အခန်း (၄၄)
Vol. 5 Ch. 44
Chapter 44
"ရှယ်ယာလက်ဆောင်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲဟင်"
လီရှောင်ယာက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ ထိုစကားကို ကြားလိုက်ေသာအခါ ရှုရူယင်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
တွေ့တယ်မလား... ဒီကလေးက ရှယ်ယာလွှဲပြောင်းပေးတယ်ဆိုတာ ဘာမှန်းတောင် မသိဘဲနဲ့ လက်ခံချင်နေလိုက်တာ။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူမ၏ မောက်မာလှသော ဝမ်းကွဲမောင်လေးက ထိုကလေးမလေးထံ ကိုင်းညွတ်၍ ရှင်းပြနေသည်ကို မြင်လိုက်ရ၏။
"ရှယ်ယာဆိုတာက ကိုယ်ထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု အချိုးအစားအလိုက် ခွဲဝေရရှိတဲ့ ပိုင်ဆိုင်မှုတစ်မျိုးပေါ့... ဥပမာ- ကိုယ်က ၁၀ သန်း ရင်းနှီးထားရင် ရှယ်ယာ ၃၄ ရာခိုင်နှုန်းရမယ်။ သူတို့ပိုက်ဆံရတဲ့အခါ အမြတ်ငွေရဲ့ ၃၄ ရာခိုင်နှုန်းကို ကိုယ့်ဆီ ပြန်ပေးရတယ်။ အဲဒါကို ရှယ်ယာလို့ ခေါ်တာ"
"ရှယ်ယာလက်ဆောင်ပေးတယ်ဆိုတာ တရားဝင် အခမဲ့လွှဲပြောင်းပေးတာကို ခေါ်တာ။ ရှေ့နေရှေ့မှာ စာချုပ်ချုပ်ပြီးသွားရင် ပြန်ဖျက်သိမ်းလို့ မရတော့ဘူး။ အခု သုန့်သဝေက ညီမလေးကို ရှယ်ယာ ၁ ရာခိုင်နှုန်း ပေးချင်နေတာ... ဆိုလိုတာက လုပ်ငန်းလည်ပတ်လို့ အမြတ်ရတိုင်း သူတို့ရတဲ့ အမြတ်ငွေထဲက ၁ ရာခိုင်နှုန်းကို ညီမလေးဆီ ပေးရလိမ့်မယ်။ ၁ ရာခိုင်နှုန်းဆိုတာ ဘယ်လောက်လဲ သိလား"
လီရှောင်ယာက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်လေသည်။
"အတစ်ရာမှာ တစ်ကျပ်ရတာလား"
"မှန်တယ်။ တစ်ထောင်ဆိုရင် ဆယ်ကျပ်ရမယ်။ တစ်သိန်းဆိုရင် တစ်ထောင်ပေါ့။ တကယ်လို့ ဒီနှစ်ထဲမှာ သူတို့ သန်း ၁၀၀ မြတ်တယ်ဆိုရင်ကော... တွက်တတ်လား"
လီရှောင်ယာက လက်ချောင်းလေးများကို ချိုးရေကာ တွက်ချက်နေရှာ၏။
"သန်း ၁၀၀ ဆိုတာ ဘယ်လောက်မှန်း ညီမမှ မသိတာ"
"၁၀ သိန်းကို ဆယ်ခါပေါင်းတာနဲ့ ညီတယ်"
လီရှောင်ယာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။
"ဒါဆိုရင် ၁ သန်း ရမှာပေါ့နော်... ဟုတ်လား"
ရှုရူယင်းမှာ နောက်တစ်ကြိမ် ကြက်သေသေသွားရပြန်သည်။ ရှန်းယွီရှောင်ပင်လျှင် ခေတ္တမျှ ကြောင်အသွားမိလေ၏။ သုန့်သဝေနှင့် သူ၏အဖွဲ့သားများမှာမူ ပို၍ပင် အံ့အားသင့်သွားကြပြီး ရုတ်တရက် အာမေဋိတ်သံများ ထွက်ပေါ်လာကြတော့သည်။
"ဘုရားရေ... ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်တွက်သင်္ချာ ဘယ်လိုတောင် တော်ရတာလဲ။ ခုနတုန်းကမှ သန်း ၁၀၀ က ဘယ်လောက်လဲဆိုတာ မသိဘူးလို့ ပြောနေတာကို"
ရှန်းယွီရှောင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ငါ သင်ပေးထားတာလေ... သူက သေချာပေါက် တော်မှာပေါ့"
