← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

Chapter 52

ထိုသို့သော ဆွေမျိုးမျိုးကိုသာ ရှာတွေ့မည်ဆိုပါက ပြန်လည်အသိအမှတ်မပြုဘဲ နေလိုက်သည်ကမှ ပိုကောင်းဦးမည်ဟု ရှန်းယွီရှောင် ပြောချင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် မည်သို့သော မကောင်းဆိုးဝါးများနှင့် တွေ့ကြုံလာရမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်၏။ သို့သော်လည်း ကလေးမလေး၏ အပြစ်ကင်းစင်သော မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ သူသည် ရုတ်တရက် ဆွံ့အသွားကာ ပြောစရာစကားများ ပျောက်ရှသွားလေသည်။

လူကြီးတစ်ယောက် ဖြစ်လာရခြင်းသည် ဤလောကတွင် အဆိုးရွားဆုံးကိစ္စပင် ဖြစ်ချေသည်။ ခေါင်းထဲသို့ ပထမဆုံး ဝင်လာတတ်သည့် အတွေးများမှာ အမြဲတစေ ကိုယ်ကျိုးကြည့်သော အတွေးများသာ ဖြစ်နေတတ်သည် မဟုတ်လား။

ထိုအချိန်တွင် ရှုရူယင်းက ဝင်ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် သူတို့က လူကြီးတွေလေ၊ နင်နဲ့မတူဘူး။ ပြီးတော့ ကြားရသလောက်ဆို အဲ့ဒီအာဏာရှိတဲ့ အဘိုးကြီးက သက်ရှိထင်ရှား ရှိသေးတယ်တဲ့"

ထိုသို့ပြောရင်း ရှုရူယင်း တီးတိုးရေရွတ်မိလိုက်သည်။

"လာမယ့်ရက်ပိုင်းအတွင်း ဆုံးပါးသွားလောက်တဲ့အထိတော့ ကံဆိုးမယ်မထင်ပါဘူးနော်"

မိမိ၏ စကားမှားသွားမှန်း သတိပြုမိလိုက်သဖြင့် သူမသည် လီရှောင်ယာ၏ မျက်နှာကို ခိုးကြည့်ကာ ယတြာချေသည့်အနေဖြင့် တံတွေးထွေးဟန် ပြုလိုက်လေသည်။

[T/N _ ချောလဲရင် ဖက်ဖက်ဖက် လုပ်လိုက်သလိုမျိုးပါ]

လီရှောင်ယာက "အင်း" ဟုသာ တိုးတိုးလေး ပြန်ဖြေသည်။

ထို့နောက် ခေါင်းငုံ့သွားပြီး ဘာစကားမျှ ဆက်မပြောတော့သဖြင့် ထိုကလေးမလေး၏ စိတ်ထဲတွင် မည်သို့ တွေးနေမည်ကို မည်သူမျှ ခန့်မှန်းမရ ဖြစ်နေကြ၏။ ခေတ္တမျှကြာပြီးနောက်မှ လီရှောင်ယာက ရှန်းယွီရှောင်အား တိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။

"အဲ့ဒီလူက လိမ်တဲ့လူတော့ မဟုတ်လောက်ဘူးနော်"

ရှန်းယွီရှောင်က ပြန်ဖြေလိုက်သည်။

"ရှုရူယင်း ပြောတာအရဆိုရင်တော့ မဟုတ်လောက်ဘူး။ သူက ပိုပြောထားတာမျိုး မရှိရင်ပေါ့"

ထိုအခါ ရှုရူယင်းက မကျေမနပ်ဖြင့် ဝင်အော်လေသည်။

"ရှန်းယွီရှောင်... သူများကွယ်ရာမှာ အတင်းပြောမယ်ဆိုရင်လည်း ကာယကံရှင်မရှိမှ ပြောလေ"

လီရှောင်ယာက ဆက်ပြောလိုက်သည်။

"ဒါဆို စောင့်ကြတာပေါ့။ သူ သမီးကို လာရှာတဲ့အထိ စောင့်မယ်"

