← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

Chapter 69

"ဒုတိယဦးလေး..."

လီရှောင်ယာသည် သူ၏ တုံ့ဆိုင်းနေမှုကို ခံစားမိလိုက်သည်။

သူက လိုက်ပို့ချင်လို့များလား။

ဒါမှမဟုတ် ဒုတိယဦးလေးက လူမြင်ကွင်းကို ထွက်ရမှာ ကြောက်နေတာများလား။

လီရှောင်ယာအနေဖြင့် ရပါတယ်၊ သမီးတစ်ယောက်တည်း သွားလို့ရပါတယ်ဟု ပြောချင်နေမိသည်။

သို့သော် ဒုတိယဦးလေးက ဦးအောင်ပြောလိုက်သည်။

သူက ဝေဝမ်ချင်းကို ကြည့်လိုက်၏။ "မင်း လီရှောင်ယာကို လိုက်ပို့ပေးမှာလား"

ဝေဝမ်ချင်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဒုတိယဦးလေးက ခေါင်းခါလိုက်ပြန်သည်။ "ဟင့်အင်း... မဖြစ်ဘူး... မင်းက စကားမပြောနိုင်ဘူးလေ... ဘယ်သွားသွား အဆင်မပြေ ဖြစ်နေမှာ"

ဝေဝမ်ချင်းက သူ့အစ်ကိုကို မကျေနပ်သလို ကြည့်လိုက်ပြီး "ငါ ကြိုးစားကြည့်မှာပေါ့... သက်တော်စောင့်တွေ ခေါ်သွားမယ်လေ" ဟု လက်သင်္ကေတ ပြလိုက်သည်။

ဒုတိယဦးလေးက ခေါင်းခါနေဆဲပင်။ "မဖြစ်ဘူး"

အရင်က မှေးမှိန်ပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးပေးထားသော သူ၏ မျက်ဝန်းများသည် ယခုအခါ ပိုမို ကြည်လင်တောက်ပလာသယောင် ရှိသည်။

သူက နာကျင်စွာဖြင့် အသံညှစ်ကာ ပြောလိုက်သည်။

"ငါတို့မိသားစုထဲမှာ လူကောင်းပကတိဖြစ်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလားကွာ..."

"ငါပဲ လိုက်သွားလိုက်မယ်" ဒုတိယဦးလေးက ခက်ခဲစွာ ဆုံးဖြတ်ချက် ချလိုက်လေသည်။

လီရှောင်ယာ နောက်ဆုံးတွင် ဝင်ပြောခွင့် ရသွားသည်။ "သမီး တစ်ယောက်တည်း သွားလို့ရပါတယ်..."

"ငါ ဝတ်စုံပြည့် မဝတ်ရတာလည်း ကြာပြီ... သင့်တော်တာလေး ရွေးဦးမှပါ" ဒုတိယဦးလေးက သူ့ဘာသာ ရေရွတ်နေပြန်သည်။

"ငါ့ပုံစံက အခုထိ သရဲဘီလူးလို ဖြစ်နေတုန်းလား"

"ဒီလိုနေ့မျိုး ရောက်လာမယ်မှန်း သိရင် ဟိုတုန်းက လာပို့တဲ့ ထမင်းဟင်းတွေကို ရိုက်ခွဲမပစ်ခဲ့ပါဘူး"

"သူ ငါနဲ့ လိုက်သွားရင် ငါ့ကြောင့် မျက်နှာငယ်ရမလား"

ပြောရင်းပြောရင်းနှင့် ဒုတိယဦးလေး၏ မျက်မှောင်များ တွန့်ချိုးလာပြီး စိုးရိမ်ပူပန်မှုများက သိသာထင်ရှားလာသည်။

လီရှောင်ယာ မနေနိုင်တော့ဘဲ ထပ်ပြောလိုက်သည်။ "ဦးလေး... သမီး တကယ် တစ်ယောက်တည်း သွားလို့ရပါတယ်"

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါ ကလေးက သူ့ကို နှစ်သိမ့်ပေးနေတာပဲ ရှိတာ။

လီရှောင်ယာ ထိုသို့ပြောလေ ဒုတိယဦးလေးက သူမကို "ကျားသိုက်" ထဲသို့ တစ်ယောက်တည်း လွှတ်လိုက်ရန် ဝန်လေးလေ ဖြစ်လာသည်။

