← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

Chapter 47

[လေးယောက်တောင်မှ ဒီထမင်းတစ်ချိုင့်တည်းကို ခွဲစားရတာ တကယ်သနားစရာပဲ... ရိုက်ကူးရေးအဖွဲ့ကလည်း ဘယ်လိုလုပ်ပြီး ကြည့်ရက်နိုင်ရတာလဲ]

[နင်းဟန်ကတော့ အရူးလေးလို ပြုံးဖြီးနေတုန်းပဲ... သေချာနားထောင်နော်၊ မင်းရဲ့ အစ်ကိုရှန်းကတော့ ဘာမှလုပ်စရာမလိုဘဲ အစားကောင်း စားရမှာ]

"နွားနို့လည်း ရှိသေးတယ်။ တစ်ယောက်ကို လေးပုံတစ်ပုံပေါ့"

လီရှောင်ယာက မျက်လှည့်ပြလိုက်သလို ပလတ်စတစ် ရေသန့်ဘူးခွံ အပြတ်လေးကို ထုတ်ပြလိုက်သည်။

သူမက ဆက်ပြီး ရှင်းပြလေသည်။

"ဒါက သန့်ပါတယ်။ အားကစားပွဲတုန်းက ဆရာမက ဆုချထားတာ။ အထဲက ရေကိုတော့ တခြားသူကို ရောင်းလိုက်တယ်လေ"

[အထဲက ရေကိုတောင် သက်သက်ရောင်းစားတတ်သေးတယ်ပေါ့။ စီးပွားရေးပါရမီရှင်လေးပါလား]

လီရှောင်ယာသည် ပလတ်စတစ်ဘူးခွံ အပြတ်နှစ်ခုကို အသုံးပြု၍ လူတိုင်းအတွက် နွားနို့အနည်းငယ်စီ လောင်းထည့်ပေးလိုက်သည်။ အောက်ခြေပြားသော ဘူးခွံအပြတ်ကို နင်းဟန်အား ပေးလိုက်ပြီး ဘူးအဖုံးပါသော အပိုင်းကိုမူ ရှုရူယင်းအား ပေးလိုက်လေသည်။

[ကြည့်လေလေ လီရှောင်ယာက ပိုစိတ်ဝင်စားဖို့ ကောင်းလေလေပဲ။ ပါးစပ်ကသာ ထုတ်မပြောတာ... စိတ်ထဲမှာတော့ လူတွေကို သေချာခွဲခြားထားပုံရတယ်။ နင်းဟန်ကို အောက်ခြေပြားတဲ့ ဘူးခွံနဲ့ ပေးတာက သူ အရင်ရောက်နေလို့၊ ပြီးတော့ သူနဲ့ ပိုရင်းနှီးလို့လေ]

နောက်ဆုံးတွင် လီရှောင်ယာနှင့် ရှန်းယွီရှောင်တို့သည် ကျန်ရှိသော နွားနို့ကို သူမ၏ ထမင်းချိုင့်ထဲမှ ခွက်အသေးလေးဖြင့် မျှဝေ သောက်သုံးလိုက်ကြသည်။

ရုတ်တရက် ရှုရူယင်းက အာမေဋိတ်သံ ပြုလိုက်လေသည်။

"နွားနို့က ဒီလောက် အရသာရှိမှန်း အရင်က မသိခဲ့ဘူး"

"နေဦး... နေဦး..."

သူမ ရုတ်တရက် သတိဝင်လာပြီး ပြောလိုက်၏။

"ငါက နင်တို့ အစီအစဉ် ရိုက်ဖို့ လာတာမှ မဟုတ်တာ။ ငါ့မှာ ငါ့ပိုက်ဆံ ရှိတယ်။ ဘာလို့ သွားမဝယ်စားရမှာလဲ။ ကျောင်းမှာ ဈေးဆိုင် ရှိတယ် မဟုတ်လား"

ရှုရူယင်းသည် ခုနက ရထားသော ကြက်ဥတစ်ဝက်ကို ချထားခဲ့ပြီး မုန့်သွားဝယ်ရန် အပြေးထွက်သွားတော့သည်။

ရှန်းယွီရှောင်က မျက်တောင်ပင် မခတ်ဘဲ ထိုကြက်ဥတစ်ဝက်ကို ကောက်ယူပြီး စားလိုက်လေသည်။

[ဟားဟား... သခင်လေးရှန်းကလည်း ဘယ်လိုတောင် အနိုင်ကျင့်ရတာလဲ]

