← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

Chapter 68

ဝေလင်း ကြိုတင်ပြင်ဆင်ထားသော အဝတ်အစားများမှာ ဆိုဒ်မမှန်သလို ဖြစ်နေသည်။

ဝေလင်းကမူ "အဆင်ပြေပါတယ်" ဟု ဆို၏။

သူသည် အမှတ်တံဆိပ် တစ်ခုကို ချက်ချင်း ဆက်သွယ်ကာ ဆိုဒ်အမျိုးမျိုး အဝတ်အစားများကို အိမ်အရောက် လာပို့စေပြီး အဆင်ပြေသည်အထိ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်စေသည်။

သူသည် လီရှောင်ယာရှေ့တွင် သူ့စွမ်းရည်ကို ပြသခွင့် မရလိုက်မည်ကို စိုးရိမ်နေသကဲ့သို့ ယခုအချိန်မှာ အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလော။

လီရှောင်ယာသည် ဝေမိသားစုအိမ်သို့ ရောက်ချိန်မှစ၍ ည ၁၀ နာရီကျော်သည်အထိ အဝတ်အစားများ စမ်းဝတ်နေရရှာသည်။

ကံကောင်းစွာဖြင့် သူမ လေယာဉ်ပေါ်တွင် တစ်ရေးအိပ်လာခဲ့၍သာ တော်တော့သည်။ မဟုတ်လျှင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

အမှတ်တံဆိပ်မှ ဝန်ထမ်းများသည် လက်ဆွဲသေတ္တာများကို သိမ်းဆည်းပြီး ဝေမိသားစုအိမ်မှ ပြန်ထွက်လာကြသည်။

လူတိုင်း ရသစုံ အစီအစဉ်များကို ကြည့်ကြသည်တော့ မဟုတ်ပေ။

ဝန်ထမ်းတစ်ဦးက လုပ်ဖော်ကိုင်ဖက်ကို ချက်ချင်း မေးလိုက်သည်။

"ဟိုကလေးက ဘယ်သူလဲ... ဝေမိသားစုက သူ့အပေါ် တော်တော် ကောင်းတာပဲနော်... စိတ်တိုင်းကျတဲ့အထိ အဝတ်တွေ စမ်းဝတ်ခိုင်းနေတာ"

လုပ်ဖော်ကိုင်ဖက်က ခေတ္တရပ်ပြီး ပြန်ပြောလိုက်သည်။

"တကယ်ရော ကောင်းတာ ဟုတ်ရဲ့လား... သူက အသက်တော်တော် ငယ်သေးတယ်လေ... တကယ်သာ ဂရုစိုက်တယ်ဆိုရင် အဝတ်အစားတွေကို တစ်ထည်ချင်း စမ်းဝတ်ခိုင်းနေမယ့်အစား ဆိုဒ်ကြိုတိုင်းထားသင့်တာပေါ့... သနားစရာ ကလေးမလေးခမျာ ပင်ပန်းနေရှာမှာ... သူတို့လုပ်ပုံက တခြားလူတွေအထင်ကြီးအောင် တမင်ကြွားနေသလိုပဲ"

"အော်... နင့်စကားက ဟုတ်သားပဲ"

သူတို့သည် အနောက်ဘက်ရှိ ခမ်းနားထည်ဝါသော ဗီလာကြီးကို ပြန်လှည့်ကြည့်ရင်း "သူဌေးတွေရဲ့ ကိစ္စတွေက ရှုပ်ထွေးလိုက်တာဟယ်" ဟု တီးတိုး ရေရွတ်လိုက်ကြသည်။

ကံကောင်းသည်မှာ ဝေလင်း၏ ပြဇာတ်ခင်းမှုက သိပ်မလွန်ကဲသေးပေ။

အဝတ်အစား ရွေးချယ်ပြီးနောက် ဝေလင်း ထွက်ခွာသွားလေသည်။

အိမ်သစ်ကြီးတွင် ပစ္စည်းများကို မည်သို့ အသုံးပြုရမည်ကို လီရှောင်ယာအား ဘယ်သူမှ သင်မပေးကြသော်လည်း သူမသည် ကြောက်ရွံ့ခြင်း၊ နေရခက်ခြင်း မရှိပေ။

