← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

Chapter 38

ရှုချွီလိုင်က မေးမြန်းလိုက်၏။

"နင်းဟန်ရော ရှိနေတာလား"

"ရှိတယ် အန်တီရှု၊ ကျွန်တော်လည်း ဒီ‌ေရာက်‌ေနတာ အစ်ကိုရှန်းက ဒီမှာ တော်တော်လေး ဒုက္ခရောက်နေတာ သူ့တောင်းဆိုတာမှန်သမျှ အကုန်သဘောတူပေးလိုက်ပါနော်"

ရှုချွီလိုင်သည် နင်းဟန်၏စကားများကို အရေးမလုပ်ဘဲ လစ်လျူရှုလိုက်သည်။ ရှန်းယွီရှောင်က ရန်ပုံငွေမလောက်ဟု ပြောသည့်အပေါ်တွင်လည်း စိတ်လှုပ်ရှားခြင်း၊ မကျေနပ်ခြင်း အလျဉ်းမရှိပေ။ သူမက တည်ငြိမ်သောအသံဖြင့်သာ ဆက်ပြောလိုက်၏။

"ရင်းနှီးမြှုပ်နှံမှုအတွက် ဘာတွေလုပ်ဖို့လိုတယ်ဆိုတာ မှတ်မိရဲ့လား"

ရှန်းယွီရှောင်က ပြန်ဖြေသည်။ "မှတ်မိပါတယ်"

ထို့နောက် ရှုချွီလိုင်က မေးခွန်းထုတ်ပြန်သည်။

"ဒါဆို ဘာလို့ လီရှောင်ယာကို ရွေးချယ်ခိုင်းရတာလဲ"

ထိုစကားကြောင့် ပရိသတ်များ၏ရင်ထဲမှ အသည်းနှလုံးများသည် လည်ချောင်းဝသို့ တစ်ဖန်ပြန်ရောက်လာပြန်သည်။

[တာဝန်ယူခိုင်းမယ်ဆိုပြီး တကယ်ပြောလာပြီ]

ရှန်းယွီရှောင်၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ထိုအချိန်တွင် သူမည်သို့ခံစားနေရသည်ကို ဖော်ပြရန် စကားလုံးရှာမတွေ့ဖြစ်နေသည်။

သို့သော် သူစကားမပြောနိုင်သေးခင်မှာပင် ရှုချွီလိုင်က ဆက်ပြောလာ၏။

"ရှန်းယွီရှောင် မင်း အဲဒီလို မလုပ်သင့်ဘူး"

"မင်းဆုံးဖြတ်ရမယ့်ကိစ္စ၊ မင်းရဲ့တာဝန်ကို ဘာလို့ မိန်းမငယ်လေးတစ်ယောက်အပေါ် လွှဲချလိုက်ရတာလဲ။ အဲဒီ့ဝန်ကို သူ့ပခုံးက ထမ်းနိုင်ပါ့မလားဆိုတာ ထည့်စဉ်းစားခဲ့ရဲ့လား တကယ်လို့ ရင်းနှီးမြှုပ်နှံမှုသာ ရှုံးသွားရင် သူက မင်းထက်တောင် ပိုပြီး စိုးရိမ်ပူပန်နေလိမ့်မယ်။ သူ့ကို ညတိုင်း အိပ်မပျော် ဖြစ်စေချင်လို့လား"

[ဟမ်]

[သောက်ကျိုးနည်း... မစ္စရှုက လီရှောင်ယာကို မဆုံးဖြတ်စေချင်တာ ဒီအကြောင်းကြောင့်ကိုး]

ရှန်းယွီရှောင်က သေချာစွာ ပြောလိုက်သည်။

"ကျွန်တော် ရှုံးမှာမဟုတ်ပါဘူး။ ပြီးတော့ သူရွေးချယ်လိုက်တဲ့အရာတိုင်းက မှန်ကန်တယ်ဆိုတာကို လီရှောင်ယာ သိလာစေရမယ်"

