← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

Chapter 65

ထိုအချိန်၌ ရဲအရာရှိသည် စာရွက်စာတမ်း အချို့ကို ကမ်းပေးလိုက်၏။ သူ၏ မျက်နှာထားမှာ လေးနက်တည်ကြည်နေသော်လည်း မျက်ဝန်းထဲတွင်မူ သနားဂရုဏာ သက်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

"သက်ဆိုင်တဲ့သူတွေကို မေးမြန်းဖို့ ဦးလေးတို့ အမြန်ဆုံး ခေါ်လိုက်ပါမယ်... အသေးစိတ်အချက်အလက်တချို့ကိုတော့ သမီးက ပြန်စဉ်းစားပြီး ဖြည့်စွက်ပေးရလိမ့်မယ်... ကလေးလေး... လုပ်နိုင်ပါ့မလား" ရဲအရာရှိက ဒူးထောက်ထိုင်ချရင်း မေးလိုက်သည်။

လီရှောင်ယာ ခေါင်းအသာညိတ်လိုက်ပြီး စကားလေးခွန်းသာ ပြောလိုက်သည်။

"သမီး အကုန်မှတ်မိတယ်"

ရဲအရာရှိ အံ့သြသွားပြီး - "သမီး ဘာတွေကို မှတ်မိတာလဲ... သမီးအမေက သူ ဒီဒေသခံမဟုတ်ဘူးဆိုတာ ပြောပြခဲ့ဖူးလား"

လီရှောင်ယာ ခေါင်းထပ်ညိတ်ပြပြန်သည်။

[ဘုရားရေ... သူ အစကတည်းက အကုန်သိနေတာလား]

[အမ်... ဒါဆို သူဘာလို့ ရဲမတိုင်ခဲ့တာလဲ]

ကွန်းမန့်ပေးသူများသည် သူတို့မေးခွန်းက အတော်လေး တုံးအမှန်း ချက်ချင်း သဘောပေါက်သွားကြသည်။

ရဲအရာရှိက ထပ်မေးလိုက်၏။ "သမီး ပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းဖို့ မကြိုးစားကြည့်ခဲ့ဘူးလား"

လီရှောင်ယာ၏ မျက်နှာပေါ်တွင် မျက်ရည်များ ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း သူမ၏ လေသံမှာ ကလေးတစ်ယောက်နှင့် မတူအောင် တည်ငြိမ်နေပေသည်။ သူမက တိုးတိုးလေး ပြောလိုက်၏။

"အကူအညီတောင်းလို့ မရဘူး... မေမေက အဲ့လိုပြောတယ်"

ရဲအရာရှိ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ "ဦးလေး နားလည်ပါပြီ... ဒါက တစ်ယောက်တည်း ကျူးလွန်တာ မဟုတ်ဘူး... အဖွဲ့လိုက် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ... သမီး အကူအညီတောင်းလိုက်တဲ့သူက ရာဇဝတ်မှုကြံရာပါ ဟုတ်မဟုတ် သမီး မသေချာနိုင်ဘူးလေ"

လီရှောင်ယာက ပြောလိုက်သည်။

"ဘယ်သူ့ကိုမှ မယုံနဲ့... မေမေက သမီးကို အဲ့လိုပဲ သင်ပေးခဲ့တယ်"

သူမ အလွန်ငယ်စဉ်က ထိုစကား၏ အဓိပ္ပာယ်ကို သိပ်နားမလည်ခဲ့ပေ။

နောက်ပိုင်း အနည်းငယ် အရွယ်ရောက်လာပြီး ရွာထဲမှ လူအမျိုးမျိုးကို မြင်တွေ့လာရသောအခါမှ နားလည်လာခဲ့သည်။

ယခုအချိန်တွင်မူ သူမ ပို၍ပင် နားလည်နေပြီ ဖြစ်သည်။

သူမအမေ ဆိုလိုသော စကားမှာ ရွာသားများကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ ဝေလင်းကဲ့သို့ လူမျိုးများကိုပါ ဆိုလိုမှန်း သူမ သိလိုက်ရပြီ။

ရဲအရာရှိ သက်ပြင်းချလိုက်ပြီး တစ်ခဏမျှ ဘာပြောရမှန်း မသိတော့ပေ။

အခန်းတွင်းရော အပြင်ပါ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။

[ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး...]

