← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

Chapter 66

[နေပါဦး... ငါ သော့ချက်စကားလုံးလေးတွေ လိုက်မှတ်ကြည့်ရအောင်... Louvre ပြတိုက်၊ ပြပွဲ၊ ဆု... ခင်ဗျားတို့ ရေပန်းစားနေတဲ့ သတင်းခေါင်းစဉ်တွေကို မကြည့်ကြဘူးလား... ဘုရားရေ]

[ဘာလဲ... ဘာလဲ... Lively ပြပွဲမှာ အကြီးအကျယ် နာမည်ကြီးသွားတဲ့ ဟွာနိုင်ငံက ထွန်းသစ်စ အနုပညာရှင်ဆိုတာ နင်းဟန်လား]

[ဟုတ်တယ်... တွစ်တာမှာ သွားကြည့်လိုက်... နိုင်ငံခြားက နက်တီဇင်တွေ ပြောနေကြတယ်... မီဒီယာတွေက သူ့ကို အင်တာဗျူးဖို့ လုပ်ပေမဲ့ သူက ရုတ်တရက် တရုတ်ပြည်ကို ပြန်ပြေးသွားလို့ မမီလိုက်ကြဘူးတဲ့]

[ကွက်တိပဲဟေ့... ဒါဆို နင်းဟန် သေချာပြီ... သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး အဲ့လောက် အံ့သြစရာကောင်းတဲ့ အနုပညာရှင် ဖြစ်သွားရတာလဲ]

[အရေးအကြီးဆုံး မေးခွန်းက ဆုရပြီးတာနဲ့ ဘာလို့ လီရှောင်ယာကို လာတွေ့ဖို့ ပြန်ပြေးလာရတာလဲ ဆိုတာ မဟုတ်ဘူးလား]

[အေးလေ... ဘာလို့လဲ... ဒီသူဌေးသားတွေက လီရှောင်ယာနဲ့ ဆက်ဆံရေး အဲ့လောက်တောင် နက်ရှိုင်းကြသလား]

ကွန်းမန့်များထဲတွင် မှန်းဆချက်များဖြင့် ပြည့်နှက်နေလေသည်။

ဝေလင်း၏ မျက်နှာထားမှာမူ အက်ကွဲလုနီးပါး ဖြစ်နေ၏။

ဒီလူတွေက... သူ လီရှောင်ယာကို ခေါ်ထုတ်သွားမှာကို ဝိုင်းတားနေကြတာများလား။

ဝေလင်း မျက်မှောင်ကြုတ်ပြီး လီရှောင်ယာကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်မိသည်။

ဒီကလေးမလေးက တကယ်ပဲ တစ်ခုခု ထူးခြားနေတာလား။

အဓိကက သူမ အသက် ခုနစ်နှစ်ပဲ ရှိသေးတယ်လေ။

လီရှောင်ယာလည်း တကယ်တော့ နားမလည်နိုင် ဖြစ်နေရှာသည်။ သူမ ခေါင်းလေးစောင်းပြီး မေးလိုက်၏။ "ဆု ဟုတ်လား... Louvre ပြတိုက်ဆိုတာ ဘာလဲဟင်"

သူမ ဖတ်ခဲ့ဖူးသည့် စာအုပ်ပေါင်းစုံထဲတွင် ထိုနေရာအကြောင်း မပါဝင်ခဲ့သည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင် သူမ၏ "မသိနားမလည်မှု" ကို ဘယ်သူကမှ လှောင်ပြောင်ရယ်မောကြမည် မဟုတ်ပေ။

နင်းဟန်က စိတ်အားထက်သန်စွာဖြင့် လီရှောင်ယာအနားသို့ တိုးကပ်လာပြီး ပြောပြလေသည်။

"ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်မှာရှိတဲ့ သမိုင်းဝင် အနုပညာပြတိုက်ကြီးလေ... အဲ့ဒီမှာ ဘယ်လို အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြထားလေ့ရှိလဲ သိလား"

လီရှောင်ယာက နာမည်တစ်ခု ခန့်မှန်းကြည့်လိုက်သည်။ "ဗန်ဂိုးလား"

