← Chapters

အခန်း (၅၃)

Vol. 6 Ch. 53

အခန်း (၅၃)

Vol. 6 Ch. 53

Chapter 53

အနက်ရောင်ဝတ်စုံနှင့် လူသည် လီရှောင်ယာ၏ အိမ်သို့ ရှေးဦးစွာ ရောက်ရှိသွားခဲ့သော်လည်း အိမ်မှာ လူသူကင်းမဲ့လျက် ရှိနေပေသည်။ လီရှောင်ယာမှာ ကျောင်းသို့ သွားနှင့်၏။

ထို့ကြောင့် ထိုလူမှာ ကျောက်တုံးနွား စာသင်ကျောင်းဘက်သို့သာ ဦးတည် လျှောက်လှမ်းလာခဲ့ရသည်။ လမ်းခုလတ်ရှိ လယ်ကန်သင်းရိုးများပေါ်တွင် ဟိုမှသည် ခလုတ်တိုက်မိမလို ဖြစ်ခဲ့သေး၏။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူသည် အခက်အခဲပေါင်းစုံကို ဖြတ်သန်းဖူးသူ ပီသပါပေသည်။ မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လက်ကိုင်ပဝါကို ထုတ်ကာ ကိုယ်ပေါ်ရှိ ဖုန်များကို သုတ်သင်လိုက်ပြီးနောက် ကျောင်းတံခါးဝတွင် ရပ်စောင့်နေလိုက်တော့သည်။

"ကျောင်းရှေ့မှာ လူထူးလူဆန်းကြီးဟ"

"ရုပ်က ပန်းချီကားထဲက ဘီလူးကြီးကျနေတာပဲ"

"တစ်ယောက်ယောက်ရဲ့ အဖေနေမှာပါ"

ကျောင်းဆင်း ခေါင်းလောင်းသံ မြည်လာသည်နှင့်တပြိုင်နက် အတန်းဖော်များ၏ ကြောက်လန့်တကြား တီးတိုးပြောဆိုသံများကြားမှ လီရှောင်ယာသည် ကျောပိုးအိတ်ကလေးကို လွယ်ကာ ကျောင်းတံခါးဝသို့ လျှောက်လှမ်းလာခဲ့သည်။

ကလေးလာကြိုကြသော မိဘများနှင့် ကျောင်းသားများသည် အနက်ရောင်ဝတ်စုံနှင့်လူကို အလိုအလျောက်ပင် ရှောင်ကွင်းသွားကြရာ လူအုပ်ကြား၌ ကွက်လပ်တစ်ခု ဖြစ်ပေါ်သွားလေသည်။

ထို့ကြောင့် လီရှောင်ယာသည် ထိုလူကို ချက်ချင်းပင် သတိထားမိလိုက်၏။

ယနေ့တွင် လီရှောင်ယာ၏ ဘေး၌ ရှန်းယွီရှောင်နှင့် အခြားသူများ မရှိချေ။ ကျောင်း၌ သူငယ်ချင်း သိပ်မရှိလှသော သူမသည် အထီးကျန်နေပုံ ပေါက်နေသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည်လည်း သူမကို ချက်ချင်းပင် တွေ့ရှိသွားလေသည်။

ကြီးတစ်ဖုံ ငယ်တစ်လှည့် အကြည့်ချင်း ဆုံသွားကြပြီးနောက်...

