အခန်း (၅၉)
Vol. 6 Ch. 59
Chapter 59
ဝန်ထမ်းများသည် အံ့အားသင့်နေရာမှ ဖြည်းဖြည်းချင်း အသိဝင်လာကြ၏။
"သူက လူလာရှာတာလို့ စောစောက ပြောခဲ့တယ်မလား... သူရှာချင်နေတာက လီရှောင်ယာကိုလား... ဒါဆို အရင်ရောက်လာတဲ့ ဝတ်စုံပြည့်နဲ့လူကရော ဘယ်လိုလဲ... သူလည်း လီရှောင်ယာကို လာရှာတာပဲ မဟုတ်လား..."
ဝန်ထမ်းတစ်ယောက်မှာ ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်မိသည်။
"လီရှောင်ယာရဲ့ ဆွေမျိုးရင်းချာက တကယ်တမ်း ဘယ်သူဖြစ်နေတာလဲ..."
ရှန်းယွီရှောင်သည် မတ်တတ်ထရပ်လိုက်ပြီး လူများကို အပြင်သို့ တွန်းထုတ်ကာ ပြောလိုက်လေသည်။
"သွား... သွား... Peppa Pig ကာတွန်းကား သွားကြည့်နေလိုက်ကြ..."
ဝန်ထမ်းဖြစ်သူက ဒါရိုက်တာဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"သခင်လေးရှန်းက ကျွန်တော့်ဉာဏ်ရည်နိမ့်တာကို လှောင်လိုက်တာလား..."
ဒါရိုက်တာက ပြန်ဖြေလိုက်လေသည်။
"မင်းစကားအဆုံးက မေးခွန်းသင်္ကေတကို ဖြုတ်ပစ်လိုက်တော့..."
ဝန်ထမ်းခမျာ ပြောစရာစကားမဲ့သွားချေသည်။
ရှန်းယွီရှောင်သည် မီးဖိုထဲမှ ကန်စွန်းဥများကို ကောက်ယူလိုက်ပြီး အိုးထဲမှ အသားပေါက်စီနှစ်လုံးကိုလည်း ကျွမ်းကျင်စွာ ဆယ်ယူလိုက်၏။ ထို့နောက် အစားအသောက်များကို ယူဆောင်လာပြီး ထိုလူ၏ ရှေ့အထိ သွားချပေးလိုက်လေသည်။
"ဒါတွေက လီရှောင်ယာ မြို့ထဲကနေ တကူးတက သယ်လာတာ..."
ရှန်းယွီရှောင်က ပေါက်စီများကို လက်ညှိုးထိုးပြရင်း မေးလိုက်လေသည်။
"ခင်ဗျား ရှောင်တဲ့အစားအစာ ဘာညာတော့ မရှိပါဘူးနော်... ရှိလည်း နောက်ကျသွားပြီ... ခင်ဗျားမစားရင် ကျွန်တော် စားပစ်လိုက်မှာ..."
ထိုလူသည် ခေါင်းကို တရစပ် ခါရမ်းပြလိုက်လေ၏။
ဤကဲ့သို့သော အခြေအနေမျိုး ရောက်နေသည့်တိုင် သူသည် အိတ်ကပ်ထဲမှ တစ်ရှူးကို ထုတ်ယူကာ ထိုတစ်ရှူးဖြင့် ပေါက်စီကို ကိုင်လိုက်သေးသည်။
သူသည် ရေကို တစ်ငုံသောက်လိုက်၊ ပေါက်စီကို တစ်လုပ်စားလိုက်ဖြင့် စားသောက်လေသည်။ အငမ်းမရ စားသောက်ခြင်းမျိုး မဟုတ်ပေ။
"ဝေကျန်းကို သိလား..."
လီရှောင်ယာသည် မေးစေ့ကို လက်ဖြင့်ထောက်ထားရင်း မေးလိုက်လေသည်။
ထိုလူသည် အစားအသောက်များကို ချထားလိုက်ပြီး လက်ဟန်ခြေဟန်ပြကာ စတင် ပြောဆိုလေသည်။
လက်သင်္ကေတပြ စကားပြန်ကျောင်းသားက ချက်ချင်းပင် လိုက်လံဘာသာပြန်ပေးလိုက်၏။
"သူ့ကို ကြားဖူးပေမယ့် တစ်ခါမှတော့ မဆုံဖူးဘူး... ဝေလင်းက မင်းကိုရှာဖို့ သူ့ကို လွှတ်လိုက်တာ... မင်း သူနဲ့ တွေ့ပြီးပြီမလား... တော်သေးတာပေါ့... မင်း သူနဲ့တန်းမလိုက်သွားတာ အတော်ကံကောင်းတယ်..."
လီရှောင်ယာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ဝေလင်းက ဘယ်သူလဲ..."
