← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

Chapter 62

လီရှောင်ယာ၏ နေအိမ်သည် ယခင်က တစ်ခါမှ ဤမျှလောက်ထိ စည်ကားသိုက်မြိုက်ခြင်း မရှိခဲ့ဖူးပေ။

"သူဌေးတွေ အများကြီးပါလား"

"အားလုံးက ချမ်းသာတဲ့ပုံတွေချည်းပဲ"

ရွာသားများသည် အဝေးမှ လှမ်းကြည့်ရင်း မနာလိုစိတ်ကြောင့် မျက်လုံးများပင် နီရဲလာကြလေ၏။

"လီချင်းချင်းတစ်ယောက် မြို့ပေါ်တက်ပြီး အစီအစဉ်သွားရိုက်နေတာ ဒီလို သူဌေးတွေအများကြီးနဲ့ တွေ့ရမလား မသိဘူးနော်" ဟု သူတို့ ရုတ်တရက် စပ်စုချင်လာကြသည်။

"ရွာလူကြီးက သူ့ကို တားထားတာလေ... ဟိုသူဌေးတွေကလည်း သူ့ကို အပေါင်းအသင်း လုပ်ချင်မှာ မဟုတ်‌ေလာက်ဘူး"

သူတို့၏ လေသံတွင် အားရကျေနပ်မှု အနည်းငယ် ပါဝင်နေသည်။ ရွာလူကြီး၏ မြေးမလေးတောင် ဒီလိုအခွင့်အရေးမျိုး မရနိုင်ဘူးဟု တွေးလိုက်မိမှသာ သူတို့လည်း မနာလို ဝန်တိုစရာ မရှိတော့ဘဲ စိတ်သက်သာရာ ရသွားကြခြင်း ဖြစ်ပေသည်။

လီစုန့်သည် လူအုပ်ကြားထဲတွင် ရပ်နေရင်း ထိုစကားများကို ကြားသောအခါ တိတ်တဆိတ် အံကြိတ်လိုက်မိသည်။

မင်းတို့က ဘာသိလို့လဲ...

ချင်းချင်းက သူဌေးအသိုင်းအဝိုင်းထဲ ရောက်နေပြီကွ... သဘာဝကျကျကို အကုန်လုံးထက် သာလွန်နေပြီ။

"ခင်ဗျားတို့ အစီအစဉ် မကြည့်ကြဘူးလား" လီစုန့်က ဖြတ်ပြောလိုက်သည်။

ရွာသားများသည် အသံကြားရာသို့ လှည့်ကြည့်လိုက်ကြပြီး ရုတ်တရက် အလွန်ပင် အနေခက်သွားကြသည်။

ရွာလူကြီး အဖမ်းခံထားရသော်လည်း အရှိန်အဝါက ကျန်နေသေးသည်ကိုး။ ယခု သူတို့က ကွယ်ရာတွင် အတင်းပြောနေမိကြသည် မဟုတ်လား။ သူတို့ ကြက်သီးမွေးညင်း ထသွားပြီး အတင်းဟန်လုပ် ပြုံးလိုက်ကြရသည်။

"အော်... အစ်ကိုလီစုန့် ရောက်နေတာကိုး... ဆောရီး. ကျွန်တော်တို့ သတိမထားမိလိုက်လို့"

"ချင်းချင်းက ချစ်ဖို့ကောင်းတုန်းပဲ နေမှာပါ... မဟုတ်ရင် သူဌေးတွေက ပြန်ပို့လောက်ပြီပေါ့... ဟုတ်တယ်မလား"

"ဟုတ်တယ်... ဟုတ်တယ်"

သို့သော် ရွာလူကြီး ပြုတ်ကျသွားပြီဖြစ်၍ လီစုန့်မိသားစု၏ မာန်တက်နေသော အပြုအမူများကို ကြည့်မရသူများလည်း ရှိလာသည်။ ထို့ကြောင့် သူတို့ကဲ့ရဲ့သလိုလိုဖြင့် ပြောကြလေသည်။

"ကျွန်တော်တို့က ဆင်းရဲတော့ တီဗီတောင် မဝယ်နိုင်ဘူး‌ေလ.. ဘယ်ကြည့်ဖူးမလဲ... အစီအစဉ်ထဲမှာ ဘာတွေဖြစ်နေလဲ... ချင်းချင်းကို သူဌေးတစ်ယောက်ယောက်က မွေးစားလိုက်ပြီလား"

လီစုန့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ *အခွင့်အရေးသမားကောင်တွေ... မင်းတို့ လီရှောင်ယာ ခြေထောက်ကို သွားဖက်ချင်ရင်တောင် သူတို့က ဖက်ခံမှာမဟုတ်ဘူး*

လီစုန့်သည် ဟန်မပျက်ဘဲ ပြောလိုက်သည်။

"အော်... ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး... အရင်တုန်းက ရွာကို လာသွားတဲ့ မိန်းကလေးကို မှတ်မိကြတယ်မလား... သူ့အဖေက နိုင်ငံမှာ နံပါတ်တစ်ဖြစ်တဲ့ ချင်းပေတက္ကသိုလ်က ပါမောက္ခလေ... သူ့အမေကကျတော့ တရုတ်သိပ္ပံအကယ်ဒမီက အထူးကျွမ်းကျင်ပညာရှင်တဲ့"

"ချင်းပေတက္ကသိုလ်... သိပ္ပံအကယ်ဒမီ"

