← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

Chapter 57

လီရှောင်ယာသည် ရှန်းယွီရှောင်၏ အင်္ကျီလက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ဒေါသထွက်နေသော လူငယ်လေးအား သူမ၏ ဘေးနားသို့ ပြန်ရောက်အောင် မနည်းဆွဲခေါ်လိုက်ရ၏။

"သူ သမီးကို သိလို့လား..." လီရှောင်ယာက မေးလိုက်သည်။

"ဘာ..." ရှန်းယွီရှောင်သည် အနည်းငယ် စိတ်အေးသွားဟန်ဖြင့် အံ့အားသင့်စွာ ပြန်မေးလိုက်၏။

ထို့နောက် လီရှောင်ယာ ကြည့်နေသည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူကို တွေ့လိုက်ရသည်။ ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်လေသည်။

"ငါထင်တာတော့... သူက စိတ်မနှံ့တဲ့လူ ဖြစ်မယ်..."

ထိုအချိန်တွင် ဝန်ထမ်းများသည် ထိုလူ့အနားသို့ ရောက်ရှိလာကြသော်လည်း သူ့အား ဆွဲထူပေးရန် မရဲကြပေ။ ထို့ကြောင့် သူတို့သည် ထိုင်ချလိုက်ပြီး မေးမြန်းကြသည်

။"ဟဲလို... ခင်ဗျား ဘယ်သူလဲ... ကျွန်တော်တို့ အစီအစဉ်က ဧည့်သည်ကို သိလို့လား... ဟ‌ဲလို..."

သို့သော် ထိုလူသည် မည်သူ့အသံကိုမျှ တုံ့ပြန်ခြင်း မရှိပေ။

ဝန်ထမ်းများသည် အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုကြတော့သည်။

"သူ နားမကြားတာလား..."

"သူ တကယ်ပဲ စိတ်မနှံ့တာတော့ မဟုတ်လောက်ပါဘူး... သူ့ဝတ်စားဆင်ယင်ပုံကြည့်ရတာ အဲဒီလိုလူမျိုး မဟုတ်ပါဘူး..."

"ရဲခေါ်လိုက်ရမလား..."

"သူ့ဆီမှာ ဆက်သွယ်လို့ရမယ့် အချက်အလက် တစ်ခုခုများ ပါမလား ရှာကြည့်ကြမလား..."

လီရှောင်ယာ၏ ကြည်လင်ပြတ်သားသော အသံလေး ထွက်ပေါ်လာ၏။

"သူ စိတ်မနှံ့တာ မဟုတ်ပါဘူး... သမီးထင်တာ သူက ဆွံ့အ နားမကြားတဲ့လူ ထင်တယ်... စောစောက သူ တစ်ယောက်ယောက်နဲ့ လက်သင်္ကေတပြပြီး ပြောနေတာ တွေ့လိုက်တယ်... ဒါပေမဲ့ ဒီက ဘယ်သူမှ လက်သင်္ကေတပြဘာသာစကား နားလည်ပုံမရဘူး..."

"ဒါဆို သူက ငါတို့ပြောတာကို တကယ်မကြားတာပေါ့..."

"ဒါဆို... ဘာလုပ်ကြမလဲ..."

"သူ ဘာလို့ ငိုနေတာလဲ..."

"ကြည့်ရတာ သနားစရာလေးနော်..."

ဝန်ထမ်းများသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီး နောက်ဆုံးတွင် အရွယ်မရောက်သေးသော ရှန်းယွီရှောင်ကို အားကိုးတကြီး ကြည့်လိုက်ကြတော့သည်။

သို့သော် ရှန်းယွီရှောင်သည် "ဆွံ့အ နားမကြား" သော ထိုလူကို ထပ်မကြည့်တော့ဘဲ ကျိန်ဆဲလိုက်သည်။

"တောက်... ရေခဲမုန့်က ပြုတ်ကျသွားပြီ..."

