အခန်း (၆၁)
Vol. 7 Ch. 61
Chapter 61
ရှန်းကျွမ်က ထိုစကားကို မေးခွန်းပြန်ထုတ်လိုက်သည်။
"မိသားစုစီးပွားရေးကို ဆက်ခံမယ် ဟုတ်လား"
ဆိုဖာလက်ရန်းပေါ်တွင် ထိုင်နေသော ရှုရူယင်းသည် ထိုင်ခုံပေါ်သို့ လျှောဆင်းလိုက်လေ၏။ လူတိုင်းက သူမကို စိုက်ကြည့်လျက် ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေကြသည်ကို မြင်သောအခါ ရှုရူယင်းတစ်ယောက် ကျေနပ်သွားပုံရသည်။
သူမက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ဆက်ပြောလေသည်။
"ဦးလေးကလည်း ယွီရှောင်ရဲ့ အစီအစဉ်ကို လုံးဝဂရုမစိုက်ဘူးပဲ... လီရှောင်ယာ့ အမေဘက်က အမျိုးတွေ လတ်တလောလေးတင် ရောက်လာပြီး သူ့ကို လာရှာကြတယ်လေ... သူတို့က တော်တော်လေး ချမ်းသာမယ့်ပုံပဲ"
"အော်... သူ့အမေက ဒီဒေသခံ မဟုတ်ဘူးလား" ရှန်းကျွမ် အံ့သြသွားမိသည်။
"ဘယ်ဟုတ်မလဲ... သူ့အမေက မန်ဒရင်းစကားပြောတယ်... ပညာတတ်တယ်... ပြီးတော့ လီရှောင်ယာလို လှပပြီး ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ကို မွေးထားနိုင်မှတော့ ဒေသခံ ဘယ်ဖြစ်ပါ့မလဲ... သူ့အမေရဲ့ မိသားစုတစ်ခုလုံးက ပြည်ပရောက် တရုတ်လူမျိုးတွေလေ"
ရှုရူယင်းကတော့ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေသည်ဟု တွေးမိပြီး သူမကိုယ်တိုင် ပါဝင်ပတ်သက်ခွင့် ရနေသည့်အတွက် ကံကောင်းသည်ဟုပင် မှတ်ယူထားလေ၏။
"ပြည်ပရောက် တရုတ်လူမျိုးတွေဆိုတာကလည်း ဘယ်ခေတ်ကလဲဆိုတာ ကြည့်ရသေးတယ်... ဒီဘက်ခေတ်မှ ရောက်သွားတဲ့သူတွေကျတော့လည်း သိပ်အဟုတ်ကြီး မဟုတ်ကြပါဘူး" ဟု ရှန်းကျွမ်က ဆိုသည်။
ရှုရူယင်းက ပြုံးလိုက်ပြီး -
"သမီး ဦးလေးကြီးကို မေးကြည့်ပြီးပြီ... သူပြောပုံအရဆိုရင် သူတို့မိသားစု စည်းစိမ်က ရှန်းမိသားစုထက်တောင် မလျော့လောက်ဘူးတဲ့"
ရှန်းကျွမ် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ပြုံးလျက် ပြန်ပြောလိုက်သည်။
"မင်းပြောတဲ့ ဦးလေးဆိုတဲ့သူက အဲ့လိုပြောရင်တော့ ဟုတ်လောက်မှာပါ"
လီချင်းချင်းမှာမူ ပါးစပ်အဟောင်းသား ဖြစ်နေ၏။
ဘာ...
