← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

Chapter 64

လီရှောင်ယာသည် သူမလက်ထဲမှ ကန်စွန်းဥကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲပင်။

မသိစိတ်ဖြင့် သူမ ဆုပ်ညှစ်လိုက်မိသဖြင့် ကန်စွန်းဥကင်မှာ ချက်ချင်းပင် ကြေမွသွားလေသည်။

ဝေဝမ်ချင်းမှာ ပို၍ပင် စိတ်လှုပ်ရှားနေ၏။ သူ၏ မျက်နှာထားမှာ တင်းမာနေပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ရှန်းယွီရှောင်၏ အခြေအနေမှာလည်း ထိုနည်းလည်းကောင်းပင်။ သူသည် လီရှောင်ယာအတွက် ဖျော်ပေးထားသော နို့တစ်ခွက်ကို ကိုင်ရင်း အတွင်းခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်လာခဲ့သည်။

သူက လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"အော်... ဆွေမျိုးတွေ ရောက်လာတာလား... ဘယ်သူလဲ"

"ကျုပ်ပဲ"

ဝေလင်းက ကားပေါ်မှ ဆင်းလာရင်း အော်ပြောလိုက်၏။

ရွာသားများသည် ချက်ချင်းပင် လည်ပင်းများ ရှည်ထွက်လာကြပြီး ထိုလူကို စူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုများဖြင့် အကဲခတ်ကြည့်ရှုကြလေသည်။

ဝေလင်းသည် ဝေဝမ်ချင်းနှင့် လုံးဝမတူညီပေ။

ဝေလင်းသည် ဝတ်စုံပြည့် အပေါ်ထပ်ကုတ်အင်္ကျီနှင့် သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူ၏ လေးထောင့်ကျကျ မျက်နှာထားက တရားမျှတမှု ရှိသူတစ်ယောက် အသွင်ကို ဆောင်နေပြီး လူများကို ယုံကြည်အားကိုးချင်စိတ် ဖြစ်ပေါ်စေသည်။

သူသည် တီဗီဇာတ်လမ်းတွဲများထဲတွင် ပါတတ်သည့် သူဌေးကြီး ပုံစံမျိုးနှင့် တစ်ပုံစံတည်း တူနေလေသည်။

ရွာသားများသည် သူ၏ ဩဇာညောင်းသော အသွင်အပြင်ကို မြင်သည်နှင့် ချက်ချင်းပင် လေးစားအားကျသွားကြတော့သည်။

ဝေလင်းက အရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"သခင်လေးရှန်း"

ထို့နောက် သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး လီရှောင်ယာကို နွေးထွေးသော လေသံဖြင့် ပြောလေသည်။

"ရှောင်ယာ... ဦးက သမီးအဖိုးရဲ့ မွေးစားသားပါ... ဦးကို ဦးလေးလို့ ခေါ်လို့ရတယ်"

ဝေဝမ်ချင်း၏ မျက်နှာထားမှာ ပို၍ မည်းမှောင်သွားပြီး ဘေးနားရှိ မီးဖိုဖြင့် ဝေလင်း၏ မျက်နှာကို ကောက်ထုပစ်လိုက်ချင်စိတ် ပေါက်သွားသည်။

ဦးလေး ဟုတ်လား။

ငါကမှ ရှောင်ယာရဲ့ ဦးလေးအစစ်ကွ။

ဝေလင်း... မင်းက ဘာကောင်မို့လို့လဲ။

သိုးရေခြုံထားတဲ့ ဝံပုလွေကောင်ပဲ။

ဝေလင်း၏ မျက်လုံးများ နီရဲလာပြီး ဝေဝမ်ချင်း ရှိနေသည်ကိုပင် သတိမထားမိသကဲ့သို့ ရှိနေသည်။

သူ၏ အကြည့်များက လီရှောင်ယာအပေါ်၌သာ အပြည့်အဝ ကျရောက်နေ၏။

ဒီကလေးမလေးက တော်တော်လှတာပဲ...