ဤရွာသားများအဖို့ အကြီးကျယ်ဆုံးအရာမှာ ပိုက်ဆံနှင့် ချင်းပေတက္ကသိုလ်ဝင်ခွင့် ရခြင်းပင် ဖြစ်ချေသည်။

ပိုက်ဆံနှင့် ပတ်သက်လျှင် ဇိမ်ခံတံဆိပ် အများအပြားကို သူတို့ မသိကြပေ။

သို့သော် ချင်းပေတက္ကသိုလ်ဆိုသည်ကိုတော့ လူတိုင်း သိကြသည်။

ဤဆင်းရဲသော တောင်ပေါ်ရွာလေးအတွက် ချင်းပေတက္ကသိုလ် ဝင်ခွင့်ရသည်ဆိုလျှင် ဘိုးဘွားများ၏ အုတ်ဂူမှ မီးခိုးစိမ်းထွက်သည်အထိ၊ မိဘများက ယဇ်ပူဇော်ကာ နေရာတင် သေပေးရသည်အထိ ဂုဏ်ယူစရာ ကိစ္စကြီး ဖြစ်ပေသည်။

လီစုန့်က သူတို့၏ အံ့သြမှင်သက်နေသော မျက်နှာများကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။

"ချင်းချင်းက အသက်ဘယ်လောက် ရှိသေးလို့လဲ... ဒါပေမဲ့ ကံကောင်းလွန်းတော့ ဒီပညာရှင်ကြီးနှစ်ယောက်ဆီမှာ ပညာသင်ခွင့် ရနေပြီလေ... သူတို့ ကွင်းဆင်းလေ့လာရေးထွက်ရင် ချင်းချင်းကိုပါ ခေါ်သွားလောက်တယ်"

"ဘုရားရေ... တကယ်ကြီးလား"

"အစ်ကိုစုန့်တို့ လင်မယားက ကလေးမွေးတတ်တာပဲဗျာ... ချင်းချင်းက အနာဂတ်မှာ တောက်ပြောင်မယ့် ကလေးလို့ ကျွန်တော် ပြောဖူးသားပဲ"

"ဒါဆို ခင်ဗျားတို့ ဘိုးဘွားပိုင်မြေက မြေနေရာသန့်လို့ နေမှာ... အစ်ကိုလီစုန့်... အဖိုးကို မြှုပ်တုန်းက ဆယ်မိုင်က ဦးလေးဝူကို ခေါ်ပြီး တွက်ချက်ခဲ့တာလား"

ရွာသားများမှာ ချက်ချင်းပင် မျက်နှာချိုသွေးလာကြတော့သည်။

လီရှောင်ယာကို ဖားရသည်မှာ တစ်ပိုင်းဖြစ်ပြီး အောင်မြင်လျှင်တောင် လီရှောင်ယာက သူတို့ကို အကျိုးခံစားခွင့် ပေးချင်မှ ပေးမည်။

သို့သော် လီချင်းချင်းက မတူပေ။ သူတို့ကလေးများသာ ပညာရေးကြယ်ပွင့်လေးထံမှ ကောင်းချီးအနည်းငယ် ရလိုက်လျှင် မိသားစု၏ အနာဂတ်ဂုဏ်ကျက်သရေအတွက် ကောင်းမွန်သောအရာ ဖြစ်လာမည်။

လီစုန့်သည် မြှောက်ပင့်ခံရ၍ ကျေနပ်သွားသော်လည်း စိတ်ထဲတွင်မူ အထင်သေးနေမိသည်။

*ဒါတွေက ဘိုးဘွားပိုင်မြေနဲ့ ဘာဆိုင်လို့လဲ... ဒီကောင်တွေက ပညာမတတ်တော့ အမြဲတမ်း ဗေဒင်ယတြာ အကြောင်းပဲ ပြောနေကြတာ... သူတို့က ဒီလိုလူတွေမို့ သူတို့ကလေးတွေလည်း ဒီအတိုင်းပဲ ဖြစ်နေကြတာပေါ့*

လီစုန့်သည် မျက်နှာတွင်မူ အထင်သေးရိပ် မပြဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"မြို့က သူဌေးသားသမီးတွေ ဒီလောက်အများကြီး ရောက်လာတာ လီရှောင်ယာ့အိမ်က ဆံ့ပါ့မလားမသိဘူး"

အခြားသူများလည်း ထိုအချက်ကို သတိပြုမိသွားပြီး လီစုန့်အား မနာလိုဖြစ်ကြောင်း ဝိုင်းပြောကြလေသည်။

"အစ်ကိုလီစုန့် အိမ်မှာပဲ လာတည်းကြမှာပေါ့"

"ဟုတ်ပ... အစ်ကိုလီစုန့်ရဲ့ တိုက်သစ်ကြီးကမှ နေလို့ကောင်းတာ... ဒီလို ကံကောင်းခြင်းမျိုးက အစ်ကိုလီစုန့်ဆီပဲ ရောက်လာသင့်တာပါ"

"အရင်တုန်းက ဟိုမိန်းကလေးလည်း အစ်ကိုလီစုန့်အိမ်မှာ တည်းသွားတာမလား... ပြန်သွားတုန်းက လက်ဆောင်ကောင်းတွေ ပေးခဲ့မှာ သေချာတယ်"