ရှုချွီလိုင်မှာ ခေတ္တမျှ ဆွံ့အသွားသည်။

သို့သော် သူမ၏သားဖြစ်သူမှာ အမြဲတမ်း ဤကဲ့သို့ပင်ဖြစ်ရာ သူမအနေဖြင့် နေသားကျနေပြီ ဖြစ်၏။

ထို့နောက် ရှန်းယွီရှောင်က မေးလိုက်၏။ "အမေက ပိုက်ဆံအတွက် စိတ်ပူနေတာလား"

ရှုချွီလိုင်က ပြန်မေးသည်။ "မင်း ဘယ်လိုထင်လို့လဲ"

ရှန်းယွီရှောင်က ပြုံးလိုက်ရင်း ပြော၏။

"ကျွန်တော့်အထင်အရတော့ အမေ စိတ်မပူပါဘူး။ မေမေက ကျွန်တော် လူကြီးတစ်ယောက်လို တာဝန်ယူနိုင်မလားဆိုတာကိုပဲ ဂရုစိုက်တာ တခြားအိမ်က ကလေးတွေအတွက်ဆိုရင် ဒီပိုက်ဆံပမာဏက အစမ်းလေ့ကျင့်သလောက်တောင် မရှိဘူး"

ရှုချွီလိုင်က "ကိုယ့်ကိုယ်ကိုယ် အရူးလုပ်တာမျိုး မမြင်ချင်ဘူးနော်" ဟုသာပြောပြီး ဖုန်းချသွားလေသည်။

သို့သော် ထိုစကားအနည်းငယ်ဖြင့်ပင် ရှုချွီလိုင်၏ သဘောထားကို လူတိုင်းသိသွားကြပြီ ဖြစ်သည်။

ရှန်းယွီရှောင်သည် ဒါရိုက်တာထံသို့ ဖုန်းပြန်ပေးလိုက်ပြီး လီရှောင်ယာကို ပြောလိုက်၏။

"တွေ့လား... ငါ့အမေက မင်းကို ဂရုစိုက်ပါတယ်"

လီရှောင်ယာ၏ မျက်နှာတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။ ဘာကြောင့်များ ရှန်းယွီရှောင်၏အမေက သူမကို မဆူပူရတာလဲ။

[အံ့ရော ရှန်းယွီရှောင်အမေက တော်တော် သဘောထားကြီးတာပဲ]

[ရယ်ရမလို ငိုရမလိုပဲ ဒီလိုသဘောထားကြီးနိုင်တာက ချမ်းသာတဲ့မိသားစုတွေပဲ တတ်နိုင်တဲ့ ကစားပွဲမျိုးနေမှာ]

တီဗီပြင်ပတွင်မူ သုန့်သဝေသည် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ရင်း ရယ်ရခက်ငိုရခက် ဖြစ်နေလေသည်။ "ကောင်းတယ်... ကောင်းတယ်... နောက်ဆုံးတော့ အဆင်ပြေသွားပြီပဲ"

နင်းဟန်သည် ထိုအချိန်တွင် သက်ပြင်းချလိုက်မိသည်။ “ကြည့်ရတာ ငါဝင်ပါဖို့ အခွင့်အရေး မရှိတော့ဘူးထင်တယ်"

သူသည် လီရှောင်ယာအနားသို့ တိုးကပ်သွားပြီး တိုးတိုး‌ေလးပြောလိုက်၏။

"စိတ်မပူပါနဲ့၊ အစ်ကိုရှန်းရဲ့ ရင်းနှီးမြှုပ်နှံမှုက သေချာပေါက် မရှုံးဘူး။ သူ ပိုက်ဆံရှာနိုင်မှာ သေချာတယ်"

"မင်းကိုပြောပြမယ် သူ ငယ်ငယ်တုန်းက သူ့ဦးလေးနဲ့ Wall Street ကို သွားဖူးတယ်။ မူလတန်းတုန်းက စီးပွားရေးလုပ်တဲ့ ဂိမ်းကစားတာလေ သူက တခြားကျောင်းသားတွေရဲ့ ရန်ပုံငွေအားလုံးကို"

