← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

Chapter 67

ကားသည် လေဆိပ်သို့ ရောက်သည်အထိ တောက်လျှောက် မောင်းနှင်လာခဲ့၏။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဝေလင်းသည် အနောက်ဘက် ကားတံခါးဆီသို့ ဦးစွာ လျှောက်သွားလိုက်သည်။ ထို့နောက် တံခါးကို ယဉ်ကျေးစွာ ဖွင့်ပေးရင်း လှမ်းခေါ်လိုက်လေသည်။

"သခင်လေး"

ဝေဝမ်ချင်းသည် ကားထဲတွင် ထိုင်နေသည်။

ဝေလင်းကိုယ်တိုင် ရောက်လာမှတော့ မသိချင်ယောင်ဆောင်နေ၍ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် စောစောပိုင်းက ကင်မရာများ မရိုက်ကူးနိုင်သည့် နေရာတွင် ဝေဝမ်ချင်းသည် တိတ်တဆိတ်ပင် အနောက်ဘက်ကားဆီသို့ ရွှေ့ပြောင်းစီးနင်းလိုက်ပြီး လေဆိပ်အထိ လိုက်ပါလာခဲ့ခြင်း ဖြစ်ချေသည်။

"ရှောင်ယာ... သူဘယ်သူလဲ သိလား" ဝေလင်းက လီရှောင်ယာဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဒါ သမီးအဖိုးရဲ့ သားအရင်းလေ... သမီးမေမေရဲ့ မောင်ပေါ့"

ဝေလင်းသည် ပြောပြီးသည်နှင့် လီရှောင်ယာ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်၏။

လီရှောင်ယာ ခေါင်းလေးစောင်းကာ သူ့ကို ကြည့်ရင်း မေးလိုက်သည်။

"အားလုံးက မေမေ့ရဲ့ မောင်တွေချည်းပဲလား"

ဝေလင်း ရယ်မောလိုက်ပြီး -

"ဟုတ်တာပေါ့... အကုန်လုံးပဲ... မိသားစုကြီးဆိုတော့ သမီးမေမေမှာ ဆွေမျိုးတွေ အများကြီး ရှိတာပေါ့ကွယ်... သမီး တဖြည်းဖြည်း သိလာမှာပါ"

လီရှောင်ယာ မျက်နှာတွင် နားမလည်နိုင်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။

သူတို့အပြင် တခြားလူတွေ ရှိသေးတာလား။

ဝေလင်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ "တွေ့လား... လူတွေအများကြီးက သမီးကို ဂရုစိုက်နေကြတာ ဝမ်းသာစရာ မကောင်းဘူးလား... သမီးရဲ့ ဦးလေးငယ်လေးဆိုရင် စကားတောင် မပြောတတ်ရှာဘူး... ဒါပေမဲ့ သမီးကို လာရှာတယ်လေ"

လီရှောင်ယာ သူမ၏ လက်ဖဝါးကို ဆိတ်လိုက်မိသည်။

ဝေလင်း၏ စကားက ဦးလေးကို ထိခိုက်အောင် ရည်ရွယ်ပြောလိုက်တာလား။

"ကဲ... ဒီအကြောင်းတွေ မပြောတော့ဘူး... လေယာဉ်လက်မှတ် သွားဖြတ်ရအောင်" ဝေလင်းသည် လီရှောင်ယာ၏ ကျောကို သာသာလေး တွန်းပေးရင်း ပြောလိုက်သည်။

ယခုအခါ သူ စိတ်သက်သာရာ ရသွားပြီဖြစ်သည်။

ပထမအချက်အနေဖြင့် ဝေဝမ်ချင်းသည် စကားအသူဖြစ်နေ၍ လီရှောင်ယာနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဘာများ တတ်နိုင်ဦးမည်နည်း။

ဒုတိယအချက်မှာ လီရှောင်ယာသည် ရွယ်တူများထက် ထက်မြက်သော်လည်း ထိုအချက်က ဆိုးကျိုးမဟုတ်ပေ။ တခါတရံတွင် ထက်မြက်လေ အခြေအနေမှန်ကို ပိုမြင်လေ ဖြစ်တတ်သည်။ သူမ၏ မိခင်ဘက်မှ ဆွေမျိုးများသည် အရာမဝင်တော့ဘဲ အားကိုး၍ မရမှန်း သူမ သဘာဝကျကျ သိမြင်လာလိမ့်မည် ဖြစ်သည်။

