အခန်း (၄၅)
Vol. 5 Ch. 45
Chapter 45
"မင်းက လီရှောင်ယာကို ရှယ်ယာခွဲပေးရမယ်ဆိုတာတောင် သိသေးတယ်ပေါ့"
ရှန်းယွီရှောင်က နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်အထိ ပြုံးရင်း ပြောလိုက်လေသည်။
သုန့်သဝေမှာ နှလုံးခုန်ရပ်မတတ် ဖြစ်သွားရချေသည်။ သခင်လေးရှန်းက သူ့ဂုဏ်သတင်းနှင့် လိုက်ဖက်ညီလှပါပေတယ်။ သူတို့၏ မဖြစ်စလောက် အကြံအစည်လေးများသည် ရှန်းယွီရှောင်အဖို့ နေမင်းကြီးပမာ ရှင်းလင်းထင်ရှားနေခဲ့သည် မဟုတ်ပါလော။
"ရှောင်ယာ... ညီမလေး လက်မှတ်ထိုးရမယ့် အလှည့်ရောက်ပြီ"
သုန့်သဝေက သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဗရုတ်သုတ်ခ အတွေးများကို ဖိနှိပ်ရင်း ပြောလိုက်သည်။
လီရှောင်ယာမှာမူ သူမအနေဖြင့် ထွေထွေထူးထူး ဘာမှမလုပ်ခဲ့ရဟု ခံစားနေရသော်လည်း ရှန်းယွီရှောင်၏ စကားများအရဆိုလျှင် သူမက အောင်မြင်မှုကြီးတစ်ခုကို ရယူနိုင်ခဲ့သည့်အလားပင်။
သူမက ရှိနေသောသူများကို နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ ရှန်းယွီရှောင်၏ စကားအရ အခုအချိန်မှာ ငြင်းဆန်လိုက်လျှင် ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်လာမည်မဟုတ်ကြောင်း သူမ ထိုးထွင်းသိမြင်လိုက်၏။
ထို့ကြောင့် သူမက ရှန်းယွီရှောင်ကို မေးလိုက်လေသည်။
"လက်မှတ်ထိုးလိုက်ရမလားဟင်"
ရှန်းယွီရှောင်မှာ ချက်ချင်းဆိုသလို ပို၍ပင် ကျေနပ်သွားရချေသည်။
ဒီကလေးက သူ့ကို မေးရကောင်းမှန်းတောင် သိသေးတယ်... လိမ္မာလိုက်တာ။
ကောင်းတယ်... အရမ်းကောင်းတယ်။
သူက ချက်ချင်းပင် လေးနက်သော အမူအရာကို ဖမ်းယူလိုက်ပြီး လက်ဆောင်ပေးအပ်မည့် စာချုပ်ကို ယူကာ လှန်လှောကြည့်ရှုလိုက်သည်။
"ငါ စာချုပ်ဥပဒေအကြောင်း နည်းနည်းပါးပါး လေ့လာဖူးတယ်။ ပေး... ငါ ကြည့်ပေးမယ်"
အမှန်တကယ်တော့ သုန့်သဝေနှင့် သူ့လူများက လီရှောင်ယာကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြမှန်း ရှန်းယွီရှောင် သိပြီးသားပင်။ ထို့ကြောင့် သူတို့ဘက်က စာချုပ်ထဲတွင် ဟာကွက်များ ချန်ထားခဲ့မည် မဟုတ်ပေ။
သို့သော် လီရှောင်ယာက သူ့ကို အားကိုးပြီး သူပြောသည့်စကားကို နားထောင်သည်ကို သူ သဘောကျနေမိခြင်း ဖြစ်သည်။
"ဘာပြဿနာမှ မရှိဘူး... ထိုးလိုက်တော့"
ရှန်းယွီရှောင်က စာချုပ်ကို ချပေးလိုက်ရင်း ပြောလိုက်၏။
