← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

Chapter 49

လီချင်းချင်း ဤကိစ္စကို သိနေရခြင်းမှာ ယခင်ဘဝတုန်းက လီရှောင်ယာ မွေးစားခံရကြောင်း သိလိုက်ရသည့်အချိန်တွင် သတင်းများကို ရှာဖွေကြည့်ရှုခဲ့မိခြင်းကြောင့်ပင်။

သူမသည် သတင်းများကို ရှာဖွေရင်း ရှန်းယွီရှောင်ကဲ့သို့သော သူဌေးသားတစ်ယောက်နှင့် လက်ထပ်ခွင့်ရလျှင် မည်မျှကောင်းလိမ့်မည်နည်းဟု စိတ်ကူးယဉ်ခဲ့မိသည်။

တဖြည်းဖြည်းနှင့် သူမသည် ရှန်းယွီရှောင်နှင့် ရှန်းမိသားစုတစ်ခုလုံးကို ပို၍ အာရုံစိုက်လာခဲ့သည်။

ထို့ကြောင့် သူမသည် ရှန်းမိသားစုနှင့် ပတ်သက်သော အဓိကသတင်းကြီးများကို အထူးတလည် မှတ်မိနေခြင်း ဖြစ်သည်။

ထိုအထဲတွင် ရှန်ကွမ်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည့် ကိစ္စလည်း ပါဝင်သည်။

ကံဆိုးသည်မှာ ဤစာချုပ်ကိစ္စသည် အလွန်ချောမွေ့ခဲ့ပြီး ရှန်းကော်ပိုရေးရှင်းအတွက် အကျိုးအမြတ်များစွာ ရရှိစေခဲ့သည်။ ရှောင်ရှားရမည့် အန္တရာယ်မျိုးလည်း မရှိခဲ့ပေ။ သို့မဟုတ်ပါက သူမသာ ကြိုတင်သတိပေးနိုင်ခဲ့လျှင် ရှန်းကျွမ်တစ်ယောက် သူမကို မိုးမွှန်အောင် ချီးကျူးလိမ့်မည်မှာ အမှန်ပင်။

ရှုရူယင်း၏ မိဘများ သေဆုံးမည့်ကိစ္စကို တိုက်ရိုက်မပြောဘဲ သူမ၏ အနာဂတ်ဟောနိုင်စွမ်းကို သက်သေပြရန် ဤကိစ္စကို ဦးစွာ ရွေးချယ်လိုက်ရခြင်းမှာ အကြောင်းပြချက် နှစ်ခုရှိသည်။ ပထမအချက်မှာ သူတို့ ဘယ်အချိန်သေဆုံးမည်ကို သူမ အတိအကျ မသိခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာမူ ဗြောင်ဖွင့်ပြောလိုက်ပါက သူမက သူတို့ကို ကျိန်စာတိုက်နေသည်ဟု ထင်မြင်သွားနိုင်သောကြောင့် ဖြစ်သည်။

လီချင်းချင်းသည် ရှန်းကျွမ်၏ တုံ့ပြန်မှုကို အလွန်ကျေနပ်အားရနေလေသည်။

သူမ စိတ်ထဲတွင် "ငါက တော်တော်လေး ဉာဏ်ကောင်းတာပဲ... ငါက အနိုင်ရသူအဖြစ် မွေးဖွားလာတာ၊ ဒီကမ္ဘာကြီးရဲ့ ဇာတ်လိုက်မင်းသမီးပဲဟာကို။ ငါ့ရဲ့ နောက်ခံအခြေအနေကြောင့်သာ နှောင့်နှေးနေရတာ..." ဟု တွေးတောလိုက်မိသည်။

"စိတ်ဝင်စားစရာပဲ"

