အခန်း (၅၁)
Vol. 6 Ch. 51
Chapter 51
ရှုရူယင်း၏ စပ်စုဟန်ဖြင့် ဝင်ပြောလိုက်သော စကားသံကြောင့် လေးလံအုပ်မှိုင်းနေသော လေထုမှာ ချက်ချင်းပင် ပြိုကွဲသွားရလေသည်။ "ဘာလို့ အကုန်လုံး တိတ်သွားကြတာလဲ။ သူ့အမေဘက်က အမျိုးတွေ လာရှာတာဆိုတော့ သတင်းကောင်းပဲ မဟုတ်ဘူးလား"
သတင်းလာပို့သူက ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်၏။ "ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ သတင်းကောင်းမို့လို့သာ သတင်းလာပို့တဲ့လူကိုတောင် ဆုကြေးပေးလိုက်ကြတာလေ"
အခြေအနေ ရှုပ်ထွေးမှန်း မသိရှာသော ရှုရူယင်းက ပြုံးလိုက်ရင်း...မေးလိုက်သည်။
"လီရှောင်ယာ... နင့်အမေဘက်က အမျိုးတွေက အဲဒီလောက်တောင် ချမ်းသာတာလား"
လီရှောင်ယာသည် မျက်ရည်များကို သုတ်ဖယ်လိုက်ပြီးမှ တိုးတိုးလေး ပြန်ဖြေလေသည်။ "မသိပါဘူး... သမီး တစ်ခါမှ မတွေ့ဖူးဘူး"
ရှုရူယင်း အံ့သြသွားချေ၏။ လီရှောင်ယာ့အမေက အိမ်ပြေးမို့လို့လားဟု မေးမိလုနီးပါး ဖြစ်သွားသော်လည်း ပညာတတ်အသိုင်းအဝိုင်းမှ ဆင်းသက်လာသူပီပီ ထိုသို့ ထင်ကြေးပေးစကားမျိုး မဆိုသင့်မှန်းသိသဖြင့် စကားလုံးတို့ကို မျိုချလိုက်ရသည်။
"နှစ်ပေါင်းများစွာ အဆက်အသွယ်မလုပ်ဘဲ နေပြီးမှ ရုတ်တရက်ကြီး လာရှာတယ်ဆိုတော့ သိပ်ပြီး ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်လောက်ဘူး" ဟု ရှုရူယင်းက သုံးသပ်ပြလိုက်သည်။
သတင်းပို့သူမှာ စိုးရိမ်တကြီး ဖြစ်သွားတော့သည်။ "ဘယ်လိုလုပ် မကောင်းတဲ့ကိစ္စ ဖြစ်ရမှာလဲ။ သတင်းကောင်းမို့လို့သာပေါ့။ လာတဲ့လူတွေက ကုတ်အင်္ကျီတွေ၊ ရှူးဖိနပ်တွေနဲ့။ ပြီးတော့ စီးကရက်တွေရော၊ ပိုက်ဆံတွေရော ပေးတာဗျ။ ဘယ်လိုလုပ် လူဆိုးတွေ ဖြစ်နိုင်မှာလဲ"
ရှုရူယင်းမှာ ပြောစရာစကားပင် မရှိတော့ပေ။ ရှန်းယွီရှောင်ကတော့ ရှုကျီများ စေလွှတ်လိုက်လေသလားဟု သံသယဝင်မိသဖြင့်ဝင်ပြောလိုက်၏။ "သွားကြည့်ကြတာပေါ့"
သို့သော် လီရှောင်ယာက ပြတ်သားသော လေသံဖြင့် ဆိုလာလေသည်။ "သမီး ကျောင်းအရင်သွားရမယ်။ ကျောင်းဆင်းမှပဲ သွားတွေ့တော့မယ်"
သတင်းပို့သူက စိတ်မရှည်နိုင်စွာဖြင့် ပေါင်ကို ပုတ်လိုက်မိသည်။ "အခုအချိန်မှာ ကျောင်းသွားနေပြီး ဘာလုပ်ဦးမှာလဲ။ နင့်အမျိုးတွေက အတော်ချမ်းသာတာဟ။ ကြားတာတော့ ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ လီဟုန်ကွမ်တို့ထက်တောင် ပိုချမ်းသာသတဲ့..."