လက်မှတ်ထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် ရှေ့နေရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခြင်းများ ဆက်လက် ပြုလုပ်ကြလေသည်။ သုန့်သဝေနှင့် အဖွဲ့က အခွန်ကိစ္စများကိုပါ ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။
"အခုဆို မင်းက ရှယ်ယာရှင်အသေးစားလေး ဖြစ်သွားပြီ... အင်္ဂလိပ်လိုဆို Shareholder ပေါ့"
ရှန်းယွီရှောင်က ခေတ္တမျှ ရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်။
ကျန်သောသူများမှာမူ စိတ်ထဲတွင် "..." ဟုသာ တွေးနေမိကြတော့သည်။
တကယ်ကြီးလား... ဒီလိုအချိန်မှာတောင် အင်္ဂလိပ်စာ သင်ပေးဖို့ မမေ့ဘူးပေါ့။
သုန့်သဝေနှင့် အဖွဲ့သားများမှာ ယနေ့အတွက် သူတို့တာဝန် ပြီးဆုံးသွားပြီဖြစ်၍ ပြန်ရန် ပြင်ဆင်ကြလေသည်။
"ရှောင်ယာ... ဒီအစီအစဉ် ရိုက်ကူးတာ ပြီးသွားရင် ဦးတို့ ညီမလေးကို လာခေါ်ပြီး မြို့ပေါ် ခေါ်သွားမယ်။ ထမင်းကောင်းကောင်း လိုက်ကျွေးဦးမှာ"
သုန့်သဝေက ခွဲခွာရမှာကို နှမြောတသဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
လီရှောင်ယာက ခေါင်းညိတ်ပြလိုက်၏။
ဒီလို "မိတ်ဆွေ" မျိုးတွေ ရှိလာလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးထားခဲ့ဖူးပေ။ အထူးသဖြင့် ဒီလောက်အရေးပါတဲ့ "မိတ်ဆွေ" မျိုးတွေပေါ့။ အဖေရှိတုန်းက အဖေ့မိတ်ဆွေတွေ အဖေ့ကို ထမင်းဝယ်ကျွေးသလိုမျိုး သူတို့ကလည်း သူမကို ထမင်းဝယ်ကျွေးချင်ကြသည်။
သူမရှေ့တွင် ရောက်ရှိနေသော ရှယ်ယာလက်ဆောင်ပေးသည့် စာချုပ်နှင့် ပတ်သက်ပြီး လီရှောင်ယာတွင် ထွေထွေထူးထူး ခံစားချက်မရှိလှချေ။
ထိုငွေကြေးပမာဏသည် သူမနှင့် အလွန်အလှမ်းကွာဝေးလွန်းနေသောကြောင့် လက်တွေ့မဆန်ဘူးဟု ခံစားနေရခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သုန့်သဝေနှင့် အဖွဲ့သားများ ပြန်သွားပြီးနောက်တွင်မှ နင်းဟန်က ရှုရူယင်းအနားသို့ ကပ်လာပြီး နှုတ်ဆက်လိုက်လေသည်။
"မမရူယင်း"
ရှုရူယင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
နင်းဟန်လို အပျော်အပါးမက်သည့် လူတစ်ယောက်က ဒီလိုစုတ်ပြတ်နေတဲ့ နေရာမျိုးကို ရောက်နေခြင်းသည် ရှန်းယွီရှောင် ရှိနေသည်ထက်ပင် ပို၍ ထူးဆန်းနေသေးသည်။
နင်းဟန်က ပြန်ဖြေလိုက်သည်။