သို့သော် ရှန်းယွီရှောင်သည် သူစားလက်စ ကြက်ဥတစ်ဝက်ကို လီရှောင်ယာအား အတင်းထိုးကျွေးလိုက်ပြန်သည်။

[ရင်နင့်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်း၊ ကြည်နူးစရာလည်း ကောင်းတယ်နော်]

[ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဆင်းရဲတော့ မောင်နှမတွေ ဒီလိုပဲ ခွဲဝေစားခဲ့ကြရတာ။ ဝါး... အတိတ်ကို လွမ်းလိုက်တာရှင်]

နင်းဟန်ကလည်း အစားအသောက် မျှဝေစားသောက်ရသည့် လုပ်ရပ်ကို သဘောကျနေပုံရသည်။ သူက သက်ပြင်းချရင်း ပြောလိုက်၏။

"ဒါကို ဒုက္ခအတူမျှဝေတယ်လို့ ခေါ်တာမလား"

မျှော်လင့်မထားစွာပင် ရှန်းယွီရှောင်က ပြန်ပက်လိုက်သည်။

"ဘာဒုက္ခလဲ... ဘယ်မှာလဲ ဒုက္ခ"

[ဟုတ်ပါတယ်ရှင်... ဟုတ်ပါ့။ သခင်လေးရှန်းရဲ့ မျက်လုံးထဲမှာတော့ လီရွာလေးက ဘဝက အရမ်းသာယာနေတော့ ဘယ်မှာ ဒုက္ခရှိပါ့မလဲနော်]

မကြာမီတွင် ရှုရူယင်း၏ သက်တော်စောင့်က အိတ်တစ်လုံးဆွဲကာ ပြန်ရောက်လာလေသည်။

"ဒါတွေက သခင်မလေး ဝယ်ခိုင်းလိုက်တဲ့ မုန့်တွေပါ"

ရိုက်ကူးရေးအဖွဲ့က ဝင်ရောက်စွက်ဖက်ရန် မတ်တပ်ရပ်လိုက်ကြသည်။

"ဒါက စည်းကမ်းနဲ့ မညီဘူး ထင်တယ်နော်"

ရှန်းယွီရှောင်က အိတ်ထဲမှ ရေခဲလက်ဖက်ရည် တစ်ပုလင်းကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး တံဆိပ်ကို မျက်လုံးမှေးကာ ဖတ်လိုက်သည်။

"ကန်ရွှေ့ဖူ ဒါက ဘာကြီးလဲ"

နောက်ထပ်တစ်ထုပ် ထပ်ထုတ်လိုက်ပြန်သည်။

"ယွဲ့လီယွဲ့?"

နောက်ထပ်တစ်ခု...

"ဝမ်ကျစ် ဒါတွေအကုန်လုံးက ဘာတွေလဲ"

မကြာမီ ရှုရူယင်း ပြန်ရောက်လာပြီး နားမလည်နိုင်စွာ ပြောလိုက်သည်။

"ဘာလို့ ဒီက မုန့်ထုပ်တွေအကုန်လုံး စာလုံးပေါင်းမှား ရိုက်ထားကြတာလဲ။ Sachima လို မုန့်မျိုး ဝယ်ချင်တာ တကယ်မရှိဘူး။ ရောင်းနေတဲ့ ပေါင်မုန့်တွေကလည်း သက်တမ်းကုန်နေပြီ"

"စာလုံးပေါင်းမှားတာ မဟုတ်ဘူး... အတုတွေ"

ရှန်းယွီရှောင်က မုန့်တွေကို သူမလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

"မင်းပဲ ဖြည်းဖြည်းချင်း စားလိုက်တော့"

ရှုရူယင်း "..."