ဒီလိုခေါင်တဲ့ ရွာလေးထဲမှာ ဝှက်ထားရင်တောင် ပုလဲဆိုတာ ပုလဲပါပဲလေ... အဲ့ဒီ အားကောင်းတဲ့ မျိုးရိုးဗီဇတွေက တကယ့်ကို အားကျစရာ ကောင်းလိုက်တာ။

"သမီးရဲ့ အဖိုးက ကျန်းမာရေး သိပ်မကောင်းတော့ သမီးကို လာကြိုဖို့ ဒီအထိ မလာနိုင်ရှာဘူး... ဒါကြောင့် ဦးလေးကပဲ မိသားစု ပြန်လည်ဆုံစည်းဖို့ သမီးကို လာခေါ်တာပါ"

ဝေလင်းက ပြောရင်း နာကျင်စွာ ရှိုက်သံတစ်ချက် ပြုလိုက်သည်။

"ရှောင်ယာ... သမီးရဲ့အမေ... သမီးရဲ့အမေက ဆုံးသွားပြီလား..." ဝေလင်းက ဆို့နင့်နေသော အသံဖြင့် မေးလိုက်သည်။

ဝေဝမ်ချင်း၏ သွေးများ ဆူပွက်လာပြီး ဒေါသများ တောက်လောင်လာသည်။

လီရှောင်ယာ၏ အိမ်သို့ ရောက်လာပြီး သူမတစ်ယောက်တည်း ကျန်ခဲ့သည်ကို တွေ့လိုက်ရကတည်းက သူ့အစ်မဖြစ်သူ၏ ကံကြမ္မာကို သူ အနည်းနှင့်အများ ခန့်မှန်းမိပြီးသား ဖြစ်သည်။

ဒါကြောင့် သူ လီရှောင်ယာကို ထပ်မမေးတော့ခြင်း ဖြစ်သည်။

သူမ၏ ဝမ်းနည်းမှုများကို ပြန်မနှိုးဆွချင်သလို သူ့ကိုယ်သူလည်း နာကျင်မှုထဲ နှစ်မြှုပ်မထားချင်သောကြောင့် ဖြစ်သည်။

ဒါပေမဲ့ ဒီဝေလင်းကတော့ ရောက်ရောက်ချင်း ဒီကိစ္စကို စမေးတော့တာပဲ။

အမေမရှိတော့တဲ့ ကလေးတစ်ယောက် စိတ်ထိခိုက်သွားမလားဆိုတာ သူ လုံးဝဂရုမစိုက်ဘူး...

အားလုံးရဲ့ ဒဏ်ရာဟောင်းတွေကို ဆားနဲ့ပက်ဖို့ သူ ဝန်မလေးဘူးပဲ။

"ဟုတ်တယ်... မေမေ ဆုံးပြီ... မေမေ ဆုံးသွားတာ ကြာလှပြီ" လီရှောင်ယာက နောက်ဆုံးတွင် ဖြေလိုက်လေသည်။

ပရိသတ်များမှာ မျက်ရည်ကျလုနီးပါး ဖြစ်သွားကြသည်။

သို့သော် မမျှော်လင့်ဘဲ...

[လီရှောင်ယာက ဘယ်လိုလုပ်ပြီး ဒီလောက် တည်ငြိမ်နေနိုင်ရတာလဲ]

လီရှောင်ယာသည် တည်ငြိမ်နေရုံသာမက ဝေလင်းကိုလည်း တိုးတိုးလေး ပြန်မေးလိုက်သေးသည်။

"ဦးလေး အရမ်း ဝမ်းနည်းနေလား"

"ဒါပေါ့ကွယ်..."

"ဒါဆို မေမေ့ကို သွားပြီး ဦးချကန်တော့လိုက်ပါ" လီရှောင်ယာက လမ်းဖယ်ပေးရင်း ပြောလိုက်သည်။

ဝေလင်း၏ မျက်နှာထားမှာ အေးခဲသွားလုမတတ် ဖြစ်သွားရ၏။

သူ့ကို ဦးချခိုင်းနေတာလား။

သူ့ဘဝမှာ အဘိုးအို တစ်ယောက်တည်းကိုပဲ ဦးချဖူးတာလေ။

လီရှောင်ယာ၏ လေသံက ပေါ့ပါးနေသည်။ "သွားလေ... မေမေက ဦးလေးတို့ကို စောင့်နေတာ ကြာလှပြီ... မေမေနဲ့ စကားသွားပြောလိုက်ပါဦး"

[လီရှောင်ယာရဲ့ အပြုအမူက တော်တော်ထူးဆန်းတာပဲ]