ရှုရူယင်း အကြောင်း ပြောလာသောအခါ လီစုန့် မျက်နှာ ပျက်သွားတော့သည်။

လက်ဆောင်ကောင်းတွေ ဟုတ်လား။

ဘာမှ ပေးမသွားခဲ့ဘူးလေ။

ပိုက်ဆံတောင် တစ်ပြားမှ မပေးသွားဘဲ ပြန်သွားတာ။ သူ ဘာအကျိုးအမြတ်မှ မရလိုက်ဘူး။

ရှန်းယွီရှောင်ကတော့ ရက်ရောလိုက်တာ... ဒီ ရှုရူယင်းကျမှ ဘာလို့ ဒီလောက် ကပ်စေးနည်းရတာလဲ။

လီစုန့်သည် ထိုစကားများကို ထုတ်မပြောနိုင်ဘဲ ကြိတ်မှိတ်မြိုချလိုက်ရ၏။ သူ ဟန်မပျက်ဟန်ဆောင်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"လေတိုက်တာ နည်းနည်းအေးလာပြီ... မီးလှုံဖို့ ပြန်တော့မယ်"

"အစ်ကိုလီစုန့်... ချင်းချင်းက ပါမောက္ခဆီမှာ ပညာသင်နေတဲ့အကြောင်းလေး ဆက်ပြောပါဦး... ချင်းချင်းက မြို့မှာပဲ နေပြီး ပြန်မလာတော့ဘူးလား... သူရော ချင်းပေတက္ကသိုလ် တက်ခွင့်ရမှာလား"

ရွာသားများသည် သူ့နောက်သို့ အလျင်အမြန် လိုက်ပါသွားကြလေသည်။

---

လီရှောင်ယာတို့ဘက်တွင်မူ သူဌေးသားတစ်ယောက်က ညည်းတွားလိုက်သည်။

"နောက်ဆုံး‌ေတာ့ ဟိုရွာသားတွေ သွားကြပြီစောစောကတည်းက ငါတို့ကို စိုက်ကြည့်နေကြတာ"

"ငါတို့ကို ရှားပါးသတ္တဝါတွေကျနေတာပဲ... ရှန်း... မင်းဘယ်လိုများ သည်းခံနေလဲ မသိဘူး"

ရှန်းယွီရှောင်က နားမလည်နိုင်စွာဖြင့်ပြောလိုက်သည်။

"သူတို့ ငါ့ကိုကျ မကြည့်ရဲကြဘူးလေ"

"....."

"မင်းကတော့ တကယ့် ရှန်း ပါပဲကွာ... ငါဘယ်တော့မှ မင်းလို စကားတစ်ခွန်းမှ မပြောဘဲ လူတွေအများကြီးကို မောင်းထုတ်နိုင်တဲ့ စွမ်းရည်မျိုး ရမှာလဲ"

"ပေါက်ကရတွေ ပြောမနေနဲ့... ထမင်းသွားချက်ချေ" ရှန်းယွီရှောင်က ထိုလူကို ကန်ထုတ်လိုက်သည်။

ထိုသူက ဇဝေဇဝါဖြင့် -

"နင်းဟန် ပြန်လာတုန်းက ပြောတော့ လီရှောင်ယာဆိုတဲ့ ကလေးမလေးက ချက်တတ်ပြုတ်တတ်တယ်ဆို"

ရှန်းယွီရှောင်က သူ့ကို စိုက်ကြည့်လိုက်သည်။

"မင်း ရူးနေလား... လီရှောင်ယာ ချက်တာကို ဘယ်သူက စားမှာလဲ"

ထိုသူက အလိုအလျောက်ပင် "ငါတို့ စားမှာပေါ့" ဟု ပြန်ဖြေလိုက်၏။ သို့သော် ရှန်းယွီရှောင်၏ သတ်ဖြတ်ချင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး - "မင်း... မင်းက စားမှာလား ရှန်း... ငါတို့က... စားဖို့ မထိုက်တန်ဘူးလို့ ပြောချင်တာလား"

သူ ဆိုလိုတာ အဲ့လိုဖြစ်မှာပါလေဟု တွေးလိုက်မိသည်။

ရှန်းယွီရှောင်က ပြောလိုက်သည်။

"ငါတောင် မခိုင်းရက်ဘူး"

"အော်... အိုကေ... အိုကေ... ဒါဆို ငါတို့ပဲ ဘယ်လိုချက်ရမလဲ သွားကြည့်လိုက်တော့မယ်"

သူဌေးသားသမီးများသည် အချင်းချင်း ကြည့်လိုက်ကြပြီး မီးဖိုချောင်ထဲသို့ ဝင်သွားကြလေ၏။

သို့သော် သူတို့တွင် မေးခွန်းပေါင်း မြောက်မြားစွာ ရှိနေသည်။

"ဒီမီးဖိုကို ဘယ်လိုသုံးရတာလဲကွ"

"ငါ ဘာလို့ ဒီအိုးကို မမနိုင်ရတာလဲ... တောက်... လေးလိုက်တာ"

"ပလပ်ပေါက်တွေ ဘယ်မှာလဲ... ထမင်းပေါင်းအိုး ဘယ်မှာ ထိုးရမလဲ"

ထိုအသံများကို ကြားသောအခါ လီရှောင်ယာ ထပြီး သွားကူရန် ပြင်လိုက်သော်လည်း ရှန်းယွီရှောင်က သူမ၏ ကော်လာစကို ဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်သည်။

"သူတို့ကို ဘာလို့ ဂရုစိုက်နေမှာလဲ... ဖိနပ်ချုပ်သမား သုံးယောက်ပေါင်းရင် ပညာရှိအမတ်လောက် တော်သေးတာပဲ... သူတို့ ဆယ်ယောက်ပေါင်းနေတာ... ဒီနေ့ ထမင်းတစ်နပ်တောင် ဖြစ်အောင် မချက်တတ်ရင် သူတို့မိဘတွေ နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးဖို့ စဉ်းစားသင့်နေပြီ"

ရှန်းယွီရှောင်သည် လီရှောင်ယာကို မီးဖိုနံဘေးတွင် ထိုင်ခိုင်းထားပြီး ခရစ္စမတ်သစ်ပင်တွင် အလှဆင်ပစ္စည်းများ ချိတ်ဆွဲရန် ထွက်သွားလေသည်။

ခဏအကြာ ပြန်လာသောအခါ...