"ဒီနေရာလေးက ကောင်းပါတယ်ဗျ... ကျွန်တော် သဘောကျတယ်... တော်တော်လေးကို သဘောကျနေတာ"
ရှုရူယင်းက မျက်နှာမဲ့လိုက်ပြီး ပြောလိုက်၏။
"နင့်အပြောက ကျားဖြန့်အဖွဲ့တစ်ခုခုက ဦးနှောက်ဆေးခံထားရတဲ့အတိုင်းပဲ"
ရှန်းယွီရှောင်က ကြားဖြတ်မေးလိုက်သည်။
"မင်းရော သူတို့နဲ့အတူ မြို့ထဲ ပြန်မလိုက်သွားဘူးလား"
ရှုရူယင်းက သုန့်သဝေတို့ ထွက်ခွာသွားသည်ကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြတ်ပြတ်သားသား ကြေညာလိုက်လေသည်။
"ငါ ပြန်မလိုက်သွားဘူး"
ရှန်းယွီရှောင်က 'မင်း ရူးသွားပြီလား' ဆိုသည့် အကြည့်မျိုးဖြင့် သူမကို ကြည့်လိုက်သည်။
သူ့အကြည့်ကို ခံစားမိလိုက်သော ရှုရူယင်းက ပိုမိုခိုင်မာပြတ်သားသွားပြီး ပြောလိုက်၏။
"ငါ ဒီမှာ နေပြီး မင်းအဖော်ရအောင် ရက်နည်းနည်းလောက် နေခဲ့မလို့"
နင်းဟန်က ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့ အဖော်မလိုပါဘူး"
"ဘယ်ရမလဲ... ငါက အစ်မကြီးတစ်ယောက်အနေနဲ့ မောင်လေး ဘယ်လိုနေထိုင်စားသောက်နေလဲဆိုတာ ကြည့်ရမှာပေါ့"
ရှုရူယင်းက ထိုသို့ပြောလိုက်ပြီးမှ သူမကို ကြိုဆိုမနေကြမှန်း သတိထားမိသွားသည်။ သူမက မျက်လုံးအိမ်ကို တစ်ပတ်လှည့်လိုက်ပြီး လီရှောင်ယာဘက်သို့ လှည့်ကာ အတင်းဟန်ဆောင် ပြုံးပြလိုက်လေသည်။
"ညီမလေး... အစ်မကြီး ဒီမှာ နေတာကို ကြိုဆိုတယ်မလားဟင်"
ရှန်းယွီရှောင်က မနှစ်မြို့စွာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း..."
သူက "စိတ်ခံစားချက်ကို အသုံးချပြီး မခြိမ်းခြောက်နဲ့" ဟု မပြောလိုက်ရသေးခင်မှာပင် လီရှောင်ယာက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်လေသည်။
"ဒါပေမဲ့ သမီးအိမ်က အရမ်းကျဉ်းတယ်"
ရှုရူယင်းက သူမနောက်ရှိ စုတ်ပြတ်နေသော အိမ်လေးကို ကြည့်လိုက်မိသည်။
တကယ်ပဲ... နည်းနည်းတော့ ကျဉ်းလွန်းပါတယ်။
သူမက ဝန်ထမ်းများဘက် ချက်ချင်းလှည့်မေးလိုက်သည်။
"ရှင်တို့ ဘယ်မှာ တည်းကြလဲ"
"ကျွန်တော်တို့က အစတုန်းကတော့ ရွာလူကြီးအိမ်မှာ တည်းတာ... သူ အဖမ်းခံလိုက်ရပြီးတဲ့နောက်ပိုင်း ရွာသားတွေအိမ်မှာ ခွဲတည်းနေကြရတယ်"
"ရတယ်လေ... ဒါဆို ငါ ရွာထဲမှာပဲ တည်းလိုက်မယ်"
ရှုရူယင်းက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် ရှန်းယွီရှောင်ကို ကြည့်ပြီး ပြောလိုက်၏။
"မင်း သူ့ကို နောက်ထပ် ဘာတွေသင်ပေးဦးမလဲဆိုတာ ငါ သိချင်သေးတယ်"
