← Chapters

အခန်း (၄၆)

Vol. 5 Ch. 46

အခန်း (၄၆)

Vol. 5 Ch. 46

Chapter 46

ရှုရူယင်းတစ်ယောက် သူမ၏ ဆံပင်ရှည်များကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။

"ဘာ... ဘာလုပ်တာလဲဟင်"

သူမ စိုးရိမ်တကြီး မေးလိုက်မိသည်။

"ဆံပင်ကို အရင်စည်းရမှာမို့ပါ"

"ဪ..."

ရှုရူယင်း ရှက်စိတ်ကြောင့် ငြိမ်ကျသွားလေသည်။ ကလေးမလေး၏ အထိအတွေ့မှာ ညင်သာလှပြီး ဆောင့်ဆွဲခြင်းမျိုး တစ်ချက်မျှ မရှိပေ။ ကလေးမလေးက သူမ၏ ခေါင်းပေါ်မှ သားရေကွင်းကို ချွတ်ကာ ရှုရူယင်း၏ ဆံပင်ကို စည်းနှောင်ပေးလိုက်သည်။

ထို့နောက် ရှုရူယင်း၏ လည်ပင်းကို ဖက်တွယ်လိုက်ရင်း ပြောလိုက်၏။

"လည်ပင်းမှာတော့ ဘာမှမရှိဘူး"

ရှုရူယင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်လည်း လုံးဝ စိတ်မအေးနိုင်သေးမီမှာပင် လီရှောင်ယာက သူမ၏ ရှေ့တွင် ထိုင်ချလိုက်ပြီး LV ဘွတ်ဖိနပ်ထဲ ထည့်ထားသော ဘောင်းဘီရှည်ကို ဆွဲထုတ်လိုက်လေသည်။

ဘောင်းဘီစကို လှန်တင်လိုက်သည်နှင့် လီရှောင်ယာ ဘာမှမပြောနိုင်သေးခင်မှာပင် ရှုရူယင်းက အော်ဟစ်လိုက်တော့သည်။

"အမလေး... မျှော့ကြီး... အား"

[ဘုရားရေ... ကြက်သီးထလိုက်တာ... ကျုပ်က အဲဒီကောင်တွေကို အကြောက်ဆုံးပဲ]

မျှော့၏ ကိုယ်တစ်ပိုင်းသည် ရှုရူယင်း၏ ခြေသလုံးသားထဲသို့ ထိုးဝင်နေပြီ ဖြစ်သည်။ သွေးစုပ်ထားသဖြင့် ကိုယ်လုံးမှာ ပြည့်ဖြိုးနေပြီး လှုပ်စိလှုပ်စိ ဖြစ်နေသေး၏။

"ဘယ်သူ ကူဖယ်ပေးလို့ ရမလဲဟင်... ဟင့်"

ရှုရူယင်း ငိုလုဆဲဆဲ ဖြစ်သွားရသည်။

ရှန်းယွီရှောင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင်...

လီရှောင်ယာသည် သူမ၏ အိတ်ကပ်ထဲမှ စက္ကူထုပ်လေးတစ်ထုပ်ကို ထုတ်ယူကာ ဖွင့်လိုက်ပြီး ရှုရူယင်း၏ ခြေထောက်ပေါ်သို့ ဖြူးချလိုက်လေသည်။ ဆားမှုန့်များမှာ မျှော့ပေါ်သို့ ကျရောက်သွား၏။ မျှော့၏ ခပ်ဖြည်းဖြည်း လှုပ်ရှားမှုများသည် ရုတ်ချည်းပင် ကသောင်းကနင်း ရုန်းကန်မှုများ ဖြစ်သွားတော့သည်။

မကြာမီ မျှော့သည် ရှုရူယင်း၏ ခြေထောက်မှ ကွာကျကာ မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။

ထို့နောက် လျင်မြန်စွာပင် တွန့်လိမ်ခြင်း၊ သွေးထွက်ခြင်း၊ ခြောက်သွေ့ခြင်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက် လုံးဝ သေဆုံးသွားတော့သည်။