"မှန်တာပေါ့... အဲ့ဒီမှာ ဗန်ဂိုးရဲ့ 'ဒေါက်တာဂါချေး၏ ပုံတူ' ရှိတယ်... လီယိုနာဒိုဒါဗင်ချီရဲ့ 'မိုနာလီဇာ' လည်း ရှိတယ်... အခုတော့ အဲ့ဒီပြခန်းကြီးထဲမှာ ကျင်းပနေတဲ့ ပြပွဲမှာ အစ်ကို့ရဲ့ လက်ရာတစ်ခုလည်း ပါဝင်သွားပြီလေ... မိုက်တယ်မလား"

လီရှောင်ယာ လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အရမ်းမိုက်တာပဲ"

ရှုချွီလိုင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ဤသူဌေးသားများ ဘာကြောင့် လီရှောင်ယာနှင့် အဆင်ပြေကြသည်ကို ရုတ်တရက် နားလည်သွားမိသည်။

သူမက သူတို့ပြောတာကို သေချာ နားထောင်ပေးတတ်တယ်...

လူကြီးတွေရဲ့ ကြိုတင်ဆုံးဖြတ်ချက်တွေ၊ အစွဲအလမ်းတွေ သူမဆီမှာ မရှိသေးဘူး။

သူမအမြင်မှာတော့ မိသားစုတွေ ခေါင်းကိုက်အောင် လုပ်တတ်တဲ့ ဒီသူဌေးသားတွေက အရမ်းတော်တဲ့သူတွေ ဖြစ်နေတာကိုး။

"ပြီးတော့ အစ်ကို့ရဲ့ စိတ်ကူးဉာဏ်က ညီမလေးဆီက ရတာလေ" နင်းဟန်က ရုတ်တရက် အသံနှိမ့်ပြီး ပြောလိုက်သည်။ "ဒါကြောင့် လီရှောင်ယာရေ... ညီမလေးက အစ်ကို့ထက် ပိုတော်တာပေါ့"

ပရိသတ်များ ချက်ချင်း အံ့သြသွားကြသည်။

[ဝါး... တကယ်လား]

[နင်းဟန်က အောင်မြင်မှု အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာ လီရှောင်ယာဆီက စိတ်ကူးဉာဏ်ရတယ်လို့ ပြောမှတော့ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ]

[အား... ဘာလို့လဲ မသိဘူး... နင်းဟန်က 'ညီမလေးက အစ်ကို့ထက် ပိုတော်တာပေါ့' လို့ ပြောလိုက်တော့ ငါ မျက်ရည်တောင် ဝဲချင်သွားတယ်]

နင်းဟန်သည် သူ့အိတ်ကပ်များကို နှိုက်ကြည့်ပြီးမှ ရုတ်တရက် နဖူးကို ရိုက်လိုက်မိသည်။ "အစ်ကိုက အန်တီရှု လောက် စဉ်းစားမဆင်ခြင်တတ်ဘူး... ညီမလေးအတွက် ဘာလက်ဆောင်မှ ယူမလာမိဘူး... ဘယ်လိုလုပ်ရမလဲ"

နင်းဟန် ပြောရင်းဆိုရင်း စိုးရိမ်သော မျက်နှာထား ဖြစ်လာသည်။ "ပြီးတော့ ညီမလေးက မကြာခင် သွားတော့မှာ... ငါတို့ ထပ်တွေ့ခွင့် ရပါဦးမလား... ရမှာပါနော်"

နင်းဟန်က ဝေလင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ "ခင်ဗျားတို့ သူ့လွတ်လပ်ခွင့်ကို ပိတ်ပင်မှာ မဟုတ်ဘူးမလား"

ဝေလင်း နှုတ်ခမ်းမဲ့သွားသည်။ "သခင်လေးနင်းကလည်း ဘာစကား ပြောတာလဲ... ဘယ်လုပ်ပါ့မလဲ"

နင်းဟန် သက်ပြင်းချလိုက်သည်။ "တော်ပါသေးရဲ့... ကောင်းပါတယ်... တစ်နေ့ အစ်ကို့ရဲ့ အနုပညာလက်ရာ ရောင်းထွက်ရင် ပိုက်ဆံတစ်ဝက် ခွဲပေးမယ်နော်"

လီရှောင်ယာသည် Louvre ပြတိုက်တွင် ပြသထားသော အနုပညာလက်ရာတစ်ခု မည်မျှ တန်ကြေးရှိသည်ကို နားမလည်ရှာပေ။