ရှန်းယွီရှောင်က မျက်ခုံးပင့်လိုက်သည်။
"ငါတို့က ဒီမှာ အစီအစဉ် ရိုက်ကူးနေတာ... မင်းက ဘာလို့ လာရှုပ်နေတာလဲ"
"ငါ ကင်မရာထဲ မပါအောင် နေမှာပေါ့"
ရှုရူယင်းက စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အကျင့်ရှိသူ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအကြောင်း ကြားကြားချင်း လေယာဉ်လက်မှတ်ဖြတ်ပြီး ရောက်ချလာသည်ကို ကြည့်လျှင် သိသာပေသည်။
ယခုလည်း ထိုနည်းတူပင် သူမ၏ သက်တော်စောင့်နှင့် ယာဉ်မောင်းကို ခေါ်ကာ တည်းခိုရန်နေရာ ရှာဖွေရန် ထွက်ခွာသွားတော့သည်။
ရွာလူကြီး အဖမ်းခံထားရသော်လည်း သူ့သား လီစုန့်ကမူ ထိုအိမ်တွင် နေထိုင်ဆဲ ဖြစ်သည်။
လီစုန့်တစ်ယောက် ယခုရက်ပိုင်းတွင် အဆင်မပြေလှပေ။ သူ လာဘ်စားထားကြောင်း တိုင်ကြားခံထားရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဓားတစ်စင်း ခေါင်းပေါ်တွင် တွဲလောင်းကျနေသော်လည်း ပြုတ်မကျသေးသည့် ခံစားချက်မျိုးက အလွန်ပင် ခံရခက်လှ၏။
ရှုရူယင်းက အိမ်တံခါးကို သွားခေါက်လိုက်ရာ ဖရိုဖရဲ ဖြစ်နေသော လီစုန့် ထွက်လာလေသည်။
လီစုန့်က မျက်စိလျင်သူ ဖြစ်သည့်အားလျော်စွာ ရှုရူယင်း၏ တန်ဖိုးကြီး အဝတ်အစားများကို ချက်ချင်း သတိထားမိလိုက်သည်။ သူက အလျင်အမြန်ပင် မေးလိုက်၏။
"ဘယ်သူများပါလိမ့်"
"ရှန်းယွီရှောင်ကို သိတယ်မလား။ ကျွန်မက သူ့ဝမ်းကွဲအစ်မပါ... ရှုရူယင်း လို့ ခေါ်ပါတယ်။ ဒီမှာ ရက်နည်းနည်းလောက် တည်းခိုလို့ရမလား"
ရှုရူယင်း၏ လေသံက အနည်းငယ် အမိန့်ဆန်နေလေသည်။
သို့သော် လီစုန့်အဖို့တော့ ဤသည်မှာ သတင်းကောင်းပင်။
လူလာတာက ပြဿနာမဟုတ်... လူမလာတာကမှ ပြဿနာ။
ရှန်းယွီရှောင်ရဲ့ ဝမ်းကွဲအစ်မဆိုတော့ သေချာပေါက် ချမ်းသာတဲ့ သားသမီးပဲ ဖြစ်ရမယ်။
"ရပါတယ်... ရတာပေါ့ ဝင်ပါ ဝင်ပါ"
လီစုန့်က ကပျာကယာပင် ဖိတ်ခေါ်လိုက်ပြီး ထိုညတွင် လီချင်းချင်းထံ ဖုန်းဆက်လေသည်။
ဖုန်းပြောပြီးသောအခါ လီချင်းချင်းလည်း အနည်းငယ် အံ့အားသင့်သွားရသည်။ ရှုရူယင်းက သူမအိမ်တွင် လာတည်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
"ကောင်းတာပေါ့... သူ့ကို အိမ်မှာပဲ ထားလိုက်။ သူနဲ့ လီရှောင်ယာက တည့်ကြတာ မဟုတ်ဘူး။ ရှုရူယင်းရဲ့ မိဘတွေက တက္ကသိုလ်ပါမောက္ခနဲ့ သတ္တဗေဒပညာရှင်ပဲ ဖြစ်ပေမယ့်..."
