← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

Chapter 63

လီမိသားစုရွာလေးတွင် ခရစ္စမတ်ပွဲ ဆင်နွှဲနေချိန်၌ တစ်ဖက်တွင်တော့ နင်းဟန်သည် ပြင်သစ်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားလေသည်။

ရှုချွီလိုင်သည် ထိုင်ခုံတွင် ထိုင်လိုက်ရုံရှိသေး ဝန်ထမ်းတစ်ယောက် ရောက်လာပြီး လာပြောလေသည်။

" အစ်မကို တစ်ယောက်ယောက် လာရှာနေတယ် အစ်မသားရဲ့ သူငယ်ချင်းပါတဲ့... မျိုးရိုးနာမည်က နင်း တဲ့"

ရှုချွီလိုင်သည် နင်းဟန်ဖြစ်မည်ဟု ခန့်မှန်းလိုက်သော်လည်း လီမိသားစုရွာတွင် ရိုက်ကူးရေး လုပ်နေရမည် မဟုတ်ဘူးလားလို့တွေးမိလိုက်သည်။

"ငါ သွားကြည့်လိုက်ဦးမယ်" ရှုချွီလိုင်က ပြောရင်း ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

ထိုသူကို မြင်လိုက်ရသောအခါ ရှုချွီလိုင်မှာ အံ့သြမှင်သက်သွားရတော့သည်။

ဧည့်ခန်းတွင် ထိုင်နေသော လူငယ်လေးသည် ညစ်ပတ်ပေရေနေသော သားရေဂျာကင်ကြီးကို ဝတ်ထားပြီး တကိုယ်လုံးတွင် အမည်း၊ အဖြူ၊ မီးခိုးရောင် ရွှံ့စက်များ ပေကျံနေ၏။ ဂျာကင်အောက်တွင်လည်း ဖောင်းပွနေပြီး ဘာတွေ ထည့်ထားမှန်းပင် မသိရပေ။

သူ့ပုံစံက ဆိုင်တစ်ခုခုတွင် ပစ္စည်းဝင်ခိုးရာမှ အဖမ်းခံရပြီး အရိုက်ခံရသဖြင့် ထွက်ပြေးလာသူ တစ်ယောက်နှင့်ပင် တူနေသေးသည်။

"သား... ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ" ရှုချွီလိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဓားပြတိုက်ခံရတာလား"

နင်းဟန်က မော့ကြည့်လိုက်ရာ တောက်ပနေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။

"အန်တီ... ကျွန်တော် အနုပညာပြပွဲမှာ ပါဝင်ဖို့ ပန်းချီကားတွေ ယူလာတာဗျ"

နင်းဟန်က သနားစရာမျက်နှာပေးဖြင့် ဆက်ပြောသည်။

"ကျွန်တော့်မိဘတွေက ကျွန်တော့်ကို မယုံကြဘူး ကျွန်တော် နောက်ထပ် ကိုယ်လုံးတီးပုံ ဆွဲလာပြန်ပြီလို့ ထင်နေကြတာ... ကျွန်တော့်အနုပညာက သူတို့နဲ့ ဝေးဝေးနေသင့်တယ်တဲ့... ရိုင်းစိုင်းလွန်းတယ်တဲ့"

"အဲ့တော့ သားက အန်တီ့ဆီ လာတာက..."

"အန်တီက အနုပညာလောကရဲ့ မဏ္ဍိုင်ကြီးလေ... ကျေးဇူးပြုပြီး ကျွန်တော့်ကို အန်တီ့ပြပွဲမှာ ပါဝင်ခွင့်ပေးပါနော်"

မည်သို့ပင်ဆိုစေကာမူ သူသည် သားဖြစ်သူ၏ သူငယ်ချင်း ဖြစ်သည့်အပြင် နင်းမိသားစုနှင့် ရှန်းမိသားစုမှာလည်း ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။ ထို့ကြောင့် ရှုချွီလိုင်က လိမ္မာပါးနပ်စွာဖြင့် ပြောလိုက်၏။

"သားအတွက် ပြပွဲမှာ ပါဝင်ဖို့က လွယ်ပါတယ်ကွယ်"