[သူက ငယ်ပေမဲ့ အများကြီး နားလည်တာပဲ... ဒါပေမဲ့ ဘာမှ ထုတ်မပြောရဲရှာဘူး... သိုးရေခြုံထားတဲ့ ဝံပုလွေနဲ့ တွေ့နေရမလားဆိုတာ သူမှ မသိတာ]

[အစီအစဉ် စလွှင့်တုန်းက လူတိုင်း လီရှောင်ယာကို လိမ်တတ်တယ်၊ ခိုးတတ်တယ်လို့ ဝိုင်းပြောခဲ့ကြတာ မှတ်မိကြသေးလား... အခု ပြန်စဉ်းစားကြည့်တော့ အဲ့ဒီစကားတွေက ကြောက်ဖို့ကောင်းလိုက်တာ]

[သေစမ်း... လူထုက အဲ့လို အမြင်စွဲသွားပြီဆိုရင် လီရှောင်ယာ ဘာပြောပြော ဘယ်သူမှ ယုံကြတော့မှာ မဟုတ်ဘူး... ဆွေမျိုးတွေသာ လာမရှာရင် သူ့အမေက ဘယ်တော့မှ နာမည်ပြန်ဖြူစင်နိုင်မှာ မဟုတ်တော့ဘူး]

[ကြောက်ဖို့ကောင်းလိုက်တာ... အရမ်းကြောက်ဖို့ကောင်းတယ်... အဲ့အချိန်ရောက်ရင် သူတို့က လီရှောင်ယာကို ကြိုက်သလို ပြောဆိုလုပ်ကြံလို့ ရသွားပြီပေါ့]

[ငါ အစကတည်းက ပြောသားပဲ... ဒီရွာက တော်တော် မှားယွင်းနေပါတယ်လို့... တကယ် မှားနေတာ... လီရှောင်ယာကို ကလေးဆိုးလို့ သတင်းလွှင့်ထားတာက သူတို့ပြစ်မှုတွေကို ဖုံးဖိဖို့ ကြိုတင်ကာကွယ်ထားကြတာပဲ]

[ရှန်းယွီရှောင်ကိုပဲ ကျေးဇူးတင်ရတော့မယ်]

ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ တော်သေးသည်ဟု သူ တွေးမိလိုက်၏။ သူသာ မရောက်လာခဲ့လျှင် မည်သို့ရှိမည်နည်း။

သူရောက်လာသည့်နေ့က လီရှောင်ယာနှင့် မဆုံတွေ့ခဲ့လျှင်ကော...

ရွာအခြေအနေ စိမ်းနေ၍ အိပ်မပျော်နိုင်ဘဲ ထလာရာမှ ရွာလူကြီးနှင့် သူ့သား ပြောစကားများကို မကြားမိခဲ့လျှင်ကော...

လီရှောင်ယာ၏ ဘဝ ဘယ်လိုဖြစ်သွားမလဲ။

သူမအပေါ် လုပ်ကြံစွပ်စွဲချက်တွေအောက်မှာ လုံးဝ နစ်မွန်းပျောက်ကွယ်သွားရတော့မှာလား။

"သမီးအမေက... တကယ့်ကို မိခင်ကောင်း တစ်ယောက်ပါပဲ" အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရဲအရာရှိက ပြောလိုက်သည်။

သူသည် လီရှောင်ယာ၏ မျက်နှာကို ဆက်မကြည့်ရက်တော့သဖြင့် ကမန်းကတန်း ပြောလိုက်၏။

"မကြောက်နဲ့တော့နော်... သမီးမှာ ဆွေမျိုးတွေ ရှိနေပြီ... ဟိုလူဆိုးတွေကို မကြာခင် တရားဥပဒေအတိုင်း အရေးယူတော့မှာ"

ပြောပြီးသည်နှင့် ရဲအရာရှိ အပြင်ထွက်သွားကာ သူ့အဖွဲ့သားများကို လှမ်းခေါ်လိုက်သည်။ "သွားကြမယ်"

[ဖမ်းတော့မှာလား]

[လီ့အဖိုးက အဖမ်းခံထားရပြီ... ရွာလူကြီးကလည်း အချုပ်ထဲမှာ... ဘယ်သူကျန်သေးလဲ]

