← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

Chapter 54

ရှန်းကျွမ်၏ သက်တော်စောင့်မှာ လီချင်းချင်း၏ ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကလေးပုံစံပေါက်နေခြင်းက ရှန်းကျွမ်ကဲ့သို့ လူမျိုးနှင့် နီးကပ်စွာနေရန် အခွင့်ကောင်းဖြစ်မည်ဟု လီချင်းချင်း အရင်က တွေးထင်ခဲ့ဖူး၏။ သို့သော် ယခုအချိန်တွင်တော့ ထိုအတွေးမှာ မှားယွင်းကြောင်း နားလည်လိုက်ရ၏။

အကြောင်းမှာ သက်တော်စောင့်သည် ခါးကိုကုန်း၍ သူမအား ငြင်းဆန်ခွင့်ပင်မပေးဘဲ ပွေ့ချီလိုက်သောကြောင့် ဖြစ်သည်။

လီချင်းချင်းမှာ ကြောက်လန့်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာရ၏။

"ဦးဦးရှန်း... သမီး တကယ်ကြောက်တယ်..."

ရှန်းကျွမ်က သူမကို မေးလိုက်၏။

"ကြောက်တယ်ဟုတ်လား... ဘာကို ကြောက်နေတာလဲ... ရိုလာကိုစတာက ပြုတ်မကျဘူးဆိုတာ မင်းကြိုမြင်ပြီးသား မဟုတ်ဘူးလား"

ငါ့ကို အမှန်တိုင်းပြောလာအောင် ရိုလာကိုစတာကိုများ တိတ်တိတ်လေး ဖျက်စီးထားတာလား...

လီချင်းချင်းမှာ သနားစဖွယ် ပို၍ ငိုကြွေးလိုက်လေသည်။

"ဦးလေးရှန်း... သမီး ဒါမျိုး တစ်ခါမှ မစီးဖူးဘူး... သမီးမမြင်ဖူးတဲ့အရာတွေကို ကြောက်တယ်..."

ရှန်းကျွမ်က ပြောလိုက်၏။

"မနက်ဖြန်ကျရင် မင်းကို အမေရိကန် ရုပ်ရှင်ကားကောင်းတွေ လိုက်ပြမယ်... အဲဒီကားတွေထဲမှာ စွမ်းအားရှင်ဖြစ်လာတဲ့လူတွေက ကြောက်ရွံ့နေလို့ မရဘူး... သူတို့က ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ရတယ်... တချို့ဆိုရင် မိသားစုလိုက် သေဆုံးရတဲ့အထိပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ လီချင်းချင်းမှာ စိတ်ဓာတ်များ ပြိုလဲလုမတတ် ဖြစ်သွားရသည်။

ရှန်းကျွမ်က လက်ကို ဝှေ့ယမ်းပြလိုက်၏။

"သွားလိုက်... သတ္တိမွေးစမ်းပါ... မင်းရဲ့ စွမ်းအားအကြောင်း ငါ့ကို ပြောပြတုန်းက သတ္တိမျိုးနဲ့ပေါ့..."

သက်တော်စောင့်သည် သူမကို ရိုလာကိုစတာ ထိုင်ခုံပေါ်တွင် တင်ပေးလိုက်လေသည်။

နောက်ဆုံးတွင် လီချင်းချင်းသည် အသက်ကယ်မည့် စည်းမျဉ်းတစ်ခုကို သတိရသွားချေသည်။

"ဦးဦးရှန်း... သမီးက ပေါ့လွန်းတယ်... ထိုင်ခုံမှာ မြဲနေမှာ မဟုတ်ဘူး... လွင့်ထွက်သွားလိမ့်မယ်..."

ရှန်းကျွမ်က မေးစေ့ကို အနည်းငယ် ပင့်ပြလိုက်၏။

"ကူညီပေးလိုက်..."