ရှုရူယင်းမှာမူ ထိတ်လန့်နေဆဲဖြစ်ပြီး ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် မျက်ရည်စက်နှစ်စက်ပင် ကျဆင်းလာသည်။

သူမက တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။

"ဘောင်းဘီကို ဖိနပ်ထဲ ထည့်ထားတာတောင် ဘယ်လိုလုပ် ခြေထောက်ပေါ် ရောက်လာတာလဲ"

"မျှော့တွေက အဲဒီလိုပဲ... သမီးတို့ဆို စပါးခင်းထဲဆင်းရင် ရော်ဘာဘွတ်ဖိနပ် အရှည်စီးတယ်၊ ပြီးတော့ ဘောင်းဘီထပ်ဝတ်၊ အပေါ်က နောက်တစ်ထပ် ထပ်ဝတ်ရတယ်။ ဘောင်းဘီအနားသတ်တွေကိုလည်း သီးခြား စည်းထားရသေးတယ်။ အဲဒါမှ မဟုတ်ရင် သူတို့က ဝင်ရာလမ်းကြောင်း ရှာတွေ့သွားတာပဲ"

လီရှောင်ယာက တည်ငြိမ်စွာ ရှင်းပြလိုက်၏။

ရှုရူယင်းမှာ ကြားရင်းနဲ့ပင် ဦးရေပြားများ ထုံကျဉ်လာသလို ခံစားနေရသည်။ ဒီသတ္တဝါတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းလှပေသည်။

"ဒါဆို... တခြားနေရာတွေမှာရော ရှိဦးမလား"

ထိုစကားကို မေးလိုက်ချိန်တွင် ရှုရူယင်း မူးမေ့လဲကျလုမတတ် ဖြစ်သွားရသည်။

လီရှောင်ယာက မတတ်သာသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ရှိနိုင်တယ်"

ရှုရူယင်းက လက်ပြန်ဖြင့် ကျောကုန်းကို ကုတ်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

ရှန်းယွီရှောင်က ချက်ချင်းပင် အမိန့်ပေးလိုက်၏။

"ဆေးရုံ ပို့လိုက်"

သက်တော်စောင့်များနှင့် ယာဉ်မောင်းတို့သည် သခင်မလေးရှု တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ကြသည်။ မျှော့ကိုက်ခံရရုံမျှသာ ဆိုသော်ငြားလည်းပေါ့။

လီရှောင်ယာက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"သမီး ကြည့်ပေးလို့ ရပါတယ်"

"အင်း... အင်း... ဘယ်လိုလုပ်ရမလဲ"

လီရှောင်ယာက ဆရာမထံမှ အဆောင်အခန်းတစ်ခန်း ငှားလိုက်ပြီးနောက် ရှုရူယင်းကို အထဲသို့ ခေါ်ဆောင်သွားလေသည်။ တံခါးပိတ်လိုက်ပြီးနောက် သူမက လှည့်ကာ ပြောလိုက်သည်။

"အဝတ်တွေ ချွတ်လိုက်ပါ"

ရှုရူယင်း အံ့သြမှင်သက်သွားရသည်။

"ဟင်”

"အဝတ်မချွတ်ရင် ဘယ်လိုလုပ် ကြည့်လို့ရမှာလဲ"

လီရှောင်ယာက ရိုးရိုးသားသားပင် မေးလိုက်၏။

ရှုရူယင်း စဉ်းစားကြည့်လိုက်တော့လည်း ဟုတ်နေသည်ပဲ။ သို့သော် ထူးဆန်းသလိုတော့ ခံစားနေရဆဲပင်။ သီးသန့်အခန်းကို ခေါ်လာတာ ဒါကြောင့်ကိုး။ တော်သေးတာပေါ့... သူမရှေ့မှာ ရှိနေတာက ကလေးမလေးတစ်ယောက် ဖြစ်နေလို့။

ရှုရူယင်းသည် ရှက်ရွံ့နေမှုကို မျိုသိပ်လိုက်ပြီး အများသုံး ရေချိုးခန်းထဲ ရောက်နေသည်ဟု စိတ်ထဲ မှတ်ယူကာ သူမ၏ တန်ဖိုးကြီး အဝတ်အစားများကို အမြန်ချွတ်လိုက်တော့သည်။

"ဘယ်... ဘယ်လိုလဲ... ရှိသေးလားဟင်"

"နှစ်ကောင် ထပ်တွေ့တယ်"

"နှစ်ကောင်တောင်..."