ဒုတိယဦးလေးသည် သူ၏ ဝှီးချဲကို တွန်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"ငါ အဝတ်အစား သွားရွေးတော့မယ်"

လီရှောင်ယာ သူ့ကို တားမရတော့သဖြင့် ကုတင်ပေါ်တွင် ထိုင်လျက် ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

တံခါးပွင့်သွားသောအခါ အပြင်မှ အစေခံတစ်ဦးသည် ဒုတိယသခင်လေးကို မြင်ပြီး လန့်ဖျပ်သွားသည်။

"ဘယ်... ဘယ်လိုလုပ် ဒီရောက်နေတာလဲ... သခင်လေး ကျန်းမာရေးက..."

စကားပြောရင်း အစေခံက ဒုတိယသခင်လေး၏ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။

ဒုတိယသခင်လေး၏ မျက်နှာထား အေးစက်သွားသည်။

သူ ဘာကြောင့် အပြင်မထွက်ချင်ရတာလဲ။

အစေခံများ၏ "ဂရုစိုက်သလိုလို" နှင့် ကြည့်သော အကြည့်များက သူ့ကို သည်းမခံနိုင်အောင် ဖြစ်စေသောကြောင့်ပင်။

"ဘာလဲ... ဒါ ငါ့အိမ် မဟုတ်တော့ဘူးလား... ငါသွားချင်တဲ့နေရာ သွားတာ မင်းကို သတင်းပို့ရဦးမှာလား" ဒုတိယသခင်လေးက မဲ့ပြုံးပြုံးရင်း အေးစက်စွာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အစေခံမှာ ဘာမှ ပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်သွားတော့သည်။

ဒုတိယသခင်လေး ရုတ်တရက် မွန်းကြပ်သလို ခံစားလိုက်ရသည်။

ဒါပေမဲ့ ဒါက ဟိုအရင်ခေတ် မဟုတ်တော့ဘူးလေ... သူ စိတ်ဆိုးတိုင်း လူတွေကို ပစ္စည်းနဲ့ ကောက်ထုလို့ မရတော့ဘူး။

သူ မျက်လုံးများကို ခေတ္တမှိတ်လိုက်ပြီး *အခြေအနေတွေ မတူတော့ဘူး... အိမ်မှာ ကလေးတစ်ယောက် ရောက်နေပြီ... ငါ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး စံနမူနာကောင်း ပြရမယ်* ဟု တွေးလိုက်သည်။

ထိုအခါမှသာ ဒုတိယသခင်လေးသည် ဒေါသကို မျိုသိပ်ပြီး အစေခံကို ကျော်ကာ ဝှီးချဲကို တွန်းထွက်လာခဲ့သည်။

မကြာမီ သက်တော်စောင့်များ ရောက်လာပြီး ဝှီးချဲကို ကူတွန်းပေးကြလေသည်။

ဒီဘက်တွင်မူ ဝေဝမ်ချင်းက လီရှောင်ယာကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်ကာ ကုတင်ပေါ်မှ ပွေ့ချီလိုက်သည်။

သူ့အစ်ကိုက ပါတီပွဲမှာ စကားမပြောနိုင်လို့ အဆင်မပြေဘူးတဲ့။

ဒါဆို သူကလည်း သူ့အစ်ကို လီရှောင်ယာကို မချီနိုင်ဘူးလို့ ပြန်ပြောလို့ ရတာပဲ။

"သွားတိုက်ရအောင်" ဝေဝမ်ချင်းက လက်သင်္ကေတ ပြပြီး ရေချိုးခန်းထဲသို့ ချီသွားလိုက်သည်။

လီရှောင်ယာ မျက်နှာသုတ်ပုဝါ စိုနေစဉ် သူက ဘေးနားတွင် သွားတိုက်ဆေး ညှစ်ပေးနေ၏။

နောက်မှ လိုက်လာသော အစေခံတစ်ယောက်က ထိုမြင်ကွင်းကို မြင်ပြီး ပျာပျာသလဲ ဖြစ်သွားသည်။

"အမယ်လေး... သခင်လေးက ဘာလို့ ကိုယ်တိုင် လုပ်နေရတာလဲ... ကျွန်မ လုပ်ပေးပါ့မယ်"