လီချင်းချင်းက ဝင်ငွေမကောင်းသော အလုပ်အကိုင်များကို အထင်သေးတတ်သူမို့ သူမ၏ လေသံမှာ မခန့်လေးစားနိုင်လှသည်။
သို့သော် သူမက လေသံကို ချက်ချင်း ပြောင်းလိုက်ပြန်သည်။
"သူ့ဦးလေးက အရမ်းတော်တာ။ ရှန်းယွီရှောင်ရဲ့ အဖေထက်တောင် ပိုတော်သေးတယ်"
ယခင်ဘဝတုန်းက လီချင်းချင်းသည် ရှန်းကျွမ်တစ်ယောက် အေးစက်ပြီး ဒုတိယမြောက် ကလေးတောင် မယူချင်သည့် ရှုချွီလိုင်လို မိန်းမမျိုးကို ဘယ်လိုလုပ် သည်းခံပေါင်းသင်းနေနိုင်သလဲဟု တွေးတောခဲ့ဖူးသည်။ ရှုမိသားစုထဲက ပါရမီရှင်တစ်ယောက်ကို မပြစ်မှားချင်လို့များလား။
သမီးဖြစ်သူ၏ စကားကို ကြားပြီးနောက် လီစုန့်က မနေနိုင်ဘဲ မေးလိုက်မိသည်။
"ချင်းချင်း... သမီးက ဘယ်လိုလုပ် အကုန်သိနေတာလဲ"
"သမီး အရင်က ပြောဖူးသားပဲ... သမီးမှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့လေ။ သမီး အရင်က ဟောခဲ့တာတွေ အကုန်မှန်တယ် မဟုတ်လား"
လီစုန့်က အူကြောင်ကြောင်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ အဖိုး အဖမ်းခံရမယ်ဆိုတာကိုတော့ သမီး ကြိုမမြင်ခဲ့ပါလား"
လီချင်းချင်းက အေးစက်စွာ ပြန်ပက်လိုက်၏။
"အဲဒါကြောင့် သမီး ပြောတာပေါ့... လီရှောင်ယာက သမီးရဲ့ အနှောင့်အယှက်ပဲလို့။ သူက သမီးကို ဆန့်ကျင်ဖို့ သက်သက် မွေးလာတာ။ သူသာ မရှိရင် သမီးရဲ့ အနာဂတ်ကြိုမြင်နိုင်စွမ်းက ရာနှုန်းပြည့် မှန်နေမှာ"
ထိုစကားကို ကြားသောအခါ လီစုန့်က ပြတ်သားစွာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... အဖေ သမီးအတွက် လမ်းရှင်းပေးပါ့မယ်"
"အင်း"
"ဒါနဲ့ သမီးပြောတဲ့ မိန်းကလေးရှုရဲ့ ဦးလေးက တော်တယ်ဆိုတာ ဘယ်လောက်တောင် တော်တာလဲ"
လီချင်းချင်းက ရှုပ်ထွေးသော လေသံဖြင့် ပြောလိုက်သည်။
"ရှုကျီဆိုတဲ့ လူက... Wall street ကထိပ်တန်းလူတန်းစားဆိုတာတွေကိုတောင် အထင်မကြီးတဲ့ လူစားမျိုး။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုတောင် ကြိုးကိုင်နိုင်တဲ့ ပြုံးနေတဲ့ ကျားတစ်ကောင်ပဲ"
"ဘယ်လို”
လီစုန့်မှာ ကြားလိုက်ရသည့် စကားကြောင့် ကြောင်အသွားရတော့သည်။
ကောလိပ်တက်ဖူးပြီး မြို့ပေါ်တွင် အလုပ်လုပ်ဖူးသူ ဖြစ်၍ သူ၏ အမြင်က ရွာလူကြီးဖြစ်သော ဖခင်ထက် ပိုကျယ်ပြန့်သည်။ သို့သော် သူ၏ ကမ္ဘာကြီးအကြောင်း နားလည်မှုမှာ လုံလောက်သည်နှင့် အဝေးကြီး လိုနေသေး၏။ သူသည် တွင်းအောင်းဖားတစ်ကောင်သာ ဖြစ်နေဆဲပင်။
လီချင်းချင်းက ဆက်ပြောလိုက်သည်။