နင်းဟန် စကားမဆုံးခင်မှာပင် ရှန်းယွီရှောင်က သူ့ကို တွန်းထုတ်လိုက်သည်။ "မင်း လီရှောင်ယာကို ဘာတွေလျှောက်ပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး... မင်းရဲ့ တောက်ပြောင်တဲ့ အောင်မြင်မှုတွေကို ပြန်ပြောပြနေတာပါ"

ရှန်းယွီရှောင် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဆိုလေသည်။

"အဲဒါဆိုရင်တော့ ပြောခွင့်ပြုတယ်"

[သခင်လေးရှန်း ရယ်... သိပ်လည်း ကြွားမနေပါနဲ့ ဟားဟား]

[ဒီအခြေအနေရောက်တော့ ငါတကယ်ပဲ လီရှောင်ယာကို နည်းနည်းမနာလိုဖြစ်လာပြီ]

[နင်တို့ရော တောင်ပေါ်ရွာလေးမှာ တစ်နပ်စားဖို့အရေး နောက်တစ်နပ်အတွက် ပူပန်နေရတဲ့ဘဝ၊ ကျောင်းတက်ဖို့ တောင်ပေါ်လမ်းခရီးကို နာရီပေါင်းများစွာ လမ်းလျှောက်ရတဲ့ဘဝ၊ အိမ်ပြန်ရောက်ရင် အဘိုးကိုပြုစုပြီး လယ်လုပ်ရတဲ့ဘဝမျိုးကို နေနိုင်ကြလို့လား]

[အိုကေ... ငါမနေနိုင်ဘူး။ ဒါဆိုရင်တော့ ဒါက သူနဲ့ထိုက်တန်ပါတယ်]

ထိုနေ့တွင် နင်းဟန် ဝက်စာကျွေးရင်း ကျင်းထဲပြုတ်ကျသည့် အခန်းကဏ္ဍသည် ရေပန်းစားသည့် ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပြီး ကြည့်ရှုသူအများအပြားကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့လေသည်။

ချမ်းသာသည့် ဒုတိယမျိုးဆက်သခင်လေးတစ်ယောက် ကျင်းထဲပြုတ်ကျသည်ကို မြင်ရသည်မှာ ရှားပါးသည်မဟုတ်လား

ထုတ်လုပ်ရေးအဖွဲ့ကြောင့်လား၊ ရှုချွီလိုင်၏ အကြံပြုချက်ကြောင့်လား မသိသော်လည်း ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောဆိုသည့် အပိုင်းကို အွန်လိုင်းတင်ခဲ့သော်ငြား သတင်း၏ အရှိန်အဟုန်ကို လျှော့ချထားပြီး သက်ရောက်မှုကို ပေါ့ပါးသွားစေခဲ့သည်။

ဒါရိုက်တာသည် နောက်ကွယ်တွင်ထိုင်ကာ အချက်အလက်များကို ကြည့်ရှုရင်း သက်ပြင်းချလိုက်မိသည်။

"သခင်လေးရှန်းတို့အဖွဲ့ရဲ့ ကြည့်ရှုနှုန်းက ထိုးတက်နေတုန်းပဲ။ တိုက်ရိုက်ကြည့်ရှုမှုက ၂ သန်းပြည့်တော့မယ်။ ပြန်ကြည့်တဲ့ အရေအတွက်က သန်း ၆၀၀ ကျော်တော့မယ်"

ဝန်ထမ်းတစ်ဦးက မေးလိုက်၏။ "လီချင်းချင်းဘက်ကရော ဘယ်လိုလဲ"