သူမက နင်းဟန်ကို မငြင်းပယ်ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆို ရောင်စုံခဲတံ ဝယ်လိုက်မယ်"

နင်းဟန် သူမကို ပုံဆွဲနည်း သင်ပေးခဲ့သည်ကို သူမ မှတ်မိနေသေးသည်။

နင်းဟန် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "ဟားဟား... ဘာလို့ ရောင်စုံခဲတံ ဝယ်မှာလဲ... ဆီဆေးစုတ်တံတွေ၊ ဆီဆေးတွေ ဝယ်ရမှာပေါ့... အများကြီး အများကြီး ဝယ်လို့ရတယ်"

[နင်းဟန်ရဲ့ လက်ရာက ဘယ်လောက်တန်လဲ သိကြလား]

[အခုတော့ ဒေါ်လာ ဆယ်သန်းအထိ ဈေးခေါ်ထားတယ်တဲ့... ဒါဆို လီရှောင်ယာက ဒေါ်လာင‌ါးသန်း ရမှာပေါ့... တရုတ်‌ေငွနဲ့ဆို သိန်းပေါင်း... ဝါး... အများကြီးပဲ]

[အိမ်တစ်လုံး ဝယ်လို့ရတယ်ကွ... ဘဲပေါက်မလေးရေ... ဘာလို့ ရောင်စုံခဲတံ ဝယ်မှာလဲ]

ကွန်းမန့်များ ပိုမို လှုပ်ရှားလာကြသည်။

လီရှောင်ယာ ထွက်ခွာရမည့်အချိန် အမှန်တကယ် ရောက်ရှိလာလေပြီ။

သူမ နင်းဟန်ကို ပြောလိုက်သည်။ "ပြောပြပေးလို့ ကျေးဇူးပါ... သမီး သွားတော့မယ်နော်"

ထို့နောက် ရှန်းယွီရှောင်ကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ "သမီး သွားတော့မယ်နော်"

ဝေလင်း သက်ပြင်းချလိုက်မိသည်။ ဒီတိုင်းသာ ဆက်နေရင် ညမိုးချုပ်သည်အထိ ပြန်ရမည့်ပုံ မပေါ်ပေ။ ကံကောင်းစွာဖြင့် လီရှောင်ယာက အလိုက်တသိ ပြုမူတတ်ပေသည်။

သူသည် လီရှောင်ယာလက်ကို အမြန်ဆွဲကာ လူအုပ်ကြားမှ တိုးထွက်ပြီး ရှည်လျားသော လင်ကွန်းကားပေါ်သို့ တက်လိုက်လေသည်။

"လီရှောင်ယာ"

အချိန်အကြာကြီး တိတ်ဆိတ်နေသော ရှန်းယွီရှောင်က ရုတ်တရက် အော်ခေါ်လိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် ကားဆီသို့ ပြေးသွားလိုက်၏။

ကားတံခါး မပိတ်မီ ရှန်းယွီရှောင် လက်လှမ်းလိုက်ပြီး လီရှောင်ယာလက်ထဲသို့ တစ်စုံတစ်ခု ထည့်ပေးလိုက်ကာ ပြောလိုက်သည်။ "ရော့... သွားတော့"

လီရှောင်ယာ ငုံ့ကြည့်လိုက်သည်။

ရှန်းယွီရှောင်၏ လက်အိတ် ဖြစ်နေသည်။

သူ့လက်ဖဝါးက ကြီးမားသဖြင့် လက်အိတ်ကလည်း အလွန်ကြီးမားနေသည်။

လီရှောင်ယာလက်တွင် စွပ်ထားရသည်မှာ ချောင်ချိနေသည်။ သို့သော် ရှန်းယွီရှောင်၏ လက်ဖဝါးက သူမကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားရသည်။

အလွန် နွေးထွေး၏။

ဝေကျန်း အမြန်ပြေးလာပြီး ကားတံခါးကို ပိတ်ပေးလိုက်ကာ ယာဉ်မောင်းကို မောင်းထွက်ရန် အချက်ပြလိုက်သည်။

ရှန်းယွီရှောင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ဖြည်းညှင်းစွာ ထွက်ခွာသွားသော ကားကို ငေးကြည့်နေမိသည်။