"ရွေးကောက်ပွဲလိုမျိုး နိုင်ငံခြား နိုင်ငံရေးစနစ်တွေကိုတောင် သူက ထိန်းချုပ်နိုင်တယ်။ တကယ်လို့ ရှန်းကျွမ်လို လူတွေက ဘဏ္ဍာရေး မဂ္ဂဇင်း မျက်နှာဖုံးတွေပေါ် ပါပြီး ဖို့ဘ်စာရင်းဝင်တဲ့ လူတွေဆိုရင်... ရှုကျီလို လူတွေက သမိုင်းစာအုပ်ထဲမှာ မှတ်တမ်းတင်ခံရမယ့် သူတွေပဲ"
ယခင်ဘဝတုန်းက သူမ၏ လူမှုအသိုင်းအဝိုင်းနှင့် အမြင်အရဆိုလျှင် ရှုကျီက ဘယ်လိုလူစားမျိုးလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။
နောက်ပိုင်း ဖိုရမ်တစ်ခုမှာ လူတစ်ယောက်က "ရှုကျီ" ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်း အတင်းအဖျင်း စတင်ပြောဆိုလာမှ သူမ တွေ့လိုက်ရခြင်း ဖြစ်သည်။ လူတွေက ပိုမိုတူးဆွကြည့်လေလေ ပိုပြီး အံ့သြမှင်သက်ရလေလေပင်။ နောက်ဆုံးတွင် ဖိုရမ်ထဲရှိ မရေမတွက်နိုင်သော လူများက သက်ပြင်းချကာ ပြောဆိုခဲ့ကြသည်။
'တကယ့် ထိပ်တန်း သူဌေးကြီးတွေက ငါတို့နဲ့ မတူညီတဲ့ ကမ္ဘာတစ်ခုက လာသလိုပဲ'
ထိုအချိန်တုန်းက လီချင်းချင်းသည် ရှုကျီကို သိကျွမ်းရဖို့ နေ့ခင်းကြောင်တောင် အိပ်မက်မက်ဖို့ပင် မရဲခဲ့ပေ။
ဒါပေမဲ့ အခုတော့...
သူမ ရုတ်တရက် အကြံအစည်သစ်တစ်ခု ရလိုက်သည်။
ရှန်းမိသားစုလမ်းကြောင်းက အဆင်မပြေတော့ဘူးဆိုမှတော့...
လီချင်းချင်းက လီစုန့်ကို ထပ်ခါတလဲလဲ မှာကြားလိုက်လေသည်။
"အဖေ... ရှုရူယင်းကို ကောင်းကောင်း ဆက်ဆံနော်။ သူက သမီးတို့ ကံဇာတာ ပြောင်းလဲဖို့ သော့ချက်ပဲ"
ယခင်ဘဝတုန်းက ဆိုရှယ်မီဒီယာပေါ်တွင် လူပြောအများဆုံး အကြောင်းအရာမှာ ရှုရူယင်းနှင့် လီရှောင်ယာတို့ မတည့်သည့် အကြောင်းဖြစ်သည်။ ရှုချွီလိုင်နှင့် ရှန်းယွီရှောင်တို့က သွေးသားတော်စပ်သူကို ပစ်ထားပြီး တောရိုင်းမလေး လီရှောင်ယာကို အရမ်းကောင်းကြတယ်ဟု လူတွေက ပြောဆိုခဲ့ကြသည်။
ထိုအမြင်အာရုံက ပြင်းထန်လွန်းသဖြင့် လီချင်းချင်း ခဏတာ မေ့လျော့သွားခဲ့သည်။
အတင်းအဖျင်း သတင်းအများအပြားတွင် ရှုရူယင်းအကြောင်း မိတ်ဆက်သည့်အခါ သူမ၏ မိဘနှစ်ပါးလုံး မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ပြီး သူမကို ဦးလေးဖြစ်သူက ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
ဖုန်းချပြီးနောက် လီချင်းချင်းက သတင်းများကို ချက်ချင်း ရှာဖွေကြည့်လိုက်သည်။
... ဘာသတင်းမှ ရှာမတွေ့ပေ။
ဆိုလိုတာက အခုအချိန်မှာ ရှုရူယင်းရဲ့ မိဘတွေက အသက်ထင်ရှား ရှိနေတုန်းပဲပေါ့။