[ဟားဟား... ဘာတွေများလဲလို့။ ရှုရူယင်းက ကြွားချင်တာ၊ အခုတော့ မျက်နှာကြီး စိမ်းသွားပြီ]

အတုဖြစ်စေ၊ အစစ်ဖြစ်စေ သူတို့အားလုံး ဝိုင်းဖွဲ့ပြီး နေ့လယ်စာကို ပြီးစလွယ် စားသောက်လိုက်ကြသည်။

ရှန်းယွီရှောင်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။

"နောက်တစ်ခါကျရင် ကျောင်းအုပ်ကြီးရဲ့ နေ့လယ်စာကို သွားမျှစားရင် မကောင်းဘူးလား"

နင်းဟန်က ကောင်းသော အကြံအစည်ဟု ထင်မြင်နေသည်။

ရှုရူယင်းက ဝင်ပြောလိုက်သည်။

"အဲဒါ ဓားပြတိုက်တာ မဟုတ်ဘူးလား"

နင်းဟန်က ပြန်ပက်လိုက်၏။

"လူတိုင်း သဘောတူရင် ဘယ်လိုလုပ် ဓားပြတိုက်တာ ဖြစ်မလဲ"

[ရိုက်ကူးရေးအဖွဲ့ မရောက်လာခင်တုန်းက လီရှောင်ယာ ဘယ်လိုဘဝမျိုး ဖြတ်သန်းခဲ့ရမလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး။ ထမင်းစားဖို့တောင် ဒီလောက် ခက်ခဲနေတာ]

[သူ့ဘဝက လေးယောက်စာ ခွဲစားစရာ မလိုသလို အရူးလေး လေးယောက်ကို ထိန်းကျောင်းပေးစရာလည်း မလိုတော့ဘူးလေ]

[ဟားဟား... အပေါ်က ကွန်းမန့်ကြောင့် ကြက်အော်သလိုတောင် အော်ရယ်မိတယ်]

[ဘာလို့ လေးယောက်လဲ]

[ချင်ဆွေ့ကို မမေ့နဲ့လေ]

[ချင်ဆွေ့ရေ... မင်းရဲ့ ရှစ်ဆက်မြောက် ဘိုးဘေးတွေကို ကျေးဇူးတင်လိုက်ပါတော့]

ရှုရူယင်းတစ်ယောက် ကျောင်းဆင်းချိန်အထိ အောင့်အီးသည်းခံခဲ့ရသည်။

ထို့နောက်တွင်မူ "မိသားစု သုံးယောက်" မှ "မိသားစု လေးယောက်" သို့ တိုးချဲ့ဖွဲ့စည်းလိုက်တော့သည်။

ရိုက်ကူးရေးအဖွဲ့က ဤအခြေအနေသည် မသင့်တော်ဟု ခံစားရသော်လည်း ရှုရူယင်းကို ပြန်သွားရန် မည်သူမျှ ဖျောင်းဖျမရခဲ့ပေ။ သူမက ငြင်းခုံပြောဆိုလိုက်လေသည်။

"ငါက နင်တို့ဆီက ဉာဏ်ပူဇော်ခ ယူနေတာမှ မဟုတ်တာ။ အလကား လာရိုက်ပေးနေတဲ့ဟာကို... နင်တို့က ငါ့ဆီက အမြတ်ထုတ်နေတာ မဟုတ်ဘူးလား"

ရိုက်ကူးရေးအဖွဲ့မှာ ပြန်လည်ချေပရန် စကားမရှိတော့ပေ။

သူတို့ ကျောင်းဝင်းထဲမှ ထွက်လာကြပြီး လမ်းမကြီးပေါ် ရောက်သည်နှင့် လယ်ကွင်းများကြားရှိ လမ်းကျဉ်းလေးအတိုင်း ကွေ့ဝင်လိုက်ကြသည်။

လီရှောင်ယာက ရှေ့ဆုံးမှ သွားနေပြီး သူမနောက်တွင် ရှန်းယွီရှောင်၊ ထို့နောက် နင်းဟန်နှင့် နောက်ဆုံးတွင် ရှုရူယင်းတို့ အသီးသီး လိုက်ပါလာကြသည်။

ရှုရူယင်းတစ်ယောက် ရုတ်တရက် အပယ်ခံရသလို ခံစားလိုက်ရသည်။

[လီရှောင်ယာက သူ့နာမည်နဲ့ လိုက်ပါတယ်... ဘဲမကြီးက ဘဲပေါက်လေးတွေကို ရေထဲ ခေါ်သွားသလိုပဲ၊ အနောက်မှာ တစ်သီတစ်တန်းကြီးနဲ့]

[ဒီနေ့တော့ ပြောလိုက်ဦးမယ်... ဒီမိသားစုက လီရှောင်ယာ မပါဘဲ ဘာမှလုပ်လို့ မရဘူး]