သူ့မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားသည်အထိပင်။

အနောက်ရှိ သူဌေးသားများသည် အချင်းချင်း ကြည့်ကာ "ငါတို့ နင်းဟန် ဆုရတာကို ဂုဏ်ပြုသင့်တယ် မဟုတ်ဘူးလား" ဟု ပြောကြသည်။

သို့သော် နင်းဟန်က သူ့ပေါင်သူ ရိုက်လိုက်ပြီး "ဟာ... သွားပြီ... လီရှောင်ယာကို ငါ့ဖုန်းနံပါတ် ပေးဖို့ မေ့သွားတယ်"

ရှန်းယွီရှောင် ပြန်လျှောက်လာရင်း မျက်လုံးစောင်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "မင်း သတိရတဲ့အချိန်ဆို နောက်ကျနေပြီ"

နင်းဟန်က မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။ "အစ်ကိုရှန်း..."

"ငါ့လက်အိတ်ထဲမှာ နံပါတ် ထည့်ပေးလိုက်တယ်" ရှန်းယွီရှောင်က အေးစက်စွာ ပြောလိုက်သည်။

နင်းဟန် စိတ်သက်သာရာ ရသွားပြီး - "အစ်ကိုရှန်းကတော့ အားကိုးရတယ်ကွာ... ရှယ်ပဲ... အခု လီရှောင်ယာ ဖုန်းခေါ်လာမှာကို စောင့်ရုံပဲ... ငါ Louvre ပြတိုက်မှာ ကြုံခဲ့ရတာတွေ သူ့ကို အသေးစိတ် မပြောပြရသေးဘူး... ငါ့ဆရာနှစ်ယောက် ငါ့လက်ရာကို မြင်တော့ ဘယ်လိုမျက်နှာထား ဖြစ်သွားလဲဆိုတာ သူ မသိလိုက်ဘူး..."

ရှန်းယွီရှောင် သူ့ကို ဂရုမစိုက်တော့ဘဲ တစ်ယောက်တည်း ထွက်ခွာသွားလေသည်။

ဘာများ ပျော်စရာ ရှိလို့လဲ။

ငါ့ဖုန်းနံပါတ်ပဲ ထည့်ပေးလိုက်တာလေ... နင်းဟန် ဖုန်းနံပါတ်မှ မဟုတ်တာ။

နင်းဟန်မှာမူ သူ့အစ်ကိုရှန်း၏ အတွေးများကို မသိရှာဘဲ ကျန်သူဌေးသားများနှင့် သူ့အတွက် ဂုဏ်ပြုပါတီပွဲ လုပ်ရန် တိုင်ပင်နေတော့သည်။

ကွန်းမန့်များတွင် ဝမ်းနည်းသံများ ထွက်ပေါ်လာကြသည်။

[ဒီလိုပဲ ထွက်သွားတော့တာလား... တမျိုးကြီးပဲနော်]

[လီရှောင်ယာကို ကင်မရာထဲ ထပ်မမြင်ရတော့ဘူးလား... ငါ သူ့ကို အရမ်းစိတ်ပူနေတုန်းပဲ]

[စိတ်ပူတယ် +1]

[ရဲဘက်က သတင်းထုတ်ပြန်တာကို စောင့်ကြည့်ရမှာပဲ... ဒီလောက် ကိစ္စကြီးဆိုတော့ သေချာပေါက် ရေပန်းစားလာမှာပဲ]

[ဟာ... ထုတ်လုပ်ရေးအဖွဲ့ရယ်... နောက်ကနေ လိုက်ရိုက်ပေးလို့ မရဘူးလား... သူတို့ မိသားစု ပြန်လည်ဆုံစည်းတာလေး ပြပေးပါလား... နော်လို့]

ပရိသတ်များ စိတ်လှုပ်ရှား တုန်လှုပ်နေကြချိန်တွင် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးမှာမူ ကြီးမားသော တုန်လှုပ်မှုထဲမှ ရုန်းမထွက်နိုင် ဖြစ်နေကြဆဲပင်။

ဘယ်လိုဖြစ်ပြီး ရုတ်တရက် လူပြန်ပေးမှု ဖြစ်သွားရတာလဲ။

လီမိသားစုရွာက ဘယ်လိုဖြစ်ပြီး ဒီလောက် ယုတ်မာကောက်ကျစ်တဲ့နေရာ ဖြစ်သွားရတာလဲ။

သူတို့ ဒီကိစ္စများကို အစာမကြေနိုင်သေးခင်မှာပင် ရှန်းယွီရှောင်က မိုးကြိုးပစ်ချလိုက်သကဲ့သို့ စကားတစ်ခွန်း ပြောလိုက်လေသည်။