ဒါရိုက်တာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။

"သုည ဒသမ ၃ ဒါပေမဲ့ အခုက တိုက်ရိုက်ကြည့်ရှုမှု နည်းတဲ့အချိန်ဆိုတော့ ၀.၃ ဆိုတာ ပုံမှန်အဆင့်ပါပဲ။ ပြန်ကြည့်တဲ့အရေအတွက်ကတော့ သန်း (၃၀၀) ကျော်သွားပြီ။ ရွာကကလေးတစ်ယောက် ချမ်းသာတဲ့မိသားစုဆီ ရောက်သွားတာကို လူတွေက ကြည့်ချင်ကြတုန်းပဲ"

ပရိသတ်အများစုသည် အဖြူအမည်း ခွဲခြားမထားတတ်ကြပေ။ သူတို့မြင်ချင်သည်ကို ပြသနိုင်လျှင် ကျေနပ်ကြသည်။

လီချင်းချင်း ချမ်းသာသည့်မိသားစုထဲ ရောက်သွားခြင်းသည် လူအများစုနှင့် သက်ဆိုင်သည်ဟု ခံစားရပြီး အထက်တန်းလွှာသို့ ဝင်ရောက်လိုသည့် သူတို့၏အိပ်မက်ကို စိတ်ကူးယဉ်စေနိုင်သည်။

ရှန်းယွီရှောင်ဘက်တွင်မူ ဖျော်ဖြေရေးက ပို၍လွှမ်းမိုးနေသည်။ ဤမျှပြင်းထန်သော စွမ်းဆောင်ရည် ရရှိလာလိမ့်မည်ဟု ဒါရိုက်တာ မျှော်လင့်မထားခဲ့ပေ။

"နောက်ရာသီအတွက် စပွန်ဆာ သေချာသွားပြီ" ဒါရိုက်တာမှာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးဖြဲဖြဲဖြစ်နေတော့သည်။

ထိုအချိန်တွင် သုန့်သဝေသည် တီဗီပိတ်လိုက်ပြီး ဖိုင်တွဲအချို့ကို ဆွဲယူကာ ထွက်လာခဲ့လေသည်။

Audi ကားနှစ်စီးသည် ပျက်စီးယိုယွင်းနေသော တောင်ပေါ်လမ်းအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်လာပြီး ရွာငယ်လေးထဲသို့ ဝင်ရောက်လာကြ၏။

လီမိသားစုရွာသားများအတွက် Rolls-Royce သို့မဟုတ် Porsche တံဆိပ်များကို အမြဲတမ်း မမှတ်မိနိုင်ကြသော်လည်း BMW၊ Mercedes နှင့် Audi တို့ကိုမူ အတန်အသင့် ခွဲခြားသိမြင်နိုင်သည်။

ထို့ကြောင့် Audi ကားများ ရွာထဲသို့ ဝင်လာသောအခါ ချမ်းသာသူများ ရောက်လာမှန်း သူတို့သိလိုက်ကြသည်။

"ငါတို့ရွာက ဒီရက်ပိုင်း ဘာလို့ ကံကောင်းနေတာလဲ။ သူဌေးတွေ ထပ်ရောက်လာပြန်ပြီ"

သူတို့သည် ပန်းကန်လုံးများကို ကိုင်ထားရင်း အပြင်ဘက်မှ မြင်ကွင်းကို လည်ပင်းဆန့်ကာ ကြည့်ရှုနေကြ၏။ ထိုသို့ကြည့်နေရင်း သူတို့ သတိထားမိလိုက်သည်မှာ...