လီရှောင်ယာသည် အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး သူ့လက်ကို သုတ်ပေးလိုက်၏။

ရေခဲမုန့် ပြုတ်ကျသွားစဉ်က သူ့လက်ပေါ်တွင် ပေကျံကျန်ရစ်ခဲ့သော နို့အနှစ်များ ဖြစ်ပေသည်။

"နှမြောစရာပဲ... တော်တော်ဈေးကြီးမှာ..." လီရှောင်ယာက ညည်းတွားလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှန်းယွီရှောင်က ရယ်မောလိုက်လေသည်။

"ဘာကို ဈေးကြီးတာလဲ... နှမြောစရာ ကောင်းတာက မင်း ဒီလောက်ကြာကြာ စောင့်လိုက်ရတာတောင် တစ်လုပ်မှ မစားလိုက်ရဘဲ ကြမ်းပြင်ကို ကျွေးလိုက်ရတာကို ပြောတာ..."

ထို့နောက် ရှန်းယွီရှောင်၏ မျက်နှာထားသည် တည်ကြည်လေးနက်သွားပြီး "စောစောက ဒီလူ တစ်ယောက်ယောက်နဲ့ လက်သင်္ကေတပြပြီး ပြောနေတာ မင်း မြင်လိုက်တယ်ပေါ့..." ဟု မေးလိုက်၏။

"အင်း..." လီရှောင်ယာ ခေါင်းညိတ်ပြလိုက်ပြီး အပြင်ဘက်မှ မှန်ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။ "သူ အပြင်မှာတုန်းက တစ်ယောက်ယောက်ကို တစ်ခုခု မေးနေပုံရတယ်... ဒါပေမဲ့ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး... ပြီးတော့ သူ သမီးကို မြင်ပြီး ဝင်လာတာ..."

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ မင်းကိုမှ ရွေးပြီး လာတာလဲ... ကလေးဆိုတော့ အနိုင်ကျင့်ရလွယ်မယ် ထင်လို့လား..."

"အစ်ကို ရောက်လာတဲ့အထိ သူ ဘာမှ မလုပ်ရသေးပါဘူး..."

ရှန်းယွီရှောင်သည် နှုတ်ခမ်းကို မဲ့လိုက်သော်လည်း သိပ်တော့ ရှက်ရွံ့နေပုံ မရပေ။

သူသည် လှည့်ထွက်သွားပြီး "ဆွံ့အ နားမကြား" သော လူ၏ ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဘာလို့ ငါ့ညီမလေးရဲ့ ပါးကို ဆွဲရတာလဲ..."

ဝန်ထမ်းများ မေးမြန်းစဉ်က မလှုပ်မယှက် နေခဲ့သော ထိုလူသည် ယခုအခါ ရှန်းယွီရှောင်ကို ကြည့်ရန် ခေါင်းအနည်းငယ် မော့လာလေသည်။

"ခင်ဗျား ကြားရတယ်ပေါ့..." ရှန်းယွီရှောင် ခေတ္တရပ်တန့်သွားပြီး လျင်မြန်စွာ ကောက်ချက်ချလိုက်၏။

"ခင်ဗျားက မွေးရာပါ ဆွံ့အ နားမကြားတာ မဟုတ်ဘဲ နောက်မှ အဖြစ်လား..."

ထိုလူသည် မည်သည့်တုံ့ပြန်မှုမှ မလုပ်ဘဲ မျက်နှာထားပင် မပြောင်းလဲပေ။

တစ်ဝက်တစ်ပျက် ခြောက်သွေ့နေသော မျက်ရည်များသာ သူ့မျက်နှာပေါ်တွင် ကျန်ရစ်နေပြီး သနားစဖွယ် ဖြစ်နေစေသည်။

လီရှောင်ယာသည် စားပွဲပေါ် လက်တစ်ဖက်ထောက်၍ ရှေ့သို့ ကိုင်းကြည့်လိုက်သည်။ ထိုလူ၏ ရင်ခွင်ထဲမှ တစ်စုံတစ်ရာကို လက်ညှိုးထိုးပြပြီး "အဲဒါ ဘာကြီးလဲ..." ဟု မေးလိုက်၏။

ထိုလူသည် သူ၏ အနွေးထည်ကို အနည်းငယ် လျှော့ချလိုက်ရာ အတွင်းမှ ညှပ်ထားသော ပစ္စည်းတစ်ခု ပြုတ်ကျလာလေသည်။

ရှန်းယွီရှောင်သည် ကုန်းကောက်လိုက်ပြီး ကြည့်လိုက်၏။ "မြေပုံပါလား..."