"ပြီးပြီ"

လီရှောင်ယာက ပြောလိုက်သည်။

"ပြီးသွားပြီ ဟုတ်လား"

ရှုရူယင်း စိတ်ဆင်းရဲချိန်ပင် မရလိုက်ပေ။ သူမ လှည့်ကြည့်လိုက်သောအခါ ခြေထောက်နားရှိ ကြမ်းပြင်ပေါ်တွင် နောက်ထပ် မျှော့နှစ်ကောင် ကျနေသည်ကို တွေ့လိုက်ရ၏။

သူမ တစ်ကိုယ်လုံး ကြက်သီးများ ထသွားပြီး ဘေးသို့ အမြန် ခုန်ရှောင်လိုက်လေသည်။

ရှုရူယင်း တုန်တုန်ရီရီဖြင့် သူမကိုယ်သူမ ပွေ့ဖက်ထားလိုက်မိသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ လီရှောင်ယာက သူမ ချွတ်ထားသော အဝတ်အစားများကို ကောက်ယူနေသည်ကို တွေ့လိုက်ရ၏။

"ဘာလုပ်မလို့လဲ"

"ပြန်ရောက်ရင် ဒီအဝတ်အစားတွေကို ဆေးဖက်ဝင်အပင်တွေနဲ့ မှိုင်းတိုက်ပေးမလို့လေ။ အဲဒါဆိုရင် ပိုးမွှားတွေ ဝင်ဖို့ သိပ်မလွယ်တော့ဘူး"

လီရှောင်ယာက ပြောရင်းဆိုရင်း အဝတ်အစားများကို ခါလိုက်ရာ အမည်းရောင် ပိုးကောင်နှစ်ကောင် ထပ်မံ ပြုတ်ကျလာပြန်သည်။

"ဒီအဝတ်တွေ ပြန်ဝတ်လို့ ရပါဦးမလား"

ရှုရူယင်း မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။

"ရပါတယ်"

လီရှောင်ယာက အဝတ်များကို ပြန်ပေးလိုက်ရင်း ဆက်ပြောသည်။

"တခြားအကောင်တွေက ကြောက်စရာကောင်းရုံပဲ ရှိတာ... တကယ်ကိုက်တာ မဟုတ်ပါဘူး"

ရှုရူယင်းအနေဖြင့် ကိုယ်လုံးတီးနှင့် အပြင်ထွက်၍ မဖြစ်သဖြင့် ဘယ်လောက်ပင် ကြောက်ရွံ့နေပါစေ ပြန်ဝတ်ရုံသာ ရှိတော့သည်။

"အဝတ်အစားတွေကို မှိုင်းတိုက်ပေးဖို့ မမေ့နဲ့နော်"

"ဟုတ်ကဲ့"

လီရှောင်ယာက ခေါင်းညိတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ရှုရူယင်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"ကူညီပေးတဲ့အတွက် ပိုက်ဆံပေးပါမယ်"

"မလိုပါဘူး"

လီရှောင်ယာက ပြောရင်း တံခါးဖွင့်ကာ အရင်ထွက်သွားလေသည်။

ရှုရူယင်း ခေတ္တမျှ ကြောင်သွားပြီးနောက် အနောက်မှ အမှီလိုက်ကာ မေးလိုက်၏။

"ဘာလို့လဲ... ဘာလို့ မလိုတာလဲ။ နင်က ငါ့ကို ကူညီပေးထားတာပဲ... ငါ ပိုက်ဆံပြန်ပေးသင့်တာပေါ့။ ငါက တရားမျှတမှုကို လက်ကိုင်ထားတဲ့သူပါ"

တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များတွင် စာများ တရစပ် တက်လာတော့သည်။

[ရှန်းယွီရှောင်ကြောင့်ပေါ့ဟ]