"ဒီကားတွေက ဘာလို့ လီရှောင်ယာအိမ်ဘက်ကိုပဲ သွားနေကြတာလဲ"

ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြပြန်သည်။

ခေတ္တကြာမှ တစ်စုံတစ်ယောက်က အံကြိတ်ကာ ပြောလိုက်လေသည်။ "လီရှောင်ယာက တော်တော်ကံကောင်းတာပဲ"

သူတို့သည် ယခင်က သူမကို ကံဆိုးစေသူဟု ကျိန်ဆဲခဲ့ကြသည်ကို လုံးဝမေ့လျော့နေ၏။

Audi ကားများသည် တဖြည်းဖြည်း နီးကပ်လာပြီး ရပ်တန့်သွား၏။

ကားထဲတွင် ပါလာသော သက်လတ်ပိုင်းအရွယ် အမျိုးသားအချို့က မနေနိုင်ဘဲ ဆဲဆိုကြလေသည်။

"သုန့်သဝေ... ဒီနေရာက တကယ်ရော ဟုတ်ရဲ့လား။ ခင်ဗျား ကျုပ်တို့ကို လိမ်ခေါ်လာတာတော့ မဟုတ်ပါဘူးနော်"

"မင်း ကောင်စုတ်လေး... မင်း မဟုတ်တာတစ်ခုခု ကြံစည်နေတာတော့ မဟုတ်ဘူးမလား"

သုန့်သဝေသည် လက်နှစ်ဖက်ကို အမြန်မြှောက်ပြလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး သေချာကြည့်ကြပါဦး၊ အပြင်မှာ ကင်မရာကိုင်ထားတဲ့လူတွေ အများကြီး မဟုတ်လား။ ကျွန်တော်ပြောသားပဲ... သူတို့ ဒီမှာ တကယ် ရိုက်ကူးရေးလုပ်နေတာပါ။ ခင်ဗျားတို့ ဟာသရှိုးတွေ မကြည့်ကြဘူးလား။ ဒီအစီအစဉ်က လက်ရှိမှာ ရေပန်းစားနေတာလေ"

"ငါ တစ်ခုတော့ တွေ့လိုက်ပါတယ်။ ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးတစ်ယောက် ကျင်းထဲပြုတ်ကျတဲ့ ကိစ္စမလား"

သုန့်သဝေက အမြန် သတိပေးလိုက်သည်။

"အဲဒီကိစ္စကို သူတို့ရှေ့ရောက်ရင် သွားမပြောမိစေနဲ့နော်။ သခင်လေး စိတ်ဆိုးသွားရင် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ပျက်သွားလိမ့်မယ်"

"ငါပြောမယ်... နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို တန်းရောင်းလိုက်တာက ပိုကောင်းဦးမယ်။ ငွေသားယူပြီး ကိုယ့်လမ်းကိုယ်သွားကြတာပေါ့"

သုန့်သဝေသည် ဘာမျှပြန်မပြောဘဲ ကားပေါ်မှဆင်းကာ တည့်တည့်လျှောက်သွားလိုက်သည်။

"ဘယ်သူလဲ... ဘာကိစ္စရှိလို့လဲ" ဝန်ထမ်းတစ်ယောက်က လှည့်ကြည့်ပြီး အော်မေးလိုက်သည်။

"သခင်လေးရှန်းကို လာတွေ့တာပါ။ သခင်လေးရှန်း ရင်းနှီးမြှုပ်နှံချင်တဲ့ ပရောဂျက်ရဲ့ တာဝန်ခံပါ" သုန့်သဝေက ပြုံးလျက် ပြောလိုက်၏။

ဝန်ထမ်းမှာ ကြောင်အသွားရသည်။ တကယ်ကြီး လာရင်းနှီးမြှုပ်နှံတာလား။

ဝန်ထမ်းသည် သုန့်သဝေနှင့်အဖွဲ့ကို ခေါ်ဆောင်သွားရာ အစီအစဉ်ရိုက်ကူးမှုကို ယာယီ ရပ်နားလိုက်ရသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် နင်းဟန်သည် ရွာဘဝကို သိပ်မကြုံဖူးသဖြင့် ကြယ်ကြည့်ရန် ထိုင်ခုံပုလေးတစ်လုံးယူကာ အပြင်ထွက်လာချိန် ဖြစ်သည်။ ရှန်းယွီရှောင်က လီရှောင်ယာ သစ်အယ်သီး ပန်းကန် သယ်လာသည်ကို ကူညီရင်း သူမနောက်မှ ပျင်းရိလေးတွဲ့စွာ လျှောက်လာခဲ့၏။