"သူတို့အကုန်လုံးက တကယ့် လူယုတ်မာတွေပဲ... ကောင်းတဲ့သူ တစ်ယောက်မှ မရှိဘူး" ရှန်းယွီရှောင်က အေးစက်စွာ ပြောလိုက်သည်။ "အစီအစဉ်က ပေးတဲ့ပိုက်ဆံတွေကိုလည်း သူတို့ကို ပြန်မပေးခဲ့သင့်ဘူး... နင့်အဖေက ထွက်ပြေးသွားပြီးသားပဲ... ဒီအကြွေးကို နင်က ဘာလို့ ဆက်ဆပ်နေရမှာလဲ"

လီရှောင်ယာက ပြောလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး... အဒေါ်မန် တို့က အဲ့လောက်လည်း မဆိုးပါဘူး... သူတို့သာ တကယ်ဆိုးရင် ပိုက်ဆံအလိမ်ခံရပါ့မလား... သူများဆီက ပိုက်ဆံ လိုက်လိမ်နေမှာပေါ့"

[ဟာ... ဟုတ်သားပဲ]

"အဒေါ်မန်ဘဝကလည်း သိပ်ကောင်းတာ မဟုတ်ပါဘူး... သူက မေမေ့ကို လက်ရှိဘဝကို လက်ခံလိုက်ဖို့ အမြဲနားချလေ့ရှိတယ်... မေမေက သူ့ကို စိတ်မဆိုးပါဘူး... မေမေပြောတယ် အဒေါ်မန်က ဘဝရဲ့ တခြားရွေးချယ်စရာ လမ်းတွေကို မမြင်ဖူးလို့ပါတဲ့... ဒါကြောင့် ဒီလမ်းတစ်ခုပဲ ရှိတယ်လို့ သူထင်နေတာတဲ့..."

"အဒေါ်မန်က သမီးကို မကူညီနိုင်ခဲ့ရုံနဲ့ သူက လူဆိုးဖြစ်မသွားပါဘူး"

"ရွာထဲမှာ အဒေါ်မန်လို လူတွေ ရှိသေးတယ်... သူတို့က ပိုက်ဆံ ယွမ် ၈၀၀ လောက် ပျောက်သွားတာနဲ့ ပိုးသတ်ဆေးသောက်မယ့် လူမျိုးတွေ... ပိုက်ဆံက သူတို့အတွက် အရမ်းအရေးကြီးတယ်လေ... ပြန်ပေးနိုင်ရင် ပေးလိုက်တာ ကောင်းပါတယ်"

ရှန်းယွီရှောင် သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

[လီရှောင်ယာ့အမေက သမီးကို တော်တော် ကောင်းကောင်း ပျိုးထောင်ခဲ့တာပဲ... ကိုယ်တိုင်က အရှက်တကွဲ အကျိုးနည်း ခံစားခဲ့ရပေမဲ့ သူများတွေရဲ့ ဒုက္ခကို နားလည်ပေးနိုင်တုန်းပဲ]

[ငါမှတ်မိပြီ... ကျောင်းကို ပြေးလာပြီး ဝက်ခြံပြိုကျပြီလို့ လာပြောတဲ့သူက အဒေါ်မန် မလား]

[အဒေါ်မန်လို လူမျိုး ရှိနေသေးလို့ တော်ပါသေးတယ်... မဟုတ်ရင် လီရှောင်ယာ ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး မုန်းတီးစိတ်တွေနဲ့ ပြည့်နေတဲ့သူတွေချည်းပဲ တွေ့ခဲ့ရမယ်ဆိုရင် တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းပြီး နာကျင်စရာ ကောင်းလွန်းတယ်]

တံခါးအပြင်ဘက်ရှိ သူဌေးသားများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရပ်နေကြသည်။

လီရှောင်ယာ ပြောသည့် "ယွမ် ၈၀၀ ပျောက်ရုံနဲ့ ပိုးသတ်ဆေးသောက်မယ့် လူမျိုးတွေ" ဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။

သူတို့ သိလိုက်သည်မှာ ကြီးမားသော တုန်လှုပ်ချောက်ချားမှုကိုသာ။

လီရှောင်ယာ၏ နောက်ခံဘဝမှသည် သူမပြောသော စကားလုံးတိုင်းအထိ... အရာအားလုံးက ထိတ်လန့်စရာ ကောင်းနေသည်။