စကားပြန်ကျောင်းသားက သူ့တာဝန်အတိုင်း တစ်လုံးချင်းစီ ဆက်လက် ဘာသာပြန်ပေးပြန်သည်။
"အဖေ့ရဲ့ မွေးစားသားပါ... အခုတော့ သူကပဲ ကိစ္စအတော်များများကို ကိုင်တွယ်ဖြေရှင်းနေတာ..."
လီရှောင်ယာက ထပ်ဆင့်မေးလိုက်၏။
"သူက လူဆိုးလား..."
ထိုလူသည် ရှေးဦးစွာ စကားပြန်ကျောင်းသားကို လှမ်းကြည့်လိုက်လေသည်။
စကားပြန်လုပ်ပေးနေသော ကောင်လေး၏ မျက်လုံးများထဲတွင် တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ရိုးသားဖြူစင်မှုများ ပြည့်နှက်နေပေသည်။ သူက လက်ကို အားမပါတပါ ထောင်လိုက်ပြီး မေးလိုက်၏။
"အမ်... ရုပ်ရှင်တွေထဲက ဇာတ်ကွက်အရဆိုရင် ဒီအချိန်မှာ ကျွန်တော်က ဘယ်သူ့ကိုမှ ဘာမှပြန်မပြောပါဘူးလို့ ကတိပေးရမယ့်အချိန်လား..."
ထိုလူက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်သင်္ကေတ ဆက်ပြလေသည်။
"ကိစ္စမရှိပါဘူး... ဆက်ပြောပါ..."
"ကိစ္စမရှိဘူး ဟုတ်လား... ခင်ဗျား ကျွန်တော့်ကို အဲဒီလောက်တောင် ယုံတာလား..."
စကားပြန်လေးမှာ စိတ်ထိခိုက်သွားရရှာသည်။
ရှန်းယွီရှောင်ကတော့ ဒီလူထက် ပိုပြီး ရိုးအတဲ့လူကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူလှကြောင်း စိတ်ထဲမှ တွေးနေမိလေသည်။
ထိုလူက လက်သင်္ကေတ ဆက်ပြပြန်သည်။
"ဝေလင်းက ရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်လို့ ငါတို့ သံသယရှိတယ်... လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းအမေ ပျောက်သွားတဲ့ကိစ္စကလည်း သူနဲ့ ပတ်သက်နေလောက်တယ်..."
"အဖိုးက သူ့ကို နည်းနည်းလေးမှ သံသယမဝင်ဘူးလား..."
"ငါလည်း မသိဘူး..."
ထိုလူက ခါးသက်သက် ပြုံးလိုက်ပြီး ဆက်လက်၍ လက်ဟန်ပြလေသည်။
"မင်းပြောတဲ့ အဖိုးဆိုတာ ငါ့အဖေပါ... ငါတို့က သွေးသားရင်းချာတွေလို့ ပြောလို့ရပေမယ့် တကယ်တမ်းကျတော့ ငါလည်း သူ့ကို နားမလည်နိုင်ပါဘူး... သူ ဘာတွေတွေးနေလဲ... ဘာတွေ ဆက်လုပ်မလဲဆိုတာ ငါ မသိဘူး..."
လီရှောင်ယာက သူ့ကို နှစ်သိမ့်လိုက်၏။
"ရပါတယ်... သမီးလည်း သမီးအဖေကို နားမလည်ပါဘူး..."
ထိုလူက အတင်းဟန်လုပ် ပြုံးလိုက်ပြီး လက်သင်္ကေတပြလိုက်ပြန်သည်။
"သူတို့ ပြောစကားအရဆိုရင်တော့ အဖေက ငါတို့ကို စွန့်ပစ်လိုက်ပြီတဲ့..."
"ဘာလို့လဲ... ဘာလို့ အဲဒီလို ပြောရတာလဲ..."
လီရှောင်ယာ၏ မျက်နှာလေး ရှုံ့မဲ့သွားပြီး နားမလည်နိုင် ဖြစ်နေရှာသည်။
"ငါတို့က မပြည့်စုံဘူးလေ... ငါတို့မှာက နိမ့်ကျတဲ့ မျိုးရိုးဗီဇတွေ ရှိနေတာကိုး... ငါတို့က မိသားစုအတွက် အရှက်ရစရာတွေတဲ့..."
စကားပြန်လေးက ဤအပိုင်းကို ဘာသာပြန်ပေးနေချိန်တွင် သူ့အသံများ တုန်ရီနေရှာ၏။
နားထောင်ရတာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စကားတွေပဲ... ဟု စကားပြန်လေး တွေးနေမိသည်။
သို့သော် ထိုလူက ဤအပိုင်းကို လက်ဟန်ပြနေချိန်တွင် သူ့မျက်နှာပေါ်၌ မည်သည့် ခံစားချက်မျှ ပေါ်လွင်ခြင်း မရှိပေ။ စောစောက KFC ဆိုင်ထဲသို့ အတင်းပြေးဝင်လာစဉ်ကလို စိတ်လှုပ်ရှားမှုမျိုး မရှိတော့ချေ။
လီရှောင်ယာမှာ တီးတိုး သက်ပြင်းချလိုက်မိ၏။ သူမ ခဏမျှ စဉ်းစားလိုက်ပြီး ထိုလူ့ဘေးနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ရှန်းယွီရှောင် သူမကို နှစ်သိမ့်ပေးသကဲ့သို့ပင် သူမ၏ လက်ကလေးကို မြှောက်ကာ ထိုလူ့ခေါင်းကို ဖွဖွလေး ပုတ်ပေးရင်း ပြောလိုက်လေသည်။
"ရပါတယ်... သမီးအဖေကလည်း သမီးကို စွန့်ပစ်သွားတာပါပဲ..."
