အခန်း (၄၁)
Vol. 5 Ch. 41
Chapter 41
တစ်ဖက်တွင်တော့ ရှန်းယွီရှောင်သည် စာချုပ်ကိစ္စကို ဖြေရှင်းပြီးပြီဖြစ်သည်။
သူက အရွယ်မရောက်သေးသူ ဖြစ်သော်လည်း ရှယ်ယာရှင်တစ်ဦး ဖြစ်ခွင့်ရှိသည်မှာ ပြဿနာမရှိပေ။ သို့သော် ရှယ်ယာရှင်အခွင့်အရေးများကို ကျင့်သုံးနိုင်ရန်အတွက် သူ့ကိုယ်စား တရားဝင်ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန် လိုအပ်နေသည်။
ထိုကိုယ်စားလှယ်နေရာအတွက် လူရွေးချယ်ရာတွင် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံး၌ သူ့ဦးလေးငယ် ရှုကျီထံမှ လူတစ်ယောက် ငှားရမ်းလိုက်လေသည်။
ရှန်းယွီရှောင်သည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကုမ္ပဏီအစီရင်ခံစာများကို နားလည်ခြင်း၊ စာရင်းအင်း အမှားအမှန်ခွဲခြားနိုင်ခြင်းနှင့် ရွယ်တူချင်းများထံမှ ငွေရှာနိုင်ခြင်းတို့မှာ အံ့မခန်းဖြစ်နေပြီဖြစ်သည်။
သို့သော် သူ့ဦးလေးငယ် ရှုကျီမှာမူ ဉာဏ်ကြီးရှင်ဟု ကျော်ကြားသူဖြစ်ပြီး လက်အောက်တွင် လူတော်လူကောင်းများစွာ ရှိပေသည်။
လူငှားရန် ဖုန်းခေါ်လိုက်ချိန်တွင် ရှန်းယွီရှောင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ စကားစလိုက်၏။
"ကျွန်တော့်ဘက်မှာ ပြဿနာလေး နည်းနည်းရှိနေလို့..."
"ဘာပြဿနာလဲ"
ရှုကျီ၏ အသံသည် နူးညံ့သိမ်မွေ့စွာ ထွက်ပေါ်လာသည်။
"ရှိုးရိုက်ကူးတုန်းက လီရှောင်ယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံဖူးတယ်၊ သူ့နောက်ကြောင်းက တော်တော်လေး သနားစရာကောင်းတယ်..."
ရှန်းယွီရှောင်သည် အခြေအနေကို အကျဉ်းချုံးရှင်းပြလိုက်ပြီးနောက် ခေတ္တရပ်တန့်ကာ ဆက်ပြောလိုက်သည်။
"သူ့အဖိုးက အခု ရဲစခန်းမှာ၊ ဒါပေမဲ့ တစ်နေ့ကျရင် ပြန်လွတ်လာမှာ"
"အင်း... ဟုတ်တာပဲ။ အသက်အရွယ်ရယ်၊ ဆွေမျိုးတော်စပ်မှုရယ်၊ ဦးဆောင်သူမဟုတ်တာရယ်ကြောင့် တရားသူကြီးက သက်ညှာပေးလောက်တယ်"
ရှုကျီ၏ နူးညံ့သောအသံသည် ခေတ္တရပ်တန့်သွားပြီးနောက် တိုးညှင်းစွာ မေးလိုက်လေသည်။
"ဒါဆို မင်းက သူ့ကို ထောင်ထဲမှာပဲ သေစေချင်တာလား"
သူ့ဦးလေးငယ်သည် ရက်စက်သောစကားများကို နူးညံ့သောအသံဖြင့် ပြောလေ့ရှိသည်ကို ယဉ်ပါးနေပြီဖြစ်သော်လည်း ရှန်းယွီရှောင်ခမျာ အသားကျရန် အချိန်ယူလိုက်ရသေးသည်။
"အဲဒါက... သိပ်မကောင်းဘူး"
ရှန်းယွီရှောင် တွန့်ဆုတ်နေပြီးမှ ဆက်ပြောလိုက်သည်။