ထိုစဉ် နင်းဟန် ဝင်ပြောလိုက်လေသည်။
"ဒါပေမဲ့ သင်္ချာသင်ပေးတာ အစ်ကိုရှန်း မဟုတ်တာ... အရင်တုန်းက ချင်ဆွေ့ လာသင်ပေးသွားတာ မဟုတ်လား"
ရှန်းယွီရှောင်က နင်းဟန်ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်၏။
နင်းဟန်မှာမူ သူဘာများ မှားပြောမိလိုက်ပါလိမ့်ဟု တွေးတောရင်း ကြောင်တောင်တောင်ဖြင့် ပြန်ကြည့်နေရှာသည်။ အစ်ကိုရှန်းက ဒီကလေးမကို အင်္ဂလိပ်စာ သင်ပေးရုံပဲ ရှိသေးတာ မဟုတ်ဘူးလား။
ထိုအချိန်တွင် လီရှောင်ယာ၏ နားမလည်နိုင်ဖြစ်နေသော အသံလေး ထွက်ပေါ်လာပြန်သည်။
"ဒါပေမဲ့ ညီမလေးက ဘာလို့ အဲဒီပိုက်ဆံကို ရရမှာလဲဟင်"
"ဘာလို့လဲဆိုတော့ ညီမလေးက ဦးတို့ကို ကူညီပေးခဲ့လို့လေ။ ဦးတို့ဘက်က ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိလောက်အောင် ဖြစ်နေတာ။ ဒါကြောင့်မို့ အားလုံးသဘောတူညီချက်နဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်း ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ"
သုန့်သဝေက "အားလုံးသဘောတူညီချက်" ဆိုသည့် စကားလုံးကို အလေးအနက်ထား ပြောကြားလိုက်ပေသည်။ သူ၏ နောက်ဘက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားများကလည်း လီရှောင်ယာကို နွေးထွေးစွာ ပြုံးပြရင်း ခေါင်းညိတ်ထောက်ခံကြလေ၏။
သူတို့၏ မျက်နှာလိုမျက်နှာရ အပြုအမူများမှာ သိသာလွန်းလှသဖြင့် ရှုရူယင်း ကြည့်မနေနိုင်တော့ချေ။ သူမ သည်းခံထားသမျှ ကုန်ဆုံးသွားပြီး ဝင်ပြောလိုက်တော့သည်။
"သူက ရှန်းယွီရှောင်ဆီကနေ ရင်းနှီးမြှုပ်နှံမှု ရအောင် ကူညီပေးခဲ့လို့မလား... ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ရတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ရှင်တို့က ဒေဝါလီခံခါနီး ကုမ္ပဏီ ဖြစ်နေပြီပဲ... အရင်းကြေပါ့မလားတောင် မသိရသေးဘူး။ ဒီကလေးမလေးအတွက် ရှယ်ယာ ၁ ရာခိုင်နှုန်း ရတာက ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ ဘယ်သူမှ ပြောလို့မရသေးဘူး"
သုန့်သဝေနှင့် ရှယ်ယာရှင်များ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဒီအမျိုးသမီးက သခင်လေးရှန်း၏ ဝမ်းကွဲအစ်မ ဖြစ်သည့်အပြင် သူမ၏ အသွင်အပြင်အရလည်း ချမ်းသာသော အသိုင်းအဝိုင်းမှမှန်း သိသာနေသောကြောင့် သုန့်သဝေက ယဉ်ကျေးစွာပင် မေးလိုက်လေသည်။
"မိန်းကလေးက မသိသေးဘူးလား"
"ဘာကို သိရမှာလဲ... ကျွန်မ သိတာကတော့ ရှင်တို့အပြုအမူတွေက ရှန်းမိသားစုရဲ့ အမွေဆက်ခံသူဆီကနေ ပိုက်ဆံလိမ်ယူဖို့ ကြံစည်နေတာနဲ့ အတူတူပဲဆိုတာပဲ"
ရှုရူယင်း၏ မျက်နှာထားမှာ ကာကွယ်လိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။
