အခန်း (၄၂)
Vol. 5 Ch. 42
Chapter 42
ဒါရိုက်တာက သူတို့စီစဉ်ထားတဲ့ ရေပန်းစားမယ့်အကြောင်းအရာက အလုပ်မဖြစ်ဘူးလို့ ထင်ခဲ့သည်။ သို့သော် အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် လူမှုရေးသတင်းတစ်ပုဒ်ကသာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပေသည်။
သတင်းထဲတွင် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုသည် Micro Light ဆေးကုမ္ပဏီကို ဝယ်ယူလိုက်ကြောင်း ဖော်ပြထားသည်။ ထိုလုပ်ငန်းသည် ဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ အကြိမ်ကြိမ် လှူဒါန်းခဲ့ဖူးသော်လည်း ယခုလူသိရှင်ကြား ဖြစ်လာချိန်အထိ မည်သူမျှ သိပ်မသိခဲ့ကြချေ။
အဓိကအကျဆုံးအချက်မှာ Micro Light ဆေးကုမ္ပဏီသည် ဝယ်ယူမှုလုပ်ငန်းစဉ်ကို ပြီးစီးသွားပြီဖြစ်ခြင်းပင်။
[မသိတဲ့သူ ရှိသေးလို့လား၊ တရုတ်တိုင်းရင်းဆေးက ပြည်ပမှာ ရောင်းကောင်းတယ်၊ ဒါပေမဲ့ ဖြန့်ဖြူးရောင်းချသူတွေက နိုင်ငံခြားကုမ္ပဏီတွေချည်းပဲ၊ ဆေးဖက်ဝင်အပင်တွေကိုကျတော့ တို့ဆီကနေ ဈေးပေါပေါနဲ့ ဝယ်သွားကြတာ၊ တရုတ်တိုင်းရင်းဆေးက နာမည်အပြောင်းခံလိုက်ရသလို ဖြစ်နေပြီ]
[အာ... ဒေါသထွက်လိုက်တာ၊ ဘာလို့ ဒီလိုတွေပဲ အမြဲဖြစ်နေရတာလဲ၊ ဒါက ငါတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေလေ၊ သူများတွေယူသွား၊ အသုံးချ၊ ပြီးတော့ သူတို့ပစ္စည်းပါဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာနေကြတာ...]
[ဒီဆေးကုမ္ပဏီက ကျောရိုးမရှိဘူးလား၊ ဒီတိုင်းပဲ ရောင်းစားလိုက်ကြတော့တာလား]
[အစ်ကိုရေ... ဒါက စီးပွားရေးလေ၊ 'စီးပွားရေးလောကဆိုတာ စစ်မြေပြင်လိုပဲ' ဆိုတာ မကြားဖူးဘူးလား၊ မရောင်းဘဲနေလို့ ဘာအကျိုးရှိမှာလဲ၊ ကုမ္ပဏီတစ်ခုလုံး ထမင်းငတ်ခံပြီး မင်းရဲ့ အချစ်စိတ်တစ်ခုတည်းနဲ့ အလကားအလုပ်လုပ်ပေးရမှာလား]
အွန်လိုင်းပေါ်တွင် အမြင်မတူညီမှုများဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း ယေဘုယျအားဖြင့် အင်တာနက်အသုံးပြုသူအများစုမှာ စိတ်ပျက်ဒေါသထွက်နေကြသည်။
ထိုအချိန်တွင် အင်တာနက်အသုံးပြုသူတစ်ဦးက ခေါင်းစဉ်တစ်ခု စတင်လိုက်သည်။
"သန်း ၁၂၀ နဲ့ ဈေးနှိမ်ဝယ်တာကို အံ့သြနေတာလား၊ အဲ့ဒီထက် နည်းတာတောင် ရှိသေးတယ်၊ အလကားနီးပါး ယူသွားတာမျိုးလေ"
ဖြစ်ပျက်နေသော အခြေအနေများကြားတွင် ဤပို့စ်သည် လျင်မြန်စွာ အာရုံစိုက်ခံလာရသည်။
[လွန်လွန်းတယ်၊ မယုံနိုင်စရာပဲ၊ တစ်သန်းတည်းတဲ့လား၊ ဝယ်သွားတာက တစ်သန်းတည်းတဲ့၊ ဒီလိုဝယ်ယူမှုကို ခွင့်ပြုပေးလို့ရသလား]
[ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ငါတို့ကို ဘာမှတ်နေလဲ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလို အလွယ်တကူ လိမ်လို့ရမယ် ထင်နေတာလား]