ဝေဝမ်ချင်းက "ငါ ကျေနပ်လို့ လုပ်နေတာ" ဟု လက်သင်္ကေတ ပြလိုက်သည်။

အစေခံမှာ ဘာမှ မလုပ်ရဲတော့ဘဲ ဘေးတွင် ရပ်နေရုံသာ တတ်နိုင်တော့သည်။

လီရှောင်ယာ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခုခုတော့ မှားနေပြီဟု ခံစားမိ၏။

ဒီကလူတွေ သူ့ဦးလေးကို သိပ်မလေးစားကြဘူး ဆိုတာ သူမ မြင်နေရသည်။

"ဦးလေး... အပြင်မှာ စောင့်နေပါလားဟင်" လီရှောင်ယာက တိုးတိုးလေး ပြောလိုက်သည်။

ဝေဝမ်ချင်းလည်း ဟုတ်သားပဲဟု တွေးမိလိုက်သည်။ ကလေးမလေး အိမ်သာတက်ချင်တာ ဘာညာ ရှိမှာပေါ့... သူက ဒီမှာ ဘာလုပ်နေမှာလဲ။

ဝေဝမ်ချင်း ခေါင်းညိတ်ပြီး အပြင်ထွက်သွားလိုက်သည်။

လီရှောင်ယာသည် ကိုယ့်ဘာသာ မျက်နှာသစ် သွားတိုက်ပြီးနောက် အစေခံဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကျွန်မ ဆံပင် ဖြီးပေးပါ"

အစေခံ ကြောင်သွားသည်။ *တောင်ပေါ်က လာတာ မဟုတ်ဘူးလား... တောင်ပေါ်သူ ကလေးက ဘယ်လိုလုပ် ဒီလို အမိန့်ပေး ခိုင်းစေတတ်ရတာလဲ*

သို့သော် သူမ ထုတ်မပြောရဲဘဲ ဘီးတစ်ချောင်းကို ရှာယူကာ လီရှောင်ယာ၏ ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ပေးလေသည်။

လီရှောင်ယာက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ကျွန်မက ဒီကို အခုမှ ရောက်ဖူးတာ... မသိတာတွေ၊ မသုံးတတ်တာတွေ အများကြီး ရှိတယ်... ရှင် ပြောပြပေးရမယ်"

"... ဟုတ်ကဲ့ပါ သခင်မလေး"

သူတို့ အားလုံး ပြီးစီးသောအခါ နာရီဝက်ခန့် ကြာသွားလေပြီ။

အစေခံသည် လီရှောင်ယာကို နံနက်စာ စားရန် အောက်ထပ်သို့ ခေါ်ဆောင်လာခဲ့သည်။

ဒီအိမ်ဆောင်က ပုံမှန်မဟုတ်ဘဲ စည်ကားနေသည်။ ဝေလင်းက စားပွဲ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေပြီး ဝေဝမ်ချင်းက ညာဘက်ခြမ်းတွင် ထိုင်နေသည်။ ထိပ်ဆုံး ထိုင်ခုံကိုတော့ အလွတ်ထားထား၏။

ဤအိမ်ဆောင်တွင် ဝေလင်းသည် သခင်သဖွယ် ဖြစ်နေသော်လည်း ယနေ့ ဝေဝမ်ချင်း ရှိနေသဖြင့် ထိုနေရာကို သူ မယူရဲပေ။

သို့သော် ဝေဝမ်ချင်းကလည်း ထိပ်ဆုံးနေရာတွင် ဝင်မထိုင်သည်မှာ ထူးဆန်းနေသည်။

ဒုတိယသခင်လေးကို စောင့်နေကြတာလား... ဝေလင်း မျက်ခုံးပင့်လိုက်မိသည်။

ထိုအချိန်တွင် လီရှောင်ယာ ရောက်လာသည်။ ဝေဝမ်ချင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ရှန်းယွီရှောင် လုပ်သကဲ့သို့ လီရှောင်ယာကို ပွေ့ချီကာ ထိပ်ဆုံးထိုင်ခုံတွင် တင်ပေးလိုက်လေသည်။

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အစေခံများသည် ဝေဝမ်ချင်း၏ လုပ်ရပ်ကို အံ့သြမှင်သက်စွာ ကြည့်နေကြသည်။