လီရှောင်ယာသည် ထိုလူ့ရှေ့သို့ တည့်မတ်စွာ လျှောက်သွားလိုက်သည်။

လူအုပ်ကြီးကြားမှ ထိုလူက စကားစလိုက်သည်။ "သမီးက ဦးဘယ်သူလဲဆိုတာ သိနေပုံရတယ်"

လီရှောင်ယာက မော့ကြည့်ရင်း မေးလိုက်သည်။

"မသိပါဘူး... ဦးနာမည်က ဘယ်သူလဲ"

အနက်ရောင်ဝတ်စုံနှင့်လူက နှုတ်ခမ်းကို အသာလှုပ်ရုံမျှဖြင့် "ဝေကျန်း" ဟု ဖြေကြားလိုက်၏။

စကားဆုံးသည်နှင့် ကင်မရာမီးရောင် လက်ခနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ရိုက်ကူးရေးအဖွဲ့သားများ ကင်မရာကိုယ်စီဖြင့် လျှောက်လာကြခြင်း ဖြစ်သည်။

ဝေကျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်မိသော်လည်း ပုန်းရှောင်ရန် နောက်ကျသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် အတင်း ပြန်ထိန်းလိုက်ရသည်။

"ရှန်းယွီရှောင်တောင် ဘေးမှာမရှိဘဲနဲ့ ဒီရိုက်ကူးရေးအဖွဲ့က ဘာလို့ လိုက်ရိုက်နေရတာလဲ... ဒီအစီအစဉ်ရဲ့ အဓိကဇာတ်ကောင်တွေက ရှန်းယွီရှောင်နဲ့ ဟို လီချင်းချင်းဆိုတာ မဟုတ်ဘူးလား" ဟု အေးစက်စက် မေးလိုက်သည်။

လီရှောင်ယာက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ဘာလို့လဲဆိုတော့ သမီးလည်း စာချုပ်ချုပ်ထားတာလေ"

ဝေကျန်းဟု အမည်ရသောလူက အကြည့်ကိုအောက်သို့ချကာ "ဒါဆို သူတို့ကိုပြောလိုက်... ငါတို့ အခုပြောမယ့်စကားတွေကို အသံဖမ်းလို့မရဘူးလို့" ဟု ပို၍အေးစက်သောလေသံဖြင့် ဆိုလေသည်။

လီရှောင်ယာကလည်း "ဘာဖြစ်လို့လဲ... နေခင်းကြောင်တောင် လူကြားထဲမှာ ပြောလို့မရတဲ့ကိစ္စမို့လို့လား" ဟု ပြန်လည်မေးခွန်းထုတ်လိုက်၏။

ဝေကျန်းမှာ ဆွံ့အသွားရသည်။

ထိုအချိန်တွင် ကြည့်ရှုသူပရိသတ်များထံမှ မေးခွန်းပေါင်းစုံ တက်လာတော့သည်။

[ဒီလူက ဘယ်သူလဲဟ]

[ဝါး... ကြောက်စရာကြီး]

[ကြည့်ရတာ လူကောင်းပုံမပေါ်ဘူး၊ လီရှောင်ယာနဲ့ စကားပြောနေပုံက ထူးဆန်းတယ်]

ကျောင်းဆင်းစ ကလေးများသည် နောက်သို့ လှည့်ကြည့်နေကြသလို ကျောင်းသားမိဘများကလည်းတီးတိုးဆိုမိကြသည်။

"အဲဒါ လီရှောင်ယာရဲ့ ထွက်ပြေးသွားတဲ့အဖေတော့ မဟုတ်လောက်ပါဘူးနော်"

"ရှင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ... ကျွန်မ သူ့အဖေကို မြင်ဖူးတယ်... ပိန်ပိန်ပါးပါးလေးပါ... ဒီလူကြီးလို ဘယ်လိုလုပ် ထွားကျိုင်းနေမှာလဲ... ကြည့်ရတာ သားသတ်သမားနဲ့တောင် တူသေးတယ်"

"ကြည့်ရတာ နိုင်ငံခြားသား ရုပ်ပေါက်တယ်နော်"

"ဒီလို ဆင်းရဲတဲ့နေရာမှာ နိုင်ငံခြားသားက ဘယ်ကနေ ရောက်လာမှာလဲ... တိုင်းရင်းသားလူမျိုးစု ဖြစ်မှာပါ"

