အခန်း (၅၆)
Vol. 6 Ch. 56
Chapter 56
ဝေကျန်းသည် ကလေးတစ်ယောက်ဖြစ်၍ ချော့မော့ရလွယ်ကူမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အကြီးအကျယ် မှားယွင်းသွားချေပြီ။
သူသည် လက်ဆောင်ပစ္စည်းများကို တံခါးဝတွင်ချကာ ထွက်ခွာရန် ပြင်လိုက်စဉ် လီရှောင်ယာက သူ့ကို လှမ်းတားလိုက်လေသည်။
"နေဦး..."
ဝေကျန်း စိတ်သက်သာရာရသွားကာ "စိတ်ပြောင်းသွားပြီလား..." ဟု မေးလိုက်၏။
"ရှင် ကြက်တွေ ဝက်တွေ အစာကျွေးတတ်လား..." လီရှောင်ယာက သူ့ကို မေးလိုက်သည်။
ဝေကျန်း စိတ်ထဲ မသိုးမသန့်ဖြစ်သွားပြီး "မကျွေးတတ်ဘူး..." ဟု ဖြေလိုက်သည်။
"မကျွေးတတ်ရင် သင်ရမှာပေါ့... အခုသွားလုပ်..."
"ငါ... ငါက ကြက်တွေ ဝက်တွေ အစာကျွေးရမယ် ဟုတ်လား..."
ဝေကျန်းတစ်သက် ဤမျှ ယုတ္တိမဆန်သော အမိန့်မျိုး မကြားဖူးခဲ့ပေ။
သို့သော် ထိုအချိန်တွင် နင်းဟန်သည် အိမ်ထဲမှ အေးအေးလူလူ ထွက်လာပြီး "မြန်မြန်လုပ်... ငါသင်ပေးမယ်..." ဟု ပြောလိုက်လေသည်။
နင်းဟန်သည် လီရှောင်ယာ့ဘေးမှ ဖြတ်သွားရင်း သူမအား ပြောလိုက်သေး၏။
"ညီမလေးက လိမ္မာလိုက်တာ... အစ်ကိုကြီးနင်းကို အလုပ်ပါးအောင် ကူညီပေးတာပဲ..."
ဝေကျန်း ဒေါသထွက်သွားသည်။ သူသည် လီရှောင်ယာကို ကြည့်ပြီး တည်ငြိမ်စွာ သတိပေးလိုက်၏။
"ငါ့ကို မောင်းထုတ်နေလို့ မင်းအတွက် ဘာအကျိုးမှ ရှိလာမှာ မဟုတ်ဘူး..."
"ဒါဆိုလည်း ပြန်လေ..." လီရှောင်ယာက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဝေကျန်း နည်းလမ်းပြောင်းပြီး စည်းရုံးရတော့သည်။
"မင်း ဘယ်လောက်ချမ်းသာတဲ့ စည်းစိမ်ဥစ္စာတွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရမလဲဆိုတာ သိရဲ့လား..."
"အင်း... အရင်တုန်းက သမီးအဖေကို အထင်သေးတဲ့လူတွေကလည်း အဲဒီလိုပဲ ပြောကြတာပဲ... နောက်ဆုံးကျတော့ အဖေက သူတို့ပိုက်ဆံတွေ ယူပြေးသွားတာပဲလေ..."
"..."
ဝေကျန်းသည် လီရှောင်ယာ၏ ထွက်ပြေးသွားသော အဖေဆိုသူကို စိတ်ထဲမှ အကြိမ်တစ်သန်းခန့် ကျိန်ဆဲလိုက်မိသည်။
သို့မဟုတ်လျှင် ဤမျှငယ်ရွယ်သော ကလေးမလေးတစ်ယောက်က အရာရာကို သံသယဝင်တတ်အောင် မည်သို့ သင်ယူခဲ့မည်နည်း။
"အစာကျွေးမှာလား... မကျွေးဘူးလား..." လီရှောင်ယာက ဝေကျန်းကို မေးလိုက်သည်။
ဝေကျန်း မျက်နှာပျက်သွားကာ "ငါလုပ်မယ်..." ဟု ပြောလိုက်ရ၏။
သူ ဘာတတ်နိုင်ဦးမှာလဲ။
ဒီလူကြီးသည် တာဝန်ပြီးမြောက်စေရန်အတွက် ဝတ်စုံပြည့်ဝတ်ဆင်လျက် ကြက်၊ ဝက် အစာကျွေးနည်းကို ရက်စက်သော မျက်နှာထားဖြင့် သင်ယူရရှာသည်။
ဤသို့ဖြင့် နှစ်ရက် ကုန်ဆုံးသွား၏။
လီရှောင်ယာသည် ဝက်ခြံရှေ့တွင် ထိုင်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ "ဝက်တွေ အစာမစားတော့ဘူး..." ဟု ပြောလိုက်သည်။
ဝေကျန်းတစ်ကိုယ်လုံး ဖုန်တွေပေကျံနေပြီး နွားချေးနံ့များပင် နံစော်နေသလို ခံစားနေရ၏။ သူသည် တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့ ဒုက္ခမျိုး မကြုံဖူးခဲ့ပေ။ နိုင်ငံခြားတွင် ကြေးစားစစ်သားများနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် ဤနေရာ၌ ဝက်စာကျွေးရသလောက် ပင်ပန်းသည်ဟု မထင်ခဲ့မိ။ ယခုအချိန်တွင်မူ သူသည် လီရှောင်ယာကို ရှင်းပြရတော့သည်။
"ငါ ပုံမှန်ပဲ ကျွေးတာပါ..."