သူမသည် ရေချိုးခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး ထူးဆန်းသော ပုံစံရှိသည့် ရေပန်းခေါင်းကို ကြည့်ကာ ရေပိုက်ခေါင်း မည်သို့ဖွင့်ရမည်ကို ကိုယ့်ဘာသာ စမ်းသပ်ကြည့်လိုက်သည်။

ရှန်းယွီရှောင် သူမကို သင်ပေးဖူးသည်လေ။

ရေချိုးပြီးနောက် ဆံပင်ခြောက်စက်ကို ရှာဖွေပြီး ဖွင့်ကြည့်လိုက်သည်။

ရှန်းယွီရှောင် သုံးတာ သူ မြင်ဖူးထားသည်။

သူမသည် ကိုယ့်ဘာသာ ကောင်းမွန်စွာ စီမံပြီးမှသာ အိပ်ရာကြီးပေါ်သို့ တက်လိုက်လေ၏။

ကြီးမားကျယ်ဝန်းသော ကုတင်ကြီး၊ နွေးထွေးနူးညံ့သော စောင်တို့နှင့် အိပ်စက်ရသည်မှာ သူမအတွက် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

သို့သော် သူမ ချက်ချင်း အိပ်မပျော်နိုင်ပေ။

လီရှောင်ယာသည် မျက်နှာကြက်ကို တစ်ဆိတ် ငေးကြည့်နေပြီးမှ ရုတ်တရက် ထကာ လီမိသားစုရွာမှ သူမ ယူလာသော ကျောပိုးအိတ်လေးကို မွှေနှောက်ရှာဖွေလိုက်သည်။

အိတ်က ရှန်းယွီရှောင် ဝယ်ပေးထားသည့် အိတ်ကလေးပင် ဖြစ်သည်။

သူမသည် ဇစ်ကို ဂရုတစိုက် ဖွင့်လိုက်ပြီး အမေ့ဓာတ်ပုံကို ထုတ်ယူကာ ရင်ခွင်ထဲသို့ ထည့်ပိုက်ပြီးမှ ကုတင်ပေါ် ပြန်တက်လိုက်သည်။

"မေမေ... သမီးတို့ အိမ်ပြန်ရောက်ပြီနော်" ဟု သူမ တိုးတိုးလေး ရေရွတ်ရင်း မျက်လုံးများကို မှိတ်လိုက်လေသည်။

လီရှောင်ယာ အိပ်ပျော်သွားပြီ ဖြစ်သည်။

သို့သော် ဝေဝမ်ချင်းမှာမူ အိပ်မပျော်နိုင်ပေ။ သူသည် ဒုတိယအစ်ကိုဖြစ်သူကို သွားရှာရန် ထွက်လာခဲ့သော်လည်း အခန်းထဲ ဝင်ရန် ပြုလုပ်စဉ် အစေခံတစ်ဦးက တားဆီးလိုက်သည်။

"ဒုတိယသခင်လေး အခုမှ အိပ်တာပါ... သွားမနှောင့်ယှက်ရင် ကောင်းမလားလို့ပါ"

ဝေဝမ်ချင်းက ချက်ချင်းပင် အစေခံ၏ ပါးကို ရိုက်ချလိုက်သည်။

အစေခံမှာ ကြောင်အမ်းသွားရသည်။

အရင်က ဒီနည်းလမ်းနဲ့ တားရင် ရနေကျလေ။ ဒီသခင်လေးက ဒေါသသိပ်မထွက်တတ်ရှာပါဘူး... ဘယ်လိုဖြစ်ပြီး ရုတ်တရက် လူရိုက်လာရတာလဲ။

ဝေဝမ်ချင်းသည် သူ ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ အစေခံကို တွန်းဖယ်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

*အခြေအနေတွေက မတူတော့ဘူး* ဟု သူ အံကြိတ်ရင်း တွေးလိုက်မိသည်။ *ငါ့မှာ ကာကွယ်ရမယ့်သူ ရှိနေပြီ... မင်းတို့ကောင်တွေ ဘယ်သူမှ ငါ့လမ်းကို ပိတ်လို့မရတော့ဘူး*