ကျောင်းသားမိဘများ၏ သုံးသပ်ချက်များက ဆီလျော်မှု ရှိသေးသော်လည်း ကလေးများ၏ ထင်ကြေးပေးမှုများကမူ ချဲ့ကားလွန်းနေကြချေပြီ။

"လီရှောင်ယာက အစ်ကိုတွေရော၊ အစ်မရော ရထားပြီးပြီ... အခု နောက်ထပ် အဖေတစ်ယောက် ရပြန်ပြီလား၊ ဘာလို့ သူကျတော့ အကုန်ရနေတာလဲ"

"ဒါပေမဲ့ ငါ့အဖေပြောတော့ အဲဒါ သူ့အဖေအရင်း မဟုတ်ဘူးတဲ့"

"ဒါဆို ဒုတိယအဖေ ဖြစ်မှာပေါ့"

"နောက်ဆို ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး... သူ့ရဲ့ ဒုတိယအဖေက ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်မယ့်ပုံပဲ"

"ဝမ်ရှောင်ကျစ်... သူသာ မင်းကိုထိုးလိုက်ရင် နံရံမှာကပ်ပြီး ပြန်ခွာလို့တောင် ရမှာမဟုတ်ဘူး... မင်းကြောက်လား"

ထိုစကားကို ကြားသည်နှင့် ဝမ်ရှောင်ကျစ်မှာ နားပိတ်ကာ ရှက်ရှက်ဖြင့် ထွက်ပြေးသွားလေတော့သည်။ လီရှောင်ယာကို နည်းနည်းပါးပါး စနောက်မိတာလေးများ ဒီလောက်ဖြစ်ရသလားဟု တွေးရင်း ကျောက်တုံးနွားကျောင်းတွင် နောက်ဘယ်တော့မှ စာမသင်တော့ဟုပင် တေးမှတ်သွားလေသည်။

ဝေကျိန်းသည် ထိုစကားများကို ကြားသောအခါ စိတ်ရှုပ်ထွေးမှုနှင့် မရှည်နိုင်မှုများ ဖြစ်ပေါ်လာရသည်။

သူက လီရှောင်ယာကို ငုံ့ကြည့်ရင်း "ငါမင်းဆီ ဘာလို့လာလဲ သိလား" ဟု မေးလိုက်သည်။

"အင်း... အမေ့အမျိုးလို့ ပြောကြတယ်"

"လုံးလုံးကြီးတော့ မမှန်ဘူး... ငါက မင်းအဖိုးဆီမှာ အလုပ်လုပ်တဲ့သူ၊ မင်းရဲ့ဆွေမျိုး မဟုတ်သလို မင်းအမေဘက်က အမျိုးလည်း မဟုတ်ဘူး" ဝေကျန်းက စကားကို ခေတ္တရပ်လိုက်ပြီး လိုရင်းကို ဆက်ပြောသည်။

"မင်းအမေက မစ္စတာဝေရဲ့ သမီးအငယ်ဆုံးပဲ... လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားခဲ့တာ... မစ္စတာဝေက သမီးဖြစ်သူကို တောက်လျှောက် ရှာဖွေခဲ့ရာကနေ မကြာသေးမီကမှ ဒီနေရာကို တွေ့ရှိပြီး မင်းရှိနေတာကို သိလိုက်ရတာ"

"မိတ်ဆက်ပေးရရင်... မစ္စတာဝေဆိုတာ Rockefeller Financial Group ရဲ့ အကြီးဆုံး ရှယ်ယာရှင် တစ်ဦးပဲ... ငါက မင်းကို မစ္စတာဝေဆီ ပြန်ခေါ်သွားဖို့ လာခဲ့တာ"

တိုက်ရိုက်ထုတ်လွှင့်မှု ကောမန့်များ ပေါက်ကွဲသွားတော့သည်။

[ဟေ]

[ဘာကြီးလဲ]