ဝန်ထမ်းများသည်လည်း စပ်စုချင်စိတ်ဖြင့် လည်ပင်းကို ဆန့်ထုတ်ကြည့်ကြသည်။

"ဒါ တောင်ဘက်ပြည်နယ် မြေပုံ မဟုတ်လား... သူ တစ်နေရာရာကို ရှာနေတာလား..."

ရှန်းယွီရှောင်က သူ့လက်ထဲမှ မြေပုံကို ကိုင်ကြည့်ရင်း "စိုနေတယ်..." ဟု ပြောလိုက်သည်။

ထိုလူသည် မလှုပ်မယှက် ရှိနေဆဲပင်။

ထိုအချိန်တွင် လီရှောင်ယာက မနေနိုင်ဘဲ "ဦးလေး လမ်းပျောက်နေတာလား..." ဟု မေးလိုက်၏။

ထိုလူ၏ မျက်လုံးများ ရုတ်တရက် လှုပ်ရှားသွားလေသည်။

ရှန်းယွီရှောင်က ကြားဖြတ်ပြောလိုက်သည်။

"သူက စိတ်ကျန်းမာရေးကောင်းတဲ့ လူကြီးတစ်ယောက်ပဲ... စကားမပြောနိုင်ရုံပါ... မအပါဘူး... ဘယ်လိုလုပ် လမ်းပျောက်ရမှာလဲ..."

ထို့နောက် ရှန်းယွီရှောင်သည် ဝန်ထမ်းများထံမှ စာရွက်နှင့် ဘောပင် တောင်းယူလိုက်ပြီး ခါးကို ကိုင်းကာ မေးလိုက်လေသည်။

"ခင်ဗျား စာရေးတတ်တယ်မလား... အကူအညီလိုရင် ရေးပြပါ... အစီအစဉ်အဖွဲ့သားတွေ ကူညီပေးပါလိမ့်မယ်..."

ထိုလူသည် စာရွက်နှင့် ဘောပင်ကို ယူလိုက်သော်လည်း လှုပ်ရှားရန် တုံ့ဆိုင်းနေဆဲပင်။

ဝန်ထမ်းတစ်ဦးက တွန့်ဆုတ်စွာဖြင့် "သူ့ကို အရင် ထူပေးလိုက်ကြမလား... ပြီးမှ ရဲခေါ်သင့်ရင် ခေါ်ရအောင်..." ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ထိုလူသည် ကြမ်းပြင်မှ ထလာပြီး နီးစပ်ရာ စားပွဲတစ်ခုကို မှီကာ စာလုံးသုံးလုံး ရေးပြလိုက်လေသည်။

"ရဲမခေါ်ပါနဲ့"

သူ၏ လက်ရေးသည် လှပသပ်ရပ်ပြီး အားပါလှသဖြင့် လေ့ကျင့်ထားသူတစ်ယောက် ဖြစ်ကြောင်း သိသာလှပေသည်။

ဆိုလိုသည်မှာ သူသည် ပညာအရည်အချင်း အတော်အသင့် ရှိပုံရ၏။

"ရဲမခေါ်နဲ့ ဟုတ်လား... ခင်ဗျားပုံစံက လူတွေ သံသယဝင်စရာ ဖြစ်နေပြီ... ခင်ဗျားက ထွက်ပြေးနေတဲ့ တရားခံပြေးတော့ မဟုတ်ပါဘူးနော်..." ရှန်းယွီရှောင်က သူ့ကို အံ့သြသံသယဖြင့် ကြည့်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဝန်ထမ်းများသည်လည်း ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြလေသည်။

ထိုလူသည် ဂရုမစိုက်ဘဲ ဆက်လက်ရေးသားလိုက်၏။

"ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ... ကျွန်တော့်အတွက် စိတ်ပူစရာ မလိုပါဘူး..."