နင်းဟန်က သူ့ကို ရွံရှာသလို ကြည့်ကာ ဝင်ပြောလေသည်။
"ဒီလူ့မျက်နှာက အရမ်းရက်စက်ပြီး မုန်းစရာကောင်းနေလို့ ဝက်တွေတောင် ကြာကြာကြည့်ပြီး အစာစားချင်စိတ် ပျောက်သွားတာများလား..."
ဝေကျန်း "..."
သူ တကယ် သည်းမခံနိုင်တော့ပေ။
[ဟားဟား... ဒီလူ အရင်တုန်းက အရမ်းဘဝင်မြင့်နေတာ မဟုတ်လား...]
[လီရှောင်ယာက သခင်လေးရှန်း သက်သာသွားအောင် အိမ်အလုပ်တွေအကုန် အခြားသူကိုလုပ်ခိုင်းလိုက်တာပဲ...]
[ငါ နားမလည်တာက သူ့ဆွေမျိုးတွေကို လာရှာတာဆိုရင် လီရှောင်ယာက ဘာလို့ သူနဲ့မလိုက်သွားတာလဲ...]
[ပြောတိုင်းယုံလို့ မရဘူးလေ... နင်တို့က လီရှောင်ယာလောက် ဉာဏ်မကောင်းပါဘူး...]
[+1 .. အနည်းဆုံးတော့ သူ့အမေဘက်က ဆွေမျိုးသားချင်းတွေ ကိုယ်တိုင် လာခေါ်သင့်တာပေါ့... အခုက လက်အောက်ငယ်သားကို လွှတ်လိုက်တာဆိုတော့ ပြန်ခေါ်ဖို့ သိပ်စိတ်မပါသလို ခံစားရတယ်...]
[မလိုက်သွားတာ ကောင်းပါတယ်... ရှောင်ယာလေးကို အစီအစဉ်ရိုက်ကူးပြီးမှပဲ သွားခိုင်းပါ...]
[ဟုတ်တယ်... ဟုတ်တယ်... ရိုက်ကူးရေးပြီးမှပဲ သွားတော့...]
ပရိသတ်များက မှတ်ချက်များတွင် တိတ်တဆိတ် အားပေးနေကြလေသည်။
ထိုအချိန်တွင် ရှန်းယွီရှောင်သည် ရိုက်ကူးရေးအဖွဲ့ထံမှ ကားတစ်စီး ငှားထားပြီးဖြစ်ကာ တိရစ္ဆာန်ကုဆရာဝန် ရှာဖွေရန် လီရှောင်ယာကို မြို့ထဲသို့ ခေါ်သွားမည် ဖြစ်သည်။
လီရှောင်ယာက သတိပေးလိုက်၏။
"ရွာထဲမှာ ဆရာဝန်ရှိပါတယ်... ပိုလည်း ဈေးသက်သာတယ်..."
ရှန်းယွီရှောင်က နားမထောင်ဘဲ သူမကို ကားပေါ်တင်လိုက်လေသည်။
"မိုးလေဝသကြေညာချက် ကြည့်ထားတယ်... နှင်းကျတော့မယ်... မြို့ရောက်ရင် အဝတ်အစား နှစ်စုံလောက် ဝယ်ကြတာပေါ့..."