"ရဲဦးလေးတွေနဲ့ အသေးစိတ် ဆွေးနွေးရဦးမယ်ဆို" လီရှောင်ယာက သူ့ကို မော့ကြည့်ရင်း မေးလိုက်သည်။

ဝေလင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"နောက်မှ ဗီဒီယိုကော ခေါ်လိုက်လို့ ရပါတယ်"

"ဗီဒီယိုကော ဟုတ်လား"

"ဟုတ်တယ် ဖုန်းနဲ့ပြောကြတာပေါ့... ပြန်ရောက်ရင် သမီးမှာ ဖုန်းရှိလာမှာပါ"

"အော်"

ဝေလင်းသည် ပထမတန်းစား လက်မှတ်များကို ကြိုတင်မှာယူထားခဲ့သည်။ မူလက လီရှောင်ယာ အနေရခက်အောင် တမင်လုပ်ချင်သော်လည်း ပြန်စဉ်းစားကြည့်သောအခါ မလိုအပ်ဟု ယူဆလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဟိုသခင်လေးတစ်သိုက်က သူမအပေါ် ကောင်းလွန်းခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူက အခုမှ သူမကို အရှက်ခွဲလိုက်လျှင် နှိုင်းယှဉ်လိုက်ပါက သူအရေးနိမ့်သွားမည် စိုးသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် သူသည် ကြင်နာတတ်သော "ဦးလေး" အဖြစ် ဟန်ဆောင်နေရဦးမည်။

ထို့ကြောင့် လေယာဉ်ပေါ် ရောက်သောအခါ ဝေလင်းသည် ပထမတန်းစား ခရီးသည်ဆောင်တွင် အစားအသောက် ဘယ်လိုမှာရမည်၊ ကိုယ့်လိုအပ်ချက်ကို ဘယ်လိုပြောရမည် ဆိုသည်များကို လက်တွေ့သင်ကြားပေးလေသည်။

ထိုအချိန်တွင် ဝေဝမ်ချင်းသည် မိမိကိုယ်ကို ဆွံ့အသူဖြစ်ရသည်ကို အလွန်အမင်း မုန်းတီးမိတော့သည်။

ဝေလင်းနှင့် ရှောင်ယာတို့ ရင်းနှီးနေကြသည်ကို သူ ဘေးမှ ထိုင်ကြည့်နေရုံသာ တတ်နိုင်သည် မဟုတ်ပါလော။

လေယာဉ် ပထမဆုံးစီးဖူးသော်လည်း လီရှောင်ယာသည် ကြောက်ရွံ့ပုံမပြပေ။

သူမသည် လေယာဉ်ပေါ်တွင် ကောင်းမွန်စွာပင် အိပ်စက်လိုက်သေးသည်။

"အိမ်" ပြန်ရောက်လျှင် ဘာတွေ ကြုံရမည်မှန်း မသိသေးတာမို့ အရင်ဆုံး အားမွေးထားတာ ပိုကောင်းသည်ဟု တွေးမိသောကြောင့် ဖြစ်ပေမည်။

---

ဟွာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဝေမိသားစုသည် ကျင်းမြို့တွင် ယာယီ အခြေချလေသည်။

ကျင်းမြို့သည် ဟွာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နယ်ပယ်ပေါင်းစုံမှ အထက်တန်းလွှာများ စုဝေးရာဖြစ်သည်။ ကွမ်ဟွာလုံးချင်းအိမ်ရာသည် အလွန်ကျော်ကြား၏။

အဘယ်ကြောင့်ဆိုသော် နာမည်ကြီး ပုဂ္ဂိုလ်အများစုသည် ဤနေရာတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။

ဝေမိသားစု၏ နေအိမ်ကမူ ပို၍ပင် ထူးခြားခမ်းနားပေသည်။

ကွမ်ဟွာအိမ်ရာ၏ အလယ်ဗဟိုတွင် လူလုပ်ရေကန်ကြီးတစ်ခု တည်ရှိပြီး ဝေမိသားစုနေအိမ်သည် ရေကန်ဘေးတွင် တည်ရှိသည်။ ငါးထပ်တိုက် အိမ်ကြီးဖြစ်ပြီး သစ်ပင်ကြီးများအောက်တွင် ကွယ်ဝှက်ထားသဖြင့် ပိုင်ရှင်များ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အပြည့်အဝ အကာအကွယ် ပေးထားလေသည်။