"လူ ဘယ်ရောက်သွားပြန်ပြီလဲ"

ရှန်းယွီရှောင် လိုက်ရှာကြည့်လိုက်ရာ လီရှောင်ယာကို တစ်ယောက်ယောက်က ခေါ်သွားပြန်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ မျက်နှာထားတင်းတင်းဖြင့် လျှောက်သွားလိုက်၏။

ထိုသူက လီရှောင်ယာကို တစ်ခုခု ရှင်းပြနေသည်။

"ဒီမှာကြည့်... ဒီဝါယာကြိုးကို ဆွဲလိုက်... ဒီလိုဆက်ပြီး တိပ်နဲ့ပတ်လိုက်ရင် လျှပ်စစ်ကာပြီးသား ဖြစ်သွားပြီ..."

ရှန်းယွီရှောင် အံကြိတ်လိုက်မိသည်။

"လင်းယွီ... မင်း ဘာတွေ သင်ပေးနေတာလဲ"

"မီးခိုးကြိုးသွယ်နည်းလေ... အဲ... မဟုတ်ပါဘူး... လျှပ်စစ်ဝါယာကြိုး ဆက်နည်းပါ" လင်းယွီဟု ခေါ်သော သူဌေးသားက စကားတစ်ပိုင်းဖြင့် ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်ကာ အရှိန်လျော့သွားသော လေသံဖြင့် ခေါ်လိုက်သည်။ "ရှန်း..."

"ရှန်း... ဒါ ငါ့အပြစ် မဟုတ်ဘူးနော်... ဒီမှာ ပလပ်ပေါက် ရှာမရလို့ ကိုယ့်ဘာသာ ဝါယာဆက်ပြီး မီးသွယ်နေရတာ" ဟု လင်းယွီက ကပျာကယာ ရှင်းပြသည်။

"ဒါဆို ဘာလို့ သူ့ကို သင်ပေးနေတာလဲ... ဘယ်လောက် အန္တရာယ်များလဲ မင်း မသိဘူးလား" ရှန်းယွီရှောင်၏ လေသံမှာ အေးစက်နေသည်။

"ငါ... ငါက ကလေးရှေ့မှာ ကြွားချင်ရုံလေးပါကွာ... သိတယ်မလား" လင်းယွီ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။

"ထွက်သွားစမ်း!"

အခြား သူဌေးသားတစ်ယောက်လည်း နှင်းလျှောစီးဘုတ်ပြားကို တိတ်တဆိတ် ပြန်သိမ်းလိုက်လေသည်။

သူဌေးသားအချင်းချင်းကြားတွင် ဒီလိုအရည်အချင်းမျိုးက အထူးအဆန်း မဟုတ်ပေ။ သူလည်း ကလေးရှေ့တွင် ကြွားချင်သော်လည်း ယခုတော့ မလုပ်ရဲတော့ပေ။

လူများလာသည်နှင့်အမျှ စိတ်ရှုပ်စရာ ကိစ္စများလည်း ပိုများလာတတ်စမြဲ။

လီရှောင်ယာ၏ တိတ်ဆိတ်ငြိမ်သက်သော အိမ်လေးသည် ယခုအခါ မျောက်အများအပြား ခုန်ပေါက်ဆော့ကစားနေသည့် "ပန်းသီးတောင်" ကဲ့သို့ ဖြစ်နေတော့သည်။

သို့သော်လည်း ဤသူဌေးသားများ၏ စခန်းချခြင်းနှင့် အပြင်ထွက် ဟင်းချက်ခြင်း အတွေ့အကြုံများကြောင့် နောက်ဆုံးတွင်တော့ ထမင်းဟင်းများ ဖြစ်မြောက်လာခဲ့သည်။

ညနေစောင်းသောအခါ တံခါးရွက်တစ်ခုကို ဖြုတ်ပြီး စားပွဲအဖြစ် ပြင်ဆင်လိုက်ကြသည်။

ဘယ်ဘက်တွင် ဖယောင်းတိုင်များ ထွန်းညှိထားပြီး ညာဘက်တွင် Romanée-Conti ဝိုင်ပုလင်းများ တန်းစီနေ၏။ ပန်းကန်ခွက်ယောက်များမှာလည်း ဥရောပတော်ဝင်မိသားစုများ သုံးစွဲသည့် Christofle တံဆိပ်များ ဖြစ်ကြသည်...