"အန်တီပြောချင်တာကို ကျွန်တော် သိပါတယ်... ပိုက်ဆံပေးရင် ဝင်ခွင့်ရတဲ့ ပြပွဲတွေ၊ ဒါမှမဟုတ် ကျွန်တော့်မိဘတွေ၊ အစ်ကိုဝမ်းကွဲတွေ မျက်နှာကြောင့် ကျွန်တော့်ကို ပျော်ပျော်ကြီး ကြိုဆိုမယ့် ပြပွဲမျိုးတွေမလား... အဲ့ဒီပြပွဲတွေက အစစ်အမှန် မဟုတ်ဘူးဗျ... ဘယ်သူမဆို ဝင်လို့ရနေတာ... ကျွန်တော် အဲ့လိုမျိုး မလိုချင်ဘူး" နင်းဟန်က ပြတ်သားစွာ ပြောလိုက်သည်။

ရှုချွီလိုင် - "....."

မင်းက တကယ့် အနုပညာပြပွဲမှာ ပါဝင်ချင်တယ်... ဒါပေမဲ့ အဲ့ဒီပြပွဲတွေက မင်းကို လက်မခံဘူး ဖြစ်နေတာလေ။

နင်းဟန်က ကိုယ့်ဘာသာ ဆက်ပြောနေသည်။

"အန်တီ... လတ်တလော Louvre ပြတိုက်မှာ ပြပွဲအကြီးကြီး ကျင်းပနေတာ ကျွန်တော် သိတယ်... အထူးဧည့်သည်တော် တစ်ယောက်အနေနဲ့ အန်တီ့မှာ လက်ရာတွေကို ထောက်ခံပေးခွင့် ရှိတယ်မလား... ကျေးဇူးပြုပြီး ကျွန်တော့်လက်ရာကို ကြည့်ပေးပါနော်... နော်လို့"

စကားပြောရင်း သူက ရုတ်တရက် လမ်းဘေးတွင် ကိုယ်ခန္ဓာပြသသူ တစ်ယောက်ကဲ့သို့ သူ့သားရေဂျာကင်ကို ဖြတ်ခနဲ ဖွင့်ချလိုက်လေသည်။

ရှုချွီလိုင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်နှာလွှဲလိုက်ရန် ပြင်လိုက်သော်လည်း သူမ၏ အကြည့်က ရုတ်တရက် အေးခဲသွားရသည်။

"ဒီအရာကို... သား ဖန်တီးခဲ့တာလား"

"ဟုတ်တယ် အန်တီ... ကျွန်တော် နေ့မအိပ် ညမအိပ် ဖန်တီးခဲ့တာ... နည်းစနစ်မပါဘူး... ခံစားချက် သက်သက်ပဲ"

"နည်းစနစ်ကလည်း မဆိုးပါဘူး... သားအဖေက သားအတွက် ဘယ်ဆရာကို ငှားပေးထားတာလဲ"

"ဆရာတိုင်ယွီဖန် နဲ့ ချန်ကျောက် ပါ"

"နှစ်ယောက်စလုံးက ထိပ်တန်းပညာရှင်တွေပဲ" ရှုချွီလိုင် ထရပ်လိုက်သည်။ "အန်တီနဲ့ လိုက်ခဲ့... နေပါဦး... သားလက်ရာက ဘာနာမည်ပေးထားတာလဲ"

"'ဘဲပေါက်လေး'"

"ဘာ..." ရှုချွီလိုင် ကြောင်အမ်းသွားသည်။

"နာမည်က 'ဘဲပေါက်လေး' ပါ"

"နာမည်နဲ့ လက်ရာက... သိပ်လိုက်ဖက်ပုံ မရဘူးနော်"

"နာမည်ပေးတာက အနုပညာရှင်ရဲ့ လွတ်လပ်ခွင့် မဟုတ်ဘူးလားဗျ"

"အင်း... ဟုတ်ပါတယ်လေ" ရှုချွီလိုင် ခေါင်းအသာညိတ်လိုက်သည်။ "သွား... ရေအရင် သွားချိုးချေ"