အဝေးမှ အစီအစဉ်ရိုက်ကူးရေးအဖွဲ့သားများသည် လီချင်းချင်း၏ ငိုယိုအော်ဟစ်သံများကို သတိထားမိကာ အချင်းချင်း တီးတိုးပြောဆိုနေကြတော့သည်။

"ဘာဖြစ်ကြတာလဲ..."

"မသိဘူးလေ... မစ္စတာရှန်းက ခဏရပ်မယ်ဆိုပြီး ငါတို့ကို အနောက်ဆုတ်ခိုင်းထားတာပဲ..."

ထိုအချိန်တွင် သက်တော်စောင့်သည် ခါးကိုကိုင်းကာ ကြင်နာသော လေသံဖြင့် ပြောလိုက်လေသည်။

"မိန်းကလေး လီချင်းချင်း... ရိုလာကိုစတာနဲ့ တွဲပြီး သေချာချည်ပေးထားပါ့မယ်... ဒါဆိုရင် လုံခြုံသွားမှာပါ..."

လီချင်းချင်းမှာ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။

"သမီး လိမ်ပြောတာပါ... သမီး လိမ်ပြောခဲ့တာ..."

ရှန်းကျွမ်က လျှောက်လာပြီး မေးလိုက်၏။

"ဘာကို လိမ်ပြောတာလဲ..."

လီချင်းချင်းမှာ အသက်လုရှူရင်း ငိုရှိုက်ကာ ပြောလိုက်လေသည်။

"သမီး... သမီးမှာ အနာဂတ်မြင်နိုင်တဲ့စွမ်းရည် မရှိဘူး... တကယ်မရှိတာပါ... ဦးလေး မယုံမှာစိုးလို့... ပြီးတော့ သမီးကို အလေးထားစေချင်လို့ ပြောခဲ့တာပါ... သမီးက... သမီးက ရှန်းမိသားစုနဲ့ ရှုမိသားစု အကြောင်း နည်းနည်းပါးပါးပဲ သိတာပါ..."

"ဒီတစ်ခါရော လိမ်ပြောနေတာ မဟုတ်ဘူးလား..."

"မဟုတ်ပါဘူး... မဟုတ်ရပါဘူး..."

"ဒါဆို ဒီကိစ္စတွေကို သိနေတာကျတော့ ဘယ်လိုရှင်းပြမလဲ..."

"သမီးလည်း မသိဘူး... အစ်ကိုကြီး ရှန်းယွီရှောင်ကို မြင်ပြီးတဲ့နောက် ရုတ်တရက်ကြီး ခေါင်းထဲကို အဲဒီအကြောင်းအရာတွေ ဝင်လာတာ..."

လီချင်းချင်းမှာ လိမ်ပြောနေဆဲပင်။ သို့သော် သူမ ဝင်စားထားသည်ဟုတော့ ထုတ်မပြောရဲပေ။

အကယ်၍သာ ဤကလေး၏ ခန္ဓာကိုယ်ထဲတွင် လူကြီးတစ်ယောက်၏ ဝိညာဉ် ရောက်နေမှန်း ရှန်းကျွမ် သိသွားပါက သူမ ဒုက္ခပိုရောက်ပေလိမ့်မည်။

"ယွီရှောင်က မင်းဦးနှောက်ထဲက ခလုတ်တစ်ခုခုကို ဖွင့်လိုက်တယ်လို့ ဆိုလိုတာလား..."

လီချင်းချင်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

"အဲဒီလို ထင်တာပဲ... သမီး... သမီး သေချာမရှင်းပြတတ်ဘူး... တကယ်တော့ အစတုန်းက အစ်ကိုကြီးယွီရှောင်ရဲ့ ဝမ်းကွဲအစ်ကို့ မိဘတွေ သေလိမ့်မယ်ဆိုတာ ပြောပြချင်ခဲ့တာ... ဒါပေမဲ့ သမီးက သူတို့ကို သေစေချင်လို့ ကျိန်စာတိုက်တယ်လို့ ဦးလေး ထင်သွားမှာ ကြောက်လို့..."