ရှန်းကျွမ် ရုတ်တရက် ထပြောလိုက်သည်။

စိတ်ဝင်စားစရာထက် ပိုပါသေးတယ်ဟု လီချင်းချင်း တွေးလိုက်မိသည်။ ဒီလိုစွမ်းရည်မျိုးနဲ့ ကြုံတွေ့ရရင် ဘယ်သူမဆို ပျော်သွားကြမှာပဲ မဟုတ်ဘူးလား။

လီချင်းချင်း အကြံထုတ်လိုက်ပြီး ရှန်းကျွမ်၏ ရှေ့မှောက်တွင် ဖြူစင်ရိုးသားသော ကလေးမလေးအဖြစ် ဆက်လက်ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူမ မော့ကြည့်ကာ ချိုသာသော အသံလေးဖြင့် မေးလိုက်လေသည်။

"စိတ်ဝင်စားဖို့ ကောင်းလားဟင်"

သူမ၏ မျက်လုံးများက အရောင်လက်နေပြီး မျက်ဝန်းထောင့်တွင် ကြောက်ရွံ့မှု အရိပ်အယောင်လေးများပါ ယှက်သန်းနေသည်။

"သမီးက ဘယ်သူ့ကိုမှ မပြောရဲဘူး။ သူတို့က သမီးကို သဘာဝလွန် သတ္တဝါကြီးလို့ ထင်သွားမှာ ကြောက်လို့။ ဦးဦးရှန်းကိုပဲ ပြောပြရဲတာ..."

"အို... ဘာလို့လဲ"

လီချင်းချင်းက သတ္တိမွေးလိုက်ပုံရပြီး ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ သမီးက ဦးဦးရှန်းကိုပဲ ယုံကြည်လို့ပါ"

ရှန်းကျွမ်က သူမကို ကြည့်နေသော်လည်း ချက်ချင်း စိတ်လှုပ်ရှားသွားပုံ မပြပေ။

လီချင်းချင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။

သူမ ပြောတာ မှားသွားလို့လား။ သူမက ယုံကြည်မှုနဲ့ သံယောဇဉ်ကို အပြည့်အဝ ပြသလိုက်တာပဲလေ... ရှန်းကျွမ် ဝမ်းသာသွားသင့်တာ မဟုတ်ဘူးလား။

ခဏကြာမှ ရှန်းကျွမ်က ပြုံးရယ်ရင်း ထပ်မေးလိုက်သည်။

"ဒါဆို သမီးက ဘယ်လောက်အထိ ကြိုမြင်နိုင်လဲ။ သမီးရဲ့ ကိုယ်ပိုင်အနာဂတ်ကိုရော ကြိုမြင်နိုင်လား"

လီချင်းချင်း ရုတ်တရက် ဖိအားကြီးကြီးမားမား ခံစားလိုက်ရပြီး ကျောပြင်တွင် ချွေးစေးများ ပျံလာတော့သည်။

ကံကောင်းထောက်မစွာပင် သူမ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာပြီး ပြောလိုက်လေသည်။

"သမီးရဲ့ ကိုယ်ပိုင်အနာဂတ်ကို ကြိုမြင်ပြီးသားမို့လို့ ဦးဦးရှန်းကို ဒီလောက် ယုံကြည်နေရတာပေါ့"

"ဪ... ဒါဆို သမီးမြင်ရတဲ့ အနာဂတ်မှာ ဘယ်လိုဖြစ်နေလဲ"

"ဦးဦးရှန်းက သမီးအပေါ် အရမ်းကောင်းတယ်လေ"

ရှန်းကျွမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"နောက်ကျနေပြီ... စောစော အိပ်တော့"

ရှန်းကျွမ် စကားဖြတ်ပြီး ထွက်ခွာသွားသည်ကို လီချင်းချင်း စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေလိုက်ရသည်။

ရှန်းကျွမ်က သူမကို ယုံရောယုံရဲ့လား။

ဒီအိမ်မှာ ရှန်းကျွမ်က စည်းရုံးရ အလွယ်ဆုံး ဖြစ်လိမ့်မယ်လို့ သူမ ထင်ထားခဲ့သော်လည်း အခုကြည့်ရတာ... သူက ကိုင်တွယ်ရ သိပ်မလွယ်ကူလှပေ။