"ဘယ်သူလဲ" ဒုတိယသခင်လေးသည် အိပ်ပျော်နေရာမှ လန့်နိုးသွားပြီး ကုတင်ဘေး မီးအိမ်ကို စမ်းသပ်ဖွင့်လိုက်သည်။

"အော်... မင်းကိုး ဝမ်ချင်း" ဒုတိယသခင်လေးက အားနည်းသော အသံဖြင့် ပြောလိုက်သည်။ "မင်း ဘာလို့ ပြန်လာတာလဲ" စကားပြောရင်း ဒုတိယသခင်လေး မျက်မှောင်ကြုတ်လိုက်သည်။ "ငါ မင်းကို မှာထားတယ်မလား..."

ဝေဝမ်ချင်း လက်ကို အမြန်မြှောက်လိုက်ပြီး လက်သင်္ကေတ အချို့ ပြလိုက်သည်။

အတူတူ နေလာကြသည့် ညီအစ်ကိုများ ဖြစ်သည့်အလျောက် ဒုတိယသခင်လေးက ချက်ချင်း သဘောပေါက်သွားသည်။

"ဘာ... သူ့ကို တွေ့ပြီလား... ဘယ်မှာလဲ... ဘယ်မှာလဲ" ဒုတိယသခင်လေးသည် ကုတင်ခေါင်းရင်းကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ထထိုင်ရန် ကြိုးစားလိုက်သည်။

ဝေဝမ်ချင်းက ဆက်လက်၍ လက်သင်္ကေတ ပြပြန်သည်။

ဒုတိယသခင်လေး၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။ "ဝေလင်း... ဝေလင်းက လက်ဦးသွားတာလား... မင်း ဘယ်လိုလုပ်ပြီး..."

ဝေဝမ်ချင်းက ဖြတ်၍ လက်သင်္ကေတ ပြလိုက်သည်။ "ဒါ လီရှောင်ယာ ရွေးချယ်မှုပါ... ငါ စဉ်းစားပြီးပြီ... ငါတို့က အခု ကိုယ်လက်မသန်စွမ်းတဲ့သူတွေ ဖြစ်နေပြီလေ... ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ဂရုစိုက်နေရတာ... သူ့ကို ဘယ်လို စောင့်ရှောက်နိုင်မှာလဲ... ဝေလင်းကိုပဲ ခဏ စောင့်ရှောက်ခိုင်းထားလိုက်ပြီး ငါတို့က နောက်ကွယ်ကနေ ကာကွယ်ပေးတာ ပိုကောင်းပါတယ်..."

ဒုတိယသခင်လေးက ဖြတ်ပြောလိုက်ပြီး မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြစ်နေသည်။ "တကယ်ပဲ အဲ့လိုဖြစ်ရမှာလား... သူက ငါတို့ကို... အထင်သေးလို့များလား... ဒါကြောင့် ဝေလင်းဘက်ကို လိုလိုလားလား ပါသွားတာများလား"

ထိုစကားကို ကြားသောအခါ ဝေဝမ်ချင်း ဒေါသကြောင့် မျက်နှာ နီရဲသွားသည်။ သူက လက်ဟန်ခြေဟန် အမူအရာပြင်းပြင်းဖြင့် ပြန်ပြောလိုက်သည်။ "အစ်ကို ဘယ်လိုလုပ် အဲ့လိုတွေးရတာလဲ... သူက ငါတို့အစ်မရဲ့ သမီးလေ... သူက သိပ်လိမ္မာတဲ့ ကလေးပါ... ငါက သူ့ကို ကာကွယ်ပေးချင်သလို သူကလည်း ငါတို့ကို ကာကွယ်ပေးချင်နေရှာတာ"

ဒုတိယသခင်လေး တိတ်ဆိတ်သွားသည်။

ဝေဝမ်ချင်းသည် အစ်ကိုဖြစ်သူ၏ အပြုအမူကို သည်းမခံနိုင်တော့သဖြင့် ရှေ့သို့ ပြေးသွားကာ ကော်လာစကို ဆွဲကိုင်လိုက်သည်။

"အစ်ကို... သူ့ကို အဲ့လို မထင်ပါနဲ့... သူက ကောင်းတယ်... အရမ်း ကောင်းတဲ့ ကလေးပါ..."