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် လီရှောင်ယာက ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ခြေရာတွေအတိုင်း လိုက်နင်းလာခဲ့နော်... အဲဒါမှ မချော်လဲမှာ"

ရှုရူယင်း မနေနိုင်ဘဲ မေးလိုက်မိသည်။

"ဘာလို့လဲ... နင်က မလဲဘူးလား"

လီရှောင်ယာက ကျစ်ဆံမြီးလေးများ လှုပ်ခါသွားသည်အထိ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"အများကြီး လဲပြီးသွားရင် မလဲတော့ဘူးလေ"

ရှုရူယင်း ငြိမ်ကျသွားပြီး သူမရှေ့ရှိ ခြေရာများကို နာခံစွာဖြင့် လိုက်နင်းလေတော့သည်။

လီရှောင်ယာ ချန်ထားခဲ့သော ခြေရာတိုင်းသည် ထပ်ခါထပ်ခါ ဖုံးအုပ်ခြင်း ခံလိုက်ရလေသည်။

ရုတ်တရက် ကြည့်ရှုသူအချို့၏ ရင်ထဲတွင် လှုပ်ရှားသွားကြသည်။

[အရင်တုန်းက လီရှောင်ယာဟာ ဆောင်းဖြစ်စေ၊ နွေဖြစ်စေ၊ အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ၊ လင်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ တောင်ပေါ်ခရီးကြမ်းကို တစ်ယောက်တည်း လျှောက်လှမ်းခဲ့ရတယ်။ လမင်းရဲ့ အလင်းရောင်အောက်မှာတောင် တစ်ယောက်တည်း သွားခဲ့ရတာ။ သူလျှောက်ခဲ့ရတဲ့ လမ်းခရီးက အရမ်း အထီးကျန်ဆန်တယ်။ ဘေးမှာ အဖော်ပြုပေးမယ့်သူ တစ်ယောက်မှ မရှိဘဲ ခြေရာတစ်ကြောင်းတည်းသာ အမြဲတမ်း ကျန်ရစ်ခဲ့တာ]

[ဒါပေမဲ့ အခုတော့ သူ့ဘေးမှာ အဖော်တွေ ရှိလာပြီ။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း လိုက်နင်းမယ့်သူတွေ ရှိလာပြီ။ သူဟာ တောင်ပေါ်ရွာလေးက အထီးကျန်ဆန်တဲ့ လီရှောင်ယာ မဟုတ်တော့ဘူး]

ကြည့်ရှုသူတစ်ဦး၏ ရင်ထဲမှလာသော ထိုမှတ်ချက်ကို screenshot ရိုက်ယူကာ အခြားလူမှုကွန်ရက် စာမျက်နှာများတွင် မျှဝေလိုက်ကြသည်။ ထိုနေ့ တိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးမီမှာပင် ထို screenshot သည် ပျံ့နှံ့သွားခဲ့လေသည်။

[ဒီစာသားလေးက မျက်ရည်ကျစရာပဲ]

[ဒါကို ဒီနှစ်ရဲ့ အကောင်းဆုံး ဘဝပေးဆပ်မှု စာပေလို့ သတ်မှတ်လို့ရမလား]

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်ရှိ လှုပ်လှုပ်ခတ်ခတ် ဖြစ်မှုများသည် အစီအစဉ်အပေါ် စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ရလဒ်အနေဖြင့် လီရှောင်ယာ အမှန်တကယ် ဘယ်လိုပုံစံလဲဆိုတာ သိချင်ကြသည့် အင်တာနက် အသုံးပြုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့တော့သည်။

ရွာလူကြီးအိမ်တွင်မူ...

လီစုန့်တစ်ယောက် ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရမှန်း မသိတော့ပေ။

ရှုရူယင်း ပြန်ရောက်လာတာ နောက်ကျနေသဖြင့် သမီးဖြစ်သူ မှာကြားထားသည်များကို သူ မလုပ်ဆောင်နိုင်ခဲ့မှာကို စိုးရိမ်ပူပန်နေရသည်။

ထိုသို့ တွေးနေစဉ်မှာပင် ရှုရူယင်း ဝင်လာခဲ့လေသည်။

"ကျွန်မကို စောင့်နေတာလား"

ရှုရူယင်းက အံ့သြစွာ မေးလိုက်သည်။

လီစုန့်က ခေါင်းကို တဆတ်ဆတ် ညိတ်ရင်း ပြောလိုက်၏။

"ကျွန်တော် နေ့လယ်စာ ပြင်ထားပေးပေမယ့် သခင်မလေးက ပြန်မလာဘူးကိုး"