လီချင်းချင်း မတွေးဘဲ မနေနိုင်တော့ချေ... ယခင်ဘဝတုန်းက လီရှောင်ယာ ဘယ်လိုများ စွမ်းဆောင်ခဲ့ပါလိမ့်။

ထိုအချိန်တွင် ရှုရူယင်းသည် ရွာလူကြီးအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

လီစုန့်တစ်ယောက် သူမကို ပြန်တွေ့လိုက်ရချိန်တွင် ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ဖြစ်သွားရရှာသည်။ သူက စကားတစ်ခွန်းသာ အားယူပြီး ပြောလိုက်နိုင်၏။

"သခင်မလေးရှု ပြန်ရောက်လာပြီလား။ ကျွန်တော်က သခင်လေးရှန်းနဲ့ပဲ နေမယ် ထင်နေတာ"

ရှုရူယင်း၏ မျက်နှာထားက တည်ငြိမ်နေပြီး လက်ကာပြကာ ပြောလိုက်သည်။

"ကျွန်မက ဘာလို့ အဲဒီမှာ နေရမှာလဲ။ ဝမ်းကွဲအစ်မ တစ်ယောက်အနေနဲ့ သူ့ဆီ သွားလည်တာလောက်ဆို ရပြီပေါ့။ အဲဒီအမှိုက်ပုံလို နေရာမှာလား... ကျွန်မက တစ်စက္ကန့်တောင် ပိုမနေချင်ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ လီစုန့် အတိုင်းအဆမရှိ ဝမ်းသာသွားရလေသည်။

နောက်ဆုံးတော့ ပုံမှန်လူတစ်ယောက် ရောက်လာပြီဟု သူ တွေးလိုက်မိသည်။ လီရှောင်ယာရဲ့ နေရာကို အထင်သေးရကောင်းမှန်း သိတဲ့လူတစ်ယောက်ပေါ့။ အရင်ရောက်လာတဲ့ သူဌေးသားတွေက ပြုစားခံထားရတာ နေမှာပါလေ...

"ဒါနဲ့ မနက်ဖြန် မနက်စာကို ရှန်ဟိုင်း ဖက်ထုပ်ကြော်၊ ပဲနို့ရယ်၊ ပုဇွန်ကိတ်ရယ် စားချင်တယ်။ နေဦး... အဲဒါက ကျန်းမာရေးနဲ့ သိပ်မညီညွတ်ဘူး။ အမဲသားဟင်းရည်နဲ့ ဟင်းသီးဟင်းရွက် ဆန်ပြုတ်ပါ ထပ်ထည့်လိုက်"

ထိုစကားကို ကြားလိုက်ရသောအခါ လီစုန့်၏ မျက်နှာတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဗျာ... သူက အခု ဟင်းပွဲအစုံပါ အော်ဒါတင်နေတာလား။

လီစုန့် မျက်နှာမဲ့သွားသော်လည်း အားယူပြုံးရင်း ပြောလိုက်ရသည်။

"ဒီမှာက ပုဇွန်ကိတ် မရဘူးဗျ။ အဲဒါ ဘာမှန်းတောင် ကျွန်တော် မသိဘူး..."

ရှုရူယင်းက အံ့သြတကြီး အာမေဋိတ်သံ ပြုလိုက်၏။

"အဲဒါတောင် မရဘူးလား"

လီစုန့် တိတ်တဆိတ် အံကြိတ်လိုက်မိသည်။ သူဌေးသားသမီးတွေကို သူ မုန်းလိုက်တာ!