ဒါက သူတို့ တစ်ခါမှ မကြုံဖူးသော ကမ္ဘာတစ်ခုပင်။

"ရှောင်ယာ... ဦးလေးနဲ့ လိုက်ခဲ့တော့... ဒီလို မကောင်းဆိုးဝါး နေရာကြီးမှာ ဆက်မနေနဲ့တော့... သမီးခံစားခဲ့ရတဲ့ ဒုက္ခတွေကို တွေးမိရုံနဲ့တင် ဦးလေး ရင်ကျိုးမတတ်ပါပဲကွယ်..." ခေါင်းငုံ့ထားသော ဝေလင်းက နောက်ဆုံးတွင် ခေါင်းမော့လာပြီး ပြောလိုက်သည်။

ရှန်းယွီရှောင် စိတ်ထဲတွင် မကျေနပ်သလို ခံစားလိုက်ရပြီး "ဘာတွေ လောနေတာလဲ" ဟု မေးချင်သွားသည်။

သို့သော် ပြန်တွေးကြည့်လိုက်သောအခါ ဒီနေရာက တကယ်ပဲ မကောင်းဆိုးဝါး နေရာကြီး ဖြစ်နေသည် မဟုတ်လား။

သူနှင့် လီရှောင်ယာတွင် တရားဝင် ပတ်သက်ဆက်နွယ်မှု မရှိသဖြင့် သူ့အနေနှင့် လီရှောင်ယာကို တရားဝင် ခေါ်ထုတ်သွား၍ မရပေ။ သို့သော် ဝေလင်းကတော့ လီရှောင်ယာကို လီမိသားစုရွာမှ တရားဝင် ခေါ်ထုတ်သွားနိုင်သည်လေ။

ထို့ကြောင့် ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ ဝင်မပြောတော့ပေ။

ဝေဝမ်ချင်းကလည်း လက်ချောင်းများကို တင်းတင်းဆုပ်ထားပြီး တားမြစ်စကား မဆိုပေ။

ရှောင်ယာ ပြန်လိုက်သွားသင့်တာပေါ့...

ဝေလင်းက သူမကို ပြန်လိုက်ခဲ့ဖို့ တောင်းပန်နေတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။

"ရှောင်ယာ... ဦးလေးကို ယုံပါ... အိမ်ပြန်ရောက်ရင် အကုန်အဆင်ပြေသွားမှာပါ... သမီးရဲ့ ဆွေမျိုးတွေကို စိတ်ချလက်ချ ယုံလို့ရပါတယ်... ဒီလို ပင်ပန်းတဲ့ဘဝမျိုးမှာ နေစရာ မလိုတော့ဘူး..." ဝေလင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လီရှောင်ယာသည် သူမလက်ကလေးကို ဝေလင်း၏ လက်ဖဝါးပေါ်သို့ ဖြည်းညှင်းစွာ တင်ပေးလိုက်သည်။

ရှန်းယွီရှောင်နဲ့ ခွဲရတော့မယ်...

ဒါပေမဲ့ သူမမှာ ဒီထက်အရေးကြီးတဲ့ ကိစ္စ လုပ်စရာ ရှိသေးတယ်။

သူမ တောင်ပေါ်ကနေ ထွက်ခွာသွားနိုင်ပြီ ဖြစ်ကြောင်း၊ မေမေ ကောင်းကောင်း အနားယူလို့ ရပြီဖြစ်ကြောင်း မေမေ့ကို ပြောပြရဦးမည်။

သူမ တဖြည်းဖြည်း အရွယ်ရောက် ကြီးပြင်းလာပြီး စွမ်းဆောင်နိုင်ရည် ရှိလာသောအခါ မေမေ့ရဲ့ ဒဏ်ရာတွေကို ကုစားပေးမည်။ မေမေ့ရဲ့ ဆွေမျိုးတွေကို ကာကွယ်ပေးမည်...