နင်းဟန် စိတ်လှုပ်ရှားသွားပြီး - "အန်တီက ကျွန်တော့်အတွက်တော့ အမေအရင်းလိုပါပဲဗျာ" ဟု ပြောကာ ရှုချွီလိုင်နောက်သို့ ဝမ်းသာအားရ လိုက်သွားလေတော့သည်။

သူတို့နောက်မှ ဝန်ထမ်းမှာမူ "တကယ်ပဲ သခင်လေးနင်း ဖြစ်နေတာကိုး... ငါတို့က သူ့ကို ရူးနေတယ်ထင်ပြီး မောင်းထုတ်တော့မလို့" ဟု တီးတိုးရေရွတ်ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့တွင် "သက်ဝင်လှုပ်ရှား" အမည်ရသော နိုင်ငံတကာ အနုပညာပြပွဲကြီးကို Louvre ပြတိုက်တွင် ဖွင့်လှစ်ခဲ့သည်။

ဗာမီယာနှင့် မိုနက်တို့၏ လက်ရာများကိုလည်း ဂန္ထဝင်အနုပညာလက်ရာများအဖြစ် ပြသထားသည်။

ထွန်းသစ်စ အနုပညာရှင်များထဲတွင် ရှုချွီလိုင်သည် ရှေ့တန်းမှ ဦးဆောင်နေသည်။

နာမည်ကျော် အနုပညာရှင်များနှင့် လက်ရာများစွာသည် အနုပညာချစ်မြတ်နိုးသူများ၏ အာရုံကို ဖမ်းစားထားပြီး မီဒီယာများပင် အုံနှင့်ကျင်းနှင့် ရောက်ရှိနေကြသည်။

နင်းဟန်သည် သူတို့အကြားတွင် လုံးဝမျက်နှာသစ်တစ်ဦး ဖြစ်နေပြီး ပြခန်းထဲသို့ ဝင်ချိန်တွင် သူ့ဆရာများနှင့်ပင် ဆုံမိလိုက်သေးသည်။

သူ့ကို မြင်မြင်ချင်းပင် သူ့ဆရာများသည် အလိုအလျောက် မသိချင်ယောင်ဆောင်ကာ ထွက်သွားကြလေ၏။

ရှုချွီလိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သူတို့က သားရဲ့ ဆရာတွေ မဟုတ်ဘူးလား"

နင်းဟန်က လုံးဝမရှက်ဘဲ ပြောလိုက်သည်။

"အော်... သူတို့က မှာထားတယ်... အပြင်ရောက်ရင် သူတို့တပည့်ပါလို့ ဘယ်တော့မှ ထုတ်မပြောနဲ့တဲ့... သူတို့ ရှက်လွန်းလို့တဲ့"

ရှုချွီလိုင် - "....."

"အရင်တုန်းက သားရဲ့လက်ရာတွေက ဘယ်လောက်တောင် ဆိုးရွားခဲ့လို့လဲ"

"အဲ့လောက်လည်း... မဆိုးပါဘူးဗျ"

ရှုချွီလိုင်သည် နင်းဟန်အပေါ် တကယ်ပင် ကောင်းမွန်ရှာသည်။ သူမ၏ ပြခန်းကောင်တာ အလယ်တည့်တည့်နေရာကို နင်းဟန်အား ပေးထားလေ၏။

ဤထူးခြားသော အပြုအမူသည် လျင်မြန်စွာပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ပထမဆုံး မီဒီယာများ ရောက်လာပြီး ဤသို့ ထူးခြားနေရခြင်း အကြောင်းရင်းကို စုံစမ်းကြသည်။

ထို့နောက် နင်းဟန်၏ ဆရာများ ရောက်လာကြသည်။

နင်းဟန်၏ ဆရာများသည် ကမ္ဘာ့အဆင့်မီ အနုပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် နင်းဟန်ကြောင့် သူတို့သိက္ခာ မကျစေရန် တားဆီးဖို့ ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့ ရွေ့လျားလိုက်သည်နှင့် မီဒီယာများကလည်း နောက်မှ လိုက်ပါသွားကြသည်။