နင်းဟန်ကလည်း ကားပေါ်သို့ အတင်းတိုးဝင်လိုက်ပြီး "ငါလည်း လိုက်မယ်... ငါလည်း လိုက်မယ်..." ဟု ပြောလိုက်၏။
ရှုရူယင်းပင်လျှင် ပျင်းရိလာသဖြင့် မြို့သို့ ရောက်လျှင် အိမ်ပြန်ရန် စိတ်ကူးနေသည်။
ထိုအချိန်တွင်... လီရှောင်ယာသည် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ဝေကျန်းကို ပြောလိုက်လေသည်။
"ရှင် အိမ်မှာနေခဲ့ပြီး အိမ်စောင့်ပေးနော်..."
သူ့ကို အိမ်စောင့်ခွေးအဖြစ် သုံးလိုက်တာလား။ တကယ်ကို အားနာမှု မရှိပေ။ ဝေကျန်း စကားမပြောနိုင် ဖြစ်သွားသော်လည်း အပေါ်ယံတွင်မူ ရိုသေစွာဖြင့် သဘောတူလိုက်ရသည်။
မြို့ထဲသို့ မောင်းထွက်လာသည့်နေ့တွင် နှင်းများ သည်းထန်စွာ စတင်ကျဆင်းလာသည်။
လီရှောင်ယာသည် အဝတ်အစားသစ် ဝယ်ရမည်ကို မမျှော်လင့်ဘဲ အနည်းငယ် စိုးရိမ်နေမိ၏။
"နှင်းကျလာရင် ချေးကျင်းတွေ ခဲကုန်တော့မှာ..."
နင်းဟန်၏ မျက်နှာထား ပျက်ယွင်းသွားပြီး မေးလိုက်၏။
"ဟင် အဲဒါကြီးက ခဲတတ်လို့လား..."
လီရှောင်ယာက ခေါင်းညိတ်ပြသည်။ "ခဲတတ်တာပေါ့..."
နင်းဟန်က မေးပြန်သည်။
"ခဲသွားရင် ဘာဖြစ်မှာလဲ..."
"အညစ်အကြေးတွေ စွန့်ပစ်လို့မရတော့ဘူးလေ... အိမ်သာတက်လို့ မရတော့ဘူးပေါ့..."
"ဒါဆို ဘာလုပ်ကြမလဲ..."
"နေ့တိုင်း စုပုံနေတဲ့ နှင်းတွေကို ရှင်းရမယ်... ရေနွေးလောင်းချပြီး အဲဒါတွေကို ခပ်ထုတ်ပစ်ရမယ်..."
"ခပ်... ခပ်ထုတ်ရမယ် ဟုတ်လား..." နင်းဟန်၏ အသံများ တုန်ရီနေသည်။
"ဟုတ်တယ်... လယ်ထဲကို သွားပို့ရမှာ... ဒါမှ နောက်နှစ်ကျရင် မြေဆီလွှာ ကောင်းမှာလေ... ဆောင်းတွင်းရောက်ရင် အိမ်တိုင်း အဲဒီလို လုပ်ကြတာပဲ..."
"ဟို ဝတ်စုံနက်နဲ့လူ တစ်ယောက်တည်း လုပ်နိုင်ပါ့မလား..."
နင်းဟန် တွေးလိုက်မိသည်။ ဒီလူ ရောက်လာတာ ကွက်တိပဲ၊ မဟုတ်ရင် ငါ့အလှည့် ဖြစ်တော့မှာ။
လီရှောင်ယာက ခဏစဉ်းစားပြီး ဆိုလိုက်သည်။
"ပြောရခက်တယ်..."
ထိုစကားထွက်လာသည်နှင့် နင်းဟန်သည် ရှန်းယွီရှောင်ကို ချက်ချင်း လှမ်းကြည့်လိုက်လေသည်။
"အစ်ကိုရှန်း... ကျွန်တော် လူကောင်းမလုပ်ချင်လို့ မဟုတ်ပါဘူး... ကျွန်တော်က ချေးကျင်းဆိုရင် ကြောက်တတ်လို့ပါ... အခုပဲ အိမ်ပြန်လို့ ရမလား..."
ရှန်းယွီရှောင်က သူ့ကို လှည့်ပင်မကြည့်ဘဲ
မေးလိုက်၏။
"ဘာတွေ လောနေတာလဲ..."
"မလုပ်နိုင်ဘူး အစ်ကိုရာ... ကျွန်တော် တကယ် မလုပ်နိုင်ဘူး... ကြည့်ပါဦး... ကျွန်တော် ချေးကျင်းထဲ ထပ်ပြုတ်ကျဖို့ ဘယ်လောက်လွယ်နေလဲဆိုတာ..."