"မဟုတ်ေသးပါဘူး အွန်လိုင်းက ရေပန်းစားနေတဲ့ သတင်းတွေကို ဝင်မကြည့်ရသေးဘူးလား။ သခင်လေးရှန်းနဲ့ လီရှောင်ယာတို့ရဲ့ အကူအညီကြောင့် ကျုပ်တို့တော့ ရှုံးတော့မယ် မထင်ဘူး"
သုန့်သဝေက သံတမန်ဆန်ဆန် ပြန်ပြောလိုက်သည်။
ရှုရူယင်းတစ်ယောက် 'ရှင် နောက်နေတာလား' ဟု ပြောချင်သွားသော်လည်း ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ ရိုက်ကူးရေးအဖွဲ့သားများက သုန့်သဝေ၏ စကားကို လှောင်ပြောင်ခြင်း မရှိသည်ကို သတိထားမိလိုက်သည်။ ထို "ရေပန်းစားနေသော သတင်း" အကြောင်းကို လူတိုင်း သိထားပြီးသား ပုံစံဖြင့် တည်ငြိမ်နေကြခြင်း ဖြစ်သည်။
ရှုရူယင်းက ဖုန်းကို အလျင်အမြန် ထုတ်လိုက်လေသည်။
"လိုင်းက မကောင်းဘူးဖြစ်နေတယ်"
"ကျွန်တော် Hotspot လွှင့်ပေးပါ့မယ်"
သုန့်သဝေက ကမ်းလှမ်းလိုက်သည်။ ရှုရူယင်းက ယွမ်တစ်သောင်းကျော်တန် သူမ၏ဖုန်းနှင့် တန်ဖိုးထောင်ဂဏန်းသာရှိသော သုန့်သဝေ၏ဖုန်းကို နှိုင်းယှဉ်ကြည့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားရချေသည်။ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေကနေ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာပါလိမ့်။
"ရပါပြီ"
ရှုရူယင်း၏ဖုန်းပေါ်တွင် တက်မလာဘဲ ဖြစ်နေသော စာမျက်နှာမှာ နောက်ဆုံး၌ ပွင့်လာခဲ့သည်။ သတင်းကို ဝင်ဖတ်လိုက်သည်နှင့် သူမ၏ မျက်နှာအမူအရာမှာ တရစပ် ပြောင်းလဲသွားရတော့သည်။
ဒီကွက်က လှလိုက်တာ... တကယ့်ကို ပြောင်မြောက်လွန်းတယ်။
သူတို့က ကြော်ငြာခ တစ်ပြားမှ အကုန်မခံရဘဲ တိုင်းပြည်တစ်ခုလုံး အာရုံစိုက်ရလောက်တဲ့ သတင်းမျိုး ဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ကြတာပဲ။ ဒီလိုအခြေအနေမျိုးမှာ သူမရှေ့က ဒီလူက ဘယ်လိုလုပ် အရှုံးပေါ်နိုင်တော့မှာလဲ။ မုန်တိုင်း ဗဟိုချက်မှာ ရပ်နေရင် ဝက်တောင်မှ ပျံနိုင်သေးတာပဲလေ။
ရှုရူယင်း မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
"ရှင် ဒီသတင်းကို ဘယ်လိုလုပ် ကြိုသိနေတာလဲ။ Micro Light ဆေးဝါးကုမ္ပဏီက ဂျပန်လက်ထဲ ရောက်သွားပြီဆိုတာကိုရော ဘယ်လိုသိတာလဲ။ အချိန်ကိုက် ဖြစ်နေတာကရော ဘယ်လိုလုပ်..."
"ပြည်ပအရင်းအနှီးတွေ ပြည်တွင်းဈေးကွက်ထဲ ဝင်လာပြီး Brand နာမည်သုံးတာတို့၊ နာမည်ကြီးတွေနဲ့ ကြော်ငြာတာတို့၊ အကြီးစား ဖြန့်ဖြူးတာတို့ လုပ်ပြီး ပြည်တွင်းအမှတ်တံဆိပ်တွေကို ဈေးကွက်ထဲကနေ ကန်ထုတ်ပစ်တာမျိုးတွေ... အတန်းထဲမှာ မသင်ဖူးဘူးလား"
ရှန်းယွီရှောင်က ပြန်ေပြာလိုက်ရာ ရှုရူယင်းမှာ ပြောစရာစကား ပျောက်ရှသွားရချေသည်။
"သင်ဖူးပါတယ်... ဒါပေမဲ့ အဲဒါနဲ့ ဒီကိစ္စက..."