ထိုလူ၏ မျက်နှာထား ညှိုးကျသွားရချေသည်။
"အမ်... သူ ဝဋ်လည်မှာပါ..."
စကားပြန်လေးက ထိုလူ့အစား တာဝန်ကျေပွန်စွာ ဘာသာပြန်ပေးလိုက်၏။
လီရှောင်ယာက သူ့ကို မေးလိုက်လေသည်။
"ဗိုက်ဝပြီလား... ထပ်စားဦးမလား..."
ထိုလူက ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေပြီး လက်သင်္ကေတပြကာ မေးလိုက်၏။
"ငါ တစ်ရေးလောက် အိပ်လို့ရမလား…”
လီရှောင်ယာသည် ချက်ချင်းပင် ရှန်းယွီရှောင်ကို လှည့်ကြည့်လိုက်လေသည်။
ရှန်းယွီရှောင်က မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ပြောလိုက်၏။
"အဆင်ပြေတာပေါ့... နင်းဟန် အိပ်တဲ့နေရာက မရှင်းရသေးဘူး... သူ့ကို နင်းဟန်ကုတင်ပေါ်မှာပဲ ပေးအိပ်လိုက်..."
လီရှောင်ယာ ခေါင်းညိတ်လိုက်ပြီး ထိုလူ့လက်ကို ဦးဆောင်၍ ဆွဲကိုင်လိုက်လေသည်။
သူမ၏လက်ကလေးသည် အလွန်သေးငယ်သဖြင့် ထိုလူ၏လက်ကိုပင် ကွယ်နိုင်စွမ်းမရှိပေ။ သို့သော် ထိုလူသည် သူမခေါ်ဆောင်ရာ ရိုးရှင်းသော ကုတင်လေးဆီသို့ အသာတကြည်ပင် လိုက်ပါသွား၏။
"အိပ်လိုက်တော့နော်..." လီရှောင်ယာက သူ့လက်ကို လွှတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
ထိုလူက သူမ၏လက်ကို ပြန်ဆွဲကိုင်လိုက်ပြီး "ခဏလေး" ဟု လက်ဟန်ပြလိုက်သည်။
"ဟင်..."
ထိုလူသည် အိတ်ကပ်ထဲမှ စောစောက ငှားထားသော စာရွက်နှင့် ဘောပင်ကို ထုတ်ယူကာ စာလုံးသုံးလုံးကို သေချာဂရုစိုက်ပြီး ရေးပြလိုက်လေသည်။
"ဝေဝမ်ချင်း"
ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်၏။
"နာမည်လား..." လီရှောင်ယာက စာရွက်ကို ယူကြည့်ရင်း မေးလိုက်သည်။
ထိုလူက ခေါင်းညိတ်ပြပြီး နောက်ဆုံးတွင် အနည်းငယ် ပြုံးပြလိုက်လေသည်။
သူသည် စာရွက်နှင့် ဘောပင်ကို သေချာပြန်သိမ်းဆည်းလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် သူရပ်နေသော ကြမ်းပြင်ကို ဖြည်းညှင်းစွာ ပွတ်သပ်ကြည့်လိုက်၏။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက လီရှောင်ယာ၏ မိခင် ဤနေရာတွင် မည်သို့ နေထိုင်ခဲ့မည်ကို စိတ်ကူးပုံဖော်ကြည့်နေပုံ ရပေသည်။
ပြီးနောက် သူသည် ဖြည်းဖြည်းချင်း လှဲချလိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။ မကြာမီပင် သူ့အသက်ရှူသံများ မှန်လာပြီး အိပ်ပျော်သွားတော့သည်။
နောက်ဆုံးတော့ သူ အေးအေးချမ်းချမ်း အိပ်စက်ခွင့် ရသွားပြီ ဖြစ်၏။
"ပေးပါဦး.. ငါကြည့်မယ်..."
ရှန်းယွီရှောင်သည် လက်လှမ်းပြီး စာရွက်ကို ဆွဲယူဖတ်ကြည့်လိုက်သည်။
"ရှုရူယင်းပြောတာ မှန်တာပဲ... ဒီမျိုးရိုးနာမည်က နည်းနည်းတော့ ရုပ်ဆိုးသား..." သူက မျက်နှာသေဖြင့် ပြောလိုက်၏။
လီရှောင်ယာသည် ထိုစာရွက်ကို မီးဖိုထဲသို့ ပစ်ထည့်ကာ မီးရှို့လိုက်လေသည်။
သူမ၏ လုပ်ရပ်ကို ကြည့်ရင်း ရှန်းယွီရှောင် အံ့အားသင့်သွားသည်။
"ငါက မင်း အမှတ်တရ သိမ်းထားမယ် ထင်နေတာ..."