ရှန်းယွီရှောင်က သူ့ပခုံးကို ဖက်လိုက်ပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ မကြားရသော စကားအချို့ကို တီးတိုးပြောလိုက်ကြသည်။
မြို့သို့ ရောက်၍ ကားရပ်လိုက်သောအခါ နင်းဟန် အရင်ဆင်းသွားပြီး နောက်လှည့်မကြည့်ဘဲ အော်ပြောသွားလေသည်။
"အစ်ကိုရှန်း... ကျွန်တော် ဒီတာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်..."
လီရှောင်ယာသည် နှင်းမုန်တိုင်းကြားတွင် ပျောက်ကွယ်သွားသော နင်းဟန်ကို ကြည့်ရင်း မေးလိုက်၏။
"သူ ဘာလို့ ထွက်သွားတာလဲ..."
"သူ မြို့ထဲပြန်ပြီး ငါ့ကို ကူညီစရာလေး ရှိလို့ပါ..." ရှန်းယွီရှောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ထို့နောက် လီရှောင်ယာကို ပွေ့ချီကာ ကားပေါ်မှ ဆင်းလိုက်လေသည်။ "အေးနေလား..."
"မအေးပါဘူး... သမီး နေသားကျနေပါပြီ..."
ရှုရူယင်းလည်း ထွက်ခွာသွားပြီဖြစ်၍ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်တည်းသာ ကျန်တော့သည်။
ရှန်းယွီရှောင်သည် ရှေးဦးစွာ တိရစ္ဆာန်ကုဆရာဝန်ကို ရှာဖွေပြီး ရိုက်ကူးရေးအဖွဲ့အား ပြန်ခေါ်သွားခိုင်းလိုက်သည်။ ထို့နောက် လီရှောင်ယာကိုခေါ်၍ မြို့ထဲတွင် ဈေးဝယ်ထွက်လေသည်။
"ပိုက်ဆံရှင်းဖို့ တစ်ယောက်ယောက်ကို ချန်ထားခဲ့သင့်တာ..." ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။
လီရှောင်ယာက သူမအိတ်ကပ်ကို စမ်းကြည့်ပြီး "မှိုရောင်းလို့ရတဲ့ ပိုက်ဆံတွေ ပါပါတယ်..."
ရှန်းယွီရှောင် ခေါင်းခါလိုက်၏။ "အဲဒါနဲ့ ဘယ်လောက် ဝယ်လို့ရမှာမို့လို့လဲ..."
သို့သော် လမ်းတစ်လျှောက် လိုက်ကြည့်ပြီးနောက် ရှန်းယွီရှောင် နှစ်သက်သည့် အင်္ကျီတစ်ထည်မှ မတွေ့ရပေ။
အားလုံးက ကြည့်ရဆိုးလွန်းလှသည်။
"လာပါ... ကုန်တိုက်ထဲဝင်ပြီး ကြည့်ရအောင်..."
"အဲဒီထဲက ပစ္စည်းတွေ သမီးတို့ မတတ်နိုင်ဘူး..." လီရှောင်ယာသည် သူမအိတ်ကပ်ထဲတွင် ပိုက်ဆံဘယ်လောက်ရှိသည်ကို ကောင်းကောင်းသိသည်။
"ဘာကြောက်တာလဲ... အကြွေးမှတ်ခိုင်းလိုက်မှာပေါ့..."
"ဟင်... အဲလိုလုပ်လို့ ရတာလား..."
"ရတာပေါ့..."
မြို့ထဲတွင် သူ့မျက်နှာကို လူသိများနေလောက်ပြီဟု ရှန်းယွီရှောင် တွေးလိုက်သည်။
"ပြီးတော့ ဝေကျန်းနောက်ကွယ်ကလူက သိပ်ကြာကြာ ငြိမ်နေနိုင်မှာ မဟုတ်ဘူး... သူကိုယ်တိုင် မင်းကို လီမိသားစုရွာအထိ လာခေါ်တဲ့အခါ မင်း အဝတ်အစားသစ်လေး ဝတ်ထားလို့ ရတာပေါ့..."
လီရှောင်ယာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ရှန်းယွီရှောင် ပြုံးမိသွားပြီးမေးလိုက်၏။
"မင်းက ငါပြောတာမှန်သမျှ ဘာလို့ အကုန်ယုံနေတာလဲ..."
"အင်း... ယုံတယ်လေ..."