ဝန်ထမ်းများ သက်ပြင်းချလိုက်ကြသည်။ "အော်... လူလာရှာတာကိုး... ရဲကို အကူအညီတောင်းတာ ပိုမြန်မယ် မထင်ဘူးလား..."

ထိုလူက ခေါင်းခါပြလိုက်ပြီး "ကျွန်တော် သွားတော့မယ်" ဟု ရေးပြလိုက်သည်။

ဝန်ထမ်းများသည် အချင်းချင်း ကြည့်လိုက်ကြပြီး လမ်းဖယ်ပေးလိုက်ကြ၏။

"သူ့အဝတ်အစားတွေက ဘာလို့ ဒီလောက် ညစ်ပတ်နေရတာလဲ..."

"လမ်းမှာ ချော်လဲလာလို့ ဖြစ်မှာပါ... ကိစ္စမရှိပါဘူး... သူက လူကြီးပဲဟာ..."

ထိုလူ ထွက်သွားသည်ကို ကြည့်ရင်း သူတို့ တီးတိုး ပြောဆိုနေကြသည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ထိုလူသည် ရုတ်တရက် နောက်ပြန်လှည့်လာပြီး လီရှောင်ယာကို စူးစိုက်ကြည့်နေလေသည်။ သူသည် သူမအား လက်ဟန်ခြေဟန် အချို့ ပြသပြီးနောက် သူ၏ ပါးစပ်မှ နားထောင်ရ ခက်ခဲသော အသံအချို့ကို အတင်းညှစ်ထုတ်လိုက်၏။

မှန်ပါသည်၊ သူက သနားစရာကောင်းပုံ ပေါက်နေသည်။ သို့သော် ရှန်းယွီရှောင်သည် သနားညှာတာခြင်း မရှိဘဲ အေးစက်စွာဖြင့် လီရှောင်ယာကို ကွယ်ထားလိုက်ပြီး ဤထူးဆန်းသော လူအား သူမကို ဆက်ကြည့်ခွင့် မပေးတော့ပေ။

ထိုလူသည် ရွေးချယ်စရာ မရှိတော့သဖြင့် စာရွက်နှင့် ဘောပင်ကို ပြန်ကောက်ယူကာ တစ်စုံတစ်ခုကို အလျင်အမြန် ရေးသားပြီး ထွက်ခွာသွားလေသည်။

လီရှောင်ယာသည် အနောက်မှနေ၍ ရှန်းယွီရှောင်၏ အင်္ကျီစကို ဆွဲကာ လက်လှမ်းရင်း "သမီးကို ပေးကြည့်ပါဦး..." ဟု ပြောလိုက်၏။

ရှန်းယွီရှောင်သည် စာရွက်ကို အရင်စစ်ဆေးကြည့်လိုက်သည်။ ရိုင်းစိုင်းသော စကားလုံးများ မပါဝင်ကြောင်း သေချာမှသာ လီရှောင်ယာကို ပေးလိုက်လေသည်။

"လန့်သွားအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..." ဟုသာ ရေးထားပေသည်။

လီရှောင်ယာက "သူ့နာမည် မမေးလိုက်မိဘူး..." ဟု ပြောလိုက်၏။

ရှန်းယွီရှောင်က "သူက သူစိမ်းတစ်ယောက်ပဲဟာ..." ဟု ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ သူက သမီးပါးကို ဘာလို့ ဆွဲတာလဲဆိုတာ မပြောသွားဘူးလေ... ပြီးတော့ သမီးကိုကြည့်ပြီး ဘာလို့ ငိုတာလဲ... သူ သမီးကို သိလို့လား... ပြီးတော့ သူက ဘယ်သူ့ကို လာရှာတာလဲ..." လီရှောင်ယာသည် မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် ရှန်းယွီရှောင်ကို မေးလိုက်လေသည်။

ရှန်းယွီရှောင်၏ မျက်လုံးများ လှုပ်ရှားသွား၏။

ဟုတ်တယ်... ဘာလို့လဲ...