"ငါ အစီအစဉ် ဆက်မရိုက်တော့ဘူး... မြို့ကို ပြန်တော့မယ်"

အမှုဆောင် ထုတ်လုပ်သူမှာ သွေးများ ခေါင်းပေါ် ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး ရှုချွီလိုင်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှုချွီလိုင်က ညင်သာစွာ မေးလိုက်သည်။ "လီရှောင်ယာကို စိတ်ပူနေတာလား"

ရှန်းယွီရှောင် ဘာမှ ပြန်မပြောပေ။

ရှုချွီလိုင်သည် သူ့တိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီလောကကြီးထဲ ရောက်လာတဲ့ လူတိုင်းမှာ ကိုယ်လျှောက်ရမယ့် လမ်းကိုယ်စီ ရှိကြတယ်... သား သူ့အနားမှာ ထာဝရ နေပေးလို့ မရသလို သူကလည်း သားဘေးနားမှာ ထာဝရ တွဲခိုနေလို့ မရဘူး"

ရှန်းယွီရှောင်က "ကျွန်တော် မြို့ပြန်တော့မယ်" ဟုသာ ထပ်ပြောလိုက်သည်။

ရှုချွီလိုင် ခေတ္တရပ်ပြီးမှ ပြောလိုက်သည်။ "သား ထုတ်လုပ်ရေးအဖွဲ့နဲ့ စာချုပ်ချုပ်ထားတယ်လေ... စာချုပ်ပါ စည်းကမ်းတွေကို လေးစားလိုက်နာသင့်တယ်"

ရှန်းယွီရှောင်က ပြတ်သားစွာ ပြောလိုက်သည်။ "ပြီးမြောက်သွားတဲ့ ကိစ္စတစ်ခုအပေါ် အချိန်ဆက်ပေးနေတာက အလကားဖြုန်းတီးရာ ရောက်တယ်... ဒါက စီးပွားရေးလုပ်ငန်းမှာ အကြီးမားဆုံး အပြစ်ပဲ"

သူ မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။

"ကျွန်တော် ပြုပြင်ပြောင်းလဲရေး လုပ်ပြီးသွားပြီလေ... အမေရော အဲ့လိုမထင်ဘူးလား"

ရှုချွီလိုင် မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။

တကယ် ပြုပြင်ပြောင်းလဲပြီးသွားပြီလား။

ခေါင်းမာပြီး မာနကြီးနေတုန်းပါပဲ။

ဒါပေမဲ့ အခု သူ့ကို ထိန်းချုပ်နိုင်တဲ့အရာ တစ်ခုတော့ ရှိလာပြီပေါ့။

ရှုချွီလိုင် ထိုအချက်ကို ထောက်ပြမနေတော့ဘဲ "ကောင်းပြီလေ... ဒါဆို မြို့ပြန်ကြတာပေါ့... ဒီက ဆောင်းရာသီက... ဖြတ်သန်းရ ခက်ခဲလွန်းပါတယ်" ဟု ညင်သာစွာ ပြောလိုက်သည်။

အမှုဆောင် ထုတ်လုပ်သူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ "ဒါ... ဒါဆို အစီအစဉ်က..."

ရှုချွီလိုင်က သူ့ကို တည်ငြိမ်စွာ အကြံပေးလိုက်သည်။ "မြို့ပြ အထူးကဏ္ဍ ဆိုပြီး ရိုက်လို့ရသေးတာပဲ"

"ဟုတ်သားပဲ... ဟုတ်သားပဲ..." အမှုဆောင် ထုတ်လုပ်သူမှာ အသက်ပြန်ဝင်လာသလို ခံစားလိုက်ရသည်။

လီမိသားစုရွာလေးသည် လျင်မြန်စွာပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ချမ်းသာသော သူဌေးများသည် ငှက်အုပ်ကြီးသဖွယ် ရောက်ချလာပြီး ဂယက်ရိုက်ခတ်မှုပေါင်း များစွာ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ယခု ရေကျသွားသကဲ့သို့ ရုတ်တရက် ပြန်လည်ထွက်ခွာသွားကြလေပြီ။