တကယ်လို့ ငါသာ ရှုရူယင်းရဲ့ မိဘတွေ မတော်တဆဖြစ်မယ့်အကြောင်း ကြိုဟောပြီး ကယ်တင်ပေးလိုက်နိုင်ရင် ရှုမိသားစုက ငါ့ကို ဘယ်လိုဆက်ဆံမလဲ။
ထိုသို့ တွေးမိလိုက်သည်နှင့် လီချင်းချင်း၏ နှလုံးသားမှာ ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်လာပြီး ယခင်က စိတ်ဓာတ်ကျနေမှုများ လွင့်ပျယ်သွားရတော့သည်။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်သည်။
ရိုက်ကူးရေးအသစ် စတင်ပြီ ဖြစ်၏။
ရှုရူယင်း အိပ်ရာထကာ လီရှောင်ယာ၏ အိမ်သို့ အပြေးအလွှား ရောက်လာသော်လည်း ရှုပ်ထွေးသော အမူအရာဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရသည်။
"လူတွေ ဘယ်ရောက်ကုန်တာလဲ"
ဝန်ထမ်းတစ်ဦးက သူမကို ပြောပြလိုက်သည်။
"သူတို့ ၆ နာရီလောက်ကတည်းက ထွက်သွားကြပြီ"
"အစောကြီး ရှိသေးတာကို... ဘယ်သွားကြတာလဲ"
"လီရှောင်ယာ ကျောင်းသွားရမှာမို့လေ"
ဝန်ထမ်းမှာ ရယ်ရခက် ငိုရခက်ဖြင့် ပြောလိုက်သည်။
ရှန်းယွီရှောင်၊ ချင်ဆွေ့နှင့် နင်းဟန်တို့ပြီးနောက် ဒီသခင်မလေးလည်း အကြီးအကျယ် စိတ်ဒဏ်ရာ ရတော့မည် ဖြစ်သည်။ ဘာ... မူလတန်းကျောင်းသားတွေက ဒီလောက်အစောကြီး ထွက်ရတယ် ဟုတ်လား။ တောင်ပေါ်လမ်းကို လမ်းလျှောက်ပြီးတော့လေ... နာရီပေါင်းများစွာကြာအောင်လား။
"ကားမောင်းသွားလို့ မရဘူးလား"
"အရင်လမ်းက မြေပြိုထားလို့ ပိတ်နေတုန်းပဲ... မပြင်ရသေးဘူး။ ကားသွားလို့ မရတဲ့ လမ်းကျဉ်းလေးကနေပဲ သွားလို့ရတာ"
"ဒါ ဘယ်လို ဘဝကြီးလဲ... ပြီးတော့ နင်းဟန်က ဒါကို သဘောကျတယ် ဟုတ်လား။ သူ ရူးနေတာလား"
ရှုရူယင်း တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် ကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျောက်တုံး ကျောင်းတွင်...
နေ့လယ်စာ စားချိန် ခေါင်းလောင်းထိုးသံ ကြားလိုက်ရသည်နှင့် လီရှောင်ယာက ထမင်းချိုင့်ကို ကိုင်ကာ အစားအသောက်ယူရန် ထွက်လာခဲ့သည်။ သူမ၏ ဘယ်ဘက်တွင် ရှန်းယွီရှောင်၊ ညာဘက်တွင် နင်းဟန်တို့ ခြံရံလျက် ရှိနေ၏။
"လီရှောင်ယာက မိုက်လိုက်တာ... သူ့မှာ အစောင့်အရှောက် သူရဲကောင်း နှစ်ယောက်တောင် ရှိတယ်"
အတန်းဖော်များက အားကျစွာ တီးတိုးပြောဆိုနေကြသည်။
ထိုအချိန်တွင် ခေတ်မီစွာ ဝတ်စားထားသော မိန်းကလေးတစ်ဦးသည် Chanel အိတ်ကို လက်တစ်ဖက်မှ ကိုင်လျက် ကျောင်းဝင်းထဲသို့ ခြေထောက်တရွတ်တိုက်ဆွဲကာ ဝင်ရောက်လာလေသည်။
သူမ၏ ဘယ်ဘက်တွင် သက်တော်စောင့်တစ်ဦး၊ ညာဘက်တွင် ယာဉ်မောင်းတစ်ဦးတို့က တွဲကူပေးထားကြသည်။