"ရပါတယ်... ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်။ ပြီးမှ ဆင်းစားမယ်"

"ဟုတ်ကဲ့... ဟုတ်ကဲ့... ညစာ အသစ် ပြန်လုပ်ပေးပါ့မယ်"

ရှုရူယင်းသည် ယခုမှ သခင်မလေး စတိုင်ပြန်ဖမ်းနိုင်သော်လည်း ရေချိုးခန်းထဲသို့ သူမ မည်မျှ အလျင်အမြန် ပြေးဝင်သွားခဲ့ရသည်ကိုတော့ သူမကိုယ်တိုင်သာ သိပေသည်။

ရေချိုး၊ ခေါင်းလျှော်၊ အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပြီးမှ ရှုရူယင်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

သူမ တံခါးဖွင့်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အနားမရောက်ခင်ကပင် အသားဟင်းနံ့ သင်းသင်းလေးကို ရလိုက်၏။

"ဒါက..."

ရှုရူယင်းက စားပွဲပေါ်ရှိ ဟင်းပွဲ ၅ မျိုးကို ကြည့်လိုက်သည်။

"အမဲသားနှပ်၊ မှိုအသားလုံးဟင်း၊ ဝက်သားသုံးထပ်သားပေါင်း၊ မျှစ်ချိုချက်၊ မှိုစုံဟင်းချို... ကြိုက်တာ ပါရဲ့လား"

လီစုန့်က ဂရုတစိုက် မေးလိုက်သည်။

ရှုရူယင်းအနေဖြင့် ဟင်းပွဲများ အလွန်အကျွံ ပြင်ဆင်ထားခြင်းက ဖြုန်းတီးရာ ရောက်၊ မရောက်ကို မစဉ်းစားမိပေ။

နေ့လယ်က လီရှောင်ယာတို့နှင့် စားခဲ့ရသော နေ့လယ်စာနှင့် ယှဉ်လိုက်လျှင် ဤသည်မှာ အလွန်ပင် ခမ်းနားထည်ဝါလွန်းနေသည်ဟု သူမ တွေးမိလိုက်သည်။

သူမ ခေါင်းထဲတွင် အတွေးတစ်ခုသာ ပေါ်လာတော့သည်။

"ဒီဟင်းတွေက ကျွန်မအတွက် ချက်ထားတာမလား"

"ဟုတ်ပါတယ်ဗျ"

ရှုရူယင်းက သူမ၏ သက်တော်စောင့်ကို ကြီးကျယ်ခမ်းနားစွာ လက်ဟန်ပြလိုက်သည်။

"အကုန်လုံးကို လီရှောင်ယာအိမ် သယ်သွားမယ်"

ရှုရူယင်းက သူမစိတ်ထဲတွင် ကျေနပ်အားရစွာ တွေးလိုက်မိသည်။ ငါက သူတို့ကို အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီး ယူသွားပေးမှာဆိုတော့ သူတို့ ငါ့ကို ကိုးကွယ်ကြတော့မှာပဲ။ ရှန်းယွီရှောင်ကို အထင်ကြီးအောင် လုပ်ရတာ ခက်တယ်၊ နင်းဟန်ကလည်း နည်းနည်းတော့ ခက်တယ်ဆိုပါတော့။

ဒါပေမဲ့ အနည်းဆုံးတော့လေ!

အနည်းဆုံးတော့ အဲဒီကလေးမလေးက ငါ့ကို အားကျသွားမှာပဲ မဟုတ်လား။

သူမ အနောက်တွင် ရပ်နေသော လီစုန့်မှာမူ ဒေါသကြောင့် နေရာတင် သေဆုံးလုမတတ် ဖြစ်သွားရလေသည်။

"ဘယ်ကို ယူသွားမလို့လဲ... လီရှောင်ယာအိမ် ဟုတ်လား"

မနာလိုဝန်တိုမှုနှင့် ထိတ်လန့်အံ့သြမှုတို့ကြောင့် လီစုန့်၏ အသံမှာ စူးရှသွားရတော့သည်။

ချင်းချင်း ပြောတာ မှန်တယ်... လီရှောင်ယာက တကယ့်ကို သူမရဲ့ အနှောင့်အယှက်ပဲ!

All Chapters