ထိုဆရာသမားနှစ်ယောက်က အဲ့ဒီကို ဘာလို့ သွားကြတာလဲ။

အဲ့ဒီနေရာမှာ ဘာတွေများ ထူးခြားနေလို့လဲ။

လူအများအပြား ဝိုင်းအုံလာကြသည်။

နင်းဟန်သည် အနုပညာပြပွဲတွင် တစ်ညတည်းနှင့် ရေပန်းစားသွားလေတော့သည်။

အနုပညာပြပွဲ တတိယမြောက်နေ့တွင် နင်းဟန်၏ လက်ရာကို ဒေါ်လာဆယ်သန်းအထိ ဈေးပေးကမ်းလှမ်းခြင်း ခံလိုက်ရသည်။

Louvre ပြတိုက် ပြပွဲတစ်ခုတွင် ဟွာနိုင်ငံမှ လူငယ်အနုပညာရှင်တစ်ဦး ဤမျှ အာရုံစိုက်ခံရခြင်းမှာ နိုင်ငံဂုဏ်ဆောင် ကိစ္စတစ်ရပ် ဖြစ်ပေသည်။ သတင်းက ပြည်တွင်းသို့ ရောက်သွားသောအခါ ဆိုရှယ်မီဒီယာများတွင် ချက်ချင်းပင် ရေပန်းစားသွားတော့သည်။

ဒီလိုအချိန်မျိုးတွင် နင်းဟန်အနေဖြင့် ပြင်သစ်တွင် ဆက်နေပြီး မီဒီယာအင်တာဗျူးများ ဖြေကြားသင့်သော်လည်း သူက ရုတ်တရက် ပြည်တွင်းသို့ လေယာဉ်ဖြင့် ပြန်သွားလေသည်။

"သတင်းကောင်းကို ကျွန်တော်တစ်ယောက်တည်း နားထောင်လို့ မဖြစ်ဘူးလေ"

"အင်း... သားမိဘတွေကို သွားပြောပြသင့်တာပေါ့"

"ဟင့်အင်း... မပြောပါဘူး... ကျွန်တော် လီမိသားစုရွာကို သွားမလို့"

ရှုချွီလိုင် စဉ်းစားလိုက်မိသည်။ သူမသားနှင့် နင်းဟန်တို့၏ ဆက်ဆံရေးက ဒီအဆင့်ထိ ရောက်နေပြီလား။

မဟုတ်သေးပါဘူး

ရှုချွီလိုင် သတိရသွားသည်။ "'ဘဲပေါက်လေး' ဆိုတာ လီရှောင်ယာများလား"

နင်းဟန်က အံ့သြစွာဖြင့် လှည့်ကြည့်လာသည်။ "အန်တီ သိတယ်လား"

ဒါဆို တကယ်ပဲ ဟုတ်နေတာပေါ့။

"သားရဲ့ စိတ်ကူးဉာဏ်က..."

"သူ့ဆီက ရတာလေ" နင်းဟန်က အလေးအနက် ပြောလိုက်သည်။

ရှုချွီလိုင် ခေါင်းလေးစောင်းကာ စဉ်းစားလိုက်ပြီး ရုတ်တရက် လီရှောင်ယာကို တွေ့ချင်စိတ် ဖြစ်ပေါ်လာမိသည်။

"အန်တီလည်း သားနဲ့အတူ လီမိသားစုရွာကို လိုက်ခဲ့မယ်"

"ဟင်..." ဒီတစ်ခါတော့ နင်းဟန် အံ့သြသွားရ၏။

---

ထိုအချိန်တွင် ဝေလင်းသည် သူ၏ ကိစ္စဝိစ္စများကို ဖြေရှင်းပြီးခါစ ဖြစ်သည်။

ဝေရွှမ်မင်သည် ရှေးရိုးစွဲဆန်သူ တစ်ဦးဖြစ်သည်။ ဖျားနာပြီးနောက်တွင် သူသည် ဟွာနိုင်ငံသို့ ပြန်လာပြီး ဇာတိမြေသို့ ပြန်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူတို့မိသားစုသည် ပြည်ပသို့ ထွက်ခွာခဲ့သည်မှာ ကြာပြီဖြစ်၍ ယခု ဘိုးဘွားပိုင် အုတ်ဂူနေရာကို ရှာဖွေရန်အတွက် မူလဇစ်မြစ်ကို ပြန်လည်ခြေရာခံရန် လိုအပ်နေသည်။