"ကျွန်တော့်ကို အလွယ်တကူ ခြေရာခံမိသွားလိမ့်မယ်"
"အင်း... ဟုတ်သားပဲ။ မင်းမှာ အကြံရှိပုံရတယ်"
"လီရှောင်ယာရဲ့ မိခင်ဘက်က ဆွေမျိုးတွေကို ရှာပြီး အုပ်ထိန်းခွင့်လွှဲပေးလိုက်ချင်တယ်"
ရှုကျီက ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
"ထားလိုက်တော့၊ ဦးလေး စီစဉ်လိုက်မယ်"
"ကျေးဇူးတင်ပါတယ် ဦးလေး"
ရှန်းယွီရှောင် ယဉ်ကျေးစွာ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် အနေခက်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ရှုကျီသည် သူ့ထက် အသက်သိပ်မကြီးသောကြောင့် ဖြစ်သည်။
"ငါတို့တွေက မိသားစုတွေပဲ၊ ကျေးဇူးတင်စရာ မလိုပါဘူး"
ဖုန်းချပြီးနောက် ရှန်းယွီရှောင်သည် လီမိသားစုရွာသို့ အမြန်ပြန်လာခဲ့၏။
သူ့ကြီးကြပ်မှုမရှိဘဲ နင်းဟန်တစ်ယောက် အလုပ်ကို စိတ်ချရအောင် လုပ်နိုင်မည်မဟုတ်သလို လီရှောင်ယာကို အလိုလိုက်လွန်းပြီး ပျက်စီးသွားမှာလည်း မလိုလားပေ။
လီရှောင်ယာ ကျောင်းတက်နေဆဲဖြစ်မည်ကို သိသဖြင့် ရှန်းယွီရှောင်သည် ထိုနေရာသို့ တန်းသွားပြီး ကြိုလိုက်သည်။
စာသင်ခန်းသို့ ရောက်၍ အထဲသို့ ချောင်းကြည့်လိုက်ရာ နင်းဟန်က ကလေးများကို ပန်းချီသင်ပေးနေသည်ကို တွေ့လိုက်ရလေသည်။
အောက်ဘက်ရှိ ကျောင်းသားများထံမှ "ဝိုး..." ဟူသော အာမေဋိတ်သံများ ဆက်တိုက် ထွက်ပေါ်နေ၏။
နင်းဟန်သည် ပန်းချီသင်ရန် ပိုက်ဆံသိန်းချီ အကုန်ခံခဲ့သူ ဖြစ်သည်။ သူ့မိခင်၏ စကားအရဆိုလျှင် "နေ့တိုင်း ဘာအဓိပ္ပာယ်မရှိတာတွေ သင်နေမှန်း မသိဘူး၊ အနုပညာရှင် ဖြစ်ချင်နေတာလေ" ဟု ဆိုလေ့ရှိသည်။
သို့သော် တောရွာစာသင်ခန်းလေးတွင်မူ ထိုပညာအစွမ်းအစလေးက ကလေးများကို အထင်ကြီးလေးစားသွားစေသည်။
နင်းဟန်၏ ယုံကြည်မှုတို့သည် တစ်ခါမှမကြုံဖူးလောက်အောင် မြင့်တက်လာပြီး ကျေနပ်ပီတိဖြစ်နေလေသည်။
ရှန်းယွီရှောင်ကမူ မျက်မှောင်ကြုတ်နေလေသည်။
[ဟားဟား သခင်လေးရှန်း စာသင်တုန်းက ပုံစံကို မှတ်မိကြသေးလား၊ မူလတန်းကလေးတွေ ဆူညံနေတုန်းက သူကြည့်ရတာ ကမ္ဘာကြီးကို ဖြိုခွဲချင်နေတဲ့ ရုပ်ပေါက်နေတာလေ]
[ရှန်းယွီရှောင် : တောက်... ဘာလို့ လူတိုင်းက ငါ့ထက် စာသင်ကောင်းနေကြတာလဲကွာ]