"သူတို့ သွားကြပြီ"

"ဘယ်လိုဖြစ်ပြီး အကုန်ပြန်သွားကြတာလဲ"

ရွာသားများသည် လည်ပင်းများ ရှည်ထွက်လာပြီး နှမြောတသ ငေးကြည့်နေကြသည်။

"ငါတို့ သူတို့ဆီက ပိုက်ဆံများများစားစားတောင် မရလိုက်ဘူး"

လီစုန့်သည် ထိုပြောစကားများကို နားထောင်ရင်း မျက်နှာကြွက်သားများ လှုပ်ရမ်းလာပြီး အနီးနားရှိ တစ်စုံတစ်ခုကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်လာသည်။

သူဌေးတွေ ဒီလောက်အများကြီး ရောက်လာတာတောင် သူ ဘာအကျိုးအမြတ်မှ မရလိုက်ဘူး။

ချင်းချင်းက သူ့အဖေကို အသုံးမကျဘူးလို့ ထင်သွားမလား။

လီစုန့် ထိုသို့ တွေးနေစဉ်မှာပင် ရွာသားတစ်ယောက် အော်ပြောလိုက်သံကို ကြားလိုက်ရသည်။ "အစ်ကိုလီစုန့်ကို ဘာလို့ ဖမ်းတာလဲဟ"

"ဘာဖြစ်တာလဲ"

လီစုန့် မျက်ခမ်းလှုပ်သွားပြီး အဝေးသို့ မော့ကြည့်လိုက်သည်။

ရဲများ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရ၏။

ရွာသားများ စုဝေးနေကြသဖြင့် ရဲများအတွက် ဖမ်းဆီးရ လွယ်ကူသွားစေသည်။

"ခင်ဗျားက လီစုန့်လား... လီမိသားစုရွာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မေးစရာရှိလို့ပါ" ရဲအရာရှိက လက်ထိပ်ကို ပြရင်း ပြောလိုက်သည်။ "စစ်ဆေးမေးမြန်းမှုကို ပူးပေါင်းဆောင်ရွက်ပေးပါ"

အခြားရွာသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး "လီရှောင်ယာ ဘယ်မှာလဲ... သူ့ကို ခေါ်လာခဲ့... ဘယ်လိုလုပ် လူကုန်ကူးမှု ဖြစ်သွားရတာလဲ" ဟု မေးကြသည်။

ရဲအရာရှိက အေးစက်စွာ ပြန်ဖြေလိုက်သည်။ "လီရှောင်ယာက သူ့မိသားစုနဲ့ လိုက်သွားပါပြီ... စောစောက ကားတွေ ထွက်သွားတာ ခင်ဗျားတို့ မမြင်လိုက်ကြဘူးလား"

"စောစောက တွေ့လိုက်တဲ့ လင်ကွန်းကားအရှည်ကြီးပေါ်မှာ သူပါသွားတာလား" ရွာသားများ အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

"ဒါဆို လီရှောင်ယာ့အဖိုးက တဖန် ပြန်ချမ်းသာသွားပြန်ပြီလား"

"လီရှောင်ယာက ကံကောင်းလိုက်တာ... ဘာလို့ သူပဲ ချမ်းသာတဲ့ ဆွေမျိုးတွေ ရှိနေရတာလဲ"

ရဲအရာရှိမှာ ဒေါသထွက်လွန်း၍ ပြောစရာစကား မရှိတော့ပေ။

ဒီလူတွေအတွက် ရာဇဝတ်မှု ကျူးလွန်သည့် အဆင့်ထိ ရောက်နေပြီ ဖြစ်သော်လည်း...

သူတို့ အဓိက ဂရုစိုက်နေသည်မှာ လီရှောင်ယာ ဇိမ်ခံကားနှင့် အကြိုခံရသည်ကိုသာ ဖြစ်နေသည်။

---

လင်ကွန်းကားပေါ်တွင် ယာဉ်မောင်းက မေးလိုက်သည်။

"ဆရာ... ဟိုတယ်ကို အရင် သွားမလား"

ဝေလင်းသည် လက်တင်ခုံပေါ်တွင် လက်ချောင်းများဖြင့် ခေါက်ရင်း အေးဆေးစွာ ပြောလိုက်သည်။

"လေဆိပ်ကို တန်းမောင်း”

All Chapters