"ဒါဆို ဂဏန်းဥခေါက်ဆွဲ လုပ်ပေး။ ဂဏန်းဥတော့ ရှိတယ်မလား"

"မရှိပါဘူးဗျာ"

လီစုန့် ပြုံးတောင် မပြုံးနိုင်တော့ပေ။

"ပြီးရော... ဒါဆို ဘဲပေါင်းခေါက်ဆွဲပဲ လုပ်ပေးတော့။ အနှစ်ထုပ်နဲ့ လုပ်တာမျိုး မလိုချင်ဘူးနော်... ဟင်းရည်ကို သေချာကျိုပြီး လုပ်ထားတာမျိုးပဲ စားမှာ။ ဒါပဲ... ဘာမှ ပြန်မပြောနဲ့တော့... ကျွန်မ ပင်ပန်းနေပြီ"

ရှုရူယင်းက တရစပ် အမိန့်ပေးလိုက်သဖြင့် လီစုန့်မှာ ငြင်းဆန်ရန် အခွင့်အရေးပင် မရလိုက်ပေ။

ရှုရူယင်း အပေါ်ထပ်သို့ တက်သွားရင်းမှ ရုတ်တရက် ခေါင်းပြူထွက်လာပြီး ပြောလိုက်ပြန်သည်။

"ပြီးတော့ ကျွန်မက မနက် ၅ နာရီဆို ထပြီ။ ၅ နာရီကျရင် အဲဒါတွေအကုန် အဆင်သင့် ဖြစ်နေတာ မြင်ချင်တယ်။ ဪ... စိတ်မပူနဲ့၊ ကျွန်မ ပိုက်ဆံရှင်းပေးမယ်"

နောက်ဆုံးပြောလိုက်သော စကားတစ်ခွန်းကြောင့်သာ လီစုန့် စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲသွားမည့် အခြေအနေမှ သီသီလေး လွတ်သွားခြင်း ဖြစ်သည်။

သူ ပိုက်ဆံရှင်းမယ်တဲ့... ပိုက်ဆံရှင်းမယ်ဆိုရင်တော့ ကောင်းပြီလေ!

လီစုန့်၏ အပြုံးမှာ ပိုမို တင်းမာလာသည်။

"သခင်မလေးရှုအတွက် အကောင်းဆုံး ပြင်ဆင်ပေးထားပါ့မယ်"

"ရှင်တို့လို လူတွေရဲ့ အဲဒီအချက်ကို ကျွန်မ သဘောကျတာ"

လီစုန့်တစ်ယောက် ထိုချီးကျူးစကားအတွက် ဝမ်းသာရမလို ဖြစ်သွားစဉ်မှာပင် ရှုရူယင်းက လှည့်ထွက်သွားပြီး အခန်းထဲ ဝင်သွားလေသည်။

ထို့နောက် သူမ စောင်အောက်ထဲ ခေါင်းမြှုပ်ပြီး အိပ်ရာကို စိတ်လှုပ်ရှားစွာ ထုရိုက်နေမိသည်။

မနက်ဖြန်ကျရင် အဲဒီကလေးမလေးကို ဒီအကြောင်း ပြန်ပြောပြရမယ်။ သူ့နာမည် ဘယ်သူပါလိမ့်။ လီရှောင်ယာ... ဟုတ်တယ်... လီရှောင်ယာ။

ရှန်းယွီရှောင်က သူ့ကို စီးပွားရေးလောကအကြောင်း သင်ပေးနိုင်ပေမယ့် လီရှောင်ယာက အဲဒါတွေကို သင်ယူနိုင်ပါ့မလား... သင်ယူနိုင်ရင်ရော ဘယ်နေရာမှာ သုံးမှာလဲ။

သူမကတော့ မတူဘူးလေ။

ဒီလို လူတွေကို နှိပ်စက်တဲ့ နည်းလမ်းမျိုးကျတော့ သူမက ဆရာကျပြီးသား။ လီရှောင်ယာ သင်ယူထားတာတွေကို လက်တွေ့အသုံးချနိုင်စေရမယ်လို့ သူမ အာမခံနိုင်တယ်။