ရှန်းယွီရှောင် ခြေလှမ်းရပ်လိုက်သည်။
"ကြည့် ဟိုမှာ KFC ရှိတယ်... ဝင်ပြီး ရေခဲမုန့် ဝယ်စားရအောင်..."
KFC ဆိုင်ထဲတွင် ကလေး၊ လူကြီးများဖြင့် ဆူညံပွက်လောရိုက်နေသည်။
လူကြီးတစ်ယောက်က ကလေးကို စိတ်ရှည်လက်ရှည် မေးလိုက်၏။ "ဘာစားချင်လဲ..."
ကလေးက အသံကျယ်ကြီးဖြင့် "ကြက်ကြော်ပုံးကြီး စားမယ်..." ဟု အော်ပြောသည်။
လူကြီးက ဖျောင်းဖျရှာသည်။ "အဲဒီလောက်အများကြီး သား မစားနိုင်ပါဘူး..."
"မရဘူး... မရဘူး... အဲဒါပဲ လိုချင်တာ..." ကလေးက ဂျီကျလေတော့သည်။
မိဘနှင့် ကလေးကြား ဆက်ဆံပုံပုံစံသည် လီရှောင်ယာအတွက် အလွန်ဆန်းသစ်နေ၏။ သူတို့၏ တိုတောင်းသော စကားပြောဆိုမှုမှ ပျော်ရွှင်မှု အရသာကို စုပ်ယူနေသကဲ့သို့ သူမ ငေးကြည့်နေမိသည်။
"ကောင်တာမှာ လူအရမ်းကျပ်နေတယ်... မင်း ဒီမှာပဲ စောင့်နေနော်..."
ရှန်းယွီရှောင်၏ အိတ်ကပ်ထဲတွင် ပိုက်ဆံအများကြီးမရှိသော်လည်း ရေခဲမုန့်ဝယ်ရန်တော့ လုံလောက်ပါသည်။
သူက လီရှောင်ယာကို ပွေ့ချီပြီး ပြတင်းပေါက်ဘေးရှိ ထိုင်ခုံမြင့်ပေါ်တွင် တင်ပေးလိုက်သည်။ ထို့နောက် လူအုပ်ကြားထဲသို့ တိုးဝင်သွားလေသည်။
ဝန်ထမ်းများသည် ကင်မရာများကို မနိုင်မနင်း သယ်ဆောင်ရင်း လူတိုးဝှေ့မှုဒဏ်ကို ခံနေကြရသည်။
လီရှောင်ယာ ထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေသော်လည်း လူအုပ်ကြီးနှင့် ဝေးကွာသော ကျွန်းတစ်ကျွန်းပေါ် ရောက်နေသကဲ့သို့ ခံစားရ၏။
ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများ ပိုမိုသည်းထန်စွာ ကျဆင်းလာသည်။ နှင်းဒဏ်ကို ရှောင်ရန် လူများ KFC ဆိုင်ထဲသို့ ဝင်ရောက်လာကြသဖြင့် လမ်းမပေါ်တွင် လူရှင်းလင်းသွားသည်။
သို့သော် နှင်းကို မရှောင်ဘဲ နေနေသော လူတစ်ယောက် ရှိနေ၏။
သူသည် လမ်းမပေါ်တွင် ထင်းနေသည်။
လီရှောင်ယာ၏ အကြည့်သည် မှန်ပြတင်းပေါက်မှတစ်ဆင့် ထိုလူထံသို့ ရောက်သွားသည်။
ထိုလူသည် ညစ်ပတ်ပေရေနေသော အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားကာ လမ်းသွားလမ်းလာများကို ဆွဲတားပြီး တစ်ခုခု မေးမြန်းနေသည်။
သို့သော် သူ မေးမြန်းပုံမှာ ထူးဆန်းနေ၏။
သူသည် လက်များကို အားကုန်ဝှေ့ယမ်းကာ ခန္ဓာကိုယ်အမူအရာ အမျိုးမျိုး လုပ်ပြနေသည်။
သူက ဆွံ့အ၊ နားမကြားသူများလား...