လီရှောင်ယာ ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"မေမေ့ကိုပါ ပြန်ခေါ်သွားမယ်နော်"

ဝေလင်းက "ဒါပေါ့... ဒါပေါ့... မေမေ့ကိုပါ ပြန်ခေါ်သွားရမှာပေါ့" ဟု ပြောရင်း သူ့လက်ထောက်ကို အုတ်ဂူရွှေ့ပြောင်းရန် ချက်ချင်း စီစဉ်ခိုင်းလိုက်သည်။

"သွားကြစို့" ဝေလင်းက ဦးဆောင်ပြီး လီရှောင်ယာလက်ကို ဆွဲလိုက်သည်။

လီရှောင်ယာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း ရုန်းမထွက်ခဲ့ပေ။

ရှန်းယွီရှောင် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

"ခင်ဗျားတို့ သဘောမထားဘူးဆိုရင် ကျွန်တော် လီရှောင်ယာကို ခင်ဗျားတို့အိမ်အထိ လိုက်ပို့ပေးချင်တယ်"

ဝေလင်း၏ ဆက်ဆံပုံမှာ ယဉ်ကျေးသယောင် ရှိသော်လည်း အေးစက်နေသည်။

"တောင်းပန်ပါတယ် သခင်လေးရှန်း... ကျွန်တော်တို့ သခင်ကြီးက ကျန်းမာရေး သိပ်မကောင်းတော့ မဆိုင်တဲ့လူတွေ လာရှုပ်တာကို မကြိုက်ဘူးခင်ဗျ... ကျွန်တော်တို့က မိသားစုသီးသန့် တိတ်တဆိတ် ပြန်လည်ဆုံစည်းချင်ရုံပါ"

ရှန်းယွီရှောင် စိတ်ထဲမှ ဆဲလိုက်မိသည်။ *မိသားစု ပြန်လည်ဆုံစည်းခြင်း ဆိုတာကြီးကို ခွေးသာ သွား‌ေကျွးလိုက်စမ်းပါ*

*ဒါ မင်းတို့အတွက် ဘယ်လိုလုပ် မိသားစု ပြန်လည်ဆုံစည်းခြင်း ဖြစ်မှာလဲ*

"ရှန်းယွီရှောင်"

ထိုအချိန်တွင် ရှုချွီလိုင် ကားပေါ်မှ ဆင်းလာခဲ့သည်။

"အယ်... အန်တီက ဘာလို့ ဒီရောက်နေတာလဲ" သူဌေးသားများ လန့်သွားကြသည်။

ထို့နောက် သူတို့ စကားကို အမြန်ပြန်ပြင်လိုက်ကြသည်။ "ကျွန်တော်တို့က 'အယ်' လို့ပဲ ပြောလိုက်တာပါ... တခြားသဘော မပါပါဘူး အန်တီ"

ရှုချွီလိုင်၏ အမူအရာမှာ အေးစက်တည်ငြိမ်နေသည်။ သူမသည် သူဌေးသားများကို ခေါင်းအနည်းငယ်သာ ညိတ်ပြလိုက်ပြီး သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။

သို့သော် သူမ၏ အေးစက်မှုကြောင့်ပင် သူဌေးသားများ စိတ်သက်သာရာ ရသွားကြသည်။

လူကြီးတွေက ကိုယ့်ကို ဂရုမစိုက်တာ အကောင်းဆုံးပဲလေ။

"အမေ..." တံခါးဝမှ ရှန်းယွီရှောင်လည်း အံ့သြသွားသည်။ "အမေ ဘာလို့ ဒီရောက်နေတာလဲ"

နင်းဟန်က ကြားထဲမှ အတင်းတိုးဝင်လာပြီး - "ကျွန်တော်... ကျွန်တော်လေ... အန်တီနဲ့ လိုက်လာတာ... အန်တီက ရှောင်ယာကို တွေ့ချင်တယ်ဆိုလို့"

ရှုချွီလိုင်က လီရှောင်ယာကို ကြည့်လိုက်ပြီးနောက် လက်ကို နောက်သို့ ဖြန့်လိုက်သည်။

ရှုချွီလိုင်၏ ယာဉ်မောင်းက ချက်ချင်းပင် အရှေ့တက်လာပြီး တစ်စုံတစ်ခုကို ကမ်းပေးလိုက်၏။

"သမီးအတွက် တွေ့ဆုံခြင်းလက်ဆောင် ယူလာခဲ့တယ်" ရှုချွီလိုင်က ပြောလိုက်သည်။

လီရှောင်ယာ သူမကို မော့ကြည့်လိုက်သည်။

သူမ၏ ဦးနှောက်ကို တစ်စုံတစ်ခုနှင့် ရိုက်ခတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