ကားသည် အိမ်ရာဝင်းထဲသို့ ဝင်ရောက်လာပြီး မကြာခင် ရပ်တန့်သွားသည်။

ဝေလင်းသည် လီရှောင်ယာလက်ကို ဆွဲ၍ ကားပေါ်မှ ဆင်းကာ ဂေါက်ကွင်းသုံးကားလေးပေါ်သို့ ပြောင်းစီးလိုက်ကြသည်။

ကားလေးသည် မြက်ခင်းပြင်များကို ဖြတ်သန်းပြီး ကွေ့ကောက်သော လမ်းများအတိုင်း မောင်းနှင်ကာ နောက်ဆုံးတွင် ရေကန်ဘေးသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင် ရှုခင်းများမှာ အလွန်သာယာလှပလှသည်။

ဝေလင်းက စကားစလိုက်သည်။

"ဒါက မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကြားက ငြိမ်းချမ်းမှု အစစ်အမှန်ပဲ... ကွန်ကရစ်တောကြီးထဲက စိမ်းလန်းမှုလေးတစ်ခုပေါ့... ဒါကြောင့် တန်ဖိုးရှိတာ"

လီရှောင်ယာ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။

သူ၏ လေသံတွင် ဤနေရာသည် သူပိုင်ဆိုင်သယောင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေပေသည်။

"သခင်ကြီး ပြန်လာပြီ" အစေခံများသည် တံခါးဝတွင် စောင့်ဆိုင်းနေကြပြီး နှုတ်ဆက်ရန် အပြေးအလွှား ရောက်လာကြသည်။

သူတို့သည် လီရှောင်ယာကို စူးစမ်းသလို ကြည့်ကြပြီး မျက်ဝန်းများထဲတွင် စိမ်းသက်မှုနှင့် အံ့သြမှုများ ပြည့်နှက်နေသည်။

ဤမြင်ကွင်းက ဝေဝမ်ချင်းကို နေရခက်စေသည်။

လီရှောင်ယာက ဒီအိမ်သား ဖြစ်သင့်သော်လည်း ဝေလင်းက သခင်ဖြစ်နေသယောင် ရှိသည်။

အဖေက သူ့ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားမိပြီ။

များလွန်းနေပြီ။ ဝေဝမ်ချင်း အံကြိတ်ပြီး ရှေ့တိုးလိုက်သည်။

အစေခံများသည် ဝေဝမ်ချင်းကိုလည်း သတိထားမိသွားကြပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"သခင်လေး ဘယ်တွေသွားနေတာလဲ... ဒီရက်ပိုင်း ကျွန်တော်တို့ လိုက်ရှာနေကြတာ... သခင်လေး ကျန်းမာရေးက အပြင်ထွက်ဖို့ မသင့်တော်ပါဘူး..."

ဝေဝမ်ချင်းက အစေခံကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

အစေခံ၏ စကားသံမှာ အရှိန်ရပ်သွားပြီး ကသိကအောင့် ဖြစ်သွားရ၏။

"ကဲပါ" ဝေလင်းက ကြားဖြတ်ပြောလိုက်သည်။ "ငါမရှိတုန်း အဖိုး ကျန်းမာရေး ဘယ်လိုလဲ"

"ဒီတိုင်းပါပဲ... သခင်လေး ပျောက်သွားတဲ့ကိစ္စကို အဖိုးကို မပြောရဲကြဘူး" အစေခံက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

ဝေလင်း ပြုံးလိုက်ပြီး -

"အင်း... အခု ပြန်ရောက်လာပြီပဲလေ"

ဤနေရာတွင် ဝေလင်းသည် သူ့သရုပ်ဆောင်မှုကို အဆုံးသတ်လိုက်သည်။

ဟုတ်သည်... သရုပ်ဆောင်မှုပင် ဖြစ်သည်။

ဤမျှ ရှည်လျားသော စကားပြောဆိုခန်းများသည် ယခုအချိန်တွင် ဤအိမ်၌ မည်သူက အာဏာရှိကြောင်း လီရှောင်ယာ ရှင်းရှင်းလင်းလင်း မြင်သာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

"လာကြ... အားလုံးပဲ သခင်မလေးနဲ့ မိတ်ဆက်လိုက်ကြ" ဝေလင်းက နောက်ဆုံးတွင် ထိုစကားကို ပြောလိုက်လေသည်။

အစေခံများ တုန်လှုပ်သွားကြပြီး အချင်းချင်း မျက်နှာပျက်ပျက်ဖြင့် ကြည့်လိုက်ကြသည်။

"သခင်... သခင်မလေး ဟုတ်လား" သူတို့ အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