သူတို့ စကားပြောပြီးသည်နှင့် သစ္စာရှိသော အိမ်တော်ထိန်းဟု ဆိုသူမှာ ရောက်မလာသေးဘဲ သုန့်သဝေသာ အရင်ရောက်ရှိလာခဲ့လေသည်။

သုန့်သဝေက ယူလာသော အစားအသောက်များကို ကမ်းပေးရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"လာ... လာ ရှောင်ယာ... ဒီမှာကြည့်စမ်း၊ ကျင်းဟွာဝက်ပေါင်ခြောက်ကွ။ ဟင်းရည်လုပ်သောက်ရင် ရှယ်ပဲ။ လတ်ဆတ်တဲ့ အသားတွေလည်းပါတယ်၊ အိုးထဲထည့်ချက်ရင် ကောင်းလိုက်မယ့်ဖြစ်ခြင်း"

ရိုက်ကူးရေးအဖွဲ့က ချက်ချင်းပင် ကန့်ကွက်ကြတော့သည်။

"ဒါမျိုး ဘယ်ရမလဲဗျ။ ခင်ဗျားက အစားအသောက်တွေချည်း လာလာပို့နေလို့ ဘယ်ဖြစ်မလဲ။ ဒါ ကျေးလက်ဘဝ ဘယ်ဟုတ်တော့မလဲ။ အစီအစဉ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတာပဲ"

သုန့်သဝေက အားနာမနေတော့ဘဲ မျက်လုံးလှန်ကြည့်ကာ ပြန်ပက်လေသည်။

"ဘာ စည်းကမ်းတွေလဲ။ Reality Show မဟုတ်ဘူးလား။ Reality Show ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ပြောစမ်းပါဦး"

"ဒီနေရာမှာ ဖြစ်ပျက်နေတာမှန်သမျှကို ကင်မရာနဲ့ မှတ်တမ်းတင်ရမှာ မဟုတ်ဘူးလား။ အခု ဖြစ်နေတာတွေက တကယ်အစစ်တွေ မဟုတ်လို့လား။ ခင်ဗျားတို့ရဲ့ ဇာတ်ညွှန်းအတိုင်း သွားရင် Reality Show ခေါ်မလား။ အဲ့ဒါဆိုလည်း ဇာတ်တိုက်ထားတဲ့ ဖျော်ဖြေပွဲလို့သာ ခေါ်လိုက်ပါတော့လား"

ဒါရိုက်တာချုပ်မှာ ပြောစရာစကား မရှိတော့ပေ။

တစ်စုံတစ်ယောက်က တိုက်တွန်းလေသည်။ "ဆရာ... တစ်ခုခုပြောပါဦး"

ဒါရိုက်တာချုပ်၏ မျက်နှာထားမှာ ရှုပ်ထွေးနေပြီး "သူပြောတာလည်း ဟုတ်နေတာပဲ" ဟု ဆိုလိုက်သည်။

"ဟာ"

ဒါရိုက်တာချုပ်မှာ အကြံအိုက်နေလေသည်။ ဤနေရာသို့ ရောက်လာသူတိုင်းက သူ့ကို အဘယ်ကြောင့် ဤမျှလွယ်လွယ်ကူကူ စည်းရုံးနိုင်နေကြတာလဲ။ ပြန်စဉ်းစားကြည့်လိုက်သောအခါ ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် ရိုက်ကူးခြင်းဖြစ်သဖြင့် အတွေ့အကြုံ မရှိသေးသည်မှာ သဘာဝပင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကြည့်ရှုနှုန်း တက်လာစေရန် အဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရသည်ဖြစ်ရာ မျက်နှာကို ငဲ့ညှာနေစရာ မလိုတော့ပေ။

"ကောင်းပြီလေ... ကောင်းပြီလေ... ယူသွားလိုက်တော့" ဟု သူ ခွင့်ပြုလိုက်ရတော့သည်။

သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသော လီရှောင်ယာသည် ရုတ်တရက် ခေါင်းပြူထွက်လာပြီး ဒါရိုက်တာချုပ်ကို မေးလိုက်လေသည်။