ဝေလင်းက သူ့ဆရာကိုယ်စား ဘိုးဘွားများကို ရှာဖွေပေးမည်ဟု ပြောကာ ခေတ္တ ထွက်ခွာသွားလေသည်။

ထိုသို့ဖြင့် ရှည်လျားသော လင်ကွန်းကားနှင့် Rolls-Royce ကားကြီးများသည် မြို့နယ်လေးအတွင်းသို့ မောင်းနှင်ဝင်ရောက်လာကြသည်။

လီမိသားစုရွာသို့ မဝင်မီ ဝေလင်းသည် ဒေသခံ ရဲတပ်ဖွဲ့နှင့် သီးသန့် တွေ့ဆုံခဲ့သေးသည်။

ထိုအချိန်၌ ရှုချွီလိုင်နှင့် နင်းမိသားစု၏ ကားများသည်လည်း လမ်းပေါ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

"ဆရာ... လမ်းပေါ်မှာ တခြားဇိမ်ခံကားတွေပါ ရှိနေပါလား" ဝေလင်း၏ လက်ထောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ဝေလင်း မျက်မှောင်ကြုတ်လျက် သက်ပြင်းချလိုက်သည်။

"ဒီလို ခေါင်တဲ့နေရာလေးက ဒီလောက်ထိ နာမည်ကြီးနေတာပဲ... ငါတို့ရဲ့ သခင်မလေးက တော်ရုံ မဟုတ်ဘူး"

လက်ထောက်ဖြစ်သူသည် ထိုစကားကို ကြားပြီးနောက် ဘာမှ ပြန်မပြောရဲတော့ပေ။

လီမိသားစုရွာလေးသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြန်သည်။

ရွာသားများသည် ဇိမ်ခံကားအများအပြား လီရှောင်ယာ၏ အိမ်ဘက်သို့ မောင်းနှင်သွားသည်ကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။

"လူတွေ ထပ်ရောက်လာကြပြန်ပြီလား"

"ဘယ်လိုဖြစ်ပြီး သူဌေးတွေက ဒီလောက်များနေရတာလဲ"

"အစိကိုလီစုန့်... အစ်ကိုလီစုန့်... ဘာတွေဖြစ်နေလဲ သိလား"

"နောက်မှာ ကျန်သေးတယ်... ကြည့်လိုက်ဦး... အဲ့ဒါ မြို့နယ် ရဲကားတွေမလား"

"ရဲကားတွေပါ ပါလာတယ်ဆိုတော့... လူလာဖမ်းတာများလား"

လူလာဖမ်းတာ ဟုတ်လား။

လီစုန့်၏ မျက်လုံးများ အရောင်တောက်သွားပြီး ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူသည် ချက်ချင်းပင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။

လူအုပ်ကြီးသည် ထိုဘက်သို့ ရွေ့လျားသွားကြရင်း ပါးစပ်မှလည်း တတွတ်တွတ် ပြောနေကြသည်။

"အမယ်လေး... လမ်းမှာတောင် ကားတွေ ပြည့်ကျပ်နေတာပဲ... ငါတို့ရွာက တစ်နေ့ကျရင် ဇိမ်ခံကားတွေ ရပ်စရာနေရာမရှိ ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

ထိုအချိန်တွင် လီရှောင်ယာ ဘာလုပ်နေသနည်း။

သူမသည် မီးဖိုဘေးတွင် ထိုင်ပြီး မီးလှုံနေသည်။

သူဌေးသားများမှာမူ မစင်ကျင်း မခဲသွားစေရန်အတွက် မျက်နှာသုန်မှုန်စွာဖြင့် မစင်ကော်ပေးနေကြရသည်။

ယာခင်းထဲ မြေဩဇာထည့်ခြင်း တစ်ကျော့ပြီးသွားသောအခါ တစ်ယောက်က ရုတ်တရက် သတိရသွားသည်။

"တောက်... ငါတို့ ပိုက်ဆံ ယူမလာခဲ့ကြဘူးလား... ပိုက်ဆံသုံးပြီး ရွာသားတွေကို ငှားခိုင်းလို့ မရဘူးလား"

"....."