ချင်ဆွေ့နှင့် နင်းဟန်တို့လို "စာလာသင်" သူများကို ကျောင်းက ကြိုဆိုကြသည်။ စေတနာ့ဝန်ထမ်း ဆရာများနှင့် ယှဉ်လျှင် သူတို့က ပိုကျယ်ပြန့်သော ကမ္ဘာကို မြင်ဖူးသူများ ဖြစ်သည်။ တောင်ပေါ်ရွာမှ ကလေးများကို စာသင်ပေးရာတွင် သူတို့သည် ကလေးများ၏ နှလုံးသားထဲ၌ မျိုးစေ့တစ်စေ့ ချပေးလိုက်သကဲ့သို့ဖြစ်ပြီး တောင်ပေါ်ဒေသမှ ထွက်ခွာရဲအောင် မမြင်ရသော တွန်းအားတစ်ခု ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ကြည့်ရှုသူများသည်လည်း ထိုအချက်ကို တဖြည်းဖြည်း သဘောပေါက်လာကြပြီး အချို့မှာ သက်ပြင်းမချဘဲ မနေနိုင်ကြချေ။
[ဒီရှိုးက တကယ်ကို အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့ သက်ရောက်မှုတွေ ရှိတာပဲ]
[သူတို့က လီရှောင်ယာကိုပဲ စာသင်ပေးချင်ခဲ့တာ ဖြစ်ပေမဲ့ ဒီနေရာလေးအတွက် တကယ်ကောင်းမှုတစ်ခု လုပ်ပေးနိုင်ခဲ့ကြတယ်]
ပရိသတ်များ၏ မှတ်ချက်များကြားတွင် ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်။
နင်းဟန်သည် အပြင်သို့ သွက်လက်စွာ ထွက်လာပြီး အော်ပြောလိုက်လေသည်။
"ဒီကိုလာရတာ တကယ်တန်တယ်ကွာ။ အစ်ကိုရှန်း... ကျွန်တော် ဆရာလုပ်ရမယ့် ကံပါလာတာ ထင်တယ်"
ရှန်းယွီရှောင်က အေးစက်စက် နှုတ်ခမ်းမဲ့ရင်း တုံ့ပြန်လိုက်သည်။
"အရင်တစ်ခေါက်တုန်းကတော့ မင်းကိုယ်မင်း အနုပညာရှင် ဖြစ်မယ့်ကံဆို"
"အင်း... ကြည့်ရတာ ကျွန်ေတာ်က တော်တော်များများနဲ့ အဆင်ပြေမယ့်ပုံပဲ"
နင်းဟန်က ပြောရင်းဆိုရင်း ငုံ့ကြည့်ကာ လီရှောင်ယာကို မေးလိုက်သည်။
"ကိုကို တော်တယ်မလား"
လီရှောင်ယာက ခေါင်းညိတ်ပြသည်။
သူမ ဘာမှမပြောသော်လည်း ထိုအပြုအမူက နင်းဟန်အတွက် ကြီးမားသော ခွန်အားတစ်ခု ဖြစ်စေသည်။
နင်းဟန်က သူမ၏ခေါင်းကို လှမ်းပုတ်ရန် လုပ်လိုက်သော်လည်း ရှန်းယွီရှောင်က သူ့လက်ကို ရိုက်ချလိုက်လေသည်။
"သူ့ကို ခဏခဏ လာမထိနဲ့၊ အထိများရင် အရပ်ပုတတ်တယ်"
ရှန်းယွီရှောင်က အေးစက်စွာ ပြောလိုက်၏။
"အော်... အင်းပါ"
နင်းဟန်က သူ့လက်ကို ပြန်ရုတ်လိုက်သည်။
ထိုအချိန်တွင် မှတ်ချက်ပေးသူများမှာ ရယ်မောကုန်ကြတော့သည်။
[စံနှုန်းနှစ်မျိုးထားတဲ့ သခင်လေးရှန်းရေ၊ မင်းကမှ သူ့ကို အထိအများဆုံးလေ]
"အိမ်ရောက်ရင် မင်းကို သင်ခန်းစာလေး နည်းနည်း ပေးဦးမယ်၊ ဗန်ဂိုးလို ဆွဲတတ်အောင် သင်ပေးမယ်"
နင်းဟန်က သူ့လက်ထဲမှ ပစ္စည်းများကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
"ကျွန်တော် ဒီက စေတနာ့ဝန်ထမ်း ဆရာတွေဆီက ရောင်စုံခဲတံတွေ ငှားလာတယ်၊ အစ်ကိုရှန်း... မသိလို့ပါ၊ ဒီက ဆရာတွေက ကျွန်တော့်ကို တကယ်သဘောကျကြတာ..."