ရှန်းကျွမ်က ပြုံးလိုက်၏။

"ကလေးရာ... ဘာလို့ စောစောက မပြောတာလဲ..."

သူ့ရှေ့မှ ကလေးမလေးမှာ သူမကို ဘာကြောင့် ရိုလာကိုစတာပေါ် တင်ထားရသလဲဆိုသည်ကို နားမလည်နိုင်လောက်အောင် တုံးအပုံရပေသည်။ အကယ်၍ သူမသာ နည်းနည်းပါးနပ်ခဲ့လျှင် ရှန်းကော်ပိုရေးရှင်းနှင့် ပတ်သက်သည်များကို မပြောဘဲ ဤကိစ္စကိုသာ ဦးစွာဖွင့်ပြောသင့်ကြောင်း သိလိမ့်မည် ဖြစ်၏။

ကုမ္ပဏီအကြောင်း ပြောလိုက်ခြင်းက သူမအား ကုမ္ပဏီအတွက် အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှန်းကျွမ်က သတ်မှတ်လိုက်စေခြင်းသာ ဖြစ်ပေသည်။

ရှန်းကျွမ်က လီချင်းချင်းကို ပွေ့ချီထုတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။

"မျက်ရည်တွေ သုတ်လိုက်... မြင်းအရုပ် သွားစီးချေ..."

သို့သော် ယခုအချိန်တွင် လီချင်းချင်း၌ စိတ်ကူးယဉ် အိပ်မက်များ မရှိတော့ချေ။

ခက်ခဲလွန်းလှသည်။ ချမ်းသာကြွယ်ဝသူတို့၏ လောကတွင် ခြေလှမ်းတိုင်းမှာ အန္တရာယ်များလှ၏။

ရှန်းကျွမ်က အဝေးသို့ လက်ဟန်ပြလိုက်ရာ ဝန်ထမ်းများမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ပြန်ရောက်လာကြတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လီချင်းချင်း တုန်လှုပ်သွားရ၏။

ယခင်က ဤအရာကို ချမ်းသာသူတို့၏ အာဏာစက်၊ အားကျစရာအဖြစ်သာ သူမ ထင်မြင်ခဲ့ဖူးသည်။

ယခုတွင်တော့ ထိုလူများကို ရှန်းကျွမ်က လွယ်လွယ်ကူကူ စေခိုင်းနေသည်ကို မြင်ရသောအခါ၊ သူမသည် ချမ်းသာသူတို့၏ ကမ္ဘာထဲသို့ ကျရောက်နေသော၊ အလွယ်တကူ ခြေမွခံလိုက်ရနိုင်သည့် အရေးမပါသော ပုရွက်ဆိတ်လေးတစ်ကောင်လို ခံစားလိုက်ရပေသည်။

ထိုအချိန်တွင် ဝေကျန်းသည်လည်း လီရှောင်ယာကို ထိုနည်းတူပင် ကြည့်မြင်နေ၏။

မိသားစုထံ ပြန်ရောက်သွားလျှင်ပင် သူမသည် အလွယ်တကူ ရှင်းထုတ်ပစ်၍ ရသောသူသာ ဖြစ်ပေလိမ့်မည်။

ဝေကျန်းသည် လီရှောင်ယာကို အေးစက်စွာ အကဲခတ်နေဆဲဖြစ်သော်လည်း အဖြူရောင်ဂျာကင်နှင့် လူငယ်လေးမှာ ရန်လိုသော အမူအရာဖြင့် လှမ်းဝင်လာပြီး ဖြစ်လေသည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား..."

ဝေကျန်းက ပြန်ဖြေလိုက်၏။

"သခင်လေးရှန်းက ခုတလော Hot Search တွေမှာ နေရာယူထားတာပဲ... သိတာပေါ့..."