"ရတော့ ရတာပေါ့... ဒါပေမဲ့ ရှန်း က ပြောတယ်... ဒီက ရွာသားတွေက သဘောမကောင်းဘူးတဲ့... အရင်တုန်းက လီရှောင်ယာကို အနိုင်ကျင့်ခဲ့ကြတာဆိုတော့ ငါတို့မှာ ပိုက်ဆံရှိရင်တောင် သူတို့ကို မပေးသင့်ဘူးတဲ့"

"ဒီရွာက လူတွေကို ငှားမရရင် ဘေးရွာက လူတွေကို ငှားလို့ရတာပဲ"

"ချီးပဲ... မင်းပြောတာ ဟုတ်သားပဲ... ငါတို့ ဘာလို့ စောစောက မစဉ်းစားမိခဲ့ကြတာလဲ"

"ငါတို့ဦးနှောက်တွေ အေးခဲနေလို့ နေမှာပေါ့"

"အရင်နှစ်တွေတုန်းက လီရှောင်ယာ ဆောင်းတွင်းကို ဘယ်လိုများ ဖြတ်သန်းခဲ့ပါလိမ့်... ငါဖြင့် သုညဒီဂရီအောက် ရောက်တာနဲ့ ဦးနှောက် အလုပ်မလုပ်တော့သလို ခံစားရတယ်"

သူဌေးသားများသည် စိတ်ပျက်လက်ပျက်ဖြင့် သူတို့အင်္ကျီများကို နမ်းရှုံ့ကြည့်လိုက်ကြသည်။

[ပုံမှန်ဆို တော်ဝင်ဇွန်း ခက်ရင်းတွေနဲ့ စားသောက်နေကျ သခင်လေးတွေက လိမ္မာစွာနဲ့ မစင်ကော်ပေးနေကြတယ်တဲ့]

[ရယ်ရတယ်ဟ... ဒီအစီအစဉ်ကို "ပျော်ရွှင်စရာ ဟာသလူသားများ" လို့ နာမည်ပြောင်းလိုက်ရင် ကောင်းမယ်]

[ကျေးဇူးပါပဲ... ဒီနေ့တော့ သူဌေးတွေကို ခဏလောက် မမုန်းဘဲ နေလိုက်ပါဦးမယ်]

သူတို့ စကားပြောနေစဉ်မှာပင် ကားမောင်းလာသံများကို ကြားလိုက်ရသည်။

ရဲများက ကားပေါ်မှ အရင်ဆင်းလာပြီး လီရှောင်ယာထံသို့ အမြန်ပြေးသွားကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"သမီးက လီရှောင်ယာလား... သမီးရဲ့ ဆွေမျိုးတွေက သမီးကို လာရှာကြတယ်"

ရဲအရာရှိက ခဏရပ်လိုက်ပြီး လေးနက်စွာ ဆက်ပြောသည်။

"သမီးရဲ့ ဆွေမျိုးတွေ ပြောပြချက်အရဆိုရင် သမီးရဲ့ အမေက လူကုန်ကူးခံရပြီး လီမိသားစုရွာကို ရောက်လာတာ ဖြစ်နိုင်ခြေ အရမ်းများတယ်... ဦးလေးတို့ ဒီအမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်စစ်ဆေးတော့မယ်"

[ဘုရားရေ]

[ရဲတွေက အတည်ပြုလိုက်ပြီ... တကယ် လူကုန်ကူးခံရတာတဲ့]

ရွာသားများ အနားရောက်လာချိန်တွင် ထိုစကားများကို ကြားလိုက်ရလေသည်။

လီစုန့်၏ မျက်နှာထားမှာ ချက်ချင်းပင် အလွန်ထူးဆန်းသွားတော့သည်။

All Chapters