သံသယဖြစ်ဖွယ်မရှိ... ရှုချွီလိုင်သည်လည်း အလွန်ချောမောလှပသူ တစ်ဦးပင်။

ကလေးတစ်ယောက်၏ အမြင်တွင် ပုံစံတူညီသော အမျိုးသမီးကြီးများကို တွေ့သောအခါ သဘာဝအလျောက် ရင်းနှီးတွယ်တာစိတ် ဖြစ်ပေါ်တတ်စမြဲ။

လီရှောင်ယာ၏ မျက်ဝန်းများ ချက်ချင်း နီရဲလာပြီး အသက်ရှူသံများ ခေတ္တမျှ မြန်ဆန်သွားသည်။

ထို့နောက် သူမသည် ရှုချွီလိုင်လက်ထဲမှ လက်ဆောင်ကို ဂရုတစိုက် လှမ်းယူလိုက်၏။

ခုနစ်နှစ်အရွယ် ကလေးငယ်၏ နူးညံ့သော လက်ချောင်းလေးများသည် လွမ်းဆွတ်တမ်းတမှုများ ပါဝင်နေသယောင်ဖြင့် ရှုချွီလိုင်၏ လက်ဖဝါးကို ဖွဖွလေး ထိတွေ့လိုက်သည်။

ရှုချွီလိုင် အံ့သြသွားမိသည်။

"ကျေးဇူးတင်ပါတယ်" လီရှောင်ယာ နှုတ်ခမ်းလေးလှုပ်ရုံ တိုးတိုးလေး ပြောလိုက်သည်။

ရှုချွီလိုင် သတိပြန်ဝင်လာပြီး - "ကျေးဇူးတင်စရာ မလိုပါဘူးကွယ်... ဒီရက်ပိုင်း ရှန်းယွီရှောင် ကို ဂရုစိုက်ပေးခဲ့လို့ အန်တီကတောင် ကျေးဇူးပြန်တင်ရမှာ"

[ဟားဟား... ရှန်းကတော်က အစီအစဉ်ကို သေချာကြည့်ထားပုံပဲ]

[ဟူး... ဒီနေ့ဖြစ်ပျက်တာတွေက ငိုရမလို ရယ်ရမလိုပါပဲလား]

[အန်တီရှုက သဘောကောင်းလိုက်တာ... ရှောင်ယာအတွက် လက်ဆောင်တောင် ယူလာသေးတယ်]

"ဖွင့်ကြည့်လိုက်မလား" ရှုချွီလိုင်က ကလေးတစ်ယောက်ကို ပြောသည်ဆိုသော်ငြား မာစီးသော လေသံ လုံးဝမပါဘဲ ပြောလိုက်သည်။ "သမီး ကြိုက်မယ်လို့ မျှော်လင့်ပါတယ်"

လီရှောင်ယာ နှာခေါင်းလေး ရှုံ့လိုက်ပြီး လက်ဆောင်ကို ဖြေရန် ခေါင်းငုံ့လိုက်သည်။

ရှန်းယွီရှောင်က အအေးဒဏ်ကြောင့် နီရဲနေသော သူမ၏ လက်ချောင်းလေးများကို ကြည့်ပြီး "ငါ ဖြေပေးမယ်" ဟု ပြောလိုက်သည်။

တောင်ပေါ်တွင် အမှန်ပင် အလွန်အေးလှသည်။ မီးဖိုနှင့် ဝေးသည်နှင့် လက်များက ချက်ချင်း အေးခဲသွားတတ်သည်။

ရှန်းယွီရှောင်က လက်ဆောင်ဘူးကို လျင်မြန်စွာ ဖြေလိုက်သည်။

[ဘုရားရေ... Van Cleef & Arpels ရဲ့ လေးပွင့်ဆိုင်ကလိုဗာပါလား]

ရှုချွီလိုင်က ကိုယ်ကိုကိုင်းလိုက်ပြီး ပြောသည်။ "ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါစေ"

လီရှောင်ယာ ခေါင်းညိတ်လိုက်ပြီး ရှုချွီလိုင်၏ မျက်နှာကို မှတ်မိနေအောင် သေချာ စိုက်ကြည့်နေမိသည်။

"ရှန်းကတော်..." ဝေလင်း ဝင်ပြောလိုက်သည်။ "ရှန်းကတော်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

ရှုချွီလိုင်က ခေါင်းခါလိုက်ပြီး ဝေလင်း၏ စကားကို အသိအမှတ်မပြုပေ။

"ကျွန်တော်တို့ သွားကြတော့မယ်" ဝေလင်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

လီရှောင်ယာ နောက်လှည့်ကြည့်ပြီး "သမီး ပစ္စည်းတွေ..."