ထုတ်လုပ်ရေးအဖွဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ပရိသတ်များလည်း ကြောင်အမ်းသွားကြသည်။

[နေရာက စုတ်ပြတ်နေပေမဲ့ တကယ့်ကို ဇိမ်ကျကျပါလား]

[ကောင်းပါ့... တံခါးရွက်ကျိုးကို စားပွဲလုပ်ထားပြီး အထက်တန်းလွှာပုံစံ ခင်းကျင်းထားတာလား... ဒီလို အပြင်အဆင်မျိုးက တကယ့်ကို အံ့မခန်းပါပဲ]

ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်လာချိန်တွင် သူဌေးသားများက တပြတ်ပြတ် မြည်အောင် စားသောက်ရင်း ပြောနေကြသည်။

"သြစတြေးလျမှာသွားတဲ့ နွေရာသီစခန်းချခရီးစဉ်နဲ့ ဘာမှမကွာပါလား"

"ဒါကို ဆောင်းရာသီ စခန်းချခရီးစဉ်လို့ ခေါ်ရမလား"

"အေး ဟုတ်တယ်... ဆောင်းရာသီ စခန်းချခရီးစဉ်ပေါ့"

"လာ.. လာ.. ရှန်း... ထိပ်ဆုံးခုံမှာ ဝင်ထိုင်ပါ"

ရှန်းယွီရှောင်က လျှောက်လာပြီး လီရှောင်ယာကို ပေါ့ပါးစွာ ပွေ့ချီလျက် ထိပ်ဆုံးထိုင်ခုံတွင် နေရာချပေးလိုက်သည်။

[သူ တစ်ချက်တောင် အံ့သြမနေဘူး]

[ဟားဟား... ဟိုသူဌေးသားတွေ ကြောင်တောင်တောင် ဖြစ်ကုန်ပြီ]

သူတို့ တကယ်ပင် ကြောင်အမ်းနေကြပြီး လီရှောင်ယာကို လက်ညှိုးထိုးကာ စကားထစ်နေကြသည်။ "ဒါ... ဒါက..."

ရှန်းယွီရှောင်က မျက်ခုံးပင့်လျက် မေးလိုက်၏။ "ပြဿနာ ရှိလို့လား"

"မရှိပါဘူး... မရှိပါဘူး"

"လီရှောင်ယာက ခရစ္စမတ်ပွဲတော်ကို တခါမှ မဆင်နွှဲဖူးဘူး... ဘယ်သူ ရှင်းပြပေးချင်လဲ" ရှန်းယွီရှောင်က မေးငေါ့ပြလိုက်သည်။

[ဟာ... တော်တော် ဂရုစိုက်တတ်တာပဲ... လီရှောင်ယာ အနေခက်မှာ စိုးရိမ်စရာ မလိုတော့ဘူး... သူက လောကအမြင် မကြွယ်ဝသေးရင် ဘာဖြစ်လဲ... ခရစ္စမတ်ဆိုတာ ဘာမှန်း မသိရင်ရော ဘာဖြစ်လဲ... ဟိုသူဌေးသားတွေက အလုအယက် ရှင်းပြပေးကြမှာပဲ]

"အာ... နိုင်ငံခြားက နှစ်သစ်ကူးလိုပါပဲ" သူဌေးသားများက စကားလုံးရွေးကာ ရှင်းပြကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်နေ့ကျရင် သူတို့အနေဖြင့် ဒီအကြောင်းအရာကို လူတစ်ယောက်အား ရှင်းပြပေးရလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့ ပုံပြင်တွေ ဘာတွေ မဖတ်ဖူးကြဘူးလား... ကလေးစိတ်ဝင်စားအောင် ဘယ်လိုရှင်းပြရမလဲ မသိဘူးလား"

ရှန်းယွီရှောင် လည်ချောင်းရှင်းပြီး ကိုယ်တိုင် ရှင်းပြလေတော့သည်။

"ဒဏ္ဍာရီတွေအရဆိုရင် ခရစ္စမတ်နေ့ရောက်ရင် ဆန်တာကလော့က သမင်ဆွဲတဲ့လှည်းကို စီးလာတတ်တယ်... ပြီးရင် နှစ်သစ်ကူးလက်ဆောင်တွေကို ခြေအိတ်ထဲထည့်ပြီး လိမ္မာတဲ့ ကလေးတွေရဲ့ ကုတင်ဘေးမှာ တိတ်တဆိတ် လာထားသွားတတ်တယ်..."

[သခင်လေးရှန်းက အခမ်းအနားနဲ့ပါလား]

[ငါ ရုတ်တရက် တစ်ခုခုကို ကြိုခံစားမိနေသလိုပဲ]

[ဘာကို ခံစားမိတာလဲ]

လီရှောင်ယာသည် အလွန်တရာ သက်ဝင်လှုပ်ရှားနေသော ညစာစားပွဲကို လျင်မြန်စွာ စားသောက်ပြီးစီးသွားသည်။

ရှန်းယွီရှောင်က လီရှောင်ယာကို ပုတ်ပေးရင်း ပြောလိုက်သည်။

"သွား... မျက်နှာသစ် သွားတိုက်ပြီး အိပ်တော့... ကလေးတွေက ညဉ့်နက်တဲ့အထိ မနေရဘူး"

လီရှောင်ယာက မေးလိုက်၏။ "အစ်ကိုက‌ေရာ"

"ငါ သူတို့နဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်"

လီရှောင်ယာ ခေါင်းညိတ်လိုက်သည်။ ရှန်းယွီရှောင်သည် သူ့သူငယ်ချင်းများနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ စကားပြောချင်ရှာမည်ဟု တွေးကာ လိမ္မာစွာဖြင့် မျက်နှာသစ် သွားတိုက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်ပြီး သူတို့အတွက် နေရာဖယ်ပေးလိုက်လေသည်။

ဝေဝမ်ချင်းမှာ လူငယ်များနှင့်ပြောစရာစကား မရှိသဖြင့် လီရှောင်ယာနှင့်အတူ အိပ်ခန်းထဲ လိုက်ဝင်လာခဲ့သည်။

တံခါးပိတ်သွားသောအခါ...