ဝေကျန်းမှာ ခေါင်းနည်းနည်း ကိုက်နေသော်လည်း သိပ်တော့ မကြောက်လှပေ။ ဤသို့သော မိုက်ရူးရဲဆန်သည့် သူဌေးသားများ ရှိနေသရွေ့ လီရှောင်ယာကို ခေါ်ထုတ်သွားရန် အားစိုက်ရဦးမည်ကို သူ အစကတည်းက သိထားပြီး ဖြစ်သည်။

"သိရင် ပြီးတာပဲ... အမှန်အတိုင်းပြောရရင် မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး... ဘာ ဝေမိသားစုလဲ... မင်းတို့ မစ္စတာဝေက သူ့မြေးမလေးကို အသိအမှတ်ပြုချင်နေတာလား... အဲဒါတွေ ငါ့အတွက် အရေးမပါဘူး..."

ဝေကျန်းက ဒေါသတကြီး အော်ပြောလိုက်၏။

"သခင်လေးရှန်း... သခင်လေးရဲ့ အဖေ ဒီမှာရှိရင်တောင် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲမှာ မဟုတ်ဘူး..."

"ဟုတ်တယ်... ငါ့အဖေက ယဉ်ကျေးတယ်... ဒါပေမဲ့ ငါက ငယ်သေးတယ်... သွေးဆူလွယ်တယ်... ဒါကြောင့် ငါ ပြောရဲတယ်... ပြဿနာရှိလား..."

"..."

ဝေကျန်းမှာ ပြောစရာ စကားမဲ့သွားရချေသည်။

သူ့အမြင်တွင်တော့ ပြည်တွင်းမှ သူဌေးသားများသည် မိဘပိုင်ဆိုင်မှုကို အားကိုးပြီး ပညာမတတ်ဘဲ မောက်မာလွန်းသူများသာ ဖြစ်ကြ၏။ ဤနှုန်းအတိုင်းဆိုလျှင် မိသားစုတစ်ခု ပြိုလဲရန်မှာ နှစ်ဆက်၊ သုံးဆက်သာ ကြာမြင့်ပေလိမ့်မည်။

"ခင်ဗျား ပြောစရာမရှိပေမယ့် ကျွန်တော့်မှာ ပြောစရာရှိတယ်... ဒီကိုလာပြီး ဘဝင်မြင့်မနေနဲ့... လီရှောင်ယာနဲ့ စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြော... ခင်ဗျား အမြန်ဆုံး သဘောပေါက်စေချင်တဲ့ အချက်က ဒါပဲ... ခင်ဗျားတို့က သူ့ကို ပြန်လိုက်ခဲ့ဖို့ တောင်းပန်နေရတာ... သူက ခင်ဗျားတို့ကို ခေါ်သွားဖို့ တောင်းပန်နေတာ မဟုတ်ဘူး... ရှန်းမိသားစုပဲဖြစ်ဖြစ် ရှုမိသားစုပဲဖြစ်ဖြစ် ဘယ်တံခါးက သူ့အတွက် မပွင့်ဘဲ နေမှာမို့လို့လဲ..."

နင်းဟန်ကလည်း ဝင်ပြောလေသည်။

"တကယ်တော့ နင်းမိသားစု တံခါးတွေလည်း ပွင့်ပါတယ်..."

မည်သို့ပင်ဆိုစေကာမူ ဤအချိန်တွင် အရှက်ကွဲခံ၍ မဖြစ်ပေ။ မိဘများ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူ ပြောကို ပြောရမည်သာ။

ဝေကျန်း၏ မျက်လုံးထောင့်များ လှုပ်ခါသွားပြီး မျက်နှာပေါ်မှ အမာရွတ်မှာ သူ၏ အရုပ်ဆိုးသော မျက်နှာပေးကြောင့် နေရာရွေ့သွားသယောင် ထင်ရလေသည်။