"ပြန်ရောက်ရင် အဝတ်အစားသစ်တွေ ရမှာပါ... အကုန် အသစ်တွေချည်းပဲ" ဝေလင်းက ပြန်ဖြေသည်။

ရှန်းယွီရှောင် ဝင်ပြောလိုက်၏။ "ခဏနေပါဦး... အနည်းဆုံးတော့ လီရှောင်ယာကို ကျွန်တော်ပေးထားတဲ့ လက်ဆောင်တွေတော့ ယူသွားခွင့်ပြုပါ"

ဝေလင်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့... သခင်လေးရှန်းကလည်း တော်တော် ရက်ရောတာပဲ"

ထိုစကားက နားထောင်ရတာ အတော်လေး ကသိကအောင့် နိုင်လှသည်။

ရက်ရောတယ် ဆိုတာ ဘာသဘောလဲ။

ရှန်းယွီရှောင် အေးစက်စွာ တုံ့ပြန်လိုက်သည်။

"လီမိသားစုရွာမှာ နေခဲ့တဲ့အချိန်က မကြာလိုက်ပေမဲ့ ကျွန်တော်တို့နဲ့ လီရှောင်ယာကြားက သံယောဇဉ်ကို ပိုက်ဆံနဲ့ တိုင်းတာလို့ မရဘူး"

ဒါက ဝေလင်းကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ လီရှောင်ယာမှာ ဘယ်သူမှ မရှိဘူးထင်ပြီး အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့ ဟူ၍ပင်။

ဝေလင်း၏ မျက်နှာထားမှာ မပြောင်းလဲပေ။ ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်သည့်ပုံစံဖြင့် ပြုံးလျက် ပြောလိုက်သည်။

"ကောင်းလိုက်တာဗျာ... သခင်လေးရှန်းက သူ့ကို စောင့်ရှောက်ပေးမယ်ဆိုတော့ ကံကောင်းတာပေါ့... နောက်ကျရင် ကျွန်တော် လက်ဆောင်တွေ ပြင်ဆင်ပြီး ကိုယ်တိုင်လာ ကျေးဇူးတင်ပါ့မယ်"

ဒီစကားက လီရှောင်ယာသည် သူတို့နှင့်သာ ရင်းနှီးပြီး ရှန်းယွီရှောင်တို့နှင့် အမှန်တကယ် မပတ်သက်ကြောင်း ထပ်မံ အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။

ဒါကြောင့် ဝေလင်းက သူမရဲ့ "မိသားစု" အနေနဲ့ လီရှောင်ယာကိုယ်စား ကျေးဇူးတင်ပေးမည် ဟု ဆိုလိုခြင်း ဖြစ်သည်။

ရှန်းယွီရှောင် နှုတ်ခမ်းထောင့်များ အနည်းငယ် လှုပ်ရှားသွားပြီး ဒီကိစ္စကို ဆက်ပြောနေလည်း အပိုပဲဟု တွေးကာ ဘာမှ ဆက်မပြောတော့ပေ။

သို့သော် နင်းဟန်ကတော့ မနေနိုင်တော့ချေ။

နင်းဟန် အော်ပြောလိုက်သည်။ "နေပါဦး... ကျွန်တော် ပြောစရာ ကျန်သေးတယ်... လီရှောင်ယာ... မသွားပါနဲ့ဦး..."

လီရှောင်ယာ နားမလည်သလို ကြည့်လိုက်သည်။

နင်းဟန်သည် သူ့ဂုဏ်ယူမှုကို မထိန်းနိုင်တော့ဘဲ ပြောလိုက်တော့သည်။

"လီရှောင်ယာ... Louvre ပြတိုက်မှာ ပြထားတဲ့ ငါ့လက်ရာ ဆုရတယ်ဟ"

[ဘာ]

ပရိသတ်များ ကြောင်အမ်းသွားကြသည်။

[ဒါက ဘာအကြောင်းကြီးလဲ]

All Chapters