ဝေလင်း အသက်တစ်ချက် ရှူသွင်းလိုက်ပြီးမှ ပြုံးလျက် ပြောလိုက်သည်။

"ရှောင်ယာ ကြီးလာရင် အဖိုးကြီးရဲ့ တာဝန်တွေကို ဆက်ခံရမှာဆိုတော့ ထိပ်ဆုံးမှာ ထိုင်တာ မမှားပါဘူး"

ဝေဝမ်ချင်း သူ့ကို တချက်ကြည့်လိုက်သည်။ *မင်း နောက်ဆုံးတော့ လူစကား နားလည်သွားပြီပေါ့*

မကြာမီ ဟင်းပွဲများ လာချပေးကြသည်။

အစေခံများ၏ လှုပ်ရှားမှုမှာ လျင်မြန်ပြီး တိတ်ဆိတ်နေသည်။ လီရှောင်ယာကို ဆက်ဆံရာတွင်လည်း အထူးဂရုစိုက်ကြသည်။

ရုတ်တရက် ပေါ်လာသော ဤသခင်မလေးသည် သူတို့စိတ်ထဲတွင် အဆင့်အတန်း ပိုမို မြင့်မားသွားသည်မှာ ထင်ရှားပေသည်။

ဝေမိသားစု၏ နံနက်စာမှာ ခမ်းနားလှသည်။ လီရှောင်ယာ ဤမျှ ကောင်းမွန်သော အစားအစာများကို တခါမှ မစားဖူးခဲ့ပေ။

သို့သော် သူမ သိပ်ခံတွင်းတွေ့ပုံ မရပေ။

တခါတလေကျတော့ ရွာမှာတုန်းက ထမင်းမဝခဲ့သော အမေ့ကို သတိရမိသည်။

တခါတလေကျတော့ ရှန်းယွီရှောင်ကို သတိရမိပြန်သည်။

ရှန်းယွီရှောင် အစီအစဉ် ဆက်ရိုက်နေဦးမလား... ရွာမှာ ဘာတွေများ စားနေရမလဲ... သူလည်း ဒီဟင်းတွေကို မြည်းစမ်းကြည့်နိုင်ရင် ကောင်းမှာပဲ။

လီရှောင်ယာ၏ အစားအသောက်အပေါ် စိတ်မပါသော ပုံစံသည် အခြားသူများ၏ မျက်လုံးထဲတွင်မူ မွေးရာပါ အထက်တန်းလွှာ အမူအရာကဲ့သို့ ဖြစ်နေတော့သည်။

တောင်ပေါ်ရွာလေးက လာပြီး ဒီလောက်ကောင်းတဲ့ ဟင်းပွဲတွေနဲ့ တွေ့တာတောင် လောဘတကြီး ဖြစ်မနေဘူး... တည်ငြိမ်လိုက်တာ။

ဝေလင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး လူသားမျိုးရိုးဗီဇ၏ အံ့မခန်းစွမ်းရည်ကို ထပ်မံ ချီးကျူးမိပြန်သည်။

---

တချိန်တည်းမှာပင် လီရှောင်ယာ သတိရနေသော ရှန်းယွီရှောင်သည် သူမ၏ အိမ်ကို "မွှေနှောက်" နေလေသည်။

"အစ်ကိုရှန်း... ဘာလို့ ဒီအစုတ်တွေကို ပြန်သယ်နေတာလဲ" တခြားသူဌေးသားများ နားမလည်နိုင် ဖြစ်နေကြသည်။

တကယ်တော့ သူတို့ ကောင်းကောင်း မဆော့ရသေးဘူးလေ။ ဒါပေမဲ့ ရှန်းယွီရှောင် ပြန်တော့မယ်ဆိုတော့ သူတို့လည်း ဆက်နေရတာ စိတ်မပါတော့ဘူးပေါ့။

"ဘာအစုတ်လဲ" ရှန်းယွီရှောင် ဘာမှမပြောရသေးခင် နင်းဟန်က မျက်စောင်းထိုးရင်း ဝင်ပြောလိုက်သည်။ "မင်း စကားပြန်ပြင်ပြောဖို့ အခွင့်အရေး ပေးလိုက်မယ်... ဒါတွေက လီရှောင်ယာရဲ့ ပစ္စည်းတွေကွ... အမှတ်တရလို့ ခေါ်တယ်... နားလည်လား"

"အော်... လီရှောင်ယာက တကယ်ပဲ ဒီအတိုင်း ထွက်သွားတာနော်" ထိုလူက ရေရွတ်လိုက်ပြီး ရုတ်တရက် သတိရသွားသည်။ "သေစမ်း... ဒါဆို ငါတို့ မစင်ကော်တာ အလကားဖြစ်သွားပြီပေါ့"

နင်းဟန်က တိုးတိုးလေး ပြောလိုက်သည်။ "ကံကောင်းလို့ ငါ နောက်ကျမှ ရောက်လာတာ..."