လီရှောင်ယာသည် မီးဖိုရှေ့တွင် ထိုင်ချလိုက်ပြီး မီးလောင်ကျွမ်းသွားသော စာရွက်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။
"သူနဲ့ ဝေကျန်းက တစ်ခါမှ မတွေ့ဖူးကြဘူး..."
ရှန်းယွီရှောင် ချက်ချင်း သဘောပေါက်သွားသည်။
".. မင်းက ဆက်ပြီး ဟန်ဆောင်ချင်သေးလို့လား..."
"မရဘူးလား..." လီရှောင်ယာက ပြန်မေးလိုက်သည်။
ရှန်းယွီရှောင် ပြုံးလိုက်၏။
"ရတာပေါ့... ဒါက ဒီအစီအစဉ်ရိုက်နေတာထက်တောင် ပိုစိတ်ဝင်စားဖို့ ကောင်းသေးတယ်..."
"ဟိုလူက ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ သမီးတို့ မသိသေးတဲ့အချိန်မှာ ဘာမှမသိသလို ဟန်ဆောင်နေတာ အကောင်းဆုံးပဲ မဟုတ်လား..."
"ဟုတ်တာပေါ့... လုံးဝမှန်တယ်..." ရှန်းယွီရှောင် အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် ရိုက်ကူးရေးအဖွဲ့က အရူးတွေကို သေချာမှာခဲ့မှ ဖြစ်မယ်..."
နာရီဝက်ခန့်အကြာတွင် ဝေကျန်း ပြန်ရောက်လာလေသည်။
လီရှောင်ယာသည် တံခါးဝတွင် ထိုင်နေပြီး သူ့ကို ချက်ချင်း မေးလိုက်၏။
"အလုပ်ခိုလာတာလား..."
ဝေကျန်း၏ မျက်နှာကြွက်သားများ နှစ်ချက်ခန့် ဆတ်ခနဲ လှုပ်သွားပြီး လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး..."
"အော်..."
"နှင်းတွေ ကျနေပြီ..." ဝေကျန်း စကားစလိုက်သည်။
"အင်း..."
"ဒီမှာ ဆောင်းတွင်းဖြတ်သန်းရတာ ခက်ခဲလိမ့်မယ်... မင်း ငါနဲ့ လိုက်ခဲ့သင့်တယ်... ဟိုမှာဆို မီးလင်းဖိုနဲ့ နွေးနွေးထွေးထွေး နေရမယ်... ၂၄ နာရီ အစားအသောက်နဲ့ ရေနွေးရမယ်... ပြီးတော့..."
"ရှန်းယွီရှောင် ပြန်မှ သမီး ပြန်မယ်..."
"ကောင်းပြီလေ..." ဝေကျန်း အံကို တင်းတင်းကြိတ်လိုက်မိသည်။
"မင်းနဲ့ ဆွေမျိုးတော်စပ်တော့မယ့် လူတွေထက် သူ့ကို မင်းက ပိုအရေးပေးလိမ့်မယ်လို့ ငါ မထင်ထားဘူး..."
အပြင်မှ ပြန်ဝင်လာသော ရှန်းယွီရှောင်က ဝင်ပြောလိုက်၏။
"ငါ အဲဒီစကား ကြားရတာ သဘောကျတယ်ကွာ..."
ဝေကျန်း "..."
"တကယ်တော့ ခင်ဗျားတို့က တစ်ခါမှ မတွေ့ဖူးကြဘူးလေ... သွေးသားတော်စပ်တယ် ဆိုတာကလွဲရင် သူ့အတွက်တော့ ခင်ဗျားတို့က သူစိမ်းတွေနဲ့ အတူတူပဲ... ငါ့နေရာကို လိုချင်ရင်တော့ ခင်ဗျား ဒီထက်ပို ကြိုးစားမှ ရမယ်..."
"ဒါပေမဲ့ ကြည့်ရတာ ခင်ဗျား လက်လျှော့ချင်နေပြီ ထင်တယ်... မလုပ်နိုင်ရင် ပြန်လိုက်တော့လေ... ခင်ဗျားသခင်ကို သွားပြောလိုက်... ခင်ဗျားက ကလေးမလေးတစ်ယောက်ကိုတောင် ပြန်မခေါ်နိုင်လောက်အောင် အသုံးမကျပါဘူးလို့..." ရှန်းယွီရှောင်က အေးအေးလူလူ ပြောလိုက်လေသည်။
"သခင်လေးရှန်း ကျွန်တော့်ကို လာဆွမနေပါနဲ့... ကျွန်တော် ပြန်မှာ မဟုတ်ဘူး..." ဝေကျန်းက မဲ့ရွဲ့ပြောဆိုလိုက်သည်။
ရှန်းယွီရှောင် ဘာမှပြန်မပြောတော့ပေ။
ဝေကျန်း ထွက်ခွာရန် ပြင်လိုက်စဉ် အခန်းထဲရှိ သူစိမ်းတစ်ယောက်ကို သတိထားမိသွား၏။
"သူက ဘယ်သူလဲ..."
"ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးလိုက်တဲ့လူ..."
"ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးတာ ဟုတ်လား..."
"အင်း... ခုတလော ရိုက်ကူးရေးအကြောင်းအရာတွေက ပေါ့ပျက်ပျက် ဖြစ်နေလို့ ထင်တယ်... လမ်းမှာတွေ့တဲ့ ဆွံ့အ နားမကြားတစ်ယောက်ကို ခေါ်လာဖို့ စီစဉ်ပေးလိုက်တာ..."
"ဆွံ့အ နားမကြား ဟုတ်လား..."
ဝေကျန်း မျက်ခုံးလှုပ်သွားပြီး အိမ်က သခင်လေးကို ချက်ချင်း ပြေးမြင်မိလိုက်သည်။
"ဘာဖြစ်လို့လဲ..." ရှန်းယွီရှောင်က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်၏။ "ခင်ဗျားမျက်နှာက တစ်မျိုးပဲ..."
"ဘာမှမဖြစ်ပါဘူး..."
"အော်..."
ဝေကျန်း လှည့်ထွက်သွားပြီး ဝေလင်းကို ချက်ချင်း ဆက်သွယ်လိုက်လေသည်။
"သခင်ကြီး... သခင်လေး ဒီကို ရောက်လာတာ ဖြစ်နိုင်မလား..."
ဝေလင် အနည်းငယ် အံ့သြသွားသည်။
"ငါထင်တာ သူတို့ ကိုယ့်ကိုယ်ကိုယ် လုံးဝ စွန့်လွှတ်လိုက်ပြီ မှတ်နေတာ... သူသာ မိသားစုရဲ့ အရင်းအမြစ်တွေကို သုံးမယ်ဆိုရင် ငါ သေချာပေါက် သိမှာပေါ့... ဒါပေမဲ့ ဒီမှာ ဘာလှုပ်ရှားမှုမှ မကြားမိဘူး... သူ ဘယ်လိုလုပ် အဲဒီကို ရောက်သွားရတာလဲ..."
ဝေကျန်းလည်း မသေချာသဖြင့် တွန့်ဆုတ်စွာ ပြောလိုက်၏။
"တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်... ဆွံ့အတစ်ယောက် ပေါ်လာတိုင်း သခင်လေး ဖြစ်ရမယ်လို့မှ မရှိတာ..."
"သူ ငါ့ကောင်းကြောင်းတွေ ကလေးမလေးကို မပြောဖို့တော့ မျှော်လင့်ရတာပဲ... မဟုတ်ရင် ငါဒုက္ခရောက်ကုန်လိမ့်မယ်... သူတို့က အသုံးမဝင်တော့တဲ့ လူတွေ... အရေးမပါတော့ဘူး... ဒါပေမဲ့ ကလေးမလေးကတော့ မတူဘူး... သူက မစ္စတာဝေရဲ့ သွေးသားရင်းချာတွေထဲမှာ တစ်ဦးတည်းသော ကျန်းမာတဲ့လူ... သူက အရမ်းအရေးကြီးတယ်... အမွေဆက်ခံဖို့အတွက် ငါ သူ့ကို လိုအပ်တယ်..."
"နားလည်ပါပြီ သခင်ကြီး... ကျွန်တော် သူ့ကို စောင့်ကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလိုက်ပါ့မယ်..."
"အစီအစဉ်တွေက မထင်မှတ်ဘဲ ပြောင်းလဲတတ်တယ်..." ဝေလင်းက ဖုန်းထဲမှ သက်ပြင်းချလိုက်သည်။ "အစတုန်းကတော့ အတွေ့အကြုံမရှိတဲ့ ကောင်မလေးကို ခြိမ်းခြောက်ပြီး မင်းပြောသမျှ နားထောင်အောင် လုပ်ခိုင်းမလို့ပါပဲ..."
ဝေကျန်း ခါးသက်သက် ပြုံးလိုက်မိသည်။
"အခုတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့ကို တောင်းပန်ခယနေရပြီ..."
"ဝေဝမ်ချင်းရဲ့ ဓာတ်ပုံ ပို့ပေးလိုက်မယ်... သေချာ စစ်ဆေးကြည့်လိုက်..."
"ဟုတ်ကဲ့ သခင်ကြီး..."