"ဟုတ်တယ်... ဒါ သခင်မလေး ဝမ်ယွီရဲ့ သွေးသားရင်းချာလေ" ဝေလင်းက သက်ပြင်းချလိုက်ပြီး "လောလောဆယ် အဖိုးကို ဒီကိစ္စ မပြောကြနဲ့ဦး... သူ့ကျန်းမာရေးက စိတ်ထိခိုက်လို့ မဖြစ်ဘူး... သခင်မလေး ဝမ်ယွီ ဒီလောကထဲမှာ မရှိတော့ဘူးဆိုတာ သူသိရင် ခံနိုင်မှာ မဟုတ်ဘူး"

"ဟုတ်... ဟုတ်ကဲ့ပါ" အစေခံများမှာ ကြောင်အမ်းအမ်း ဖြစ်နေကြဆဲပင်။

"အထဲဝင်ကြတာပေါ့" ဝေလင်းက ပြောရင်း လီရှောင်ယာ၏ ခေါင်းကို ချစ်စနိုး ပုတ်လိုက်သည်။ "သမီးက ဦးလေးအခန်းဘေးမှာ နေနော်... ကြောက်ရင် ဦးလေးအခန်းတံခါးကို အချိန်မရွေး လာခေါက်လို့ရတယ်... သမီးရဲ့ ဦးလေးငယ်တွေက ကျန်းမာရေး မကောင်းကြတော့ သွားမနှောင့်ယှက်ရဘူးလေ"

လီရှောင်ယာ ခေါင်းညိတ်လိုက်သည်။

"အဖိုး" ဆိုသည်မှာ သူမ၏ အဖိုးကို ပြောတာလား။

"ကျန်းမာရေးမကောင်း" ဆိုသည်မှာ ဝေလင်း၏ ပါးစပ်ဖျားတွင် အကောင်းဆုံး ဆင်ခြေတစ်ခု ဖြစ်လာခဲ့ချေပြီ။

အဖိုးက ကျန်းမာရေး မကောင်းလို့ သူမကို မတွေ့နိုင်ဘူး။ ဦးလေးငယ်တွေကလည်း "ကျန်းမာရေး မကောင်း" လို့ သွားမနှောင့်ယှက်ရဘူး။

လီရှောင်ယာသည် ထိုအချက်ကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားလိုက်ပြီး ဝေလင်းနောက်သို့ လိမ္မာစွာ လိုက်ပါသွားလေသည်။

မူလက ငါးထပ်တိုက်ကြီး၏ အနောက်တွင် ဧည့်ဂေဟာတစ်ခု သီးသန့် ရှိနေသေးသည်ကို တွေ့ရသည်။

ဝေလင်းက ထိုဧည့်ဂေဟာတွင် နေထိုင်ပြီး ယခု လီရှောင်ယာကိုပါ ထိုနေရာ၌ ထားရှိရန် စီစဉ်ခြင်း ဖြစ်သည်။

"ဒီနှစ်ယောက်က ဖိလစ်ပိုင် အိမ်အကူတွေလေ... သမီးရဲ့ နေ့စဉ်ဝေယျာဝစ္စတွေကို တာဝန်ယူပေးလိမ့်မယ်... ဒါပေမဲ့ သူတို့က ဟွာနိုင်ငံစကား သိပ်မကျွမ်းကျင်တော့ ပြောရဆိုရ နည်းနည်းခက်လိမ့်မယ်... ဒါပေမဲ့ သူတို့က ပြုစုစောင့်ရှောက်တဲ့နေရာမှာ အတွေ့အကြုံ အများကြီးရှိတာမို့ သမီးကို ကောင်းကောင်း ဂရုစိုက်ပေးမှာပါ"

ဝေလင်းက အသားညိုညို အိမ်အကူ အမျိုးသမီးနှစ်ယောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။

ဒါကလည်း သိသာထင်ရှားစွာပင် ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။

ဘာသာစကား အခက်အခဲရှိနေမှသာ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာမည် မဟုတ်ပါလော။

"သမီးက ဂုဏ်ရှိတဲ့သူဆိုတော့ သက်တော်စောင့်တွေလည်း စီစဉ်ပေးရမယ်..."