[မင်းရဲ့ ရှန်းကိုကိုက ဒါတွေ နားမထောင်ချင်ဘူးဆိုတဲ့ ပုံစံပြနေပြီ]
[တွေ့လား သခင်လေးရှန်း၊ သိပ်ပြီး သွေးအေးနေရင် မကောင်းဘူးလေ၊ တခြားသူတွေက လူထုနဲ့ အမြန်အသားကျသွားပြီ... မင်းတော့ ရှုံးပြီ မဟုတ်လား]
ရှန်းယွီရှောင်သည် လီရှောင်ယာလက်ကို ဆွဲထားရင်း ပြောလိုက်၏။
"အိမ်ရောက်ရင် ဘာကိစ္စ ပန်းချီသင်ရမှာလဲ၊ အဲ့ဒါက အကျိုးမရှိဘူး၊ အင်္ဂလိပ်စာ လေ့လာတာ ပိုကောင်းတယ်"
[ဟားဟား သခင်လေးရှန်းက သေချာလို့လား၊ တတိယတန်းကနေစပြီး အင်္ဂလိပ်စာ သင်ပေးချင်တာလား]
[ဝါး... ငါ ထပ်ပြောဦးမယ်၊ ငါတော့ လီရှောင်ယာကို တကယ်အားကျတာပဲ]
လီရှောင်ယာသည် အင်္ဂလိပ်စာ လေ့လာရမည်ကို မငြင်းဆန်ပေ။ သူမက လိမ္မာစွာ ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်။
"စာချုပ် ချုပ်ပြီးပြီလားဟင်"
"အင်း ချုပ်ပြီးပြီ"
[သူတို့ တကယ် ရင်းနှီးမြှုပ်နှံတော့မှာလား၊ ဝိုး]
[သူတို့ ပိုက်ဆံ ဘယ်လောက်ထည့်ဝင်ကြမလဲ သိချင်လိုက်တာ]
သူတို့သုံးဦး စကားပြောရင်း ကျောင်းတံခါးဝသို့ လျှောက်လာကြစဉ် ရှန်းယွီရှောင်သည် လီရှောင်ယာ၏ လက်ကို ဆွဲထားရသည်မှာ ယဉ်ပါးနေပြီဖြစ်သည်။
[ချင်ဆွေ့တုန်းက လီရှောင်ယာကို ပွေ့ချီပြီး အိမ်ပြန်ပို့ဖူးတာကို သခင်လေးရှန်းကို ဘယ်သူမှ မပြောပြကြဘူးလား]
[မပြောတာ ပိုကောင်းမယ်၊ မဟုတ်ရင် သခင်လေးရှန်းက သက်သေပြချင်လို့ လီရှောင်ယာကို ခေါင်းပေါ်တင်ပြီး ခေါ်သွားနေဦးမယ်]
ကင်မရာမြင်ကွင်းထဲတွင် နင်းဟန်ကလည်း အားကျမခံ လီရှောင်ယာ၏ လက်ကို ဝင်ဆွဲရန် ကြိုးစားလေသည်။
လီရှောင်ယာသည် အနည်းငယ် နေရခက်သွားပြီး လက်ချောင်းလေးများကို ကွေးလိုက်သော်လည်း နင်းဟန်က ဖမ်းဆွဲထားလိုက်သည်။
"မင်းလက်မှာ ဒဏ်ရာတွေ များလှချည်လား"
နင်းဟန်က စမ်းကြည့်ရင်း ပြောလိုက်ရာ ရှန်းယွီရှောင်ထံမှ ချက်ချင်းပင် စူးရဲသော အကြည့်တစ်ချက် ရောက်လာလေသည်။
"ကျွန်တော် တခြားသဘောနဲ့ ပြောတာမဟုတ်ပါဘူး"
နင်းဟန်က အလျင်စလို ရှင်းပြသည်။