ဓာတ်ပုံ ရပြီးနောက် ဝေကျန်း စစ်ဆေးကြည့်ရန် အခွင့်အရေး မရလိုက်ပေ။ အကြောင်းမှာ လီရှောင်ယာကို ကျောင်းလိုက်ပို့ရသောကြောင့် ဖြစ်သည်။
နှင်းများထူထပ်စွာ ကျရောက်တော့မည်ဖြစ်သဖြင့် ကျောင်းကို ပိတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဆောင်းရာသီ ကျောင်းပိတ်ရက် မစမီ စာမေးပွဲ အကျဉ်းချုံး စစ်ဆေးရန် စီစဉ်ထားခြင်း ဖြစ်၏။
ဝေကျန်းသည် လီရှောင်ယာကို ကျောပိုး၍ အိမ်ပြန်လမ်းတွင် မေးလိုက်လေသည်။
"မိန်းကလေးရှုနဲ့ သခင်လေးနင်းတို့ ဘယ်ရောက်သွားကြလဲ... မတွေ့ပါလား..."
"သူတို့ မြို့ထဲ ပြန်သွားကြပြီ..."
"အော်..."
ဝေကျန်း မျက်လုံးများ အရောင်လက်သွားပြီး လီရှောင်ယာကို ဒီအတိုင်း ပိုးပြီး ခေါ်သွားလိုက်ရမလားဟု တစ်ခဏ တွေးမိလိုက်သေးသည်။
ထိုစဉ် လီရှောင်ယာဆီမှ တရှဲရှဲ အသံများ ကြားလိုက်ရ၏။
ဝေကျန်း မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာလုပ်နေတာလဲ..."
"မိုက်ကရိုဖုန်း ပြင်နေတာ..."
"မိုက်ကရိုဖုန်း ဟုတ်လား..."
"အင်း..."
"မင်း အခု တိုက်ရိုက်လွှင့်နေတာလား..."
"ဟုတ်တယ်လေ..." လီရှောင်ယာက ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "ဘာဖြစ်လို့လဲ..."
ဝေကျန်း သူ့အကြံအစည်ကို ချက်ချင်း ဖျက်သိမ်းလိုက်ရတော့သည်။ ရှန်းယွီရှောင်က သူ့တစ်ယောက်တည်းကို လီရှောင်ယာနှင့် လွှတ်လိုက်ရတာ စိတ်ချလက်ချ ရှိနေပုံရသည်မှာ မပြောနှင့်။
မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေကြတာကိုး။
"ဘာလို့ ရုတ်တရက်ကြီး မပျော်မရွှင် ဖြစ်သွားတာလဲ..." လီရှောင်ယာက တိုးတိုးလေး မေးလိုက်၏။
"မ... မဟုတ်ပါဘူး... ဘာမှမဖြစ်ပါဘူး..."
ဝေကျန်းသည် ပိုဆိုးမည့်အခြေအနေကို ကြုံတွေ့ရဦးမည်မှန်း မသိရှာပေ။
နောက်ဆုံးတွင် လီရှောင်ယာကို ကျောပိုး၍ အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ဆွံ့အ နားမကြားသော ဝေဝမ်ချင်းသည် မီးလင်းဖိုဘေးတွင် ရှန်းယွီရှောင်နှင့်အတူ ထိုင်နေလေသည်။
ရှန်းယွီရှောင်က လီရှောင်ယာ ကျောင်းသွားကြောင်းနှင့် မကြာမီ ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောပြထားသဖြင့် ဝေဝမ်ချင်း အနည်းငယ် စိတ်အေးသွားရသည်။
ဝေကျန်း တံခါးဝသို့ ဝင်လိုက်သည်နှင့် ဝေဝမ်ချင်း၏ မျက်နှာကို ဓာတ်ပုံနှင့် နှိုင်းယှဉ်ကြည့်လိုက်မိသည်။
သံသယဖြစ်စရာ မလိုတော့ပေ။ ဒါ သခင်လေး အစစ်ပင်။
သူကလည်း လီရှောင်ယာကို ရှာတွေ့ထားခဲ့တာကိုး။
ဝေကျန်း၏ တာဝန်မှာ ပိုမိုလေးလံသွားသလို ခံစားလိုက်ရသည်။ လီရှောင်ယာကို ချော့မော့ရမည့်အပြင် ဝေဝမ်ချင်းကိုလည်း သတိထားရတော့မည်။
ဝေကျန်း ဝေဝမ်ချင်းကို မြင်လိုက်သောအခါ ဝေဝမ်ချင်းကလည်း သူ့ကို မြင်လိုက်လေသည်။
ဝေဝမ်ချင်းက "သူ ဘယ်သူလဲ" ဟု လက်ဟန်ပြ မေးလိုက်၏။
ရှန်းယွီရှောင်က ဝင်ပြောလိုက်သည်။
"သူက ခင်ဗျား ဘယ်သူလဲတဲ့... မိတ်ဆက်ပေးလိုက်ပါဦး..."
"ကျွန်တော့်နာမည် ဝေကျန်းပါ..."
ဝေကျန်းသည် အေးစက်သော လေသံဖြင့် ပြောလိုက်ပြီး ဝေဝမ်ချင်းကိုလည်း အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
ထိုနာမည်ကို ကြားလိုက်ရသောအခါ ဝေဝမ်ချင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြွက်သားများ တုန်ရီလာတော့သည်။
ဝေကျန်း...