"ဒီလိုဖြစ်ရပ်မျိုးတွေက ရှားမှ မရှားတာ။ အခုချိန်မှာတောင် တခြားဝယ်ယူမှုတွေ ဖြစ်နေနိုင်သေးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက နောင်ကျရင် ပိုပြီး သိုသိုသိပ်သိပ် လုပ်လာကြမှာ... ဆိုလိုချင်တာက ငါက အခုလက်ရှိ ဘာဖြစ်နေလဲဆိုတာ အတိအကျ သိစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ငါ့ရည်ရွယ်ချက်အတွက် သုံးလို့ရမယ့် ဖြစ်ရပ်တစ်ခုခုကို အချိန်မရွေး ရှာလို့ရနေလို့ပဲ။ Micro Light ဆေးဝါးကုမ္ပဏီ မဟုတ်ရင်တောင် တခြားလုပ်ငန်းစု တစ်ခုခုတော့ ရှိနေဦးမှာပဲလေ"
ရှန်းယွီရှောင်က သုန့်သဝေကို လက်ညှိုးထိုးပြလိုက်သည်။
"ပြီးတော့ မရေမတွက်နိုင်အောင်များတဲ့ ဝယ်ယူသိမ်းပိုက်မှုတွေ ကြားထဲမှာ ဆင်းရဲပြီး ခေတ်နောက်ကျနေပေမယ့် သူတို့လို မရောင်းဘဲ ကြံ့ကြံ့ခံနေတဲ့သူတွေက ရှားတယ်။ အဲဒါကြောင့် သူတို့ကို ပေါ်လွင်အောင် လုပ်ပေးဖို့အတွက် ဘယ်လိုဖြစ်ရပ်မျိုးကိုမဆို အသုံးချလို့ရတယ်"
ရှုရူယင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသလို သုန့်သဝေနှင့် သူ့လူများလည်း မှင်သက်သွားကြလေသည်။ ရိုက်ကူးရေးအဖွဲ့သားများပင်လျှင် အပျော်အပါးမက်သည့် သခင်လေးတစ်ယောက်၏ နောက်ကွယ်မှ ကြောက်စရာကောင်းသော အရည်အချင်းတစ်ခုကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်ဟု ခံစားလိုက်ကြရ၏။
ရှန်းယွီရှောင်က ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလေသည်။
"ဒါ့အပြင် ဒါက ပွင့်လင်းမြင်သာတဲ့ ဗျူဟာပဲ။ ငါတို့ရည်ရွယ်ချက်ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး"
ရှန်းယွီရှောင်က ပြောရင်းဆိုရင်း ရုတ်တရက် ခေါင်းငုံ့ကာ လီရှောင်ယာကို မေးလိုက်လေသည်။
"သင်ခန်းစာရလိုက်ရဲ့လား"
ရှုရူယင်း၏ နှုတ်ခမ်းများ ထိန်းမရသိမ်းမရ လှုပ်ခါသွားသည်။ သုန့်သဝေနှင့် အခြားလူများလည်း လွန်လွန်းသည်ဟု ခံစားလိုက်ရ၏။ ဒီလိုအကြောင်းအရာမျိုးကို လီရှောင်ယာလို ကလေးတစ်ယောက်ဆီ သင်ပေးလို့ ရပါ့မလား... ကလေးကရော နားလည်နိုင်ပါ့မလား။
သို့သော် လီရှောင်ယာက ခေါင်းတစ်ချက်ညိတ်ကာ ရိုးရှင်းစွာပင် ဖြေလိုက်လေသည်။
"ဟုတ်... ရပါတယ်"
ရှန်းယွီရှောင်အတွက် ရွှေတစ်ထောင် ဆေးဝါးလုပ်ငန်းကို ပြန်လည်အသက်သွင်းပေးလိုက်ခြင်းက အားစိုက်စရာမလိုသော အရာတစ်ခုသာ ဖြစ်ပြီး ထွေထွေထူးထူး ဂုဏ်ယူစရာဟု မမှတ်ယူခဲ့ပေ။ သို့သော် ယခု လီရှောင်ယာက ခေါင်းညိတ်ကာ "ရပါတယ်" ဟု ပြောလိုက်သည်ကို မြင်လိုက်ရချိန်တွင် ထိုလူငယ်လေးမှာ အတိုင်းအဆမရှိသော အောင်မြင်မှု ပီတိကို ခံစားလိုက်ရတော့သည်။