အဲ့လောက်တောင် ချမ်းသာတာလား။
လီရှောင်ယာရဲ့ အမေဘက်က အမျိုးတွေက အဲ့လောက်ထိ ချမ်းသာကြတယ်ပေါ့။
သူမ၏ အရင်ဘဝတုန်းက ဒီလိုကိစ္စမျိုး လုံးဝမရှိခဲ့ပါဘူး။ ဘယ်ဆွေမျိုးမှလည်း လာမရှာခဲ့ကြဘူးလေ။
လီချင်းချင်း နာကျင်စွာ တွေးမိလိုက်သည်။ ငါ့ရဲ့ လိပ်ပြာတောင်ပံခတ်မှုကပဲ ဇာတ်လမ်းသွားကို ပြောင်းလဲသွားစေတာများလား။
လီရှောင်ယာဆီ ဒီအရာတွေအကုန် ရောက်လာအောင် ငါကပဲ လုပ်ပေးလိုက်သလို ဖြစ်သွားတာလား။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ကွန်းမန့်များလည်း ပေါက်ကွဲသွားတော့သည်။
[ဒါ တရားဝင် အတည်ပြုလိုက်တာပဲ... ဇာတ်ညွှန်း မဟုတ်ဘူးဟ... တကယ့်အစစ်ကြီး... ပြီးတော့ လီရှောင်ယာ့ အမေဘက်က အမျိုးတွေက တော်တော်ချမ်းသာတာပဲ]
[ရှန်းမိသားစုထက် မလျော့ဘူးဆိုတော့ ဝါး... ဘယ်လောက်တောင် ချမ်းသာမလဲနော်]
ချိုလန်က စပ်စုချင်စိတ်ဖြင့် ဝင်မေးလေသည်။
"ရူယင်း... သမီးပြောပုံအရဆိုရင် လီရှောင်ယာ့ မိသားစုက တောင်ပေါ်ရွာလေးအထိ လာရှာကြတယ်ဆိုတော့ အခု သူ့ကို ပြန်ခေါ်သွားကြပြီလား"
ရှုရူယင်းက ခေါင်းခါပြလိုက်၏။
"မခေါ်သွားသေးပါဘူး"
ဝေမိသားစုအတွင်း အားပြိုင်မှုများအကြောင်း သူမ ခန့်မှန်းထားသည်များကို ထုတ်မပြောချင်သောကြောင့် ရိုးရိုးရှင်းရှင်းပင် ဖြေလိုက်သည်။
"ရှန်းယွီရှောင်က ရိုက်ကူးရေး မပြီးသေးဘူးလေ... လီရှောင်ယာက ခေါင်းမာပြီး ရှန်းယွီရှောင်နဲ့အတူ အစီအစဉ်ပြီးတဲ့အထိ နေမယ်ဆိုပြီး ဇွတ်လုပ်နေလို့"
ထိုစကားကို ကြားလိုက်ရသောအခါ လီချင်းချင်းမှာ ဒေါသစိတ်တို့ ငယ်ထိပ်သို့ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။
ဟန်ဆောင်နေတာ...
လီရှောင်ယာကို သူတို့တွေ ဒီလောက် ချစ်ခင်နေကြတာ မဆန်းပါဘူး... သူက ဟန်ဆောင်အရမ်းကောင်းတာကိုး။ ဒီလိုအချိန်ရောက်တာတောင် မလိုက်ချင်သလိုလို ဘာလိုလိုနဲ့ ရှန်းယွီရှောင်နဲ့အတူ ရိုက်ကူးရေး ဆက်လုပ်ပါမယ်ဆိုပြီး ဟန်လုပ်နေသေးတယ်။
သာမန်လူဆိုရင် ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ အရင်ဆုံး ပြန်ဆုံစည်းဖို့ ရွေးချယ်မှာ မဟုတ်ဘူးလား။
လီရှောင်ယာက သက်သက်မဲ့ ပိုလုပ်ပြနေတာ။
ထိုအချိန်တွင် ရှန်းကျွမ်က ပြုံးလိုက်ပြီး -