"အမေဘက်က အမျိုးတွေက ဘာလို့ အခုမှ လာရှာတာလဲ"
လီရှောင်ယာ၏ မေးခွန်းကြောင့် ပညာမတတ်ရှာသော သတင်းပို့သူမှာ ဆွံ့အသွားရ၏။
"ပြီးတော့ သူတို့က ဘာလို့ ဒီအထိ တန်းမလာတာလဲ"
လီရှောင်ယာက ထပ်မေးလိုက်ပြန်သည်။ သတင်းပို့သူမှာ ပြန်ပြောစရာစကား ရှာမတွေ့တော့သော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။ "မြို့နေလူတန်းစားတွေမို့လို့ နေမှာပေါ့။ သူတို့က မာနကြီးတယ်လေ။ ငါတို့ကပဲ သွားတွေ့ရမှာပေါ့။ နင့်လို ကလေးတစ်ယောက်ကို တွေ့ဖို့ သူတို့က ဘယ်လိုလုပ် ဒီအထိ လာပါ့မလဲ"
လီရှောင်ယာ၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားပြီးနောက် လေသံက ရုတ်ခြည်း တည်ငြိမ်သွားတော့သည်။ "ဒါဆိုရင် သူက သမီးအမေရဲ့ အမျိုး မဟုတ်လောက်ဘူး"
သတင်းပို့သူမှာ ကြောင်အသွား၏။ "ဘာစကားပြောတာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြို့ကလူတွေက ဘာကိစ္စ ဒီလောက်ဝေးတဲ့နေရာထိ လာပြီး ဆွေမျိုးစပ်နေပါ့မလဲ"
ထိုအချိန်၌ လီရှောင်ယာသည် ရှန်းယွီရှောင်၏ လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။ "သွားကြစို့။ ကျောင်းသွားရဦးမယ်"
ရှန်းယွီရှောင် ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲတွင်တော့ အကြီးအကျယ် ထိတ်လန့်သွားမိ၏။ သူ့ဦးလေးများ လွှတ်လိုက်တာလား။ ဘယ်လိုလုပ် ဒီလောက်တောင် အချိုးမပြေရတာလဲ။ ဘာလို့ ဒီလောက် ဟိတ်ဟန်ထုတ်နေရတာလဲ။ စိတ်ထဲမှ ကျိန်ဆဲရင်း ရှန်းယွီရှောင်သည် လီရှောင်ယာ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်မိသည်။ "နင်ကတော့ တကယ်ပါပဲ..."
"လီရှောင်ယာ... နင် တော်တော်လည်တာပဲဟ" ရှုရူယင်းက ဖြတ်ပြောလိုက်၏။ ဒီကလေးမလေးကို သူ တဖြည်းဖြည်း သဘောကျလာမိပြီ ဖြစ်သည်။
လူတစ်ယောက်၏ အကန့်အသတ်ကို သူကြီးပြင်းလာရာ ပတ်ဝန်းကျင်က သတ်မှတ်ပေးသည်ဟု ဆိုကြသည်။ သို့သော် လီရှောင်ယာကမူ... LV ဆိုတာ ဘာမှန်းမသိ၊ ကြယ်ငါးပွင့်ဟိုတယ်ဆိုတာ ဘယ်လိုပုံစံမှန်း မသိသော်ငြား လူ့သဘောသဘာဝကိုတော့ အလိုလို နားလည်နေပုံရ၏။ စောစောက မျက်ရည်ကျခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူမ စိတ်လှုပ်ရှားသွားသည်မှာ အမှန်ပင်။ သို့သော် သူမသည် လျင်မြန်စွာပင် စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ရှုရူယင်း တွေးမိသည်မှာ သူမ၏ မိဘများသာဆိုလျှင် ဤကောင်မလေးကို အလွန်သဘောကျပေလိမ့်မည်။ သုတေသီများ ဖြစ်ကြသည့်အလျောက် စိတ်ခံစားချက်ကို ရှေ့တန်းတင်လွန်းသူများကို မကြိုက်ကြပေ။ မည်သို့သော အခြေအနေမျိုးတွင်မဆို တည်ငြိမ်အေးဆေးစွာဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ထားနိုင်သူကိုသာ မည်သည့်နယ်ပယ်တွင်မဆို တန်ဖိုးထားကြစမြဲပင်။