လီရှောင်ယာ တွေးတောရင်း ငေးမောနေမိသည်။
ရှန်းယွီရှောင်၏ ဦးလေးက သူမအမေ၏ မောင်တစ်ယောက်မှာ စကားမပြောတတ်ကြောင်း ပြောဖူးသည်ကို သတိရသွားသည်။ ထို့ကြောင့် လီရှောင်ယာ ထိုလူကို ပို၍ အာရုံစိုက်ကြည့်မိလိုက်သည်။
သူ လှမ်းဆွဲလိုက်သော လူများမှာ နှင်းမုန်တိုင်းကို ရှောင်ရန် အလောတကြီး သွားနေကြသူများဖြစ်၍ လက်ကို ရုန့်ရင်းစွာ ခါထုတ်သွားကြသည်။
ထိုလူမှာ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် လဲကျသွားရှာသည်။
သို့သော် သူ ချက်ချင်း ပြန်ထလာသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ကို အာရုံခံမိသွားသကဲ့သို့ သူ ခေါင်းလှည့်ကာ လီရှောင်ယာဘက်သို့ ကြည့်လိုက်လေသည်။
လီရှောင်ယာနှင့် ထိုလူ၏ အကြည့်တို့ ဆုံမိသွားကြ၏။
ထို့နောက် ထိုလူသည် လီရှောင်ယာရှိရာသို့ ရုတ်တရက် ပြေးလာတော့သည်။
နှင်းများဖုံးလွှမ်းပြီး ချောနေသော လမ်းကြောင့် သူ နှစ်ကြိမ်တိုင်တိုင် ထပ်မံ လဲကျသွားသေးသည်။ နောက်ဆုံးတွင် မှန်ပြတင်းပေါက်ရှေ့သို့ ရောက်လာပြီး မှန်တစ်ဖက်မှနေ၍ လီရှောင်ယာကို စူးစိုက်ကြည့်နေလေသည်။
လီရှောင်ယာသည် သူ့မျက်နှာပေါ်မှ နှင်းများနှင့် အညစ်အကြေးများကို သုတ်ပေးရန် တစ်ရှူးတစ်ရွက် ပေးကမ်းချင်မိသည်။ သို့သော် မှန်က သူတို့နှစ်ဦးကို ခြားနားထား၏။
လီရှောင်ယာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အကြည့်လွှဲလိုက်သော်လည်း စိတ်ထဲတွင် သက်သောင့်သက်သာ မရှိလှပေ။
ရုတ်တရက် ထိုလူသည် KFC ဝင်ပေါက်ဆီသို့ ပြေးသွားပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လာတော့သည်။ လူအုပ်ကို အတင်းတိုးဝှေ့ရင်း လီရှောင်ယာထံသို့ တည့်တည့်လျှောက်လာကာ သူမ၏ မေးစေ့ကို အတင်းဆွဲကိုင်ပြီး မော့ကြည့်လိုက်လေသည်။
ထိုလူသည် အေးခဲနေသကဲ့သို့ ဖြစ်နေ၏။
သူ၏ လက်ချောင်းများသည် ရေခဲတမျှ အေးစက်တောင့်တင်းနေပြီး ဆုပ်ကိုင်အား ပြင်းထန်လှသည်။
သူ စကားပြောရန် ပါးစပ်ကို နှစ်ကြိမ်မျှ ဟမိသော်လည်း အသံထွက်မလာပေ။
လီရှောင်ယာ လန့်ဖျပ်သွားပြီး ရုန်းထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ရှန်းယွီရှောင် ပြန်ရောက်လာပြီး ထိုလူကို တွန်းထုတ်ပစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ခင်ဗျား ဘာလုပ်တာလဲ..."
အရှိန်ပြင်းပြင်း တွန်းလိုက်သဖြင့် ထိုလူမှာ နောက်သို့လွင့်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
ဘေးနားရှိ လူများမှာ လန့်သွားပြီး နေရာဖယ်ပေးကြ၏။
ဝန်ထမ်းများလည်း ပျာပျာသလဲ ရောက်လာကြသည်။ ရှန်းယွီရှောင်က "ခင်ဗျားတို့ မျက်စိကန်းနေကြလား... ဒီအရူးက လီရှောင်ယာနား ကပ်လာတာ မမြင်ကြဘူးလား..." ဟု အော်ငေါက်လိုက်သည်။
လီရှောင်ယာသည် ရှန်းယွီရှောင်၏ လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး "သမီး ဘာမှမဖြစ်ဘူး... အစ်ကို... သမီး အဆင်ပြေတယ်..." ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
ပြောရင်းဖြင့် ကြမ်းပြင်ပေါ် လဲကျနေသော လူကို သူမ လှမ်းကြည့်လိုက်မိ၏။
ထိုလူသည် ကြမ်းပြင်မှ ခေါင်းထောင်လာပြီး သူမကို စိုက်ကြည့်နေဆဲပင်။ ထို့နောက် သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။