"အဲ့ကလေးမလေးက တော်တော် သစ္စာရှိတာပဲ"
ချိုလန်ကလည်း ဝင်ထောက်ခံလေသည်။
"သမီး ပြောပြတာ နားထောင်ရသလောက်ဆိုရင် တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပဲနော်"
"မေမေတို့က လီရှောင်ယာ ဘယ်လောက်တော်လဲ မသိသေးလို့ပါ... သူလုပ်တဲ့ ကြက်ဥထမင်းကြော်ဆို အရမ်းစားကောင်းတာ... ပြီးတော့ မေမေတို့ကို သေချာပေါက် အံ့သြသွားစေမယ့် ကိစ္စတစ်ခု ရှိသေးတယ်... လူတစ်ယောက်က လီရှောင်ယာကို သူ့ကုမ္ပဏီရှယ်ယာ ၁ ရာခိုင်နှုန်းတောင် ပေးထားသေးတယ်"
လီချင်းချင်းမှာ နောက်တစ်ကြိမ် ထပ်မံ အံ့သြသွားရပြန်သည်။
ရှန်းကျွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
"ရှန်းယွီရှောင် ပေးတာလား"
ရှုရူယင်းက လက်ကာပြလိုက်ပြီး -
"မဟုတ်ဘူး... ဒေသခံ ကုမ္ပဏီတစ်ခုက ပေးတာ... သူတို့စီးပွားရေးအတွက် လီရှောင်ယာက ကူညီပေးခဲ့လို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်းကို မေတ္တာလက်ဆောင် ပေးတာလေ... အသက်ငယ်ငယ် တောင်ပေါ်ရွာလေးမှာ ကြီးပြင်းလာရပေမဲ့ အခုတော့ ရှယ်ယာရှင် ဖြစ်နေပြီ... ပမာဏ နည်းချင်နည်းမယ် ဆိုပေမဲ့ပေါ့"
ရှုရူယင်း သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
"သူက သမီးထက်တောင် ပိုတော်နေသေးတယ်"
[ဘုရားရေ... ဟိုဆေးကုမ္ပဏီက ရှယ်ယာပေးလိုက်တာလား]
[လီရှောင်ယာက ထီပေါက်သလို ဖြစ်သွားတာပဲ... သူက ကံဆိုးတဲ့သူ မဟုတ်ပါဘူး... ရှန်းယွီရှောင် ရိုက်ကူးရေးလာလုပ်ကတည်းက သူ့ဘဝက အကောင်းဆုံး ဖြစ်လာတာ]
[တကယ်ပဲ... လီချင်းချင်းဘက်ကို ရိုက်ကူးရေး ပြောင်းသွားတာတောင် လူတိုင်းက လီရှောင်ယာ အကြောင်းပဲ ပြောနေကြတုန်း]
"တခြားလူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေစရာ မလိုပါဘူးသမီးရယ်" ဟု ချိုလန်က နှစ်သိမ့်သည်။
ရှုရူယင်း ရုတ်တရက် ပြုံးလိုက်ပြီး -
"ဟုတ်တယ်... လီရှောင်ယာ ပြောတာ သိပ်မှန်တာပဲ"
"ဘာပြောလို့လဲ"
"တခြားလူတွေ ဘယ်လောက်ပဲ တော်နေပါစေ ဖေဖေနဲ့ မေမေက တခြားဘယ်သူ့ကိုမှ သမီးအဖြစ် အစားထိုးမှာ မဟုတ်ဘူးတဲ့... သမီးက အစားထိုးလို့ မရတဲ့သူလေ"
ချိုလန် ပြုံးလိုက်မိသည်။
"အင်း... သူပြောတာ မှန်ပါတယ်... ဒီကလေးက... တကယ့်ကို အမြင်ကျယ်တာပဲ"