လီရှောင်ယာသည် ကျောင်းသို့ ဆက်သွားလေသည်။ လမ်းလျှောက်နေရင်း ရှန်းယွီရှောင်သည် သူမ စိတ်ထိခိုက်သွားမည်စိုးသဖြင့် အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "အဲဒီလူကို ငါ လွှတ်လိုက်တာ။ မင်းအဖိုးဆီကနေ အုပ်ထိန်းခွင့် ရအောင်လို့လေ"
လီရှောင်ယာက စိတ်မဆိုးပေ။ ခဏမျှ စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ ယုတ္တိမရှိဘူး"
"ဘာက ယုတ္တိမရှိတာလဲ"
"သူက ဘာလို့ ဒီအထိ လာမတွေ့ရဲတာလဲ"
ထိုအခါမှ ရှန်းယွီရှောင် သဘောပေါက်သွားတော့သည်။ "ဒီလူက လူမြင်မခံရဲတာ ဒါမှမဟုတ် ငါနဲ့ မတွေ့ရဲတာ... နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်။ ကြည့်ရတာ မင်းပြောတာ မှန်မယ့်ပုံပဲ။ တကယ်ကို မကောင်းတဲ့ကိစ္စ ဖြစ်လောက်တယ်" သူက ခနဲ့တဲ့တဲ့ ရယ်လိုက်မိသည်။
သူတို့၏ ကောက်ချက်ကြောင့် ရှုရူယင်း လန့်သွားရသည်။ "ဟာ... သောက်ကျိုးနည်း။ အဲဒီလူက ဘာလိုချင်တာတဲ့လဲ။ ငါ သွားကြည့်လိုက်မယ်။ ဒီမှာပဲ စောင့်နေကြ"
"စိတ်မပူနဲ့နော်" ရှန်းယွီရှောင်က လီရှောင်ယာကို နှစ်သိမ့်လိုက်၏။ သူတို့သာ မရှိလျှင် လီရှောင်ယာတစ်ယောက် မည်မျှများပြားသော ဘီလူးသရဲစီးပွားများနှင့် ရင်ဆိုင်နေရရှာမည်နည်း။
သတင်းပို့သူ ပြောသော "အမေဘက်က အမျိုး" ဆိုသူမှာ ကျေးရွာကော်မတီရုံးခန်းတွင် စောင့်နေခြင်းဖြစ်သည်။ ရှုရူယင်း ရောက်သွားသောအခါ သုန့်သဝေကိုပါ တွေ့လိုက်ရသည်။ သုန့်သဝေက အိတ်နှစ်အိတ်ကို ကိုင်ထားပြီး ရှုရူယင်းကို မြင်သည်နှင့် နှုတ်ဆက်လာ၏။
"ညီမလေးရှု... ကျုပ်က မူလက ရှောင်ယာ့အတွက် ဝက်ပေါင်ခြောက် လာပို့တာ။ ရှောင်ယာ့အမျိုးတွေ လာရှာတယ်ကြားလို့ လာကြည့်တာဗျ"
လီရှောင်ယာကို ဂရုစိုက်သူများ မနည်းလှပါလားဟု ရှုရူယင်း တွေးမိပြီး အံ့သြသွားရသည်။ သုန့်သဝေက အသံကို နှိမ့်ကာ ပြောလာသည်။ "ဒါပေမဲ့ အဲဒီလူက ကျုပ်ကို စကားတောင် မပြောချင်ဘူးဗျ"
ရှုရူယင်း လှမ်းကြည့်လိုက်ရာ ထိုလူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသည်ကို တွေ့ရသည်။ အင်္ဂလိပ်-ပြင်သစ် ကပြားပုံစံပေါက်ပြီး ကြည့်ရသည်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။ ထိုလူက လက်ပတ်နာရီကို ကြည့်ပြီးနောက် ရွာသားများကို အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ "ငါ ခင်ဗျားတို့ကို ပိုက်ဆံပေးထားတယ်လေ။ ခင်ဗျားတို့ ဘာမှ မလုပ်ပေးသေးပါလား"