အဲဒီ သောက်ကောင် ရှန်းယွီရှောင်... သူ့ကို ဝမ်းကွဲအစ်မဆိုပြီး အထင်သေးရဲသေးရင် ကြည့်နေလိုက်။ သူမက မအပါဘူးနော်။

ဘဲပေါင်းဟင်းရည်တစ်အိုးကြောင့် လီစုန့်တစ်ယောက် တစ်ညလုံး အိပ်မပျော်ခဲ့ရပေ။

နောက်တစ်နေ့တွင် နှိုးစက်သံမြည်လာသောအခါ ရှုရူယင်းတစ်ယောက် မထချင်ထချင် ဖြစ်နေသော်လည်း အံကြိတ်ပြီး ထလိုက်ရသည်။

"အမေသာ ငါ့ကို ဒီလိုပုံစံနဲ့ မြင်ရင် သရဲပူးနေတယ်လို့ ထင်မှာပဲ"

ရှုရူယင်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ရှန်းယွီရှောင် သရဲပူးနေသည်ဟု အထင်ခံနေရကြောင်း သူမ မသိရှာပေ။

ရှုရူယင်း ကိုယ်လက်သန့်စင်ပြီး အောက်ထပ်သို့ ဆင်းလာကာ မေးလိုက်သည်။

"အကုန် အဆင်သင့် ဖြစ်ပြီလား"

"ရပါပြီဗျ"

လီစုန့်က မျက်ကွင်းညိုကြီးများနှင့် ဖြေလိုက်သည်။

ရှုရူယင်းက ဦးစွာ ချီးကျူးစကား ပြောလိုက်၏။

"ဦးလေးလီက တော်သားပဲ။ မနေ့ကတော့ ဟိုဟာမလုပ်တတ်ဘူး၊ ဒီဟာမလုပ်တတ်ဘူးနဲ့... တကယ်တမ်းကျတော့ လုပ်တတ်သားပဲကိုး"

လီစုန့် ပြုံးလိုက်ရန် ပြင်လိုက်စဉ်မှာပင် ရှုရူယင်းက သူမ၏ သက်တော်စောင့်ဘက်သို့ လှည့်ကာ လက်ပြလိုက်သည်။

"ထုပ်လိုက်... သွားကြမယ်"

လီစုန့် လန့်သွားပြီး အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားရတော့သည်။

"သခင်မလေးရှု... သခင်လေးရှန်းဆီ သွားပြန်မလို့လား"

ရှုရူယင်းက ပြန်ပက်လိုက်၏။

"ကျွန်မ မောင်လေးကို စိတ်ပူလို့ သွားတာလေ... ဘာပြဿနာ ရှိလို့လဲ"

"မရှိ... မရှိပါဘူး"

ရှုရူယင်း ထွက်ခွာသွားခါနီးတွင် မှာကြားလိုက်ပြန်သည်။

"ကျွန်မ အဝတ်အစားတွေပါ ယူခဲ့နော်။ လီရှောင်ယာက ဆေးဖက်ဝင်အပင်တွေနဲ့ မှိုင်းတိုက်ပေးမယ်လို့ ပြောထားတာ။ မေ့မနေနဲ့ဦး"

လီစုန့်တစ်ယောက် တံခါးပေါက်ဝမှ တိုးဝင်လာသော လေအေးများကြောင့် တုန်တုန်ရီရီ ဖြစ်ကျန်ရစ်ခဲ့သည်။ အတိုင်းအဆမရှိသော ဒေါသများနှင့် မနာလိုဝန်တိုမှုများ လွှမ်းမိုးလာသဖြင့် သူ အံကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။

"သူတို့က ဒီနေရာကို ဘာမှတ်နေကြတာလဲကွာ"

