတိုက်ကြည့်လျှင်ပင် နူးညံ့သိမ်မွေ့သည့် ပုံရိပ်ကို ပေးစွမ်းနေသည်။
"လီရှောင်ယာ..."
တစ်စုံတစ်ယောက်က ထစ်အစွာဖြင့် မေးလိုက်သည်။
"နင့်မှာ အစ်ကိုအသစ်တစ်ယောက် ရောက်လာပြန်ပြီလား"
"လီရှောင်ယာက တော်တော်မိုက်တာပဲ"
တစ်ယောက်က အားကျစွာဖြင့် တီးတိုးပြောလိုက်သည်။
"ဒီအစ်ကိုအသစ်ကရော သူ့ကို အာလ်ထရာမန်း ထမင်းဘူး ဝယ်ပေးဦးမှာလား"
ပြောရင်းဆိုရင်း သူတို့၏ အားကျစိတ်များက ပိုမိုကြီးထွားလာကြသည်။ မောက်မာသော ရှန်းယွီရှောင်နှင့်ငတုံး များနှင့် ဆက်ဆံရသည်ကို မနှစ်သက်သော သုန်မှုန်သည့် ချင်ဆွေ့တို့နှင့် မတူဘဲ နင်းဟန်သည် ကွဲပြားခြားနားလေသည်။
ကလေးများ၏ တီးတိုးပြောသံများကို ကြားလိုက်ရသောအခါ နင်းဟန်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။
"မင်းတို့ မသိကြဘူးလား၊ လီရှောင်ယာက မျက်လှည့်ပြတတ်တယ်လေ"
"ဘာမျက်လှည့်လဲ"
ကလေးငယ်အများစုက စိတ်ဝင်တစားဖြင့် မော့ကြည့်လာကြသည်။
"သူ့ကို ဘယ်သူပဲ အနိုင်ကျင့်ကျင့်၊ သူက မျက်လုံးလေးမှိတ်ပြီး ဆုတောင်းလိုက်တာနဲ့... ဒီမှာကြည့်၊ အခုလိုမျိုးပဲ..."
နင်းဟန်၏ နှုတ်ခမ်းများက ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ဝူးကနဲဆိုပြီး ကိုယ်က လေထဲကနေ ဘွားကနဲ ပေါ်လာရော၊ သူက ကိုယ်တို့လိုလူတွေကို အများကြီး တပြိုင်နက် ဖန်ဆင်းနိုင်တယ်၊ သူ့ကို အနိုင်ကျင့်တဲ့ကောင်တွေ ကံဆိုးပြီသာမှတ်"
ကလေးများမှာ ချက်ချင်းပင် ကြောက်လန့်ပြီး မျက်နှာများ ဖြူဖျော့သွားကြတော့သည်။ အထူးသဖြင့် ရှန်းယွီရှောင်၏ ဆွဲမခြင်းကို ခံခဲ့ရဖူးသော ဝမ်ရှောင်ကျစ် ဆိုလျှင် လည်ချောင်းထဲမှ စူးကနဲ အော်သံထွက်လာလေသည်။
"အား! ကျွန်တော် လီရှောင်ယာကို အနိုင်မကျင့်ပါဘူး! ကျွန်တော့်ဆီ မလာပါနဲ့၊ ကျေးဇူးပြုပြီး မလာပါနဲ့!"
နင်းဟန်က နှာခေါင်းရှုံ့လိုက်သည်။
"ကြောက်တတ်လိုက်ကြတာ"
ထို့နောက် သူက လီရှောင်ယာကို ကျောပိုးအိတ် လွယ်ပေးလိုက်၏။
"ကဲ... အတန်းသွားတက်တော့"
သူ ပြန်လှည့်လိုက်သောအခါ ကျောင်းဆရာ၊ ဆရာမ အများအပြားနှင့် ပက်ပင်းတိုးလေတော့သည်။ သူတို့၏ မျက်နှာများမှာ မယုံနိုင်မှုကြောင့် အေးခဲနေကြသည်။
"မင်္ဂလာပါ မင်္ဂလာပါ"
နင်းဟန်က သူတို့အနားသို့ သွားပြီး တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ကျွန်တော်က လက်ရှိ လီရှောင်ယာရဲ့ ယာယီအုပ်ထိန်းသူပါ၊ ကိစ္စရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်"
ဆရာ၊ ဆရာမများသည် ထိုလူငယ် ဝတ်ဆင်ထားသော သိသိသာသာ ဈေးကြီးပေးရမည့် ဒီဇိုင်နာအဝတ်အစားများကို ကြည့်ပြီး ခေတ္တမျှ ကြောင်အမ်းနေကြသည်။
သူတို့လာရိုက်ကူးနေသည့် တီဗီအစီအစဉ် နာမည်က ဘာတဲ့... "ဘဝခြင်းလဲလှယ်ရေး" မဟုတ်လား။ လီရွာက ရွာသူကြီးရဲ့ မြေးမလေးကို မြို့ပေါ်ပို့ပြီး လဲလှယ်မယ့် အစီအစဉ်လို့ ပြောထားတာလေ။ ဘာလို့ နောက်ဆုံးကျမှ ဒီလိုပုံစံ ဖြစ်လာရတာလဲ။
ချမ်းသာတဲ့ ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာလိုက်ကြတာ... ဘာလဲ... အခုခေတ်မှာ သူဌေးသားတွေကို ပေါင်ချိန်ပြီး ရောင်းနေကြလို့လား။