ထူးဆန်းနေသော်လည်း...

လီရှောင်ယာ မိခင်ဘက်မှ ဆွေမျိုးတစ်ယောက်သည် ဤကဲ့သို့ ထူးဆန်းသော ပုံစံဖြင့် တစ်ကိုယ်တည်း ပေါ်လာလိမ့်မည် မဟုတ်မှန်း သိနေသော်လည်း...

သို့သော် ရှန်းယွီရှောင်သည် သူ့ဦးလေး သင်ပေးခဲ့သော သင်ခန်းစာတစ်ခုကို သတိရနေဆဲပင်။

အခြားသူများထက် ပို၍ ဉာဏ်ကောင်းပြီး သန်မာချင်လျှင် အခြားသူများထက် အသေးစိတ်အချက်အလက်များကို ပို၍ အာရုံစိုက်ရမည်။ ဤအသေးစိတ်အချက်အလက်များကို မိမိလက်အောက်မှ လွတ်ထွက်မသွားစေရ။

ရှန်းယွီရှောင်သည် လီရှောင်ယာကို "ဒီမှာ စောင့်နေ" ဟု စကားနှစ်ခွန်း ပြောခဲ့ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ထိုလူ့ကို မီအောင်လိုက်ပြီး ပခုံးကို လှမ်းဆွဲလိုက်လေသည်။

ရှန်းယွီရှောင်သည် သူ့နားနားကပ်၍ နာမည်တစ်ခုကို ခေါ်လိုက်၏။

"ဝေရွှမ်မင်..."

ထိုလူ မလှုပ်ရှားပေ။

ရှန်းယွီရှောင်က ဆက်မေးလိုက်သည်။

"ခင်ဗျားက သူ့ရဲ့ သားငယ်လား... ခင်ဗျား ဘယ်သူ့ကို လာရှာတာလဲ... လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပျောက်ဆုံးသွားတဲ့ ခင်ဗျားအစ်မကိုလား..."

ထိုလူ ဆက်လက် ငြိမ်သက်နေဆဲပင်။

ရှန်းယွီရှောင် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ပြန်ရုပ်လိုက်လေသည်။

သူ ခန့်မှန်းတာ မှားသွားသလား...

သူတို့က လုံးဝ မပတ်သက်ဘူးလား...

ရှန်းယွီရှောင် ခြေလှမ်းဝက်ခန့် နောက်ဆုတ်လိုက်စဉ် ထိုလူ ရုတ်တရက် လှည့်ကြည့်လာလေသည်။ သူ့အကြည့်တို့သည် အေးစက်ပြီး သတိကြီးစွာ ထားနေပုံရ၏။

မျှော်လင့်ထားသလို စိတ်လှုပ်ရှားမှုမျိုး လုံးဝ မတွေ့ရပေ။

သို့သော် ရှန်းယွီရှောင်၏ စိတ်နှလုံးသည် တည်ငြိမ်သွားလေပြီ။

"ငါခန့်မှန်းတာ မှန်သွားပုံရတယ်... ခင်ဗျား ဘာလို့ ဒီကို တစ်ယောက်တည်း ရောက်နေတာလဲ..."

ထိုလူသည် နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး လက်တစ်ဖက်က ခါးကို ဖိထားလိုက်သည်။

ခါးတွင် လက်နက်တစ်ခုခု ဝှက်ထားသည့်ပုံပင်။

ရှန်းယွီရှောင် ချက်ချင်း သဘောပေါက်လိုက်သည်။ ဒီလူ တစ်ခုခု အထင်လွဲနေပုံရသည်။ သူ့ကို ရန်သူလို့ ထင်နေတာလား။

ရှန်းယွီရှောင် ချက်ချင်း အော်ပြောလိုက်၏။

"ခင်ဗျား ရှာနေတဲ့လူကို တွေ့ပြီးပြီ မဟုတ်ဘူးလား…”

All Chapters