ဒုတိယသခင်လေးက ဝေဝမ်ချင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ငါ သိပါတယ်... ငါ စိတ်ပူလို့ပါ... ရင်းနှီးတဲ့သူတွေရဲ့ အထင်သေးမှုကို ခံရတာ ဘယ်လိုခံစားရလဲ ဆိုတာ ငါတို့အကုန် ခံစားဖူးကြတယ်မလား... ငါ ကြောက်လို့ပါကွာ... ဝမ်ချင်း... ငါ သူ့ကို တွေ့ချင်တယ်... အခုချက်ချင်း"

ဝေဝမ်ချင်းက မျက်စောင်းထိုးရင်း လက်သင်္ကေတ ပြလိုက်သည်။ "သူ အိပ်နေလောက်ပြီ"

ဒုတိယသခင်လေး၏ ဖြူဖျော့သော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ွင်လာသည်။ "ဒါပေမဲ့ ငါ မစောင့်နိုင်တော့ဘူး... တော်ပါပြီလေ... ထားလိုက်ပါတော့... ဒါနဲ့ သူက ဝမ်ယွီ နဲ့ တူလား ပြောပါဦး"

ဝေဝမ်ချင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ငါ့ကို အရင်ပြောပြပါဦး... မင်း လီမိသားစုရွာကို ရောက်သွားတော့ ဘာဆက်ဖြစ်လဲ"

ညီအစ်ကိုနှစ်ယောက် ဤမျှ ရင်းရင်းနှီးနှီး စကားမပြောဖြစ်ကြသည်မှာ နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီ မသိပေ။

တစ်ယောက်က ဆွံ့အသူဖြစ်နေပြီး စကားပြောနိုင်စွမ်း ဆုံးရှုံးသွားပြီး‌ေနာက် တခြားသူများနှင့် ဆက်သွယ်ပြောဆိုချင်စိတ် မရှိတော့‌ေပ။

နောက်တစ်ယောက်က ခါးအောက်ပိုင်း သေနေပြီး အခန်းအပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ချင်‌ေပ။

သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦး ခေါင်းချင်းဆိုင်ကာ တစ်ယောက်က ပြော၊ တစ်ယောက်က လက်သင်္ကေတပြ၊ ရယ်လိုက် ငိုလိုက်နှင့် ဖြစ်နေကြသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော ခံစားချက်များ အားလုံးကို ဤနေ့တွင်မှ ဖွင့်ထုတ်လိုက်ကြသကဲ့သို့ပင်။

---

ဤလှုပ်ရှားမှုများကို ဝေလင်း သတိမထားမိဘဲ မ‌ေန‌ေချ။။

သတင်းကြားပြီးနောက် ဝေလင်းက လက်ကာပြကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... လူလည်း ပြန်ရောက်လာပြီဆိုတော့ သူတို့ စိတ်လှုပ်ရှားနေကြတာ ပုံမှန်ပါပဲ"

သူတို့ စိတ်လှုပ်ရှားနေလည်း အလကားပါပဲလေ။

ဝေလင်းသည် ကျေနပ်အားရစွာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ၏။

နောက်တစ်နေ့တွင် လီရှောင်ယာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လန့်ဖျပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် သူမကုတင်ဘေးတွင် လူနှစ်ယောက် ရပ်နေသောကြောင့် ဖြစ်သည်။

တစ်ယောက်က သူမနှင့် ရင်းနှီးပြီးသား ဝေဝမ်ချင်း ဖြစ်သည်။ နောက်တစ်ယောက်ကိုတော့ သူမ မသိပေ... ထိုလူ၏ မျက်နှာမှာ ပိန်ချုံး၍ ချိုင့်ဝင်နေပြီး မျက်လုံးများ နီရဲကာ စိတ်လှုပ်ရှားနေသော အမူအရာ ရှိနေသည်။ အရေးအကြီးဆုံးမှာ သူက... ဝှီးချဲပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဝေဝမ်ချင်းနှင့် ဒုတိယသခင်လေးတို့လည်း သူတို့ကြောင့် လီရှောင်ယာ လန့်သွားမှန်း သတိပြုမိလိုက်ကြသည်။