"သိရင် ဝေမိသားစုဆီက ဆေးတောင်းလာပါတယ်၊ အဲ့ဒါလိမ်းရင် မြန်မြန်ပျောက်တာ"
"ဝေမိသားစု ဟုတ်လား"
လီရှောင်ယာက နားမလည်စွာ မေးလိုက်သည်။
"အင်း... ကျွန်တော်တို့ မိသားစု မိတ်ဆွေတွေလေ၊ ဆေးရုံဖွင့်ထားတာ"
လီရှောင်ယာသည် ဝိုးတဝါး ခေါင်းညိတ်လိုက်သော်လည်း ဆေးရုံပိုင်ရှင်ဖြစ်ခြင်းက မည်မျှအရှိန်အဝါကြီးကြောင်း သေချာနားမလည်ရှာပေ။
သူတို့သည် တဖြည်းဖြည်းနှင့် ကင်မရာမြင်ကွင်းမှ ဝေးကွာသွားကြသည်။
ထိုမြင်ကွင်းကို ဖမ်းယူရရှိခဲ့ပြီး အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
စိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူများက ထိုမြင်ကွင်းကို #ထူးဆန်းသောမိသားစုလေး ဟု ခေါင်းစဉ်တပ်လိုက်ကြလေသည်။
အွန်လိုင်းရေစီးကြောင်းကို စောင့်ကြည့်နေသော အမှုဆောင်ထုတ်လုပ်သူသည် ထို Hashtag တက်လာသည်ကို မြင်သောအခါ လျှာသပ်လိုက်မိသည်။
"ဒါက ထပ်ပြီး နာမည်ကြီးဦးမှာပဲ မဟုတ်လား"
ထိုအချိန်တွင် သူတို့သုံးဦး အိမ်သို့ရောက်ရှိပြီးနောက် နင်းဟန်သည် ဝက်စာကျွေးရန် စိတ်အားထက်သန်စွာ ထွက်သွားလေသည်။
ရှန်းယွီရှောင်သည် ဒူးပေါ်တွင် မှတ်စုစာအုပ်တင်ကာ လီရှောင်ယာ၏ ဘောပင်ဖြင့် အင်္ဂလိပ်စကားလုံးအချို့ရေးပြီး သင်ပေးရန် ပြင်လိုက်သည်။ ထိုစဉ် လီရှောင်ယာက ရုတ်တရက် သူ့ပေါင်ပေါ် မှီချလိုက်ပြီး မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဒီနေ့ စိတ်မပျော်ဘူးလားဟင်"
ရှန်းယွီရှောင် ရယ်မောလိုက်မိသည်။
"ငါက ဘာလို့ မပျော်ရမှာလဲ"
လီရှောင်ယာက စကားမဆိုဘဲ သူ့ကို စိုက်ကြည့်နေသည်။
ရှန်းယွီရှောင်သည် မိမိမျက်နှာကို ပြန်စမ်းကြည့်လိုက်မိသည်။ လီရှောင်ယာက တခြားသူများ၏ စိတ်ခံစားမှုကို ဒီလောက်တောင် အာရုံခံနိုင်တာလား။ ငယ်ငယ်ကတည်းက လူကဲခတ်ပြီး နေခဲ့ရလို့များလား။
ထိုအချိန်တွင် လီရှောင်ယာသည် ပိုမိုနီးကပ်စွာ တိုးကပ်လာပြီး အသံက ပို၍ တိုးသွားသည်။
"ဒီနေ့ နင်းဟန် ခြင်ကိုက်ခံရလို့လေ... သူ့ကို ဆေးလိမ်းပေးပြီး ကြက်ဥတစ်ဝက် ခွဲကျွေးလိုက်တယ်..."