သူ့စိတ်သူ ထိန်းချုပ်လိုက်ပြီး မေးလိုက်၏။

"သခင်လေးရှန်းရဲ့ စကားတွေက ဘာကို အခြေခံတာလဲ... မင်းတို့အားလုံးက မိသားစုကြီးတွေရဲ့ ဆက်ခံသူတွေ... ဆက်ခံသူဆိုတာ ဘာလဲ... မင်းတို့ ငါ့ထက် ပိုနားလည်သင့်တယ်... သရဖူမဆောင်းရသေးတဲ့ ဆက်ခံသူတွေဆိုတာ အာဏာအစစ်မရှိဘူး... မင်းတို့မိဘတွေအစား မင်းတို့ ဆုံးဖြတ်ချက်ချနိုင်လို့လား..."

ဝေကျန်းက ခေါင်းခါလိုက်ပြီး ဆက်ပြော၏။

"မိဘတွေအစား ဆုံးဖြတ်ပေးတာ ထားလိုက်စမ်းပါ... ငါ့ကို ဖိအားပေးဖို့ မင်းတို့မှာ ဘာရှိလို့လဲ... သခင်လေးတို့..."

[ဟာ... ဒေါသထွက်စရာကောင်းလိုက်တာ... ဒီလူက ဘာလို့ ဒီလောက်တောင် စိတ်အနှောင့်အယှက် ပေးရတာလဲ...]

[အဓိကက သူပြောတာကို ပြန်မငြင်းနိုင်တာပဲ...]

နင်းဟန်လည်း နည်းနည်း စိတ်လှုပ်ရှားလာလေသည်။

"ကျွန်တော်တို့မှာ သက်တော်စောင့်တွေ ပါမလာဘူးလို့ ခင်ဗျားထင်နေတာလား..."

ဝေကျန်းက သေချာပေါက် ပြောလိုက်၏။

"သူတို့ ငါ့ကို မနိုင်ပါဘူး..."

ထိုအချိန်တွင် ရှန်းယွီရှောင်က လီရှောင်ယာ၏ ခေါင်းပေါ်သို့ လက်တင်ကာ စိတ်အေးစေရန် အချက်ပြလိုက်ပြီးမှ တည်ငြိမ်စွာ ဝင်ပြောလိုက်လေသည်။

"ခင်ဗျားကို ရှင်းပစ်ဖို့ ကျွန်တော်တို့ မိဘတွေရဲ့ အာဏာကို သုံးစရာလိုလို့လား... သက်တော်စောင့်တွေတောင် မလိုပါဘူး..."

ဝေကျန်း၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။

"အော်... ဟုတ်လား..."

ရှန်းယွီရှောင်က ပြောလိုက်၏။

"ရဲခေါ်လိုက်ရုံပဲလေ... ဥပမာပြောရရင် အခုလိုအချိန်မှာ ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်... ပြီးတော့ ခင်ဗျားက ဂိုဏ်းစတားတစ်ယောက် ဖြစ်မယ်လို့ ကျွန်တော် သံသယရှိတယ်..."

ဝေကျန်း "..."

ရှန်းယွီရှောင်က လှောင်ပြုံးပြုံးလိုက်၏။

"နိုင်ငံခြားမှာ နေတာ ကြာသွားလို့လား... ဒီနေရာက ဘယ်နေရာလဲဆိုတာ မေ့နေတာလား... နိုင်ငံတော်အလံအောက်မှာ ကျွန်တော်တို့က ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်း ရဲတွေက ခင်ဗျားကို စောင့်ကြည့်နေတယ်..."

[တောက်... သခင်လေးရှန်းကတော့ ဉာဏ်ကောင်းတုန်းပဲဟေ့...]

"သခင်လေး ပြောတာမှန်တယ်... မင်း ဒီမှာရှိနေတာ တကယ်ကို ဒုက္ခများတာပဲ..."