"ဦးလေး... သမီးတို့ အစီအစဉ်ကို ကြည့်တဲ့လူတွေ အများကြီးရှိလားဟင်"

ထိုမေးခွန်းကြောင့် ဒါရိုက်တာချုပ်မှာ အံ့အားသင့်သွားပြီး ခေတ္တမျှအကြာတွင် ရယ်မောကာ ပြန်ဖြေလိုက်သည်။

"သမီး မသိဘူးလား"

လီရှောင်ယာက မသိကြောင်း ခေါင်းခါပြ၏။

ဒါရိုက်တာချုပ်က "တိုက်ရိုက်ကြည့်ရှုနှုန်းက ၄ ကျော်နေပြီ။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလား" ဟု ပြောသည်။

ရှန်းယွီရှောင်က အေးစက်စက်ဖြင့် ဝင်ပြောလိုက်သည်။

"ပေါက်ကရတွေ ပြောမနေနဲ့။ သူနားလည်မယ့်စကားနဲ့ပြော"

ဒါရိုက်တာချုပ်မှာ ငြင်းဆန်ခြင်း မပြုတော့ဘဲ ဆက်ရှင်းပြလေသည်။

"အကယ်၍ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတည်းကို ကြည့်နေတဲ့လူပေါင်း သန်း ၁၀၀၀ လောက်ရှိတယ်ဆိုရင် သမီးတို့ အစီအစဉ်ကို ကြည့်နေတာက သန်း ၄၀ လောက်ရှိတယ်"

ပြောပြီးသည်နှင့် ဒါရိုက်တာချုပ်က ရှန်းယွီရှောင်ကို သံသယဖြင့် ကြည့်ကာ "သန်း ၄၀ ဆိုတာ ဘာလဲဆိုတာ သူသိပါ့မလား" ဟု မေးလိုက်သည်။

ရှန်းယွီရှောင်က မျက်စောင်းထိုးကြည့်ကာ "လီရှောင်ယာက ခင်ဗျားထက် ပိုဉာဏ်ကောင်းတယ်" ဟု ပြောလိုက်သည်။ ဒါရိုက်တာချုပ်မှာ ပြန်ပြောချင်သော်လည်း လီရှောင်ယာက ထပ်မေးလိုက်ပြန်သည်။

"ဒါဆို လူအများကြီးက သမီးကို တီဗီမှာ မြင်ရမှာပေါ့နော်"

ဒါရိုက်တာချုပ်က ပြုံးကာ "တီဗီမှာတင် မဟုတ်ဘူး၊ ဖုန်းတွေ၊ လူမှုကွန်ရက် ပလက်ဖောင်း အစုံကနေ သမီးကို မြင်ရမှာ" ဟု ဖြေလေသည်။

ထိုစကားကို ကြားသောအခါ ရှန်းယွီရှောင်သည် လီရှောင်ယာ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

သူက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ဒါက Reality Show ပဲဟာ"

နင်းဟန်မှာ မနေနိုင်တော့ဘဲ ဝင်မေးလေသည်။

"အစ်ကိုရှန်း... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ Reality Show ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ"

ရှန်းယွီရှောင်က သူ့ကို လှည့်မကြည့်ဘဲ ဒါရိုက်တာချုပ်ကိုသာ ပြောလိုက်သည်။

"ကင်မရာတွေ တပ်ဆင်လိုက်။ အခုကစပြီး ၂၄ နာရီ တိုက်ရိုက်လွှင့်မယ်လို့ ကျွန်တော် ထင်တယ်"

ဒါရိုက်တာချုပ်မှာ ကြောင်အသွားပြီးမေးသည်။ "အဆင်... အဆင်ပြေပါ့မလား"

ရှန်းယွီရှောင်က ဆိုလေသည်။

"ကျွန်တော် သဘောတူမှတော့ ဘာပြဿနာ ရှိဦးမှာလဲ"

"ဆွေမျိုးရှာပုံတော် ဇာတ်လမ်းမှာ ပရိသတ်ကိုပါ ပါဝင်ခွင့် ပေးလိုက်လေ။ ဒါက Reality Show သမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ အခွင့်အရေးပဲ" ဟု ရှန်းယွီရှောင်က တည်ငြိမ်သော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