[အင်း... တကယ်တော့ ငါတို့က အမြဲတမ်း အနိုင်ကျင့်ခံနေရတာပါ၊ မင်းတို့ သတိမထားမိလို့ပါ၊ တံဆိပ်တော်တော်များများက ပြိုလဲသွားတဲ့အထိ ဖိနှိပ်ခံရပြီး နောက်ဆုံးကျတော့ နိုင်ငံခြားလက်အောက်ကို ဈေးပေါပေါနဲ့ ရောက်သွားတာပဲ]
[ဘာ... တကယ်ကြီးလား]
[အမှန်အတိုင်းပြောရရင် ဒီလိုဝယ်ယူတဲ့စာချုပ်က ဟိုတုန်းက ရှင်းမိုနိုဆဲကီ စာချုပ်နဲ့ ဘာကွာလို့လဲ]
အင်တာနက်အသုံးပြုသူများ ဒေါသအရှိန်မြင့်တက်လာချိန်တွင် သုန့်သဝေထံသို့ ရှန်းယွီရှောင် ဆက်သွယ်လာသည်။
"အခု အွန်လိုင်းပေါ်တက်၊ အကောင့်တစ်ခုဖွင့်ပြီး ကြေညာချက်ထုတ်လိုက်"
ရှန်းယွီရှောင်က တစ်ဖက်မှနေ၍ တိုတိုတုတ်တုတ် ပြောလိုက်သည်။
သုန့်သဝေလည်း အလျင်အမြန် လိုက်နာလေသည်။
ထို့ကြောင့် ရှုပ်ထွေးနေသော အခြေအနေများကြားတွင် ရွှေတစ်ထောင် ဆေးကုမ္ပဏီ ဟူသော အကောင့်သစ်တစ်ခုက ဝေပေါ်တွင် စာတစ်စောင် တင်လိုက်လေသည်။
[အားလုံးပဲ စိတ်မပူကြပါနဲ့၊ ကျွန်တော်တို့ကို ဘယ်သူမှ ဝယ်မသွားပါဘူး]
သိချင်စိတ်ပြင်းပြနေသော အင်တာနက်အသုံးပြုသူများ ကော်မန့်တွင် ဝိုင်းအုံလာကြသည်။
[ရွှေတစ်ထောင် ဆေးကုမ္ပဏီ ဟုတ်လား၊ မကြားဖူးပါဘူး]
[ဒါက တစ်သန်းနဲ့ ကမ်းလှမ်းခံရတဲ့ ပြည်တွင်းဆေးကုမ္ပဏီလေ၊ နှစ်ပေါင်းများစွာ ရှိနေပြီ၊ တကယ်ပဲ ဆက်မလည်ပတ်နိုင်တော့တာလား]
[အိုင်ပီလိပ်စာကို ကြည့်ရတာ ခင်ဗျားတို့နေရာက စီးပွားရေး သိပ်မကောင်းတဲ့ပုံပဲ]
[အော်... ရွှေတစ်ထောင် ဆေးကုမ္ပဏီ၊ မကြာသေးခင်ကမှ အလုပ်ခေါ်စာတွေ တွေ့လိုက်သေးတယ်၊ မနှစ်တုန်းကတော့ ဒေသခံတွေက စက်ရုံပိတ်တော့မယ် ပြောနေကြတာ၊ အခုထိ တောင့်ခံထားပြီး အကြီးအကျယ်တောင် လူခေါ်နေသေးတယ်ဆိုတော့ ရင်းနှီးမြှုပ်နှံသူ ရသွားတာများလား၊ ဒါပေမဲ့ ကျဆုံးတော့မယ့် စက်ရုံကို ဘယ်သူက ရင်းနှီးမြှုပ်နှံမှာလဲ]
[ဒီဆေးကုမ္ပဏီမှာ တကယ်ကောင်းတဲ့ ဆေးနည်းတွေရှိတယ်၊ ဒေသခံတွေအကုန် သိကြတယ်၊ ဝမ်းနည်းစရာကောင်းတာက ဥက္ကဋ္ဌဟောင်း ဆုံးပါးသွားပြီးကတည်းက အခြေအနေမကောင်းတော့တာပဲ]
သုန့်သဝေသည် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အကောင့်နောက်လိုက်များ တိုးပွားလာကာ ခေတ်စားနေသော စာရင်းထဲသို့ ရောက်သွားသည်ကို ကြည့်နေမိသည်။
စီးပွားရေး မဖွံ့ဖြိုးသော ဒေသမှ ဆေးကုမ္ပဏီလေးတစ်ခုအတွက် ဤမျှအာရုံစိုက်ခံရခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူသည် အချိန်ကိုက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး အင်တာနက်အသုံးပြုသူများက သက်သေပြရန် တောင်းဆိုလာသောအခါ လုပ်ငန်းလိုင်စင်နှင့် သူ့ဓာတ်ပုံကို တင်ပြလိုက်လေသည်။