ဝေလင်းရဲ့ လူ...
သူတို့ သူ့ညီမလေးရဲ့ ကလေးကို ဒုက္ခပေးဖို့ ရောက်လာကြတာပဲ။
ဝေဝမ်ချင်း ဒေါသရော ထိတ်လန့်မှုပါ ဖြစ်သွားပြီး အံကြိတ်သံများပင် ထွက်လာလေသည်။
ဝေကျန်းကတော့ သူ့တုံ့ပြန်မှုကို မသိချင်ယောင်ဆောင်ကာ လီရှောင်ယာကို ကျောပေါ်မှ ဖြည်းဖြည်းချင်း ချပေးလိုက်သည်။
ထို့နောက် အတင်းဟန်လုပ်ပြုံးလိုက်ပြီး လီရှောင်ယာကို ဖော်ရွေစွာ ပြောလိုက်၏။
"ကျောင်းမုန့်ဆိုင်က မုန့်တွေ ဝယ်လာတယ်... အခုစားမလား..."
"စားမယ်လေ..."
ဝေကျန်း အိတ်ကိုဖွင့်ပြီး မုန့်များ ထုတ်ပေးလိုက်သည်။
လီရှောင်ယာ လှမ်းယူလိုက်၏။
ဝေဝမ်ချင်း ဒေါသထွက်လွန်းသဖြင့် ရူးမတတ် ဖြစ်နေသော်လည်း စကားမပြောနိုင်ရှာပေ။ ရှန်းယွီရှောင်၏ လက်ကိုသာ အတင်းဆွဲလှုပ်ပြီး တားဆီးပေးရန် အချက်ပြနေရသည်။
မစားနဲ့...
သူပေးတာ ဘာမှမစားနဲ့...
အဆိပ်ခတ်ထားတာ ဖြစ်နိုင်တယ်...
ဝေဝမ်ချင်း မတ်တတ်ရပ်ပြီး ကိုယ်တိုင်တားဆီးရန် ပြင်လိုက်စဉ်...
"ကောင်းပြီ... အခု ရှင် ဝက်စာသွားကျွေးလို့ ရပြီ..."
လီရှောင်ယာ၏ စကားသံကို ကြားလိုက်ရသည်။
ဝေကျန်း၏ မျက်နှာထား ခဲသွားပြီး သူ ဂရုတစိုက် တည်ဆောက်ထားသော လေထုမှာ "ဝက်စာကျွေး" ဟူသော စကားလုံးကြောင့် ချက်ချင်း ပျက်စီးသွားလေသည်။
အခြေအနေကို ပြန်ထိန်းရန် ကြိုးစားရင်း သူ ပြောလိုက်၏။
"ငါ မင်းနားမှာနေပြီး စောင့်ရှောက်ပေးတာ ပိုကောင်းမယ် ထင်တယ်..."
"ရှင် သမီးပြောတာ နားမထောင်ဘူးလား..."
"နားထောင်ပါတယ်... နားထောင်မှာပေါ့..."
"ဒါဆို မြန်မြန်သွား... ရှင့်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်... ဝက်စာကျွေးပြီးရင် တောင်ပေါ်တက်ပြီး ထင်းခွေရဦးမယ်... ပြီးရင် မှိုတွေ၊ သစ်အယ်သီးတွေ ခူးခဲ့... မှိုရွေးတတ်လား... မရွေးတတ်ရင် လူမေးသွား... သမီးတို့ဆီမှာ ဧည့်သည်ရောက်နေတယ်... အဲဒီမှိုတွေနဲ့ ဧည့်သည်အတွက် ဟင်းရည်လုပ်တိုက်မလို့..." လီရှောင်ယာက တရစပ် ပြောလိုက်လေသည်။
ဝေကျန်း "..."
မှိုဟင်းရည်က ဘယ်သူ့အတွက်လဲ...
ဝေဝမ်ချင်းအတွက်လား...
ကြည့်ရတာ သူ လီရှောင်ယာကို ဘယ်သူဘယ်ဝါဆိုတာ ပြောပြခွင့် မရလိုက်သေးဘူး ထင်တယ်။
ဒါ ကောင်းတဲ့ကိစ္စပဲ။
"မြန်မြန်သွားလေ..." လီရှောင်ယာက သူ့ကို တိုက်တွန်းလိုက်သည်။
ဝေကျန်း မသွားချင်သွားချင်ဖြင့် တံခါးဝသို့ ထွက်သွားရလေသည်။
"နေဦး..."