ဒုတိယသခင်လေးက မျက်နှာကို အနေခက်စွာ ပွတ်သပ်လိုက်သည်။ မှန်ထဲတွင် နောက်ဆုံးမြင်ခဲ့ရသော သူ့ရုပ်သွင်ကို ပြန်စဉ်းစားမိလိုက်၏... သူ့ပုံစံက တော်တော်လေး ကြောက်စရာကောင်းနေလောက်သည်။

ထို့ကြောင့် ဒုတိယသခင်လေးသည် ဝှီးချဲကို အနောက်သို့ ဆုတ်ရန် ပြင်လိုက်သည်။

သို့သော် ကလေးမလေး၏ ကြည်လင်ပြတ်သားသော အသံလေးကို ကြားလိုက်ရသည်။

"ဒုတိယဦးလေးလား"

ဒုတိယသခင်လေး၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။

သူ၏ မျက်နှာထားလည်း အေးခဲသွားရ၏။

ခဏအကြာမှ အသိပြန်ဝင်လာပြီး ဝေဝမ်ချင်း၏ လက်မောင်းကို ဆွဲလှုပ်ကာ မေးလိုက်သည်။ "သူ ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ... ဘယ်လိုခေါ်လိုက်တာလဲလို့"

ဝေဝမ်ချင်း - "....."

*မင်းက ငါ့လက်ကို ဆွဲထားပြီးတော့ ငါက ဘယ်လိုလုပ် "ပြော" ပြရမှာလဲ*

ရယ်သံတစ်သံက ဒုတိယသခင်လေး၏ လည်ချောင်းဝမှ အော်ဟစ်ထွက်ပေါ်လာသည်။

ထိုရယ်သံသည် ဖိနှိပ်ထားသလိုလို ခါးသီးသလိုလို ဖြစ်နေသည်။ ရယ်မောရင်း သူ့မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။

သူ လီရှောင်ယာကို တဖန် ပြန်ကြည့်လိုက်သည်။

သေးလိုက်တာ...

ငယ်စဉ်က သူ့ညီမလေးကို ပြန်မြင်နေရသလိုပင်။

ဒါပေမဲ့ ဒီကလေးရဲ့ မျက်နှာမှာ သူ့ညီမလေးထက် ပိုပြီး ရဲရင့်ကြံ့ခိုင်တဲ့ အရိပ်အယောင်လေးတွေ တွေ့နေရတယ်။

"သမီး ငါ့ကို ဒုတိယဦးလေးလို့ ခေါ်လိုက်တာမလား... ငါက ဒုတိယဦးလေးမှန်း ဘယ်လိုသိတာလဲ" ဒုတိယသခင်လေးက အသံကို ပျော့ပျောင်းအောင် ပြုလုပ်ပြီး မေးလိုက်ရာ နောက်ဆုံးတွင် သာမန်လူကြီးတစ်ယောက်နှင့် တူသွားလေသည်။

"သမီး ကြိုသိထားတယ်... ဦးလေးကြီးနဲ့ အဒေါ်ကြီးက ဆုံးသွားပြီ... ဒုတိယဦးလေးက ဝှီးချဲနဲ့... ဦးလေးငယ်က စကားမပြောနိုင်တော့ဘူး ဆိုတာ..." လီရှောင်ယာက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဒုတိယသခင်လေး စိတ်သက်သာရာ ရသွားသည်။ "အော်... သမီး သိပြီးသားကိုး... သမီးရဲ့ ဆွေမျိုးတွေက မသန်စွမ်းတွေ ဖြစ်နေတယ်ဆိုတာ သိပြီးသားပေါ့"

လီရှောင်ယာသည် ယခုအချိန်တွင် သူ ဝမ်းနည်းနာကျင်နေမည်မှန်း သိနေသည်။

သူမ လူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိပေ။

သူမ တတ်နိုင်သည်မှာ စောင်အောက်မှ တွားသွားထွက်လာပြီး မတ်တတ်ထရပ်ကာ ရှေ့တိုးလာခဲ့သည်။ ထို့နောက် သူမရှေ့ရှိ ဝှီးချဲပေါ်မှ အမျိုးသားကို မမှီတမှီဖြင့် ဖက်လိုက်လေသည်။