မိသားစုသုံးယောက်မှာ ရုတ်ချည်းပင် သဟဇာတဖြစ်ကာ ကြည်နူးစရာ ကောင်းသွားလေသည်။
ရှန်းကျွမ်က ပြန်ရန် ထရပ်လိုက်ပြီး လီချင်းချင်းကို တမင်တကာ ချန်ထားခဲ့လိုက်၏။
ရှုဟွေ့ဆန်းနှင့် ချိုလန် ဇနီးမောင်နှံကလည်း ကန့်ကွက်ခြင်းမရှိပေ။ ကလေးတစ်ယောက် ပညာတစ်ခုခု လေ့လာရသည်မှာ မမှားဘူးဟု သူတို့ တွေးမိသောကြောင့် ဖြစ်သည်။
"အကဲဖြတ်စစ်ဆေးမှုတစ်ခု လုပ်စရာရှိတယ်... စိတ်ဝင်စားရင် သမီးပါ လိုက်ခဲ့လို့ရတယ်" ဟု ချိုလန်က ကမ်းလှမ်းလိုက်သည်။
လီချင်းချင်းမှာ တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်ရ၏။
ငါ ဒီလောက်မြန်မြန်ကြီးတော့ မသေလောက်သေးပါဘူးနော် ဟု သူမ တွေးနေမိသည်။
သူမ၏ တောင့်တင်းနေသော အမူအရာမှာ သိသာလွန်းသဖြင့် ကြည့်ရှုသူ ပရိသတ်အချို့ပင် သတိထားမိလာကြသည်။
[လီချင်းချင်းက ဘာလို့ လုံးဝမပျော်တဲ့ပုံ ပေါက်နေရတာလဲ]
[သူ့ခမျာ သူ့ဘေးက လူကြီးတွေက သူစိမ်းတွေ ဖြစ်ကုန်ပြန်ပြီလေ... သူ့အဖိုးကလည်း ထောင်ထဲမှာဆိုတော့ ဘယ်ပျော်နိုင်ပါ့မလဲ]
လီချင်းချင်းမှာ တကယ်ပင် မပျော်နိုင်ရှာပေ။
သို့သော် အခြားတစ်ဖက်တွင်မူ လေထုအခြေအနေက ပြောင်းလဲသွားချေပြီ။
ဇိမ်ခံကား အများအပြားသည် လီမိသားစုရွာလေးထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လာကြသည်။
ဒါရိုက်တာချုပ်သည် ထိုဆူညံသံများကို သတိထားမိသဖြင့် မော့ကြည့်ကာ မေးလိုက်၏။
"နင်းဟန် ပြန်ရောက်လာတာလား... ဒါမှမဟုတ် ရှုရူယင်းလား"
လက်ထောက် ဒါရိုက်တာက စဉ်းစားလိုက်ပြီး -
"သူတို့ပြန်လာရင်တောင် အများဆုံး နှစ်ယောက်ပေါင်းမှ တင်ပါးနှစ်ခုပဲ ရှိတာလေ... ဘယ်လိုလုပ် ကားတွေအများကြီးနဲ့ လာမှာလဲ"
လက်ထောက် ဒါရိုက်တာပြောသည်မှာ အတော်ဟုတ်နေသည်ဟု လူတိုင်း တွေးမိလိုက်ကြသည်။
"ဒါဆို လီရှောင်ယာရဲ့ ဆွေမျိုးတွေက ကားတန်းကြီးနဲ့ လာကြိုကြတာများလား"
"မသိဘူးလေ"
သူတို့ ခန့်မှန်းနေကြစဉ်မှာပင် ကားများက အနီးသို့ ရောက်ရှိလာပြီး လီရှောင်ယာ့အိမ်ရှေ့ ကွင်းပြင်ကျယ်တွင် တစ်စီးပြီးတစ်စီး ဝင်ရပ်လိုက်ကြတော့သည်။
ကားတံခါးများ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက် ခုန်ဆင်းလာပြီး အော်ပြောလိုက်လေသည်။