စက်မှုလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဦးက သတင်းတွေ့ပြီး ရိုးရာလုပ်ငန်းတစ်ခု ကျဆုံးသွားမည်ကို မလိုလားသဖြင့် ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဟုတ်မဟုတ် မေးမြန်းသူ များပြားလာသောအခါ သုန့်သဝေ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ တကယ်ပဲ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတစ်ခု ရခဲ့ပါတယ်၊ သတင်းမတက်လာခင် ကျွန်တော် အကြံကုန်နေတဲ့အချိန်တုန်းကပေါ့။ ခင်ဗျားတို့ ယုံချင်မှ ယုံကြလိမ့်မယ်၊ ရုပ်ရှင်ဆန်ဆန်ပါပဲ... မတော်တဆမှုတစ်ခု၊ တိုက်ဆိုင်မှုတစ်ခုလိုမျိုးပေါ့... ကျွန်တော့်ကို ငွေရင်းနှီးမြှုပ်နှံပေးတာက အရွယ်မရောက်သေးတဲ့ ဒုတိယမျိုးဆက် သူဌေးလေးတစ်ယောက်ပါ"
ဗီဒီယို ထွက်လာသည်နှင့်တစ်ပြိုင်နက် အိုင်ပီလိပ်စာ၊ ကုမ္ပဏီတည်နေရာနှင့် သုန့်သဝေ ပြောသွားသော "မတော်တဆမှု"၊ "တိုက်ဆိုင်မှု"၊ "အရွယ်မရောက်သေးသော ဒုတိယမျိုးဆက် သူဌေးလေး" စသည့် စကားလုံးများကို ဆက်စပ်ကြည့်ပြီးနောက် တစ်စုံတစ်ယောက်က အဖြေရှာတွေ့သွားလေသည်။
[ဘုရားရေ... ရှန်းယွီရှောင်များ ရင်းနှီးမြှုပ်နှံလိုက်တာလား]
အင်တာနက်အသုံးပြုသူ အများစုမှာ "ဘဝခြင်းလဲလှယ်ရေး" ကို မကြည့်ဖူးကြသဖြင့် နိုင်ငံတွင်းမှ သူဌေးများကို မသိကြပေ။ ထို့ကြောင့် ရှန်းယွီရှောင်က ဘယ်သူလဲဟု မေးမြန်းလာကြသည်။
ကူညီတတ်သော အင်တာနက်သုံးစွဲသူများက ကော်မန့်တွင် ဝင်ရောက်ရှင်းပြကြသည်။
[သူက ရှန်းကော်ပိုရေးရှင်းရဲ့ အိမ်ရှေ့မင်းသားလေ၊ ရှိုးရိုက်ဖို့ တောင်ပိုင်းပြည်နယ်ကို သွားနေတာ၊ ဒီဆေးကုမ္ပဏီကလည်း တောင်ပိုင်းပြည်နယ်မှာပဲ၊ အပိုင်း (၃) ကို ပြန်ကြည့်ဖို့ အကြံပေးချင်တယ်၊ အဲဒီမှာ ရှန်းယွီရှောင်က လီရှောင်ယာရဲ့ ရွေးချယ်မှုအတိုင်း မသိတဲ့ ပရောဂျက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတာ ပါတယ်။ ဟုတ်သားပဲ... လီရှောင်ယာက တောင်ပိုင်းပြည်နယ်က တောင်ပေါ်ရွာသူလေးလေ၊ ရှန်းယွီရှောင်က သူ့စကားဆို တကယ်နားထောင်တာ]
[အကုန်လုံး ကိုက်ညီနေပြီ၊ ဒါဆို ရှန်းယွီရှောင် ရင်းနှီးမြှုပ်နှံလိုက်တာ ဒီဆေးကုမ္ပဏီပေါ့၊ အဲဒီနေ့က ရှိုးတိုက်ရိုက်လွှင့်တာ ငါအစအဆုံး ကြည့်ခဲ့တယ်၊ သတင်းမတက်လာခင်တုန်းကတည်းက မို့လို့ တကယ်အစစ်ပဲ ဆိုလိုတာက သခင်လေးရှန်းက ဒီကိစ္စကြီး လူသိများလာမယ်ဆိုတာ မသိဘဲ သက်သက်ကြီး ရင်းနှီးမြှုပ်နှံခဲ့တာပေါ့]
[ရင်းနှီးမြှုပ်နှံဖို့ကို လီရှောင်ယာက ဆုံးဖြတ်ပေးခဲ့တာလေ၊ အဲဒီတုန်းကတော့ ကလေးတစ်ယောက်ကို ဆုံးဖြတ်ခိုင်းတာ ရယ်စရာကောင်းတယ်လို့ ထင်ခဲ့ကြပေမဲ့ အခုပြန်ကြည့်လိုက်တော့ ဒါက အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ၊ လှပတဲ့ ကံကြမ္မာတစ်ခုပါပဲကွာ။ လီရှောင်ယာက တောင်ပိုင်းပြည်နယ်သူလေး၊ သူက စကားတစ်ခွန်းတည်းနဲ့ ဒေသခံကုမ္ပဏီတစ်ခုကို ကယ်တင်ခဲ့သလို ငါတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းပေးခဲ့တာပဲ]