ရှန်းယွီရှောင် နားထောင်နေရင်း မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သဝန်တိုစိတ် ဝင်လာမိသည်။
သို့သော် လီရှောင်ယာက အလျင်အမြန်ပင် ဆက်ပြောလိုက်သည်။
"သူက အစ်ကို့ရဲ့ သူငယ်ချင်းကောင်းမလား၊ အစ်ကို့မျက်နှာနဲ့မို့လို့ သူ့ကို သေချာဂရုစိုက်ပေးချင်လို့ပါ"
ရှန်းယွီရှောင် ကြောင်အသွားပြီး ရုတ်တရက်ဆိုသလို ကြီးမားသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
သူက နင်းဟန်ကို လီရှောင်ယာအား စောင့်ရှောက်ပေးရန် ပြောခဲ့ခြင်းဖြစ်သည်။
သို့သော် လီရှောင်ယာကမူ နင်းဟန်ကို ဂရုစိုက်ပေးနေခြင်းမှာ သူ့ကြောင့်ဖြစ်သည်ဟု ဆိုလာ၏။ အကယ်၍သာ သူသာမရှိလျှင် နင်းဟန်တစ်ယောက် ကြက်ဥတစ်ဝက် စားရဖို့မဆိုထားနှင့်၊ အဖက်လုပ်ခံရမည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် ရှန်းယွီရှောင်၏ စိတ်အခြေအနေသည် ရုတ်ခြည်းပင် ပျော်ရွှင်သွားလေတော့သည်။
သူက လီရှောင်ယာ၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။
"အင်း... မင်းလုပ်တာ ကောင်းတယ်"
လီရှောင်ယာက ခေါင်းကို အနည်းငယ် နောက်သို့ဆုတ်လိုက်သော်လည်း ချက်ချင်းပင် ရှေ့သို့ ပြန်တိုးလာသည်။ သူမက ခက်ခက်ခဲခဲ ပြောရှာသည်။
"ခေါင်းပုတ်ရင် အရပ်မရှည်လာဘူးဆို..."
ရှန်းယွီရှောင် ဆွံ့အသွားပြီး ကိုယ့်စကားနဲ့ကိုယ် ပြန်မိပြီဟု တွေးလိုက်မိသည်။
သူ စနောက်နေခြင်းသာဖြစ်ကြောင်း ပြန်ပြင်ပြောရန် ပြင်လိုက်စဉ်မှာပင်...