[+1... ဒီလူက သူ့ဦးလေးဆို... ဦးလေးက သူ့အမေကို ပြန်ကန်တော့ရတယ်ဆိုတာ ထူးဆန်းမနေဘူးလား]

ဝေလင်းသည် မျက်ရည်စကို သုတ်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ "ကောင်းပါပြီ... ဦး သမီးအမေနဲ့ စကားသွားပြောလိုက်ပါဦးမယ်"

ဝေဝမ်ချင်းမှာမူ ကျေနပ်လွန်းသဖြင့် အသံထွက် ရယ်မောမိလုနီးပါး ဖြစ်သွားသည်။

ဟုတ်တယ်...

သူ ငါ့အစ်မကို ဦးချကန်တော့သင့်တာပေါ့။

ဝေလင်း အိမ်ထဲသို့ ဝင်သွားရာ လမ်းတစ်ဝက်အရောက်တွင်မှ ဝေဝမ်ချင်းကို သတိထားမိသွားသည်။

ဝေလင်း၏ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားသော်လည်း မျက်နှာကို အုပ်လျက် ဝမ်းနည်းပူဆွေးဟန် ဆောင်ကာ ဝေဝမ်ချင်းကို ချက်ချင်း နှုတ်မဆက်သေးဘဲ ဆက်သွားလိုက်သည်။

အတွင်းခန်းသို့ ရောက်သောအခါ ဝေလင်းက နာကျင်စွာ ပြောလိုက်သည်။ "သမီးနဲ့ သမီးအမေက ဒီလိုနေရာမျိုးမှာ နေခဲ့ရတာလား"

"ဟုတ်တယ်"

"သမီးအမေ တော်တော် ဒုက္ခရောက်ခဲ့ရှာမှာပဲ... ပင်ပန်းဆင်းရဲတာတွေ အများကြီး ခံစားခဲ့ရမှာပဲ..." ဝေလင်းက မျက်နှာကို အုပ်ပြီး ငိုချလိုက်တော့သည်။

လီရှောင်ယာသည် သေတ္တာကြီးတစ်လုံးကို အားစိုက်ပြီး ဆွဲထုတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှန်းယွီရှောင်က ချက်ချင်း ဝင်ကူဆွဲပေးလိုက်၏။

သေတ္တာပွင့်သွားသောအခါ လီရှောင်ယာသည် အတွင်းမှ တစ်စုံတစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်လေသည်။

ကင်မရာက ထိုအရာကို ရိုက်ပြလိုက်သောအခါ လူတိုင်း အံ့သြမှင်သက်သွားကြတော့သည်။

[ဘုရားရေ... ဘုရားရေ... တကယ့် အလှမယ်ပါလား]

[ဒါ လီရှောင်ယာရဲ့ အမေလား... အရမ်း အရမ်း လှတာပဲ]

[ဟာ... လူကုန်ကူးတဲ့ကောင်တွေ သေသင့်တယ်]

လီရှောင်ယာ ကိုင်ထားသည့်အရာမှာ သူမအမေ၏ တစ်ခုတည်းသော လက်ကျန် ဓာတ်ပုံလေးပင်။

ထိုဓာတ်ပုံသည် တစ်ချိန်က မိသားစု ဓာတ်ပုံဖြစ်သည်။

သူမ၏ အဖေနှင့်အမေ မင်္ဂလာဆောင်ဓာတ်ပုံ ဖြစ်၏။

အမေဆုံးပြီး အဖေထွက်ပြေးသွားသောအခါ လီရှောင်ယာသည် ဓာတ်ပုံကို ဖြတ်တောက်လိုက်သည်။

အဖေပါသည့် အပိုင်းကို အဖွားဖြစ်သူ၏ အုတ်ဂူထဲတွင် မြှုပ်နှံလိုက်၏။

အမေပါသည့် အပိုင်းကိုတော့ သေတ္တာထဲတွင် ဝှက်ထားခဲ့သည်မှာ ယခုအချိန်အထိပင်...