ထိုသူမှာ ရှုရူယင်းပင် ဖြစ်သည်။
သူမသည် လီရှောင်ယာ၏ ရှေ့မှောက်သို့ ဖုန်တွေ၊ သဲတွေ ပေကျံလျက် ရောက်ရှိလာလေ၏။
အဝတ်အစားများမှာ ရွှံ့ဗွက်များ ပေကျံနေပြီး ဆံပင်များမှာ ဖွာလန်ကြဲနေကာ ခေါင်းပေါ်တွင် မြက်ပင်နှစ်ပင်ပင် စိုက်နေသေးသည်။
သူမက ကင်မရာထဲတွင် မပါဝင်သင့်သောသူ ဖြစ်သည်။
သို့သော် ဝန်ထမ်းများက သူမကို အချိန်မီ မတားဆီးနိုင်ခဲ့သလို တားလည်း မတားရဲခဲ့ကြပေ။ အဓိကအကြောင်းအရင်းမှာ ထိုသခင်မလေးသည် လောလောဆယ်တွင် အလွန်အမင်း ဒေါသထွက်နေပုံ ပေါက်နေသောကြောင့်ပင်။
နင်းဟန်က အံ့သြတကြီး အော်မေးလိုက်သည်။
"ဟာ... မမရူယင်း... စပါးခင်းထဲ ကျလာတာလား"
ရှုရူယင်းက အံကြိတ်ရင်း ပြန်ဖြေလိုက်၏။
"အေး... ဆယ်လှမ်းတစ်ခါ ကျင်းထဲ ကျနေတာကိုး"
"အဲဒါ ဘယ်သူလဲဟင်"
အတန်းဖော်များက သူတို့နောက်ကွယ်တွင် တီးတိုးပြောနေကြသည်။
"လီရှောင်ယာရဲ့ အစ်မလား"
"လီရှောင်ယာမှာ ဆွေမျိုးတွေက ဘာလို့ ဒီလောက်များနေရတာလဲ"
ရှုရူယင်းက 'ငါ သူ့အစ်မ မဟုတ်ဘူး' ဟု ပြောချင်သော်လည်း လီရှောင်ယာက သူမ၏ ထမင်းချိုင့်ကို နင်းဟန်လက်ထဲ ထိုးထည့်လိုက်ပြီး ရေတစ်ဇလုံ သွားခပ်နေသည်ကို မြင်လိုက်ရသည်။
"ဒီရေနဲ့ ဆေးလို့ရတယ်"
"ဘယ်က ရလာတာလဲ"
ရှန်းယွီရှောင်က မေးလိုက်သည်။
"ဆရာမဆီက ငှားလာတာ"
လီရှောင်ယာက ပြန်ဖြေပြီးနောက် ရှုရူယင်းကို မေးလိုက်လေသည်။
"စပါးခင်းထဲ ကျခဲ့တာလား"
"အင်း..."
ရှုရူယင်းက မဲ့ရွဲ့နေသော မျက်နှာဖြင့် ဖြေလိုက်သည်။
လီရှောင်ယာက သူမကို ထပ်မေးလိုက်သည်။
"နည်းနည်းလောက် ထိုင်ချပေးလို့ရမလား။ အစ်မက အရမ်းရှည်နေတော့ သမီး မမှီဘူး။ မျှော့ တွယ်နေလား ကြည့်ပေးချင်လို့"
မျှော့... ဟုတ်လား။
ရှုရူယင်း၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားရချေသည်။
"ငါ သူ့အစ်မ မဟုတ်ဘူး" ဟု ပြောချင်စိတ်များ ပျောက်ဆုံးသွားပြီး အလျင်အမြန်ပင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ စိုးရိမ်တကြီး မေးလိုက်တော့သည်။
"တွေ့လားဟင်... ရှိနေလားဟင်"
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များမှာလည်း တရစပ် တက်လာနေတော့သည်။
[ဒါ ဘယ်သူကြီးလဲ]
[နင်းဟန်နဲ့ ရင်းနှီးပုံရတယ်... နောက်ထပ် သူဌေးသမီးတစ်ယောက်လား]
[မဟုတ်ဘူး... နင်တို့ သူဌေးမိသားစုတွေက ဘာဖြစ်နေကြတာလဲ။ လီရှောင်ယာကို ဂိမ်းထဲက Level တက်အောင် ဆော့ပေးရမယ့် ဇာတ်ကောင်လို့ သဘောထားနေကြတာလား]