နင်းဟန်က လက်ခုပ်တီးကာ "ရှယ်ပဲကွာ... ကိုရှန်းကတော့ ဉာဏ်ကြီးရှင်ပဲ" ဟု ချီးကျူးလိုက်သည်။

ရှုရူယင်းကလည်း ရေရွတ်လိုက်လေသည်။

"ဒီလိုဆိုရင် ဘယ်လို မိစ္ဆာကောင်တွေပဲ ရှိရှိ၊ ကင်မရာရှေ့မှာတော့ သူတို့ရဲ့ ဇာတိရုပ်မှန်ကို ပြရတော့မှာပဲ။ တိုင်းပြည်တစ်ဝှမ်းလုံးက ဝိုင်းကြည့်နေချိန်မှာ သူတို့ ဘာတတ်နိုင်မှာလဲ"

ဒါရိုက်တာချုပ်မှာ နားမလည်နိုင် ဖြစ်နေပြီး မေးလိုက်သည်။

"နေပါဦး... ဘာ ဆွေမျိုးရှာတာလဲ"

သူတို့သည် အစောပိုင်းက ရှုကျီကို ဖုန်းဆက်သည့်အခါ ရိုက်ကူးရေးအဖွဲ့ကို တမင် ရှောင်ဖယ်ထားခဲ့သောကြောင့် ဒါရိုက်တာချုပ်မှာ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိရှိသေးပေ။

ရှန်းယွီရှောင်က "ဒီမနက် မကြားလိုက်ဘူးလား။ လီရှောင်ယာရဲ့ အမေဘက်က ဆွေမျိုးတွေ လာရှာနေကြတယ်လေ" ဟု ပေါ့ပါးစွာ ပြောလိုက်သည်။

ဒါရိုက်တာချုပ်က ခေါင်းညိတ်ကာ "ဪ ကြားတယ်။ သူ့အမေဘက်က ဆွေမျိုးတွေက ထူးခြားလို့လား" ဟု မေးသည်။

နင်းဟန်က ပြုံးကာ ဒါရိုက်တာချုပ်၏ ပခုံးကို ပုတ်လိုက်ပြီး "ခင်ဗျား နောက်ကျရင် သိလာပါလိမ့်မယ်" ဟု ပြောလိုက်သည်။ သူတို့အားလုံးမှာ ငယ်ရွယ်ကြသော်လည်း နင်းဟန်သည် ဒါရိုက်တာချုပ်ထက် အရပ်တစ်ခေါင်းတစ်ဝက်ခန့် ပိုရှည်လေသည်။

ဒါရိုက်တာချုပ်မှာ မတတ်သာဘဲ လက်ခံလိုက်ရပြီး ကင်မရာများကို တပ်ဆင်ရန် လူလွှတ်လိုက်သည်။

"၂၄ နာရီ တိုက်ရိုက်လွှင့်ရင် ဘယ်သူမှ ကြည့်မှာမဟုတ်ဘူးလို့ စိုးရိမ်တာပဲ..." ဟု ဒါရိုက်တာချုပ်က ညည်းတွားလိုက်သည်။

ရှန်းယွီရှောင်က လီရှောင်ယာရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး မေးလိုက်သည်။

"စီးပွားရေးလုပ်ငန်းတွေမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတစ်ခုကို သိလား"

"ဟင်... ဘာလဲဟင်"

လီရှောင်ယာက မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို ကြည့်ကာ စိတ်ဝင်တစား နားထောင်နေသည်။

ရှန်းယွီရှောင်က လက်တစ်ချောင်းထောင်ပြပြီး "ဒါက ရောင်းအားအကောင်းဆုံး ပစ္စည်း A" ဟု ပြောကာ ဘယ်ဘက်လက်ကို ထောင်ပြပြီး "ဒါက ရောင်းမကောင်းတဲ့ ပစ္စည်း B" ဟု ဆိုသည်။