"ကန်တော့လို့ ရပါပြီ" လီရှောင်ယာက ပြောလိုက်သည်။

ဝေလင်း၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။

ဓာတ်ပုံက အရည်အသွေး မကောင်းလှသလို အခန်းတွင်း အလင်းရောင်ကလည်း မှိန်ဖျဖျဖြစ်နေသဖြင့် ဓာတ်ပုံထဲမှ လူပုံစံမှာ ဖော်ပြမရနိုင်လောက်အောင် သရဲတစ္ဆေဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသယောင် ရှိသည်။

သူ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဓာတ်ပုံရှေ့တွင် တကယ်ပင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ဦးခေါင်းနှင့် ကြမ်းပြင် ထိအောင် ဦးချကန်တော့ရင်း ငိုကြွေးလိုက်လေသည်။ "ကျွန်တော် နောက်ကျသွားပြီ... ကျွန်တော် နောက်ကျသွားပြန်ပြီ..."

ဝေဝမ်ချင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျေနပ်သလိုလို၊ ကျောချမ်းသလိုလို ခံစားလိုက်ရသည်။

ဝေလင်းက တကယ့်ကို အောက်ကျို့ခံရဲတာပဲ။

ဒီလို အောက်ကျို့ခံနိုင်လို့လည်း အခုချိန်ထိ ဟန်ဆောင်ကောင်းခဲ့တာ ဖြစ်မယ်။ ဘယ်သူမှ သူ့ရဲ့ ဟန်ဆောင်မျက်နှာဖုံးကို မခွာချနိုင်ခဲ့ကြဘူး။

ကင်မရာရှေ့မှာ သူ့မျက်နှာဖုံးကို ဆွဲခွာပြလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာမိသည်။ ဝေဝမ်ချင်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ရင်ထဲမှ ဆူပွက်လာသော ခံစားချက်များကို မနည်း ထိန်းချုပ်ထားရ၏။

နှိုင်းယှဉ်ကြည့်လိုက်လျှင် လီရှောင်ယာက စိတ်ခံစားချက် ပိုမိုတည်ငြိမ်နေပုံရသည်။

ဝေလင်း ကန်တော့ပြီးသွားသောအခါ လီရှောင်ယာက ထပ်မေးလိုက်သည်။ "ဦးလေးတို့က မေမေ့ကို အမြဲတမ်း သတိရနေခဲ့ကြတာလား"

"ဒါပေါ့ ကလေးရယ်... သမီးအမေ ပျောက်သွားပြီးကတည်းက သမီးအဖိုးလည်း ချက်ချင်း ဖျားတော့တာပဲ... သမီးအဒေါ်ဆို ရူးတောင်သွားရှာတယ်..."

[ဘုရားရေ... ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ]

[ဟာ... လီရှောင်ယာရေ... မြန်မြန် ပြန်လိုက်သွားပါတော့... မြန်မြန် ပြန်ဆုံစည်းလိုက်ကြပါတော့]

"ဦးလေးကော" လီရှောင်ယာက ဆက်မေးလိုက်သည်။

"ဦးလေးလည်း အတူတူပါပဲ..."

[အမ်... ပြောမှပဲ သတိထားမိတယ်... ဒီဦးလေးက နည်းနည်းတော့ လန်းဆန်းလွန်းနေသလားလို့... ညီမလေးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့သူနဲ့ သိပ်မတူဘူးနော်]

ထိုအချိန်ကျမှ လီရှောင်ယာ၏ မျက်ရည်များ ဖြည်းညှင်းစွာ စီးကျလာပြီး ပြောလိုက်သည်။ "ဦးလေးတို့ အချိန်တိုင်း မေမေ့ကို သတိရနေခဲ့ကြတာပေါ့နော်"

"မေမေ ဆုံးသွားပြီးကတည်းက သမီး အရမ်းကြောက်ခဲ့ရတာ... ရွာသားတွေက မေမေ့အကြောင်း ဘယ်သူ့ကိုမှ မပြောခိုင်းဘူး... အဖိုးကလည်း မေမေ့ပစ္စည်းတွေ အကုန် မီးရှို့ပစ်တယ်... သမီးတစ်ယောက်တည်းပဲ မေမေ့ကို သတိရနေခဲ့ရတာ..."