လီရှောင်ယာက သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။
ဝေကျန်း မျှော်လင့်ချက်ရောင်ခြည်သန်းသွားပြီး ရပ်လိုက်သည်။
လီရှောင်ယာက သူ့ကို အလွန်လေးနက်စွာ ပြောလိုက်၏။
"အမှန်အတိုင်း ပြောရရင် ရှင်က အရမ်းရုပ်ဆိုးပြီး ကြောက်စရာကောင်းလို့ သမီး မကြိုက်ဘူး... ဝက်တွေတောင် လန့်သွားနိုင်တယ်... သမီးရဲ့ ဧည့်သည်ကို လန့်အောင် မလုပ်နဲ့... ဒါကြောင့် ပြုံးပြ..."
ဝေကျန်း၏ မျက်နှာထား ခဲသွားသည်။
"ပြုံး... ပြုံးပြရမယ် ဟုတ်လား..."
လီရှောင်ယာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်..."
ဝေကျန်း မချိသွားဖြဲ ပြုံးပြလိုက်ရ၏။
"ကဲ... သွားလို့ရပြီ..." လီရှောင်ယာ လက်ကာပြလိုက်သည်။ "ရုပ်ဆိုးနေတုန်းပဲ..."
ဝေကျန်း သိက္ခာကျစွာဖြင့် ထွက်ခွာသွားရတော့သည်။
ထို့နောက်မှ လီရှောင်ယာသည် ဝေဝမ်ချင်းဘက်သို့ လှည့်ကြည့်လိုက်၏။
ဝေဝမ်ချင်းသည် စောစောကလောက် စိတ်လှုပ်ရှားမနေတော့ပေ။ လီရှောင်ယာက လူကြီးလေးတစ်ယောက်လို ဝေကျန်းကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်နေသည်ကို ကြည့်ပြီး မှင်သက်နေမိသည်။
မကြောက်ရုံတင်မကဘဲ ဝေကျန်းကို အလွယ်တကူ ခိုင်းစေနိုင်သေးသည်။
သူတို့ အလွန်ကြောက်ရွံ့ခဲ့ရသော ဝေကျန်းနှင့် သူ့နောက်ကွယ်မှ အကြံအစည်များသည် ဤကလေးမလေး၏ မျက်လုံးထဲတွင် ဘာမှမဟုတ်သလို ဖြစ်နေ၏။
လီရှောင်ယာသည် ဝေဝမ်ချင်းကို ကြည့်ပြီး ပြောလိုက်သည်။
"မကြောက်ပါနဲ့... သမီး ကာကွယ်ပေးပါ့မယ်..."
သူမ ခဏရပ်လိုက်ပြီး ဆက်ပြော၏။
"ဦးလေးကို ဘယ်လိုခေါ်ရမလဲ... ဦးလေး... ဟုတ်တယ်မလား..."
ဝေဝမ်ချင်း၏ လည်ချောင်းထဲတွင် တစ်စို့သွားသလို ခံစားလိုက်ရသည်။
မျက်ရည်များ ဝဲတက်လာပြန်သည်။
သူ အားယူပြီး ပြုံးပြလိုက်၏။
ထို့နောက် ခေါင်းကို တရစပ် ညိတ်ပြလိုက်လေသည်။
လီရှောင်ယာသည် မိုက်ကရိုဖုန်းကို ဖြုတ်ထားပြီး ဖြစ်သည်။ သူမသည် သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"သမီးတို့ အချင်းချင်း မသိချင်ယောင်ဆောင်နေသရွေ့ သူက သမီးကို အလိုလိုက်ပြီး ကြောက်နေရဦးမှာပဲ... တွေ့လား... ဘာမှ စိတ်ပူစရာ မရှိဘူး... ရှန်းယွီရှောင်က ပြောတယ်... ဝေလင်းကိုယ်တိုင် သမီးကို အိမ်ပြန်လိုက်ဖို့ လာတောင်းပန်အောင် လုပ်ရမယ်တဲ့... ရှန်းယွီရှောင်ပြောတာ မှန်တယ်လို့ သမီးထင်တယ်..."
သူမက ဆက်ပြောလိုက်သည်။
"ဦးလေး... မငိုပါနဲ့တော့..."
ဝေဝမ်ချင်း၏ နှုတ်ခမ်းများ တုန်ရီသွား၏။
မျက်ရည်များ ပိုမို စီးကျလာလေသည်။
သူမကို ကာကွယ်ပေးဖို့ သူ ဒီကို အပြေးလာခဲ့တာ။ တကယ်ဆို သူက သူမကို ကာကွယ်ပေးရမှာလေ။
သူ လက်သင်္ကေတပြလိုက်သည်။
"ဦးလေး မလာခင်တုန်းက အရမ်းကြောက်ခဲ့တာ... သမီး တစ်ခုခုဖြစ်နေမှာ စိုးရိမ်ခဲ့တယ်... ပြီးတော့ သမီး ဦးလေးကို မကြိုက်မှာလည်း ကြောက်ခဲ့တယ်... ဆွံ့အ နားမကြားတဲ့လူကို ဘယ်သူက ကြိုက်မှာလဲ..."
သူမ သူ့ကို ရွံရှာသွားမှာ သူ အလွန် ကြောက်ရွံ့ခဲ့မိသည်။