[သူဘာတွေပြောနေတာလဲ... စကားလုံးတစ်လုံးချင်းစီကို နားလည်ပေမယ့် ဆက်စပ်လိုက်တော့ ဘာမှနားမလည်တော့ဘူး]

[ဒါဆို လီရှောင်ယာအမေက လီရွာက မဟုတ်ဘူးပေါ့]

[ငါ ပြတင်းပေါက်က လှမ်းကြည့်လိုက်တာ ကောင်းကင်မှာ နေတစ်စင်းတည်းပါ... ဘာလို့ ဒီလောက်တောင် ဒရမ်မာဆန်နေရတာလဲ]

[ဒါ အစီအစဉ်က ရေးပေးတဲ့ ဇာတ်ညွှန်းတော့ မဟုတ်ပါဘူးနော်]

တကယ်တမ်းတွင်မူ အဓိကဒါရိုက်တာကြီး ကိုယ်တိုင်ပင် ကြောင်အမ်းအမ်း ဖြစ်နေရသည်။

ရှန်းယွီရှောင်က "မိသားစုပြန်လည်ဆုံစည်းခြင်း" အကြောင်း ပြောခဲ့စဉ်က ဘာများထူးခြားလို့လဲဟု သူတွေးခဲ့မိသည်။

အခုမှပင် တကယ် ထူးခြားနေကြောင်း တွေ့လိုက်ရသည် မဟုတ်ပါလော။

ဒီလောက်ကြီးကျယ်တဲ့ ဇာတ်ညွှန်းမျိုး သူတို့ ဘယ်ရဲရေးမလဲ။

"ဦးလေး ပြောတာကို သမီးက ဘာလို့ယုံရမှာလဲ" ဟု လီရှောင်ယာက မေးလိုက်သည်။

"ငါ့ကို ဦးလေးလို့ မခေါ်နဲ့" ဝေကျန်း၏ အသံမှာ အေးစက်ခက်ထန်နေသည်။ "မင်းအမေရဲ့ ဓာတ်ပုံတွေ ငါယူလာတယ်"

ဝေကျန်းသည် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ထုတ်၍ ဖွင့်ပြလိုက်သည်။ "ဒါတွေက မင်းအမေ ငယ်ငယ်ကနေ အသက်အရွယ်ရလာတဲ့အထိ ရိုက်ထားတဲ့ပုံတွေပဲ"

ဝေကျိန်းက စာရွက်များကို လျင်မြန်စွာ လှန်ပြလိုက်သည်။

လီရှောင်ယာသည် အာရုံစိုက်ကာ ကြည့်နေမိသည်။ မွေးကင်းစ ကလေးဘဝမှသည် လမ်းလျှောက်တတ်စ၊ ပြေးလွှားဆော့ကစားနေသည့်အရွယ်၊ အရပ်ရှည်လာပြီး ဆံပင်စည်းနှောင်ထားသော မိန်းမပျိုလေးဘဝ၊ နောက်ဆုံးတွင် ဘွဲ့ဝတ်စုံနှင့် ဘွဲ့ဦးထုပ်ကို ကိုင်ထားသည်အထိ...။

သူမ မျက်လုံးများ ပြူးကျယ်သွားသည်။ အသံတစ်သံမျှ ထွက်မလာသော်လည်း ထိုပုံရိပ်များကို မျက်လုံးထဲ အတင်းထည့်ကာ ဦးနှောက်ထဲတွင် မှတ်သားထားရန် ကြိုးစားနေမိသည်။

ဟုတ်တယ်.. ဒါ သူ့အမေပဲ။

အမေ့ဘဝရဲ့ ပထမတစ်ပိုင်းက သူမမျက်စိရှေ့တွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့၏။

လီရှောင်ယာ၏ မျက်ရည်များသည် ကြိုးပြတ်ကျသွားသည့် ပုလဲလုံးလေးများပမာ တိတ်ဆိတ်စွာ စီးကျလာတော့သည်။