[ဟုတ်တယ်... ရှန်းယွီရှောင်ရဲ့ သူငယ်ချင်းကောင်း ဒါမှမဟုတ် ဆွေမျိုးဆိုရင် လီရှောင်ယာရဲ့ မိတ်ဆွေပီသမှုကို ခံစားခွင့်ရှိတယ်လေ]

ထိုအချိန်တွင် ရှန်းယွီရှောင်က ဆူညံသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

"ပြီးပြီလား"

ရှုရူယင်း၏ စိတ်ဓာတ်များ ကျဆင်းသွားပြီး ညှိုးငယ်စွာ ပြောလိုက်လေသည်။

"အင်း... ပြီးပြီ... ငါ ဒီကို ဘယ်တော့မှ ထပ်မလာတော့ဘူး။ အခု ပြန်တော့မယ်"

လီရှောင်ယာက သူမ၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး ပြောလိုက်သည်။

"ကျောင်းဆင်းမှ အတူတူ ပြန်ကြမယ်လေ"

ရှုရူယင်းက ထိုကလေးမလေး သူမကို မျက်နှာလိုမျက်နှာရ လုပ်နေသည်ဟု ထင်လိုက်သည်။

သို့သော် လီရှောင်ယာ ဆက်ပြောလိုက်သော စကားကို ကြားလိုက်ရ၏။

"တစ်ယောက်တည်း ပြန်ရင် စပါးခင်းထဲ ထပ်ကျဦးမယ်"

ရှုရူယင်း တစ်ကိုယ်လုံး တုန်သွားပြီး ချက်ချင်းပင် လေသံပြောင်းသွားတော့သည်။

"အင်း... အင်း... ဒါဆို စောင့်မယ်လေ"

လီရှောင်ယာက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ထမင်း အရင်စားကြရအောင်"

အစားအသောက်အကြောင်း ပြောလိုက်မှ ရှုရူယင်း ဗိုက်စာလာကြောင်း သတိထားမိလိုက်သည်။ ဂုဏ်သိက္ခာ ထိန်းချင်သော်လည်း သူမ၏ ဝမ်းဗိုက်က ခွင့်မပြုတော့ချေ။

လီရှောင်ယာက ထမင်းချိုင့်ကို ရှာရင်း ပြောလိုက်သည်။

"ကျောင်းစားသောက်ဆိုင်ကို မြန်မြန်သွားမှ ရမယ်။ မဟုတ်ရင် ဟင်းကုန်သွားလိမ့်မယ်"

ရှုရူယင်းက နိုင်ငံခြား တက္ကသိုလ်တွေက ကော်ဖီဆိုင်တွေလိုမျိုး ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ အဆင့်မြင့် စားသောက်ဆိုင် မဟုတ်ရင်တောင် အနည်းဆုံးတော့ ဘူဖေးလောက်တော့ ရှိမှာပါလေ။

သူမ အမြန်လိုက်သွားလိုက်သော်လည်း စားပွဲရှည်ကြီးတွေပေါ်က အလူမီနီယံ ဇလုံကြီးတွေကို မြင်လိုက်ရတဲ့အခါ လန့်ဖျပ်သွားရတော့သည်။

"ဒါက... နေ့လယ်စာလား"

ရှုရူယင်း အသံများပင် တုန်သွားရရှာသည်။

[ဒီတစ်ယောက်က ဘယ်သူမို့လို့ ဒီလောက်တောင် ဂျီးများနေရတာလဲ]

ရှုရူယင်းတစ်ယောက် မှတ်ချက်များတွင် ဝေဖန်ခံနေရကြောင်း မသိရှာပေ။

မကြာမီ သူမ နောက်ထပ်အချက်တစ်ခုကို သဘောပေါက်လိုက်ပြန်သည်။

"ငါ... ဒီက ထမင်းကို စားလို့ မရဘူးလား"

စားသောက်ဆိုင် ဝန်ထမ်းများက သူမကို လှည့်ပင်မကြည့်ကြချေ။ သူမ အထင်သေးခဲ့သော အလူမီနီယံ ဇလုံကြီးများကိုပင် သူမ စားခွင့်မရနိုင်ပေ။

လီရှောင်ယာက ခေါင်းညိတ်လိုက်သည်။

"ဒါတွေက အစိုးရနဲ့ စေတနာရှင်တွေ လှူထားတာမို့ ကျောင်းသားတွေပဲ စားခွင့်ရှိတာ"

"ဒါဆို ငါကရော..."