[ဝါး... သတင်းကောင်းပဲ၊ အင်တာနက်အသုံးပြုသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးလိုက်တာပဲ၊ အဲ့ဒီရှိုးကို အခုချက်ချင်း သွားကြည့်တော့မယ်]
သုန့်သဝေ၏ ဆေးကုမ္ပဏီသည် ရေပန်းစားသော စာရင်းထဲသို့ ရောက်ရှိသွားပြီး ထိုအရှိန်အဝါကြောင့် "ဘဝခြင်းလဲလှယ်ရေး" ထုတ်လုပ်ရေးအဖွဲ့လည်း အကျိုးအမြတ် ရရှိသွားလေသည်။
ရုတ်တရက်ဆိုသလို လူတိုင်းက ရှန်းယွီရှောင်၏ နောက်ခံအကြောင်း၊ လီရှောင်ယာက ဘယ်သူလဲ၊ ရှန်းယွီရှောင်က ဘာလို့ သူမစကား နားထောင်ရတာလဲ ဆိုသည်တို့ကို မေးမြန်းလာကြသည်။
သိချင်စိတ်ပြင်းပြနေသူ များစွာသည် ရှိုးကို ပြန်လည်ကြည့်ရှုလာကြသည်။
ဒါရိုက်တာသည် ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ အိပ်ရာနိုးလာချိန်တွင် သူ့အစီအစဉ်က ရှင်းပြမရလောက်အောင် ပိုမိုနာမည်ကြီးနေသည်ကို တွေ့လိုက်ရသည်။
သူသည် လီရှောင်ယာနှင့် ရှန်းယွီရှောင်တို့ထံ သွား၍ ဝမ်းသာအားရ ပြောလေသည်။
"ကြည့်စမ်း၊ အွန်လိုင်းမှာ သူတို့ဘာတွေ ပြောနေကြလဲဆိုတာ ကြည့်လိုက်ဦး၊ ဒီရှိုးက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေတဲ့ ဒေသတွေကို အခွင့်အလမ်းတွေ ယူဆောင်ပေးနိုင်တယ်၊ ကင်မရာက ပါဝင်ယှဉ်ပြိုင်သူတွေကိုပဲ ရိုက်ပြနေပေမဲ့ လက်တွေ့အကျိုးကျေးဇူးကတော့ ဒေသခံတွေအားလုံးဆီ ပျံ့နှံ့သွားပြီ... သူတို့က ဒါရိုက်တာကိုတောင် ကျေးဇူးရှင်ကြီးလို့ ချီးကျူးနေကြတာ”
ဒါရိုက်တာသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပါးစပ်ကြီးဖြဲ၍ ပြုံးလိုက်လေသည်။
"အရင်က ဘယ်သူမှ ကျွန်တော့်ကို ဒီလိုမချီးကျူးဖူးဘူး"
ယခုအခါ နာမည်ရရုံသာမက ကြည့်ရှုနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ငွေများပါ ဝင်လာလေပြီ။
"ကြည့်ရှုနှုန်းတွေ စံချိန်တင် မြင့်တက်လာတော့မယ်လို့ ကျွန်တော် စိတ်ထဲထင်နေတယ်၊ အင်တာနက်သုံးတဲ့သူတိုင်း နေမကောင်းဖြစ်ပြီး ဆေးရုံမှာ ဆေးဝယ်ရတာမှ မဟုတ်တာ၊ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ပြဖို့ ကျွန်တော်တို့ ရှိုးကလွဲပြီး တခြားနေရာမရှိဘူးလေ"
အမှုဆောင်ထုတ်လုပ်သူမှာ ပြောရင်းဆိုရင်း စိတ်လှုပ်ရှားလာသည်။
ရှန်းယွီရှောင်ကမူ "အော်" ဟူ၍သာ ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။
ထို့နောက် လီရှောင်ယာဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"တွေ့လား... မင်းရွေးချယ်ခဲ့တာ မှန်သွားပြီ၊ လုံးဝကို မှန်သွားတာ။ မင်းက ကုမ္ပဏီတစ်ခုကို ကယ်တင်ခဲ့တယ်၊ ဒေဝါလီခံရတော့မယ့်... တိုက်ပေါ်က ခုန်ချဖို့ ကြံနေတဲ့ လူတစ်ယောက်ကို ကယ်တင်ခဲ့တယ်၊ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးခဲ့သလို အင်တာနက်အသုံးပြုသူတွေကိုလည်း ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့ပြီ”