လီရှောင်ယာက သက်ပြင်းတိုးတိုးလေး ချလိုက်ပြီး ပြောလိုက်လေသည်။
"ရပါတယ်လေ... နည်းနည်းတော့ ပုတ်ခွင့်ပေးမယ်"
ရှန်းယွီရှောင်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားတော့သည်။
[လီရှောင်ယာက လူတွေကို နှစ်သိမ့်ပေးရာမှာ တော်လိုက်တာ]
[ငါလည်း လီရှောင်ယာလို ကလေးမျိုး လိုချင်တယ်၊ ဝါး...ဝါး...ဝါး။ သူက စိတ်ဓာတ်အရမ်းကြံ့ခိုင်တာပဲ။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့တောင် ဒီလောက်ငယ်တဲ့အရွယ်နဲ့ သူများတွေကို ကုစားပေးနိုင်နေပြီ]
[နင်းဟန်... မင်းရဲ့ ရှန်းကိုကိုကို တကယ်ကျေးဇူးတင်သင့်တယ်နော်။ မင်းရဲ့ ရှန်းကိုကို မျက်နှာသာမပါရင် မင်းလည်း ချင်ဆွေ့လိုပဲ အဆက်ဆံခံရမှာ]
...
တစ်ဖက်တွင်လည်း...
ရှုရူယင်းသည် သူမ၏အဒေါ် ရှုချွီလိုင်နှင့် တွေ့ခွင့်မရခဲ့ပေ။
ရှုချွီလိုင်သည် အလွန်အလုပ်များသူဖြစ်သည်။ နိုင်ငံခြားမှ ပြန်ရောက်ကာစ ရှိသေးသော်လည်း အနုပညာပြပွဲတစ်ခု ကြည့်ရှုရန် ပြည်ပသို့ ထပ်သွားပြန်လေပြီ။
ရှုရူယင်းသည် လေယာဉ်လက်မှတ် ဖြတ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ လီမိသားစုရွာသို့ ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
သူမ၏ ဝမ်းကွဲမောင် ရှန်းယွီရှောင်သည် ဤမျှ ဆင်းရဲပြီး ခေတ်နောက်ကျသော နေရာမျိုးတွင် ငွေရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည်ကို သူမသိထားပြီးဖြစ်သည်။ ဒါက အရှုံးပေါ်မည့် လုပ်ငန်းမှန်း သိသာနေတာပဲ မဟုတ်ဘူးလား။
"ရှန်းယွီရှောင်ကို ဘာတွေများ ပြုစားထားလဲဆိုတာ သွားကြည့်ရမယ်"
ရှုရူယင်း နှုတ်ခမ်းကို စေ့ထားလိုက်သည်။
ရှုရူယင်း လေယာဉ်ပေါ် တက်သွားပြီး မကြာမီတွင်ပင်...
"ပြည်ပရင်းနှီးမြှုပ်နှံသူများက တရုတ်တိုင်းရင်းဆေး လုပ်ငန်းများကို ဈေးနှိမ်၍ ဝယ်ယူရန် ကြိုးစားနေသည်၊ ဤလုပ်ရပ်၏ နောက်ကွယ်တွင် မရိုးသားသော ရည်ရွယ်ချက် ရှိနေသလား" ဆိုသော သတင်းတစ်ပုဒ်သည် အင်တာနက်ပေါ်တွင် တိတ်တဆိတ် ပျံ့နှံ့လာလေသည်။
မကြာမီ သုန့်သဝေနှင့် သူ့အဖွဲ့သည် ထိုသတင်းကို တွေ့လိုက်ကြသော်လည်း သတင်းထဲတွင် ပါဝင်သော ဆေးကုမ္ပဏီအမည်မှာ မတူညီသောကြောင့် သိပ်အာရုံမစိုက်မိကြပေ။ မကြာသေးမီက တရုတ်တိုင်းရင်းဆေး လုပ်ငန်းများကို ဝယ်ယူရန် လာရောက်ကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ များပြားနေသည်ဟုသာ တွေးလိုက်ကြသည်။
ရှုကျီလည်း ထိုသတင်းကို တွေ့လိုက်သည်။
ထိုလူငယ် ဉာဏ်ကြီးရှင်လေးသည် သတင်းကို တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ပြီး ရေရွတ်လိုက်လေသည်။
"ငါ့တူတော်မောင်က တကယ်အစွမ်းအစ ရှိတာပဲ”