"ရောင်းမကောင်းတဲ့ ပစ္စည်းတွေကို ဈေးအရမ်းလျှော့လိုက်ရင် အမှတ်တံဆိပ်ရဲ့ တန်ဖိုးကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဒီအချိန်မှာ ကုမ္ပဏီက Mystery Box တွေ၊ Like ပေးမှ ပွင့်မယ့် အစီအစဉ်တွေ လုပ်လာကြတယ်။ ဥပမာ - ပစ္စည်း A ဆယ်ခုဝယ်မှ ပစ္စည်း B ဝယ်ခွင့်ရမယ်ဆိုရင် ပစ္စည်း B က ချက်ချင်းပဲ လူကြိုက်များလာရော"

လီရှောင်ယာက ခေါင်းညိတ်ကာ "အင်း... သမီး နားလည်သလိုပဲ" ဟု ပြောသည်။

ရှန်းယွီရှောင်က ဒါရိုက်တာချုပ်ဘက်သို့ လှည့်ကာ "သူတောင် နားလည်တယ်၊ ခင်ဗျား နားမလည်ဘူးလား" ဟု မေးလိုက်သည်။

ဒါရိုက်တာချုပ်၏ နှုတ်ခမ်းများ တွန့်သွားပြီး "ကျုပ် ကျုပ် သဘောပေါက်ပါပြီ။ ၂၄ နာရီ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆုလက်ဆောင်တစ်ခုအနေနဲ့ သတ်မှတ်ပြီး ကြည့်ရှုနှုန်း အတိုင်းအတာတစ်ခု ရောက်မှ ဖွင့်ပေးမယ်ဆိုရင် လူတိုင်း စိတ်ဝင်စားလာကြမှာပဲ..." ဟု ပြောလိုက်သည်။

ရှန်းယွီရှောင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ဒါရိုက်တာချုပ်မှာ ဆွံ့အသွားလေသည်။ ဤသူဌေးသားလေးများသည် ပိုက်ဆံရှာနည်းကို မွေးကတည်းက တတ်ကျွမ်းလာကြသည်လား။

ထိုနေ့တွင်ပင် အစီအစဉ်၏ တရားဝင် Weibo အကောင့်မှ ဤ "အစီအစဉ်သစ်" ကို ကြေညာလိုက်လေသည်။

မကြာသေးမီက လီရှောင်ယာနှင့် သခင်လေးရှန်းတို့၏ ကျေးရွာဘဝကို ပရိသတ်များ အထူးစိုးရိမ်ပူပန်နေကြသည်ကို သိရှိပါကြောင်း၊ နေ့စဉ် အချိန်တိုလေးသာ မြင်တွေ့ရသည်မှာ မလုံလောက်ကြောင်း၊ ထို့ကြောင့် ပရိသတ်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် -

၂၄ နာရီ တိုက်ရိုက်ထုတ်လွှင့်မည့် လင့်ခ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း၊ ပလက်ဖောင်းပေါ်တွင် ပရိသတ်အဆင့် LV6 ရောက်ရှိသူများသာ ဖွင့်ကြည့်နိုင်မည်ဖြစ်ပြီး သီးသန့် Profile ပုံနှင့် ဘွဲ့တံဆိပ်များကိုလည်း ရရှိမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ပရိသတ်ကို အဆင့်ခွဲခြားလိုက်သည့် ဤလုပ်ရပ်သည် ကြည့်ရှုလိုစိတ်ကို ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားခဲ့၏။

ဝတ်စုံနက်ဝတ် အမျိုးသားသည် ကျေးရွာကော်မတီရုံးသို့ နေ့စဉ် လာရောက်သော်လည်း လီရှောင်ယာနှင့် မျက်နှာချင်းဆိုင် တွေ့ခွင့်မရပေ။

အခြားတစ်ဘက်တွင်တော့ လီရှောင်ယာကဲ့သို့ ကလေးတစ်ယောက်က ဤမျှ သည်းခံနိုင်စွမ်းရှိသည်ကို ရှုရူယင်းတစ်ယောက် အံ့သြမဆုံး ဖြစ်နေရသည်။ ထိုလူက သူမကို တကူးတက လာရှာသည်အထိ စောင့်မည်ဟု ပြောပြီးနောက် တကယ်ပင် ထိုင်စောင့်နေခဲ့သည်။