ထိုသို့ ပြောပြီးနောက် ဝေကျန်း၏ အကြည့်က လီရှောင်ယာထံသို့ ပြန်ရောက်သွားလေသည်။

"မင်းမှာ ကိုယ်ပိုင်အမြင် မရှိဘူးလား... ဘယ်လိုသဘောရလဲ... ပြောစမ်းပါ..."

လီရှောင်ယာက ပြောလိုက်၏။

"သူပြောတာ အရမ်းမှန်တယ်လို့ သမီး ထင်တယ်..."

ဝေကျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားလေသည်။

"မင်းမှာ တကယ်ပဲ ကိုယ်ပိုင်အမြင်မရှိဘူး ထင်တယ်..."

"ရှင့်ရဲ့ မစ္စတာဝေ ပြောတာတွေက မှန်တယ်လို့ရော ရှင်မထင်ဘူးလား အဲ့ဒါဆို သူပြောတာ မှန်တယ်လို့ ကျွန်မက ဘာလို့ ထင်လို့မရရမှာလဲ... ကျွန်မက ကလေးပဲ ရှိသေးတာ... ရှင်ကမှ ကလေးမဟုတ်တော့တာ..."

လီရှောင်ယာက ဝေကျန်းကို ခေါင်းခါပြလိုက်လေသည်။

ဝေကျန်းတစ်ယောက် ဒီနေ့ ဘယ်နှကြိမ်လောက် အပြောအဆိုခံလိုက်ရမှန်း ရေတွက်၍ပင် မရတော့ချေ။

"ကောင်းပြီလေ... ပြန်ပြီး ဖြည်းဖြည်းချင်း စဉ်းစားကြတာပေါ့... ငါ ပြန်လာခဲ့မယ်..."

ဇွတ်အတင်းလုပ်နေလျှင် အပိုသာဖြစ်မည်ကို ဝေကျန်း သိသဖြင့် ဓာတ်ပုံအယ်လ်ဘမ်ကို ပြန်သိမ်းလိုက်လေသည်။

ဒီပစ္စည်းတစ်ခုတည်းနဲ့တင် ဒီကောင်မလေး အနှေးနှင့်အမြန် ခေါင်းငုံ့လာရမည်ကို သူ သိနေ၏။

သိမ်းဆည်းပြီးနောက် ဝေကျန်းသည် လှည့်ထွက်သွားပြီး လုံးဝ ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ လျှောက်သွားလိုက်တော့သည်။

သူ ဘယ်လောက်ဝေးဝေး လျှောက်သွားမိသည် မသိ၊ နောက်ဆုံးတွင် ဂြိုလ်တုဖုန်းဖြင့် ဖုန်းခေါ်လိုက်လေသည်။

"သခင်ကြီး..."

သူ တစ်ဖက်လူကို လှမ်းခေါ်လိုက်၏။

တစ်ဖက်မှ ပြတ်တောင်းပြတ်တောင်း ဖြစ်သော်လည်း အားပါသော အသံတစ်သံ ထွက်ပေါ်လာသည်။

"အင်း... လူကို ခေါ်လာနိုင်ပြီလား..."

ထိုအသံမှာ ဝေရွှမ်မင်ကဲ့သို့ အဘိုးကြီးတစ်ယောက်၏ အသံမျိုး မဟုတ်သည်မှာ ထင်ရှားလှ၏။

ဒါက နောက်ထပ် "သခင်ကြီး" တစ်ယောက် ဖြစ်ပေသည်။

"မခေါ်လာနိုင်သေးပါဘူး... ကျွန်တော့်အသုံးမကျမှုပါ..."

ဝေကျန်းက ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြန်လည်တင်ပြလိုက်လေသည်။

နားထောင်ပြီးနောက် တစ်ဖက်လူက မျက်မှောင်ကြုတ်လိုက်၏။

"ကလေးမလေးတစ်ယောက်က ဒီလောက်ထိ တည်ငြိမ်နေနိုင်တယ်ဟုတ်လား..."