ထိုအချိန်တွင် ရှုရူယင်းသည် လီရှောင်ယာ၏ အိမ်ရှေ့တွင် ရောက်နေပြီဖြစ်ပြီး အစားအသောက်များကို လှမ်းပေးနေလေသည်။

"ရော့... နင့်အတွက်"

ကလေးတစ်ယောက်အနေဖြင့် ဤမျှ များပြားလှသော မနက်စာနှင့် ရင်ဆိုင်ရခြင်းသည် ကောင်းကင်ဘုံသို့ ရောက်သွားသည်နှင့် မခြားပေ။ လီရှောင်ယာ၏ ဗိုက်ထဲမှ ဂွီခနဲ မြည်သံ ထွက်ပေါ်လာသော်လည်း သူမက စိတ်အောင့်ထားပြီး မေးလိုက်၏။

"ရွာလူကြီးအိမ်ကပဲလားဟင်"

"ဒါက ပြန်လည်မွေးဖွားရာနေရာက ရတာလေ"

ရှုရူယင်းက ဖြူစင်ရိုးသားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

"ပြန်လည်မွေးဖွားရာနေရာ ဆိုတာ ဘာလဲ သိလား"

လီရှောင်ယာ ခေါင်းခါလိုက်သည်။

"ဂိမ်းထဲက ဘီလူးကောင်တွေလိုပေါ့။ ကစားသမားတစ်ယောက်က သတ်လိုက်ရင် နောက်ကစားသမား တိုက်ခိုက်ဖို့အတွက် ပြန်မွေးလာတာလေ။ စက်ရုပ်လိုမျိုးပေါ့... ငါရှိနေသမျှ ကာလပတ်လုံး နေ့တိုင်း အစားအစာအသစ်တွေ ရနေမှာ။ ဘာလို့လဲဆိုတော့ ငါက အစွမ်းထက်တယ်လေ။ ရွာလူကြီးအိမ်နဲ့ ဘာဆိုင်လို့လဲ"

လီရှောင်ယာ သဘောပေါက်သွားပြီး မျက်လုံးများ အရောင်လက်သွားလေသည်။

"ဪ..."

"ဒါကြောင့် စိတ်မပူဘဲ စားသာစား။ စားပြီးရင် ငါ့အဝတ်အစားတွေကို မှိုင်းတိုက်ပေးဦး"

"သခင်မလေးရှု... စည်းကမ်း ဖောက်ဖျက်ရာ ရောက်နေပါပြီ"

ဝန်ထမ်းတစ်ဦးက ဝင်ပြောလိုက်သည်။

"ငါက ရှင်တို့ အစီအစဉ်ထဲကမှ မဟုတ်တာ... ဘယ်လိုလုပ် စည်းကမ်းဖောက်ဖျက်ရာ ရောက်မှာလဲ"

ရှုရူယင်းက ပြန်ပက်လိုက်၏။ ထို့နောက် ခါးထောက်ကာ လီရှောင်ယာဘက်သို့ လှည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်သည်။

"ဒါကို ဘာခေါ်လဲ သိလား"

လီရှောင်ယာက အလိုက်သင့်ပင် မေးလိုက်သည်။

"ဘာခေါ်လဲဟင်"

"ဒါကို ဘက်ပေါင်းစုံ စစ်ဆင်ရေးလို့ ခေါ်တယ်။ ကိုယ့်လက်ထဲမှာ အာဏာတစ်ခုခု ရှိနေရင် တခြားလူတွေရဲ့ စည်းကမ်းတွေကို ဂရုစိုက်စရာ မလိုတော့ဘူး။ မှတ်မိလား"

လီရှောင်ယာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ဝန်ထမ်း၏ မျက်နှာမှာမူ ပြောစရာစကားမဲ့နေသည့် ရုပ်ပေါက်နေတော့သည်။

နင်တို့ သူဌေးသားသမီးတွေက ဒီရက်ပိုင်း ဘာတွေ လျှောက်သင်ပေးနေကြတာလဲ။

All Chapters