လီရှောင်ယာက ထမင်းချိုင့်တစ်ချိုင့်ကို ဖြည့်ပြီးနေပြီ ဖြစ်သည်။ သူမက လှည့်ကြည့်ပြီး ပြောလိုက်သည်။

"သမီး ခွဲကျွေးပါ့မယ်"

ရှုရူယင်းက ထမင်းချိုင့်ကို ငုံ့ကြည့်လိုက်သည်။

"နင်နဲ့ အတူတူ စားရမှာလား"

ရှန်းယွီရှောင် ဝင်ပြောလိုက်၏။

"ဘာတွေ တွေးနေတာလဲ... ငါတို့လေးယောက်လုံး ခွဲစားကြမှာ"

ရှုရူယင်း "..."

ရှုရူယင်း မနေနိုင်တော့ဘဲ မျက်ရည်များ ဝဲလာရတော့သည်။

"ဒါ ဘယ်လို နေ့ရက်မျိုးကြီးလဲ"

လီရှောင်ယာက ထမင်းချိုင့်ကို ကိုင်ကာ ထွက်လာရင်း သက်တော်စောင့်များနှင့် ယာဉ်မောင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှန်းယွီရှောင်ကို မေးလိုက်၏။

"သူတို့ကရော ဘယ်လိုလုပ်မလဲ"

"သူတို့အကြောင်း စိတ်မပူနဲ့။ သူတို့ဘာသာ ရှာစားလိမ့်မယ်။ ရှုရူယင်း... မင်းလည်း စိတ်ပူမနေနဲ့"

လီရှောင်ယာက တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ သူ ကြည့်ရတာ သနားစရာလေး"

ရှန်းယွီရှောင်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

"သူက ဒီအတိုင်း လာစားပြီး ဘာအလုပ်မှ လုပ်တာမဟုတ်ဘူး။ ဘာသနားစရာ ရှိလို့လဲ"

ရှုရူယင်း ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။

"ရှန်းယွီရှောင်... မင်း ငါ့အကြောင်း အတင်းပြောနေတာလား"

လီရှောင်ယာက လှည့်ကြည့်ပြီး ပြောလိုက်၏။

"မဟုတ်ပါဘူး... သူက ကြက်ဥတစ်ဝက် ခွဲပေးမယ်လို့ ပြောနေတာ"

"သူ့လိုလူက ဒီလောက် သဘောကောင်းပါ့မလား"

ရှုရူယင်းက သံသယဖြင့် ပြောလိုက်သည်။

လီရှောင်ယာက ကစားကွင်းဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် လည်ချောင်းရှင်းလိုက်၏။

"အဟမ်း... အခု အစားအသောက်တွေ ခွဲဝေပေးပါ့မယ်"

ရှုရူယင်းတစ်ယောက် သူမ ဒီအခြေအနေကို ဘယ်လိုရောက်လာမှန်း စဉ်းစားလို့ပင် မရတော့ပေ။ ရှန်းယွီရှောင်၊ နင်းဟန်တို့နှင့်အတူ ခေါင်းချင်းဆိုင်ပြီး ကလေးတစ်ယောက် အစားအစာ ခွဲဝေပေးသည်ကို စောင့်ဆိုင်းနေရသည်တဲ့လား။

"နင်းဟန်က ထင်းခွဲပြီး ကြက်စာကျွေးထားလို့ အသားလုံး ရမယ်"

"ရှန်းယွီရှောင်... အင်း... အမဲသားနဲ့ ကြက်ဥတစ်ဝက် ရမယ်"

"ရှု..."

လီရှောင်ယာက နာမည်မေ့သွားသဖြင့် ရပ်သွားသည်။

"အစ်မကတော့ ကြက်ဥတစ်ဝက် ရမယ်"

[ဟားဟား... လီရှောင်ယာကပဲ ဒီအိမ်ကို ဦးစီးနေသလို ဖြစ်နေပြီ မဟုတ်ဘူးလား]

All Chapters