ဝေကျန်းက ထင်ကြေးပေးလိုက်သည်။

"ရှန်းမိသားစုကများ အထူးတလည် သင်ပေးထားတာလား မသိဘူး..."

"အင်း... ဖြစ်နိုင်တာပဲ..."

တစ်ဖက်လူက ပြောရင်း ရုတ်တရက် ရပ်တန့်သွား၏။

"နေဦး... ငါတို့ရဲ့ ဒုတိယသခင်လေးက ပန်းကန်လုံးကို မတော်တဆ ထပ်မှောက်လိုက်ပြန်ပြီ... ငါ သွားရှင်းလိုက်ဦးမယ်..."

"ပင်ပန်းခံနေရပါပြီ သခင်ကြီး..."

"ဟားဟား... ဒါ ငါလုပ်သင့်တဲ့ အလုပ်ပါပဲ... ငါ ဝေလင်းက မစ္စတာဝေရဲ့ ဘေးမှာ နေလာတာ နှစ်ပေါင်းများလှပြီပဲ..."

ထိုသို့ပြောပြီးနောက် ဝေလင်းဆိုသူသည် ဂြိုလ်တုဖုန်းကို ချလိုက်ကာ ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်လေသည်။

လူတစ်ယောက် ကုတင်ပေါ်မှ ပြုတ်ကျနေ၏။ ထိုလူမှာ ပိန်လှီချည့်နဲ့နေပြီး မျက်နှာမှာ ဖြူဖျော့ကာ ခြေထောက်ကြွက်သားများမှာလည်း ဆိုးရွားစွာ ပိန်လှီနေလေသည်။ သူက မေးလိုက်၏။

"ဝေကျန်းကို လွှတ်ပြီး ဘယ်သူ့ကို ခေါ်ခိုင်းတာလဲ... ဘယ်ကောင်မလေးလဲ..."

ဝေလင်းက ကြွေပန်းကန် ကွဲစများကို ကောက်ယူရန် ထိုင်ချလိုက်ရင်း ပြောလိုက်လေသည်။

"ဒုတိယသခင်လေး... သခင်လေးညီမရဲ့ သွေးသားရင်းချာ ကလေးလေးကို ကျွန်တော်တို့ ရှာတွေ့ထားတယ်... အဲဒီကလေးမလေးခမျာ သိပ်အဆင်မပြေရှာဘူး..."

ဒုတိယသခင်လေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ဝေလင်း၏ အင်္ကျီလက်မောင်းကို အတင်းဆွဲကိုင်လိုက်လေသည်။

"ဘာ... ဘာပြောလိုက်တယ်..."

အားစိုက်လိုက်သဖြင့် သူ၏ သွေးကြောများပင် ထောင်တက်လာရ၏။

သို့သော် မိမိကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားသည်မှာ ကြာပြီဖြစ်သဖြင့် သူသည် လျင်မြန်စွာပင် အားကုန်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြန်လည် လဲကျသွားရှာသည်။

ဝေလင်းက သူ့ကို တွဲထူပေးရန် မကြိုးစားပေ။ ကွဲသွားသော ပန်းကန်စများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး ဒုတိယသခင်လေးကို ပြောလိုက်လေသည်။

"ဆိုးတယ်... တကယ်ကို အခြေအနေဆိုးတာ... ကလေးခမျာ ဝတ်စရာ စားစရာ မရှိဘူး... ခန္ဓာကိုယ်မှာလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေချည်းပဲ... သူ့အဖိုးက သူ့ကို ကလေးသတို့သမီးအဖြစ်တောင် ရောင်းစားချင်နေတာ... ဒါပေမဲ့ သခင်လေးရဲ့ ခြေထောက်တွေက မသန်တာ နှစ်တွေအကြာကြီး ရှိနေပြီပဲ... သခင်လေးက အဲဒီကို ပြေးသွားချင်ရင်တောင် ရောက်နိုင်မှာမှ မဟုတ်တာ..."

All Chapters