သူဌေးသားများက "အစ်ကိုရှန်း... ပြောလေ... ကျွန်တော်တို့နဲ့ စကားပြောချင်တယ်ဆို" ဟု မေးကြသည်။

"ဘာစကားပြောရမှာလဲ... ငါ ယူခဲ့ခိုင်းတဲ့ ပစ္စည်းတွေရော"

"ပါတယ်... ကားပေါ်မှာ"

"ကောင်းပြီ... သွားယူကြစို့"

ရှန်းယွီရှောင်သည် ကားပေါ်တက်သွားပြီး ဆယ်မိနစ်ခန့်အကြာတွင် "ဆန်တာကလော့" တစ်ယောက် ထွက်လာလေသည်။

[အမလေး]

[ငါ ထင်သားပဲ... ငါ့ရဲ့ ခံစားချက် မှန်နေတာပဲ... သူ လီရှောင်ယာကို ပုံပြင်ပြောပြတာကအစ ဒီအချိန်အတွက် တမင်တကာ ဇာတ်ခင်းနေတာ]

[အား... ငါ မနာလိုလိုက်တာ... ငါ့မိဘအရင်းတွေတောင် ဒီလောက်ထိ မလုပ်ပေးဘူး]

[သူက လီရှောင်ယာအတွက် ကလေးဘဝ စိတ်ကူးယဉ်အိပ်မက်ကို ဖန်တီးပေးရုံသာမက သူ့ရဲ့ ဖြူစင်မှုကိုပါ ကိုယ်တိုင် ကာကွယ်ပေးနေတာပဲ... ငါ မနာလိုလွန်းလို့ ရင်ကွဲတော့မယ်]

ရှန်းယွီရှောင်သည် ဆန်တာကလော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေးတွင် အိတ်ကြီးတစ်လုံးကို ဆွဲလျက် ပါလာသည်။

သူက ဘေးဘီကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။

"သမင်တွေ လိုနေသလားလို့"

သူဌေးသားများ ချက်ချင်း ပျာပျာသလဲ ဖြစ်သွားကြသည်။

"အစ်ကိုရှန်း... ကျွန်တော့်ကို သမင်လုပ်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်"

ရှန်းယွီရှောင်က ပြုံးလိုက်ပြီး -

"ဘယ်လိုလုပ် မင်းတစ်ယောက်တည်း ဖြစ်မှာလဲ... အနည်းဆုံး သမင်နှစ်ကောင်လောက် ရှိမှ ကြည့်ကောင်းမှာပေါ့"

လူတစ်ယောက်တည်း သမင်ဝတ်လျှင် သခင်လေးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

သို့သော် လူနှစ်ယောက်ဆိုလျှင်တော့ တစ်မျိုးဖြစ်သွားပြီ။

ဒုက္ခ အတူခံမည်၊ သေအတူ ရှင်မကွာ ဆိုသည့် စိတ်ဓာတ်ဖြင့် အသင်းအဖွဲ့ တည်ဆောက်ရေး လုပ်နေသည်ဟု သဘောထားကာ နောက်ဆုံးတွင် သမင်နှစ်ကောင် တာဝန်ထမ်းဆောင်ရလေတော့သည်။

လီရှောင်ယာသည် ကုတင်ပေါ်တွင် လှဲလျက် ဟိုဘက်ဒီဘက် လှိမ့်နေသည်။ သူမသည် ရှန်းယွီရှောင်၏ ဦးထုပ်ကို ဆောင်းထားဆဲဖြစ်ရာ ဦးထုပ်က ကြီးလွန်းသဖြင့် ကိုယ်လှည့်လိုက်သောအခါ မျက်လုံးများကို ဖုံးအုပ်သွားလေ၏။

လီရှောင်ယာ ဦးထုပ်အနားစကို ပင့်တင်ရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်သံ ကျွီခနဲ ကြားလိုက်ရသည်။

ဝင်လာသူ သမင်နှစ်ကောင်မှာ သူမ လန့်သွားမလားဟု စိုးရိမ်နေကြသော်လည်း အခန်းထဲရောက်သောအခါ ကလေးမလေးက မျက်လုံးဝိုင်းလေးများဖြင့် ရုတ်တရက် ထထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးများက လှပလွန်းလှသည်။ ပြူးကျယ်သွားသောအခါ ပို၍ပင် ဖြူစင်အပြစ်ကင်းပြီး ချစ်စရာကောင်းနေတော့သည်။

လရောင်အောက်တွင် ရှန်းယွီရှောင်သည် "သမင်" နှစ်ကောင် ခြံရံလျက် လီရှောင်ယာအနားသို့ ခမ်းနားစွာ လျှောက်လှမ်းလာခဲ့သည်။

သူသည် လီရှောင်ယာ၏ ခေါင်းကို ပုတ်လိုက်ပြီး အင်္ဂလိပ်လို စကားတစ်ခွန်း ပြောလိုက်သည်။

အဓိပ္ပာယ်မှာ "လိမ္မာတဲ့ ကလေးလေး... သမီးလေး နှစ်သစ်ကူး ဆုတောင်းကောင်းချီးတွေ ရရှိပါစေ" ဟူ၍ပင်။