"အခု ယုံပြီလား" ဟု ဝေကျန်းက မေးလိုက်သည်။

ကောမန့်များ ချက်ချင်းပင် ဒေါသထွက်ကုန်ကြသည်။

[ဘာလေသံကြီးလဲ]

[ဒီလူ ပြောပုံဆိုပုံကြီးက အေးစက်လိုက်တာ... သူဌေးရဲ့ ပျောက်နေတဲ့မြေးကို ပြန်တွေ့တာတောင် ဝမ်းသာတဲ့ပုံ မပေါ်ဘူး]

လီရှောင်ယာသည် နှာခေါင်းတစ်ချက်ရှုံ့ရင်း ခေါင်းညိတ်ပြသည်။

"ဒါဆို သွားကြစို့" ဟု ဆိုကာ ဝေကျန်းက လှမ်းဆွဲလိုက်သည်။

လီရှောင်ယာသည် ခြေတစ်လှမ်းဝက်ခန့် နောက်ဆုတ်လိုက်ပြီး "ဘာဖြစ်လို့ အဖိုးကိုယ်တိုင် မလာတာလဲဟင်" ဟု မေးလိုက်သည်။

"မစ္စတာဝေက နေမကောင်းဘူး"

"ဒါဆို တခြားသူတွေရော... အမေ့မှာ မောင်နှမတွေ မရှိဘူးလား"

"...ရှိတယ်၊ သူတို့အားလုံး နေမကောင်းကြဘူး"

အနီးနားတွင် ပုန်းနေသော ရှုရူယင်းက မနေနိုင်တော့ဘဲ "လီရှောင်ယာက နင့်ဦးလေးဆီကနေ အဖြေတွေ သိပြီးသား မဟုတ်ဘူးလား... ဘာလို့ ထပ်မေးနေတာလဲ" ဟု ရှန်းယွီရှောင်ကို တီးတိုးမေးလိုက်သည်။

ရှန်းယွီရှောင်က စိတ်မရှည်စွာဖြင့် "ဒါက ပရိသတ်တွေ ကြားအောင်လို့လေ... နားလည်လား" ဟု ပြန်ဖြေသည်။

ရှုရူယင်း - "အော်"

လီရှောင်ယာက ထပ်မေးပြန်သည်။ "ဦးက အရမ်းကြမ်းတာပဲ... လာကြိုမယ်ဆိုရင် နည်းနည်းလောက် ပိုကြင်နာတတ်တဲ့ ဦးလေးတစ်ယောက် လာလို့မရဘူးလား"

ဝေကျန်း - "..."

ဝေကျန်းက ပြန်ဖြေလိုက်သည်။

"ငါ့ကို ဒီတာဝန်ပေးထားတာ... ငါကလွဲပြီး တခြားဘယ်သူမှ လာမှာမဟုတ်ဘူး... မငိုနဲ့၊ အားနည်းတာကို မပြနဲ့၊ လူတိုင်းက မင်းအလိုကျ လိုက်လျောပေးမယ်လို့ မျှော်လင့်မနေနဲ့... ဒီနေရာက ဆွေမျိုးတော်စပ်ရုံနဲ့ အရာရာ ချောမွေ့နေမယ့်နေရာ မဟုတ်ဘူး... မင်းရဲ့ တန်ဖိုးနဲ့ အရည်အချင်းကို သက်သေပြနိုင်မှ လိုချင်တာကို တောင်းဆိုနိုင်မှာ"

"ငါ့လိုပဲပေါ့... ကလေးပေါက်စလေးရဲ့ သက်တော်စောင့်လုပ်ရမယ်ဆိုတာ သိလိုက်ရတုန်းက ငါလည်း ငြင်းလို့မရခဲ့ဘူး... ဘာလို့လဲဆိုတော့ ငြင်းဆန်နိုင်လောက်တဲ့ အရည်အချင်း ငါ့မှာမရှိလို့ပဲ" ဟု ဝေကျန်းက အေးစက်စွာ ပြောလိုက်သည်။