သစ်အယ်သီးများကို တောင်ပေါ်မှ ကောက်ယူလာခြင်းဖြစ်ပြီး မီးဖိုထဲထည့်ကာ ဖုတ်ထားသဖြင့် အခွံကွဲအက်ကာ မွှေးပျံ့၍ အရသာရှိသော အနံ့များ ထွက်ပေါ်နေသည်။

လူနှစ်စုမှာ မျက်နှာချင်းဆိုင် ဆုံမိသွားကြလေသည်။

"သခင်လေးရှန်း"

ထိုစကားလုံးသုံးလုံးသည် သုန့်သဝေ၏ လည်ချောင်းဝမှ ထွက်ပေါ်လာပြီး မျက်ရည်များပင် ချက်ချင်း ထွက်ကျလုမတက် ဖြစ်သွားရသည်။

ရှန်းယွီရှောင်က ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်ရင်း ပြောလိုက်၏။

"နောက်ဆုတ်စမ်းပါ... ပျောက်သွားတဲ့ အဖေအရင်းကို ပြန်တွေ့တဲ့ ပုံစံမျိုး လာမလုပ်နဲ့"

သုန့်သဝေမှာ ချက်ချင်း ဆို့နင့်သွားသော်လည်း အနည်းဆုံးတော့ စိတ်မလှုပ်ရှားမိတော့ပေ။

ထိုအချိန်တွင် လီရှောင်ယာလည်း ထွက်လာခဲ့သည်။

သုန့်သဝေသည် သူသယ်လာသော ပစ္စည်းများကို ချက်ချင်း ရှေ့တိုးပေးလိုက်ပြီး အီလည်လည်အပြုံးကို အတင်းလုပ်ပြကာ လီရှောင်ယာကိုပင် ပွေ့ချီချင်နေပုံရသည်။ "ရော့... ရှောင်ယာ ဦးလေးက သမီးအတွက် သီးသန့်ဝယ်လာတာ။ ဦးလေးက သမီးကို အများကြီး အကြွေးတင်..."

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် သုန့်သဝေကို တွန်းထုတ်လိုက်သည်။

"ခင်ဗျား ဘာလို့ ဒီလောက် ရင်းနှီးပြနေရတာလဲ"

သုန့်သဝေ ကြောင်သွားသည်။ "ကျွန်တော်က ရင်းနှီးပြနေလို့လား"

ဒါဆို သူက ဘယ်လိုခေါ်ရမှာလဲ။

နင်းဟန်က ဘေးမှနေ၍ မေးမြန်းလိုက်၏။ "အစ်ကိုရှန်း... ဒီတောသားတွေက ဘာလာလုပ်ကြတာလဲ"

သုန့်သဝေ ခေါ်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားများသည် ထိုစကားကို ကြားသောအခါ ပါးစပ်များ တဆတ်ဆတ် လှုပ်ခါသွားကြသည်။ တောသားတွေ ဟုတ်လား။ သူတို့က အနည်းဆုံးတော့ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ သူတို့စက်ရုံများ အခြေအနေ မကောင်းကြသော်လည်း ဈေးကြီးပေးဝယ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကြည့်လိုက်သည်နှင့် သူဌေးမှန်း သိသာနေသည်။

"သူတို့က ရင်းနှီးမြှုပ်နှံဖို့ လာကြတာ" ရှန်းယွီရှောင်က တိုတိုတုတ်တုတ် ပြောလိုက်သည်။

ထိုအချိန်တွင် လီရှောင်ယာက ထိုင်ခုံပုလေးတွင် ဝင်ထိုင်လိုက်ပြီဖြစ်သည်။ ရှန်းယွီရှောင်လည်း သူမဘေးတွင် အမြန်ဝင်ထိုင်လိုက်ပြီး သစ်အယ်သီးများကို နင်းဟန်၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်၏။