"ဟိတ်လူ... ရှင်က လီရှောင်ယာနဲ့ ဘာတော်တာလဲ" ရှုရူယင်းက လှမ်းမေးလိုက်သည်။
"သူ့ရဲ့ အသေခံစစ်သည်"
"ရှင် ဘယ်ခေတ်မှာ နေနေတာလဲ။ အသေခံစစ်သည် ဟုတ်လား" ရှုရူယင်း ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။ အနက်ရောင်ဝတ်စုံနှင့်လူက ဘာမှ ပြန်မရှင်းပြဘဲ စိုက်ကြည့်နေသည်။
ရှုရူယင်းက "ဒါဆို ရှင်က ရှေးခေတ်ကားတွေထဲကလို အသေခံစစ်သည်ပေါ့လေ။ ဆိုလိုတာက ရှင်က လီရှောင်ယာရဲ့ လက်အောက်ငယ်သား၊ လီရှောင်ယာက ရှင့်သခင်ပေါ့။ သခင်က လက်အောက်ငယ်သားကို လာတွေ့ရတယ်လို့ ဘယ်မှာများ ရှိလို့လဲ။ ရှင် ရူးနေတာလား" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
"သူက ကျွန်တော့်ရဲ့ အသိအမှတ်ပြုမှုကို မရသေးဘူး" ထိုလူက တုပ်တုပ်မျှ မလှုပ်ဘဲ ပြောလာ၏။ ရှုရူယင်း ပြောစရာ စကားပျောက်သွားပြန်သည်။
"ရှင် တကယ်ပဲ ရှေးခေတ်ကားတွေထဲ ရောက်နေတယ်လို့ ထင်နေတာလား" စကားပြောရတာ အရာမထင်မှန်း သိသဖြင့် ရှုရူယင်း လှည့်ထွက်လာခဲ့တော့သည်။
ညနေစောင်းတွင် လီရှောင်ယာ အိမ်ပြန်ရောက်သောအခါ ရှုရူယင်းက အနားသို့ ကပ်သွားပြီး "ဆွေမျိုးဆိုတဲ့လူကလေ စိတ်ရောဂါ ရှိနေတာနဲ့ တူတယ်" ဟု ပြောလိုက်သည်။
ထို့နောက် "အသေခံစစ်သည်" အကြောင်း ပြောပြလိုက်ရာ လီရှောင်ယာမှာ မျက်လုံးလေး ပြူးသွားရှာ၏။ "သိုင်းဝတ္ထုတွေထဲကလိုပဲနော်"
"မင်းက သိုင်းဝတ္ထုတွေတောင် ဖတ်တာလား။ သိုင်းဝတ္ထုဆိုတာ ဘာလဲ သိလို့လား"
လီရှောင်ယာက "သမီး မအပါဘူး" ဆိုသော မျက်နှာပေးဖြင့် ခေါင်းလေး မော့လိုက်သည်။
"ဒါဆိုရင် ငါ နင့်ကို စမ်းသပ်ကြည့်မယ်..."
"စမ်းသပ်မနေနဲ့တော့" ရှုရူယင်း ပြောမဆုံးသေးခင် ရှန်းယွီရှောင်က ဖြတ်ပြောလိုက်လေသည်။ ဗဟုသုတကြွယ်ဝသော ရှန်းယွီရှောင်က ဆက်ပြောလိုက်သည်။ "ဒီပုံစံက ဝေ မိသားစုရဲ့ စတိုင်နဲ့ တူနေတယ်"
"ဝေ မိသားစု ဟုတ်လား"
"မဟုတ်ဘူး။ စာလုံးပေါင်းက 'ကွေ' ၊ ဒါပေမဲ့ မျိုးရိုးနာမည်အဖြစ် သုံးရင် 'ဝေ' လို့ အသံထွက်တယ်"
"လီရှောင်ယာ... တကယ်လို့ သူတို့က နင့်ဆွေမျိုးတွေ ဖြစ်နေရင်တောင် အသိအမှတ်မပြုနဲ့နော်။ မျိုးရိုးနာမည်က ရုပ်ဆိုးလိုက်တာ" ရှုရူယင်းက စဉ်းစားမနေဘဲ ပြောလိုက်ရာ ရှန်းယွီရှောင်က မျက်စောင်းထိုးလိုက်သည်။
"နေဦး... ငါ ဖုန်းဆက်လိုက်ဦးမယ်"