လွန်ဆွဲပွဲ တစ်ခုလိုပင်။

ရယ်စရာကောင်းသည်မှာ ဤသည်က လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကြားက လွန်ဆွဲပွဲ ဖြစ်နေခြင်းပင်။

နောက်ဆုံးတွင်တော့ စိတ်မရှည်နိုင်တော့သူမှာ ဝတ်စုံနက်ဝတ် အမျိုးသားသာ ဖြစ်သွားခဲ့သည်။

"အသုံးမကျတဲ့ကောင်တွေ" ဟု သူက တံတွေးထွေးကာ ပြောလိုက်သည်။

သတင်းပေးရန် ပိုက်ဆံယူထားသော ရွာသားများသည် အလုပ်မဖြစ်သည့်အပြင် ယူထားသော ပိုက်ဆံကိုလည်း ပြန်မပေးကြပေ။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ဆင်းရဲတဲ့ တောင်ပေါ်ရွာသားတွေက ယုတ်မာလိုက်ကြတာ" ဟု အေးစက်စွာ ပြောလိုက်၏။

ထို့နောက် သူ့ရှေ့ရှိ ရွာသားတစ်ယောက်ကို ဖမ်းဆွဲကာ လက်မောင်းကျိုးသည်အထိ လိမ်ချိုးပစ်လိုက်လေသည်။

ထိုရွာသားသည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အခေါက်ခေါက်အခါခါ သတင်းပေးရင်း ပျော်ရွှင်နေခဲ့ပြီး လီရှောင်ယာ လာမတွေ့သည်ကပင် ပိုကောင်းသည်၊ သို့မှသာ သူ ပိုက်ဆံပိုရမည်ဟု တွေးနေခဲ့သည်။ ယခု ရုတ်တရက် လက်မောင်းကျိုးသွားသောအခါ မည်သို့ ကောင်းနိုင်တော့မည်နည်း။

သူသည် မြေကြီးပေါ်တွင် လူးလှိမ့်ကာ "အား... အား" ဟု အော်ဟစ်နေတော့သည်။

"မြို့ကလာတာနဲ့ပဲ မင်းက သိပ်ဟုတ်နေပြီ ထင်မနေနဲ့... မင်း..." ဟု ရွာသားက ငိုယိုကာ ဆဲဆိုလေသည်။

ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့လို ရွာတွေရဲ့ ထုံးစံကို ငါသိတယ်။ ဒေသခံဆိုပြီး ရိုင်းစိုင်းကြတယ်၊ ဥပဒေစိုးမိုးရေးကို ဝိုင်းပြီး ခုခံချင်ကြတာမလား။ ပေါက်ပြားတွေ ကိုင်၊ တံံစဉ်တွေ ဆွဲပြီး ဟိတ်ဟန်ထုတ်ရဲကြတယ်ပေါ့... ရှန်းယွီရှောင် ခြောက်တာနဲ့တင် ခင်ဗျားတို့ ကြောက်နေကြပြီ။"

သူက ကိုယ်ကိုကိုင်းလိုက်ပြီး ငွေစက္ကူ နှစ်ရွက်ကို ဆွဲထုတ်ကာ ရွာသား၏ မျက်နှာပေါ်သို့ ပစ်ပေးလိုက်သည်။

"ငါက ရှန်းယွီရှောင်ထက် ပိုရက်စက်တယ်"

ဝတ်စုံနက်ဝတ် အမျိုးသားသည် ပြောပြီးသည်နှင့် အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရာ ထွက်ခွာမည့်လမ်းကြောင်းရှိ ရွာသား၏ ကျိုးနေသော လက်မောင်းကို တမင်တကာ တက်နင်းသွားလေသည်။

သူ ဆက်မစောင့်နိုင်တော့ပေ။

ထိုကလေးမလေးကို သူကိုယ်တိုင် သွားရှာရပေတော့မည်။

All Chapters