ထို့နောက် သူသည် လက်ဆောင်အိတ်ကြီးကို လီရှောင်ယာ ခြေရင်းသို့ ပစ်ချပေးလိုက်၏။

အရာအားလုံးက ချောမွေ့နေသည်။

ရှန်းယွီရှောင် လက်ဆောင်ပေးပြီး ပြန်လှည့်ထွက်သွားသော်လည်း အပြင်ထွက်ခါနီးတွင် သမင်နှစ်ကောင်၏ တင်ပါးများက တံခါးဘောင်နှင့် တိုက်မိသွားကြသည်။

ယိုင်နဲ့နေပြီးသား တံခါးဘောင်ကို ပြိုကျလုမတတ် ဖြစ်သွားစေ၏။

အပြင်ရောက်မှ သူတို့ သက်ပြင်းချရဲကြတော့သည်။

"နေပါဦး အစ်ကိုရှန်းရဲ့... ဆန်တာကလော့က ဖင်လန်နိုင်ငံက ဆန်တာကလော့ရွာမှာ မွေးတာ မဟုတ်ဘူးလား... စောစောက ဖင်လန်စကား ပြောခဲ့သင့်တာလေ"

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။

"လီရှောင်ယာတောင် အပြစ်မပြောဘူး... မင်းတို့က ဘာဖြစ်နေတာလဲ"

---

အခန်းထဲတွင်မူ...

လီရှောင်ယာသည် အိတ်ကြီးကို ငေးကြည့်နေပြီးမှ အသာအယာ လှမ်းဖွင့်လိုက်လေသည်။

ရောင်စုံစက္ကူများဖြင့် ထုပ်ပိုးထားသော လက်ဆောင်ပစ္စည်း အများအပြား ထွက်ပေါ်လာ၏။

ဝေဝမ်ချင်းလည်း အသံများကြောင့် နိုးလာသည်။ သူ ထထိုင်ပြီး အိတ်ကြီးကို ကြည့်ကာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ဝေဝမ်ချင်း ရုတ်တရက် ရှက်ရွံ့သွားမိသည်။

သူ ရှုံးသွားပြီ။

သူသည် ကလေးများနှင့် ထိတွေ့ဖူးခြင်း မရှိသလို ကလေးကို ဘယ်လိုချော့ရမလဲ ဆိုတာလည်း တစ်ခါမှ မစဉ်းစားဖူးခဲ့ပေ။

ယခုတော့ ရှန်းယွီရှောင်က သူ့ထက်ပင် ဦးလေးအရင်းတစ်ယောက်လို ပိုပီပြင်နေသည် မဟုတ်ပါလော။

ထိုညက ဝေဝမ်ချင်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။ နောက်တစ်နေ့နံနက်တွင် သူထလာပြီး လက်သင်္ကေတပြ စကားပြန် ရောက်လာသောအခါ လီရှောင်ယာကို ချက်ချင်း လက်သင်္ကေတပြ ပြောဆိုလေသည်။

စကားပြန်က တစ်လုံးချင်း ဘာသာပြန်ပေးရ၏။

"တောင်းပန်ပါတယ်... ဦးလေးက သမီးအတွက် လက်ဆောင် ပြင်ဆင်ဖို့ မေ့သွားတယ်... ပြန်ရောက်ရင် သမီးကို ခရစ္စမတ် အားလပ်ရက် အပန်းဖြေစခန်းတစ်ခုလောက် လက်ဆောင်ပေးမယ်နော်... အဲ့ဒီမှာ စကိတ်စီးလို့ရတယ်... ရေပူစမ်း စိမ်လို့ရတယ်... ဥတ္တရအလင်းတန်းတွေ ကြည့်လို့ရတယ်..."

စကားပြန်မှာ ဘာသာပြန်ပေးရင်း ကြောင်အမ်းသွားရသည်။

ဘာ...

ဘာကြီး...

ဒါ ဘယ်လိုလူတွေလဲ... အားလပ်ရက် အပန်းဖြေစခန်းကိုများ ဟင်းရွက်ကမ်းပေးသလို လွယ်လွယ်လေး ပေးလိုက်တာလား။

လီရှောင်ယာလည်း အံ့သြသွားသည်။

ဦးလေးဖြစ်သူ၏ အရင်ပြောပုံဆိုပုံအရဆိုလျှင် သူက အိမ်မှာ အနေဆင်းရဲပြီး အဖိုးဖြစ်သူ၏ အသိအမှတ်ပြုခြင်းကို မခံရသူ မဟုတ်ဘူးလား။

ဝေဝမ်ချင်းက ဆက်လက်၍ လက်သင်္ကေတ ပြပြန်သည်။

"တခြား ဘာကြိုက်သေးလဲ... ဦးလေးကို ပြော... ဦးလေး သမီးဆန္ဒတွေ အကုန်ဖြည့်ဆည်းပေးမယ်"

လီရှောင်ယာ ခေါင်းလေး စောင်းငဲ့ကြည့်လိုက်မိသည်။

သနားစရာကောင်းတဲ့ ဦးလေးရဲ့ အခြေအနေက... သမီးထင်ထားတာနဲ့ တော်တော်ကွာနေပါလား။

လီရှောင်ယာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝေဝမ်ချင်း ခေါင်းငိုက်စိုက် ကျသွားရှာသည်။