ဝေလင်း အသက်ရှူမှားသွားသလို ဖြစ်သွားပြီး လီရှောင်ယာကို ရင်ခွင်ထဲသို့ အမြန် ဆွဲသွင်းလိုက်သည်။ "သူတို့ တော်တော် ရက်စက်ကြတာပဲ... သူတို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရစေမယ်"

လီရှောင်ယာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး မျက်ရည်များက ဝေလင်း၏ ပခုံးပေါ်သို့ ပုလဲလုံးများပမာ တလိမ့်လိမ့် ကျဆင်းနေသည်။

လီရှောင်ယာ စိတ်ထဲတွင် တွေးလိုက်မိသည်။ *ဦးလေးလည်း ရက်စက်တာပါပဲ...*

*ဦးလေးရော ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရမှာလား...*

ရွာသားများသည် မိသားစု ပြန်လည်ဆုံစည်းသည့် ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ကလည်ကလည် ဖြစ်နေကြသည်။ မကြာခင်မှာပင် လူစုကွဲသွားကြတော့သည်။

အဝေးသို့ ရောက်သောအခါမှ တီးတိုးရေရွတ် ပြောဆိုကြလေသည်။ "ဘာ လူကုန်ကူးတာလဲ... ပေါက်ကရတွေ"

"အေးလေ... ခင်ဗျားသမီး ကျွန်တော့်အိမ်နဲ့ ယူတုန်းက တင်တောင်းငွေ ယွမ်တစ်ထောင် ပေးခဲ့တာပဲ... အဲ့ဒါ ဘယ်လိုလုပ် လူကုန်ကူးတာ ဖြစ်သွားရမှာလဲ"

"ဒီမြို့ကလူတွေက သိပ်စပ်စုတာပဲ"

"ဒါဆို လီရှောင်ယာ့အဖိုးက ကျည်ဆန် စားရတော့မှာပေါ့"

ရှုချွီလိုင်သည် ကားထဲတွင် ထိုင်ရင်း ထွက်ခွာသွားသော ရွာသားများကို စိုက်ကြည့်နေမိသည်။ သူမ၏ မျက်မှောင်များ တဖြည်းဖြည်း တွန့်ချိုးလာ၏။

ခဏကြာသောအခါ...

သူမ အကြည့်ကို ပြန်လွှဲလိုက်ရာ ဘေးတွင် ထိုင်နေသော နင်းဟန်၏ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။

နင်းဟန်သည် သူ့ရင်ဘတ်ကို ဖိရင်း ပြောလိုက်သည်။ "ဟူး... လီရှောင်ယာနဲ့ သူ့အမေက တော်တော် ဒုက္ခရောက်ခဲ့ကြတာပဲ... ကျွန်တော် နောက်ထပ် ဖန်တီးမှု စိတ်ကူးဉာဏ်တွေ ပွင့်ထွက်လာသလို ခံစားရတယ်"

ရှုချွီလိုင် - "....."

အခြားတစ်ဖက်တွင် ဝေလင်းက ဆက်ပြောနေသည်။ "လာပါ... ဦးလေးနဲ့ လိုက်ခဲ့... ပြန်ရောက်ရင် သမီးအမေ နေခဲ့ဖူးတဲ့ နေရာကို တွေ့ရလိမ့်မယ်... အဲ့ဒီနေရာမှာ သူ့အမှတ်တရတွေ အများကြီး ရှိတယ်"

လီရှောင်ယာက ခေါင်းခါလိုက်သည်။ "သမီး ကြောက်တယ်"

ဝေလင်း ခေတ္တ တိတ်ဆိတ်သွားပြီး မေးလိုက်၏။ "ဘာကို ကြောက်တာလဲ"

"အဲ့ဒီနေရာက မေမေ့အိမ် ဆိုပေမဲ့ သမီးအတွက်တော့ စိမ်းနေတယ်လေ... ဒါကြောင့် သမီးကြောက်တယ်"

"မကြောက်ပါနဲ့... ဦးလေးရယ်၊ တခြားလူတွေရယ် အကုန်လုံးက သမီးအပေါ် ကောင်းပေးကြမှာပါ..."

"တကယ်လားဟင်" လီရှောင်ယာက မျက်ရည်စများနှင့် မော့ကြည့်ကာ မေးလိုက်သည်။

ဝေလင်း တုံ့ဆိုင်းနေ၍ မဖြစ်မှန်း သိသည်။

ထို့ကြောင့် သူ ခေါင်းကို ပြတ်သားစွာ ညိတ်လိုက်ပြီး "တကယ်ပေါ့" ဟု ပြောလိုက်လေသည်။

All Chapters