"အခွံနွှာလိုက်... လီရှောင်ယာ မြည်းကြည့်ဖို့ နှစ်လုံးလောက် အရင်နွှာပေး"

"ကျွန်တော်တို့က..." သုန့်သဝေ ဝင်ပြောရန် ပြင်လိုက်သည်။

"ထိုင်ကြလေ... ဘာလို့ မတ်တတ်ရပ်နေကြတာလဲ။ ခင်ဗျားတို့က လီရှောင်ယာရဲ့ အလင်းရောင်ကို ကွယ်နေတယ်" ရှန်းယွီရှောင်က မော့မကြည့်ဘဲ ပြောလိုက်၏။

"ဟုတ်ကဲ့ ဟုတ်ကဲ့" သုန့်သဝေသည် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း ထိုင်ခုံအပိုမတွေ့သဖြင့် နောက်ဆုံးတွင် ထုတ်လုပ်ရေးအဖွဲ့ထံမှ ခေါက်ထိုင်ခုံအချို့ ငှားလိုက်ရသည်။

သူတို့သည် စက်ဝိုင်းပုံစံ ဝိုင်းထိုင်လိုက်ကြ၏။

ကျန်လူများက ရှန်းယွီရှောင်နှင့် နင်းဟန်ကို တိတ်တဆိတ် အကဲခတ်နေကြပြီး ထိုနှစ်ယောက်၏ အထောက်အထားကို သေချာမသိကြသေးပေ။

သုန့်သဝေကမူ စာရွက်စာတမ်းများကို ကမ်းပေးလိုက်ပြီဖြစ်သည်။

"ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"

"ခဏနေဦး..." ရှန်းယွီရှောင်သည် နင်းဟန် လက်ထဲမှ အခွံနွှာပြီးသား သစ်အယ်သီးကို ယူပြီး လီရှောင်ယာကို ပေးလိုက်သည်။ "စားလေ"

လီရှောင်ယာ ဘာမှမပြောရသေးပေ။

ရုတ်တရက် ရှန်းယွီရှောင် တစ်စုံတစ်ခုကို သတိရသွားပြီး သစ်အယ်သီးကို ပြန်ဆွဲယူကာ နင်းဟန်ဆီ ပြန်ပေးလိုက်၏။ "မင်း လက်ကို သေချာဆေးခဲ့ရဲ့လား"

နင်းဟန်က သနားစဖွယ် ပြောရှာသည်။ "ကျွန်တော် သန့်အောင် ဆေးခဲ့ပါတယ်ဗျာ... တကယ် အနံ့မကျန်တော့ဘူး။ အစ်ကိုရှန်း မယုံရင် ကိုယ်တိုင်နမ်းကြည့်ပါလား"

ယခုမှပင် သက်လတ်ပိုင်းအမျိုးသားများ သဘောပေါက်သွားကြသည်။ ဤသူကား ကျင်းထဲပြုတ်ကျခဲ့သူ ဖြစ်သည်။

ထိုအချိန်တွင် လီရှောင်ယာက ခေါင်းငုံ့ကာ ရှေ့သို့ ကိုင်းလိုက်သည်။ သူမ၏ နှာခေါင်းမှာ အနည်းငယ် လှုပ်ရှားသွားပြီး နင်းဟန်၏လက်ကို အနံ့ခံလိုက်၏။ ထို့နောက် မျက်နှာမော့လာကာ လေးနက်စွာ ပြောလိုက်သည်။

"အင်း သမီး နမ်းကြည့်ပြီးပြီ။ ဘာအနံ့မှ မကျန်တော့ဘူး၊ အရမ်းသန့်ရှင်းတယ်"

နင်းဟန်မှာ ကြည်နူးလွန်း၍ ငိုချင်သွားလေတော့သည်။ "လီရှောင်ယာ... ငါ့ညီမလေး လုပ်ပါလား ငါနဲ့အတူ အိမ်လိုက်ခဲ့တော့”

All Chapters