သူက ကလေးချော့တဲ့နေရာမှာ တကယ် မတော်ပါလား။

ဟို ရှန်းယွီရှောင်ဆီမှာ သွားသင်ယူသင့်သလား။

ထိုအချိန်တွင် လီရှောင်ယာက ဦးလေးဖြစ်သူကို ဖက်လိုက်ပြီး စာရွက်နှင့် ဘောပင်ထုတ်ကာ စာရေးလိုက်သည်။

*ဦးလေး နေ့တိုင်း ပျော်ရွှင်ပါစေ*

ထို့နောက် စာရွက်ကို ဝေဝမ်ချင်းအား ပေးလိုက်ပြီး ပြောသည်။

"ဦးလေးကို အရင်ဆုံး လက်ဆောင်ပေးလိုက်ပြီနော်"

သူမတွင် ပိုင်ဆိုင်တာ သိပ်မရှိပေ။

ရှန်းယွီရှောင် ပေးထားသည်များကိုလည်း သူများပေး၍ မဖြစ်။ သကြားလုံး အနည်းငယ်တော့ ရှိသော်လည်း ရှန်းယွီရှောင် မြင်သွားလျှင် စိတ်ဆိုးမည်မှာ သေချာသည်။

လီရှောင်ယာ အနည်းငယ် အားနာစိတ် ဖြစ်သွားမိသည်။ *ဦးလေး... နောက်ကျရင် ဦးလေးကို ပိုကောင်းအောင် ဆက်ဆံပါ့မယ်... ဒါပေမဲ့ သကြားလုံးတော့ ခွဲမကျွေးနိုင်ဘူး*

ဝေဝမ်ချင်းမှာ စာရွက်လေးကို ဆုပ်ကိုင်ရင်း အတော်ကြာမှ သတိပြန်ဝင်လာသည်။

ထို့နောက် ပျော်ရွှင်စွာဖြင့် အိတ်ကပ်ထဲ ထည့်လိုက်ပြီး "ဒါ ဦးလေးရဖူးသမျှ အကောင်းဆုံး လက်ဆောင်ပဲ" ဟု လက်သင်္ကေတ ပြလိုက်၏။

အပန်းဖြေစခန်းတစ်ခုတည်းနဲ့ မလောက်ဘူး ထင်တယ်။

စိန်တွင်းတစ်ခုလောက် သူ့နာမည်နဲ့ လွှဲပေးလိုက်ရင် ကောင်းမလား။

လီရှောင်ယာကတော့ သူ ဘာတွေ တွေးနေမှန်း မသိရှာပေ။ သို့သော် ဦးလေးနှင့် တူမနှစ်ယောက် သဘောတူ ကြည့်လိုက်မိကြပြီး နှစ်ယောက်စလုံး ပျော်ရွှင်နေကြသည်။

ဝေကျန်းတစ်ယောက်သာ မပျော်ရွှင်နိုင်ဖြစ်နေသည်။

သူ ဝေလင်းထံ ဖုန်းဆက်လိုက်သည်။

"ကျွန်တော်တို့ လီရှောင်ယာကို စည်းရုံးလို့ရတော့မှာ မဟုတ်ဘူး"

"ဘာလို့ အဲ့လိုပြောတာလဲ"

"သူဌေးသားတစ်သိုက်က သူ့ဆီလာပြီး ခရစ္စမတ်ပွဲ လာလုပ်ပေးကြတယ်... ဒီလောက် ခမ်းနားကြီးကျယ်တာမျိုး ကြုံဖူးသွားမှတော့ နောက်ကျ အိမ်ပြန်ရောက်ရင် ဘာနဲ့ ဆွဲဆောင်လို့ ရတော့မှာလဲ... ရှန်းယွီရှောင်က သူ့ကို ညီမလေးအရင်းတစ်ယောက်လို ဆက်ဆံနေတာ"

ဝေကျန်း မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရပြီး မျက်နှာပေါ်မှ အမာရွတ်များပင် လှုပ်ခါသွားသည်။

သူ အသံတုန်တုန်ဖြင့် ပြောလိုက်၏။

"အစစ်အမှန် မေတ္တာကို ခံစားဖူးတဲ့သူက ဟန်ဆောင်မှုတွေနဲ့ ယိမ်းယိုင်ပါ့မလား"

ဝေလင်းက နောက်ဆုံးတွင် အခြေအနေ အထိန်းအကွပ်မဲ့သွားပြီမှန်း သဘောပေါက်သွားသည်။ သူက တင်းမာစွာ ပြောလိုက်၏။

"ငါ့လူတွေခေါ်ပြီး ကိုယ်တိုင် လာခေါ်မယ်... ဝေမိသားစုဆီ ပြန်ခေါ်ခဲ့မယ်"

ဝေလင်း ခဏ စဉ်းစားလိုက်ပြီး -

"ငါ ပိုပြီး ခမ်းနားအောင် လုပ်ပြမယ်"

"ဟိုသူဌေးသားတွေ လုပ်ပြသွားတာက တော်တော် ခမ်းနားနေပြီ" ဟု ဝေကျန်းက သတိပေးလိုက်သည်။

ဝေလင်း ခဏ တွေးလိုက်ပြီး ပြောသည်။

"ငါ ဒီထက် ပိုခမ်းနားအောင် လုပ်လို့ရပါတယ်"

"ဒီထက် ပိုခမ်းနားအောင်လား"

"လီမိသားစုရွာတစ်ခုလုံး ပြောင်းပြန်လှန်ပစ်လိုက်ရင်ကော ဘယ်လိုလဲ”

All Chapters