ကံကောင်းသည်မှာ ရှန်းယွီရှောင်သည် မကြာသေးမီက ရမှတ်များစွာ စုဆောင်းထားနိုင်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်နေချိန်လည်း မဟုတ်သဖြင့် သူ့ဦးလေး ရှုကျီထံသို့ ဖုန်းဆက်လိုက်သည်။ "ဦးလေး... ဖုန်းကို Speaker ဖွင့်လိုက်မယ်နော်"
တကယ်လို့သာ ဝန်ထမ်းတွေ ရှိနေရင် သူ့ပုံစံကို ကြည့်ပြီး အံ့သြသွားကြပေလိမ့်မည်။ "ဟမ်... ဘယ်သူတွေ နားထောင်ချင်လို့လဲ"
"ထွေထွေထူးထူး မဟုတ်ပါဘူး။ ကိုယ့်လူတွေပါပဲ။ ရှုရူယင်းရယ်၊ နင်းဟန်ရယ်၊ လီရှောင်ယာရယ်ပါ"
လီရှောင်ယာက "ကိုယ့်လူ" စာရင်းထဲ မပါကြောင်း ရှုကျီ ပြန်မပြင်ပေးတော့ပေ။ "ပြောလေ... ဘာကိစ္စလဲ"
ရှုရူယင်းက ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြလိုက်သည်။ ရှုကျီ၏ အသံမှာ နူးညံ့နေပြီး ဆိုဖာပေါ်တွင် မေးထောက်လျက် ဇိမ်ယူနေသည့်ပုံစံကိုပင် မျက်စိထဲ မြင်ယောင်လာစေသည်။ "အော်... အဲဒါ စစ္စလီကျွမ်းစတိုင်လေ။ သူတို့က အဲဒီ 'အသေခံစစ်သည်' ဆိုတဲ့ သဘောတရားကို သဘောကျကြတယ်"
"စစ္စလီကျွမ်းက မာဖီးယားဂိုဏ်းလား။ သူတို့ ပျောက်ကွယ်သွားတာ ကြာပြီ မဟုတ်ဘူးလား" နင်းဟန်က နားမလည်စွာ ဝင်မေးလိုက်သည်။
"ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ထားတဲ့လူက အမြဲတမ်း ရှိနေခဲ့တယ်။ အဲဒါကတော့ နိုင်ငံခြားရောက် တရုတ်မိသားစုဖြစ်တဲ့ ဝေမိသားစုပဲ။ လူတွေကတော့ ဝေမိသားစုလို့ပဲ ခေါ်ကြတာပေါ့" ရှုကျီ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ဆက်ပြောသည်။ "ကြားတာတော့ သူတို့ခေါင်းဆောင်က သေခါနီးဖြစ်နေလို့ မူလဇစ်မြစ်ကို ပြန်ချင်တာနဲ့ တရုတ်ပြည်ကို ပြန်လာကြတယ်တဲ့။ စိတ်ဝင်စားစရာ သတင်းလေးတစ်ခု ရှိတယ်။ နားထောင်ချင်လား"
ရှုကျီသည် အသက်သိပ်မကြီးသေးသော်လည်း လူငယ်လေးများကို အလိုလိုက်သည့် လူကြီးတစ်ယောက်၏ လေသံဖြင့် ပြောနေခြင်းဖြစ်သည်။ "ပြောပြပါဦး" ရှုရူယင်းက တောင်းဆိုလိုက်သည်။
"ဝေမိသားစု ခေါင်းဆောင် ဝေရွှမ်မင်းမှာ သားသမီး ခြောက်ယောက်ရှိတယ်။ သားကြီးနဲ့ သမီးကြီးက ငယ်ငယ်လေးနဲ့ ဆုံးသွားကြတယ်။ ဒုတိယသမီးက ကျတော့ စိတ်ရောဂါ ရှိတယ်။ ဒုတိယသားက လေဖြတ်နေတယ်။ အငယ်ဆုံးသမီးက ပျောက်နေပြီး အငယ်ဆုံးသားကတော့ စကားအတယ်။ တချို့က ပြောကြတာတော့ ဝေရွှမ်မင်းက အမြင့်ကြီး ရောက်လွန်းတော့ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသ သင့်တာတဲ့။ သားသမီးကံ မကောင်းဘူး ဆိုပါတော့။ ဝေရွှမ်မင်းက အဲဒါကို ယုံပြီး အစ္စလာမ်ဘာသာထဲတောင် ဝင်သွားသေးတယ်။ ဒါပေမဲ့ သိပ်တော့ မထူးခြားပါဘူး။ အခုတော့ သူ့သက်တမ်း ကုန်ဆုံးတော့မှာ..."