"သမီး ဝေကျန်း ကို လိုချင်တယ်" လီရှောင်ယာက ချက်ချင်း ဖြတ်ပြောလိုက်သည်။

ဝေလင်း အံ့သြသွားသည်။

သူက လီရှောင်ယာ ဝေကျန်းကို မုန်းနေမည် ထင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝေကျန်းက ဒေါသကြီးပြီး ခေါင်းမာတတ်မှန်း သိသောကြောင့် ကလေးမလေး မှတ်လောက်သားလောက် ဖြစ်သွားအောင် ဝေကျန်းကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဝေကျန်းသည် တံခါးဝတွင် ရပ်နေပြီး လီရှောင်ယာ၏ စကားကို ကြားသောအခါ အံ့သြသွားရသည်။

"သမီး သူ့ကိုပဲ လိုချင်တာ... သူတစ်ယောက်တည်းပဲ" လီရှောင်ယာက သေချာပေါက် ပြောလိုက်သည်။

ဝေလင်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဝေကျန်းကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။

"ဟား... မင်းက သခင်မလေးရဲ့ အချစ်တော် ဖြစ်နေပါလား... သူက မင်းကို တော်တော်ယုံတာပဲ"

ဝေကျန်း နှုတ်ခမ်းများ လှုပ်ရမ်းသွားသော်လည်း တစ်ခဏမျှ ဘာပြောရမှန်း မသိတော့ပေ။

ဝေလင်း၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... ဒါဆို ဝေကျန်းကပဲ သမီးရဲ့ သက်တော်စောင့် ဆက်လုပ်ခိုင်းလိုက်မယ်"

"သူပြောတော့ သူက သမီးရဲ့ အသေခံအစောင့်အရှောက် ဆို"

"ဟုတ်တယ်... ဟုတ်တယ်... ဦးလေးတို့ မိသားစုက ရှေးရိုးနည်းနည်းဆန်တော့ အသေခံအစောင့်အရှောက် ထားတဲ့ဓလေ့ ရှိသေးတယ်လေ"

"ဒါဆို သူက သမီးအတွက် အသေခံပေးနိုင်တယ်ပေါ့"

ဝေလင်း ခဏမျှ တုံ့ဆိုင်းသွားပြီး ဝေကျန်းကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဟုတ်တယ်... အဲ့ဒီသဘောပဲ"

နောက်ဆုံးတွင် လီရှောင်ယာ အားကိုးရမည့်သူက ဝေကျန်းဖြစ်သွားမည်ကိုတော့ သူ လုံးဝအဖြစ်ခံမည် မဟုတ်ပေ။

လီရှောင်ယာက ဝေလင်းကို မော့ကြည့်ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။

ဝေလင်းကလည်း ကျေနပ်စွာ ပြန်ပြုံးပြ၏။

ဝေကျန်းတစ်ယောက်သာ မျက်နှာ ဖြူဖျော့သွားရှာသည်။ တောင်ပေါ်ရွာလေးမှာ ကြီးပြင်းလာတဲ့ ဒီကောင်မလေးက... ကိုင်တွယ်ရ နည်းနည်းခက်မယ့်ပုံ ပေါက်နေသည်။

ဒါပေမဲ့ ဝက်စာကျွေးတာ၊ ကြက်စာကျွေးတာတွေ မရှိတော့ရင် ဒီကောင်မလေးက သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။

"အော် ဒါနဲ့... သမီးအတွက် ကြိုစီစဉ်ပေးထားတဲ့ အဝတ်အစားတွေ သွားစမ်းဝတ်ကြည့်လိုက်ဦး... မနက်ဖြန်ကျရင် ဝေမိသားစု ကိုယ်စားပြုအနေနဲ့ ညစာစားပွဲ တက်ရမယ်" ဝေလင်းက လှမ်းပြောလိုက်သည်။

ဒါက ဝေလင်း ကြိုတင်ကြံစည်ထားသော အကွက်တစ်ခုပင်။

သူမ ဘယ်လောက်ပဲ ထက်မြက်ပါစေ... အထက်တန်းလွှာ ညစာစားပွဲတွင် သူမ၏ ဆင်းရဲမွဲတေမှုနှင့် အချိုးမကျမှုများကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ အဲ့ဒီအချိန်ကျမှ သူက "ကယ်တင်ရှင်" အဖြစ် ဝင်ပါလိုက်မည်။

သူမကို တဖြည်းဖြည်း ယုံကြည်လာအောင် ပြုလုပ်ပြီး နောက်ဆုံးတွင် ဝေမိသားစုနှင့် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲတွင် ရှင်သန်ရပ်တည်နိုင်ရန် သူ့ကိုသာ အားကိုးရမည့် အခြေအနေ ရောက်အောင် ဖန်တီးရပေမည်။

All Chapters