"အစ်ကိုရှန်း... ကျွန်တော်တို့ အစ်ကိုနဲ့အတူ ဒုက္ခလာခံကြတာဗျို့"
ထိုလူ့နောက်မှနေ၍ အခြားလူများလည်း ဆက်တိုက် ဆင်းလာကြသည်။ အားလုံးမှာ Burberry, Brunello Cucinelli, Moncler စသည့် တံဆိပ်ကြီး အနွေးထည်များကို ဝတ်ဆင်ထားကြပြီး အညံ့စားဝတ်သူက အနည်းဆုံး Prada လောက်တော့ ဝတ်ထားကြသည်။
သံသယဖြစ်ဖွယ်မရှိ... သူတို့အားလုံးသည် စံချိန်မီ သူဌေးသားသမီးများပင် ဖြစ်ကြပေသည်။
ထိုသူဌေးသားသမီး တစ်သိုက်သည် ထုတ်လုပ်ရေးအဖွဲ့ကို ငဲ့ကြည့်ခြင်းပင်မပြုဘဲ အိမ်ထဲသို့ တန်းဝင်သွားကြ၏။
"ပစ္စည်းတွေ ပါလား" ဟု ရှန်းယွီရှောင်က မေးလိုက်သည်။
"ပါတယ်... အကုန်ပါတယ်... နင်းဟန်က ကျွန်တော်တို့ကို စာရင်း သေချာလုပ်ပေးလိုက်တာ" ဟု သူတို့က စိတ်အားထက်သန်စွာ ဖြေကြသည်။
"ဒါဆို အထဲ သွင်းကြတော့"
ရှန်းယွီရှောင်က ပြောပြီးနောက် လီရှောင်ယာဘေးတွင် ဝင်ထိုင်လိုက်လေသည်။
လီရှောင်ယာက နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်ရင်း -
"သူတို့က..."
"ဒီမှာ ခရစ္စမတ် လာလုပ်ကြမလို့တဲ့"
ထိုသူဌေးသားသမီးများသည် ဘယ်နေရာရောက်ရောက် ထိပ်တန်းအလွှာဝင်များ ဖြစ်ကြသဖြင့် သူတို့ရောက်သည့်နေရာသည် သူတို့ပိုင်နက် ဖြစ်သွားသကဲ့သို့ သဘာဝကျကျ လွှမ်းမိုးနိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။
သူတို့သည် ပစ္စည်းများကို သဘာဝကျကျပင် စတင်သယ်ယူ နေရာချကြတော့သည်။
ခရစ္စမတ်သစ်ပင်၊ မီးဖို၊ အသားကင်စက်၊ နွားတစ်ခြမ်း၊ သိုးတစ်ခြမ်း၊ အရက်၊ သကြားလုံး...
ဝေကျန်း ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။
"သခင်လေးရှန်း... နှစ်သစ်ကူးအတွက် မြို့ထဲပြန်ဖို့ အစီအစဉ် မရှိဘူးလား"
"မြို့ပြန်ပြီး ဘာလုပ်ရမှာလဲ... နှစ်သစ်ကူးဆိုတာလည်း ဒီကိစ္စတွေပဲ လုပ်ကြတာ မဟုတ်ဘူးလား... ပျင်းစရာကြီး... ဒီနှစ်တော့ အစ်ကိုရှန်းနဲ့အတူ ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီ"
"မိဘတွေ မျက်စိဒေါက်ထောက် ကြည့်မနေတော့ သောက်ရမ်း လွတ်လပ်တာပဲကွ"
"အေးလေ... နှစ်သစ်ကူး ဂါရဝပြုဖို့ဆိုပြီး မိဘတွေ အတင်းခေါ်သွားတာမျိုးလည်း မခံရတော့ဘူးပေါ့"
ရှန်းယွီရှောင် ဘာမှ မပြောလိုက်ရခင် သူဌေးသားသမီးများက တစ်ယောက်တစ်ပေါက် ဝင်ပြောကြလေသည်။