သူက လီရှောင်ယာ၏ ဆံပင်လေးများကို ဖွလိုက်ရင်း ပြောလိုက်၏။
"နောက်တစ်ခါကျရင် ပိုသင်ပေးမယ်နော်"
ဒါမျိုးကို ချင်ဆွေ့ မသင်ပေးနိုင်ဘူးမလား... သူ တစ်ခါမှ မသင်ပေးဖူးဘူးမလား။
ထိုသို့ တွေးလိုက်မိသည်နှင့် ရှန်းယွီရှောင်တစ်ယောက် ရိုးတွင်းခြင်ဆီထိတိုင် ပျော်ရွှင်အေးချမ်းသွားသလို ခံစားလိုက်ရသည်။
"ကဲ... ခင်ဗျားတို့ စာချုပ်ကိစ္စ ဆက်လုပ်ကြတာပေါ့"
ရှန်းယွီရှောင်က မှတ်စုစာအုပ်နှင့် ဘောပင်ကို ပြန်သိမ်းလိုက်ပြီး ရှယ်ယာလွှဲပြောင်းမည့် စာရွက်စာတမ်းကို ထုတ်ရန် သုန့်သဝေကို အမူအရာပြလိုက်သည်။ ရှုရူယင်းမှာ ဒေါသကြောင့် အံကြိတ်လိုက်မိပြီး ဝင်ပြောပြန်သည်။
"ဦးလေးဆီက ပညာသင်ထားတာဆိုတော့လည်း ကွာခြားတာပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဆရာဆီက ပညာတတ်လာပြီးမှ ဘာလို့ လူစိမ်းတွေကို ပြန်သင်ပေးနေတာလဲ"
ရှုရူယင်း ရည်ညွှန်းသော ဦးလေးဆိုသည်မှာ ရှုကျီ ဖြစ်ပြီး ရှန်းယွီရှောင်က တော်စပ်သော ဦးလေးငယ် ဖြစ်သည်။
ရှန်းယွီရှောင်က သူမကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ငါသင်ပေးနေတာကို ဒီလောက်လူတွေအများကြီး ကြားနေတာပဲ... သူတို့အားလုံး သင်ယူနိုင်တယ်လို့ မင်းထင်လို့လား။ သေလုမျောပါးဖြစ်နေတဲ့ အခြေအနေကို ပြန်အသက်သွင်းနိုင်ပါ့မလား။ လူစိမ်း၊ လူရင်း ခွဲခြားနေလို့ အလကားပဲ။ ဒီကိစ္စက တတ်မြောက်နိုင်တဲ့သူနဲ့ မတတ်မြောက်နိုင်တဲ့သူဆိုပြီးပဲ ခွဲခြားလို့ရမှာ"
ထိုစကားကို ကြားလိုက်ရသောအခါ အခြားလူများမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြရသည်။
သူတို့ကို တုံးအတယ်လို့ ပြောလိုက်တာများလား။
သူတို့ နားကသာ ကြားလိုက်ရသော်လည်း ဦးနှောက်က မလိုက်နိုင်ပေ။ ရှုရူယင်းလည်း သူမကိုယ်သူမ အတုံးဟု အပြောခံလိုက်ရသလို ခံစားလိုက်ရသဖြင့် လက်မခံနိုင်စွာ လီရှောင်ယာကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီကလေးက ဘယ်လောက်ရှိသေးလို့လဲ။ သူက သင်ယူနိုင်မယ်လို့ ထင်နေတာလား"
"လီရှောင်ယာက ဉာဏ်ကောင်းပါတယ်... သေချာပေါက် တတ်မှာပါ"
ရှန်းယွီရှောင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ 'သူ မတတ်ရင်တောင် ငါက နေ့တိုင်း သင်ပေးနေမှာပဲလေ... မတတ်စရာ အကြောင်းမှ မရှိတာ' ဟု တွေးနေမိသည်။
ဟုတ်ပါသည်... ဒါက ဗြောင်ကျကျ မျက်နှာလိုက်ခြင်းပင် ဖြစ်၏။
ထို့နောက် ရှန်းယွီရှောင်က သုန့်သဝေကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားက တော်တော် ဉာဏ်ကောင်းတဲ့သူပဲ"
သုန့်သဝေမှာ မျှော်လင့်မထားသော ချီးကျူးစကားကြောင့် ချက်ချင်းဆိုသလို ကြည်နူးပီတိ ဖြစ်သွားတော့သည်။