လီရှောင်ယာသည် ထိုစကားများကြောင့် ဝမ်းနည်းသွားခြင်း မရှိပေ။

သူမသည် ငယ်ရွယ်သော်လည်း တဖက်လူ၏ စိတ်ခံစားချက်များ အတက်အကျကြမ်းမှသာလျှင် ရင်ထဲရှိ အမှန်တရားများကို ထုတ်ပြောတတ်ပြီး သူမလိုချင်သော သတင်းအချက်အလက်များကို ရနိုင်မည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။

ထိုအခြေအနေကို သည်းမခံနိုင်တော့သူမှာ ရှန်းယွီရှောင်ပင် ဖြစ်သည်။ သူသည် နားကြပ်ကို ချွတ်လိုက်ပြီး ထိုနေရာသို့ ချက်ချင်း ပြေးထွက်လာခဲ့တော့သည်။

---

တချိန်တည်းတွင် အခြားတစ်နေရာ၌...

လီချင်းချင်းသည် ရောဂါဝေဒနာမှ "ယာယီ" သက်သာလာပြီဖြစ်၍ ရှန်းကျွမ်က "အားလပ်ချိန်" ပေးကာ Disneyland သို့ ခေါ်ဆောင်သွားလေသည်။

လီချင်းချင်းသည် လှပသော မင်းသမီးဝတ်စုံကို ဝတ်ဆင်ကာ ပြုံးရွှင်နေသည်။

ရှန်းကျွမ်က ရိုလာကိုစတာ တစ်ခုကို လက်ညှိုးထိုးပြပြီး "စီးချင်လား" ဟု မေးလိုက်သည်။

လီချင်းချင်းက မျက်တောင်ကခတ်ခတ်ဖြင့် "ကြောက်တယ်... ဦးလေး လိုက်စီးပေးမလားဟင်" ဟု တိုးတိုးလေး မေးရှာသည်။

ရှန်းကျွမ်က ပြုံးရင်း "ဒါဆိုရင် ဒီရိုလာကိုစတာက လေထဲကနေ ပြုတ်ကျမလား၊ မကျဘူးလားဆိုတာ အခု သမီး ကြိုဟောနိုင်ပြီလား" ဟု မေးလိုက်၏။

လီချင်းချင်းသည် ကစားကွင်း မတော်တဆမှု သတင်းများကို ပြန်စဉ်းစားလိုက်ပြီး "မကျပါဘူး" ဟု အခိုင်အမာ ဖြေလိုက်သည်။

ရှန်းကျွမ်က ခေါင်းအသာညိတ်ပြီး ဘေးနားရှိ လက်ထောက်ကို "သူ့ကို စမ်းစီးကြည့်ဖို့ ခေါ်သွားလိုက်" ဟု အမိန့်ပေးလိုက်လေသည်။

လီချင်းချင်းသည် သူ့ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိပြီး မျက်နှာထားများပင် ပျက်ယွင်းစ ပြုလာသည်။

ရှန်းကျွမ်၏ နူးညံ့သိမ်မွေ့သော မျက်နှာထားကို ကြည့်ရင်း သူမ ကျောချမ်းသွားရသည်။

သူက သူမ၏ အနာဂတ်ဟောနိုင်စွမ်းကို စမ်းသပ်နေခြင်း ဖြစ်သည်။

သို့သော် သူမ ထင်ထားသည့်ပုံစံမျိုး မဟုတ်ပေ။

သူက ပို၍ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းဖြင့် စမ်းသပ်နေခြင်း ဖြစ်သည်။

ဒါက သူမ၏ အသက်အန္တရာယ်နှင့် ပတ်သက်နေပေသည်!

All Chapters