ရှန်းယွီရှောင်က ဖုန်းကို ချက်ချင်း ချလိုက်တော့သည်။ ရှုကျီခမျာ တစ်ဖက်တွင် ကြောင်ကျန်ရစ်ခဲ့ရှာ၏။
ရှန်းယွီရှောင်သည် လီရှောင်ယာကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဦးလေးငယ်ရဲ့ ပါးစပ်ထဲမှာတော့ ဒီလောကကြီးက အရာရာတိုင်းက 'စိတ်ဝင်စားစရာ သတင်း' တွေချည်းပဲ။ နင့်ကို လှောင်ချင်လို့ ပြောတာ မဟုတ်ပါဘူး"
လီရှောင်ယာ ခေါင်းလေး ငြိမ့်ပြလိုက်သော်လည်း မျက်နှာတွင်မူ ဇဝေဇဝါ ဖြစ်နေပုံရသည်။ ဒါဆို သူတို့က... တကယ်ပဲ သူ့ဆွေမျိုးတွေလား။
ထိုအချိန်တွင် ရှန်းယွီရှောင်၏ ဖုန်းက ထပ်မြည်လာပြန်သည်။ တစ်ဖက်မှ ရှုကျီ၏ အသံထွက်ပေါ်လာ၏။ "မင်းက ငါ့ဖုန်းကို ချရဲတယ်ပေါ့လေ"
ထိုသို့ ပြောပြီးနောက် လေသံပြောင်းသွားလေသည်။ "တကယ်လို့ ဝေမိသားစုက လီရှောင်ယာကို ဆွေမျိုးပါလို့ ပြောလာရင် လီရှောင်ယာရဲ့ အသက်အန္တရာယ်ကို သတိထားဖို့ လိုလိမ့်မယ်။ ဝေရွှမ်မင်းရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ကြီးမားလဲ မင်းသိလား။ ဝမ်းကွဲတွေပဲ ဖြစ်ဖြစ်၊ ဆွေမျိုးဝေးတွေပဲ ဖြစ်ဖြစ် အားလုံးက အဲဒီ အမွေအနှစ်တွေကို လိုချင်နေကြတာ။ ပြီးတော့... ဝေရွှမ်မင်းရဲ့ အမွေဆက်ခံသူ ဖြစ်ခွင့်ရရင် နိုင်ငံခြားက မြေအောက်လောက ဘုရင်တစ်ပါး ဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး"
စကားဆုံးသည်နှင့် ယခုတစ်ကြိမ်တွင် ရှုကျီက ဖုန်းအရင်ချသွားလေသည်။
ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်မိစဉ် လီရှောင်ယာ၏ တိုးညင်းသော အသံလေးကို ကြားလိုက်ရသည်။ "အမွေပစ္စည်းကြောင့် သူတို့က သမီးကို လာရှာကြတာလား။ သမီးကို သတ်ကြမယ့်လူတွေ ရှိနေတာလား"
"ဟုတ်တယ်။ ဒါပေမဲ့ မကြောက်ပါနဲ့။ ငါတို့ နင့်ကို ကာကွယ်ပေးမှာပါ" ရှန်းယွီရှောင်က ပြတ်သားစွာ ပြောလိုက်သည်။ သို့သော် လီရှောင်ယာက မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်းနည်းနေပုံဖြင့် မေးလာ၏။
"သူတို့ကျတော့ရော"
"ဘယ်သူတွေလဲ"
"စိတ်ရောဂါသည် ဒုတိယသမီးရယ်၊ လေဖြတ်နေတဲ့ ဒုတိယသားရယ်၊ အနေတဲ့ အငယ်ဆုံးသားရယ်လေ... သူတို့လည်း တရားဝင် အမွေဆက်ခံခွင့် ရှိသူတွေပဲမလား။ သူတို့ကိုရော သတ်ချင်တဲ့လူတွေ ရှိနေမှာလား"
ရှန်းယွီရှောင် ပြောစရာ စကားမဲ့သွားရပြန်သည်။ သူမက တစ်ခါမှ မတွေ့ဖူးသည့် ဆွေမျိုးတွေအတွက်ပါ စိတ်ပူပေးနေသေးပါလား။