"ငါဆို နှင်းလျှောစီးတဲ့ ဘုတ်ပြားတွေတောင် ယူလာသေးတယ်... နှင်းတွေ ထူလာရင် ငါတို့ စီးကြမယ်လေ"
"လမ်းသာ မကျဉ်းရင် ငါတို့ RV ကားကြီးတွေ မောင်းဝင်လာလို့ ရတာ... ဒါဆို အစ်ကိုရှန်း ဒီလိုအိမ်စုတ်ကြီးမှာ နေစရာ မလိုတော့ဘူး"
ရှန်းယွီရှောင်က မျက်စောင်းထိုးရင်း လှမ်းဟောက်လိုက်သည်။
"ဘာပြောလိုက်တယ်... မင်း သေချာကြည့်ပြောစမ်း"
သူတို့သည် ရှန်းယွီရှောင်ဘေးတွင် ထိုင်နေသော ကောင်မလေးကို သတိထားကြည့်လိုက်ကြသည်။
ဒီမလာခင်ကတည်းက လီရှောင်ယာအကြောင်း သတင်းအချို့ ကြားပြီးသား ဖြစ်ပေသည်။
တစ်ယောက်က ကမန်းကတန်း စကားပြန်ပြင် ပြောလိုက်၏။
"အိမ်က စုတ်ချင်စုတ်မယ်... ဒါပေမဲ့ နေတဲ့လူတွေက အရမ်းမိုက်တယ်လေ"
ဝေဝမ်ချင်းသည် လီရှောင်ယာ၏ အခြားတစ်ဖက်တွင် ထိုင်လျက် ထိုလူများကို တိတ်တဆိတ် အကဲခတ်နေရင်း အနည်းငယ် အံ့သြသွားမိသည်။
သူက လီရှောင်ယာကို လက်သင်္ကေတပြပြီး မေးလိုက်သည်။ "သူတို့အကုန်လုံးက သူ့သူငယ်ချင်းတွေလား"
လီရှောင်ယာလည်း သိပ်မသေချာသဖြင့် "ထင်တာပဲ" ဟု ဖြေလိုက်သည်။
"သူက ရှန်းမိသားစုရဲ့ သားလား"
"ဟုတ်တယ်"
ရှန်းကော်ပိုရေးရှင်း၏ ဂုဏ်သတင်းမှာ နိုင်ငံခြားတွင် နေထိုင်ခဲ့သည့် ဝေဝမ်ချင်းပင် ကြားဖူးသည်အထိ ကြီးမားလေသည်။
ရှန်းယွီရှောင်ရဲ့ သူငယ်ချင်းတွေဆိုတော့...
"သူတို့အကုန်လုံးက သူဌေးသားသမီးတွေ ဖြစ်ရမယ်ပေါ့"
"အင်း... ဟုတ်လောက်တယ်" နင်းဟန်လိုမျိုးပေါ့ ဟု လီရှောင်ယာ တွေးလိုက်မိသည်။
ဝေဝမ်ချင်းမှာ ဝမ်းသာစိတ်နှင့် စိတ်လှုပ်ရှားမှုများကို မနည်းထိန်းချုပ်ထားရသည်။ သူ လီရှောင်ယာ၏ ခေါင်းကို ပုတ်ပေးလိုက်မိ၏။
ဝေလင်းက ဒီကလေးမကို ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
အင်မတန် ဇီဇာကြောင်သည့် အဖေကြီးတောင် ဒီကလေးကို သဘောကျလောက်သည်။
သူမက ဒီမှာ ထိုင်နေရုံနဲ့တင် တခြားလူတွေက သူ့အလိုလို ရောက်လာကြတာပဲ။ ဒီမှာ ရှိနေတဲ့လူတိုင်းက အနာဂတ်မှာ သူမရဲ့ အဆက်အသွယ်ကောင်းတွေ ဖြစ်လာကြမှာ။ သူမအမေ ပျောက်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုပေမဲ့ သူမကတော့ အထက်တန်းလွှာ လူ့အဖွဲ့အစည်းထဲကို လွယ်လွယ်လေး ဝင်ရောက်နိုင်နေပြီပဲ။