ဒုတိယသခင်လေး ရုတ်တရက် စကားပျောက်သွားရသည်။

သူ တုန်ယင်နေသော လက်ကို မြှောက်လိုက်ပြီး လီရှောင်ယာ၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်မိသည်။

သူ အက်ကွဲသောအသံဖြင့် ပြောလိုက်၏။

"ငါတို့က မသန်စွမ်းတွေ ဖြစ်နေပေမဲ့ သမီးရဲ့ ဦးလေးတွေပါပဲကွယ်... ဦးလေးက လမ်းမလျှောက်နိုင်ပေမဲ့ ပစ်မှတ်ချိန်တာတော့ အရမ်းတော်တယ်... တကယ်လို့ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရင်..."

သူ စကားကို ခေတ္တရပ်လိုက်ပြီး လေသံမှာ ရုတ်တရက် ကြမ်းတမ်းသွားသည်။

"ဦးလေး သူ့ကို သတ်ပစ်မယ်"

လီရှောင်ယာသည် သူ့လည်ပင်းကို ဖက်ထားရင်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။ "ဒါပေမဲ့... ဒါပေမဲ့ လူသတ်ရင် ထောင်ကျမှာပေါ့"

ဒုတိယသခင်လေး တခစ်ခစ် ရယ်မောလိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေဆဲပင်။ "ဟားဟား... ဒါဆို သမီးက ဘယ်လိုလုပ်စေချင်လဲ"

လီရှောင်ယာက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူတို့ကို မသိမသာ နှိပ်စက်ကြတာပေါ့... ဥပဒေနဲ့ မငြိအောင်လေ... ရာဇဝတ်မှု ကျူးလွန်လို့ မဖြစ်ဘူး"

"ကောင်းပါပြီ... ကောင်းပါပြီ... ရာဇဝတ်မှု မကျူးလွန်စေရပါဘူး" ဒုတိယသခင်လေး တွေးလိုက်မိသည်။ *ဝမ်ချင်း ပြောတာ မမှားဘူးပဲ*

*တကယ့်ကို လိမ္မာတဲ့ ကလေးလေး*

သူ ကလေးမလေးကို ကုန်းပိုးထားချင်မိသည်။ ပွေ့ချီထားချင်မိသည်။ သို့သော် ဒီဘဝမှာတော့ အဲ့ဒီအခွင့်အရေး ရတော့မည် မဟုတ်ပေ။

"သခင်မလေး" အစေခံက ရုတ်တရက် တံခါးခေါက်လိုက်သည်။ "ထပြီး ပြင်ဆင်ရမယ့် အချိန်ရောက်ပါပြီ... ခဏနေရင် ပါတီပွဲ သွားရတော့မယ်"

ဒုတိယသခင်လေး၏ မျက်နှာ ချက်ချင်း အရောင်ပြောင်းသွားသည်။ "သမီးက ပါတီပွဲ သွားရမှာလား... ဘယ်သူလိုက်ပို့မှာလဲ... ဝေလင်း လား... အဲ့ကောင်က မရိုးသားဘူး... မဖြစ်ဘူး... ငါ..."

*ငါ လိုက်သွားရမယ်*

စကားလုံးများသည် ဒုတိယသခင်လေး၏ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး ရှေ့ဆက်မထွက်လာတော့ပေ။

ပြည်ပမှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ပြန်ရောက်ပြီးမှပဲ ဖြစ်ဖြစ်... သူ လူမြင်ကွင်းကို မထွက်ခဲ့တာ ကြာလှပြီ။

သူ မုန်းခဲ့တယ်... ငြင်းဆန်ခဲ့တယ်... သူများတွေ သူ့ကို လှောင်ရယ်မှာ မလိုချင်ဘူး... လူတွေက သနားသလို ကြည့်တာကို သူ မုန်းတယ်။

ဒါပေမဲ့ သူ ဘာတတ်နိုင်မှာလဲ။

လီရှောင်ယာကို ဝေလင်းနဲ့အတူ ပါတီပွဲ လွှတ်လိုက်ရမှာလား။

All Chapters