ရှန်းယွီရှောင် ဘေးစောင်းကြည့်ရင်း ပြောလိုက်သည်။ "အလကား မဖြစ်ပါဘူး... အစီအစဉ် ရဲ့ Rating တက်သွားတယ်မလား"

"ဒါပေမဲ့ သူတို့က ငါ့ကို အဲ့ဒီပိုက်ဆံမှ မခွဲပေးတာ"

"ငါ ထုတ်လုပ်ရေးအဖွဲ့ကို ပြောပြီး မင်းအတွက် ဧည့်သည်ကြေး တောင်းပေးမယ်"

"အစ်ကိုရှန်းက အကောင်းဆုံးပဲ" ဟုထိုလူက ဝမ်းသာအားရ အော်ပြောလိုက်သည်။

ရှန်းယွီရှောင် ဘာမှ ဆက်မပြောတော့ဘဲ ယိုင်နဲ့နေသော အိမ်လေးကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။

အတွင်းပိုင်းမှာ ဘယ်လိုပဲ ပြင်ဆင်ထားပါစေ... အပြင်ကကြည့်ရင်တော့ စုတ်ပြတ်နေတုန်းပါပဲ... ဒါပေမဲ့ ဒီအိမ်စုတ်လေးကပဲ လူကို ခြေလှမ်းမခွာချင်အောင် ဆွဲဆောင်နေသလိုလို။

ခဏအကြာတွင် ရှန်းယွီရှောင် စကားနှစ်လုံး ပြောလိုက်သည်။ "သွားကြစို့"

ထိုနေ့က လီရှောင်ယာ အလျင်စလို ထွက်ခွာသွားခဲ့သော်လည်း ယနေ့တော့ မတူပေ။ သုန့်သဝေသည် သတင်းကြားသည်နှင့် လိုက်ပို့ရန် ကားမောင်းလာခဲ့သည်။

"ဖုန်းထဲမှာ ငါမှာခဲ့တာ မမေ့နဲ့နော်" ရှန်းယွီရှောင်က ပြောလိုက်သည်။

သုန့်သဝေက ခေါင်းတငြိမ့်ငြိမ့်ဖြင့် - "စိတ်မပူပါနဲ့... ကျွန်တော် အကုန်မှတ်မိပါတယ်... ဝက်တွေ ရောင်းပစ်ရမယ်... ကြက်တွေလည်း ရောင်းပစ်ရမယ်... ဘာပဲဖြစ်ဖြစ် ရွာသားတွေကို ဈေးပေါပေါနဲ့ မရစေရဘူး"

ရှန်းယွီရှောင် ခေါင်းညိတ်လိုက်ပြီး လီရှောင်ယာ အထူးတလည် မှာသွားခဲ့သော အဒေါ်မန်အကြောင်း သတိရသွားသည်။

"ကျန်တဲ့ မှိုတွေနဲ့ မြေကွက်ကိုတော့ အဒေါ်မန်ကို ပေးလိုက်... လီအဖိုးကြီးက ဘယ်လိုမှ ပြန်မလာနိုင်တော့ဘူး... ဒီလူတွေက နောက်ဆုံးကျရင် သိမ်းသွားကြမှာပဲ"

"ဟုတ်ကဲ့... ဟုတ်ကဲ့" သုန့်သဝေက ပြန်ဖြေရင်း သခင်လေးရှန်းက တော်တော် သဘောကောင်းပါလား၊ ဒါလေးတောင် သတိရသေးတယ် ဟု တွေးမိလိုက်သည်။

ရှန်းယွီရှောင်ကတော့ ဒီကလူတွေကို တကယ်ပင် ရွံမုန်းနေမိသည်။

ပြောစရာရှိတာ ပြောပြီးသည်နှင့် သူ ကားပေါ်တက်လိုက်သည်။

ထိုသို့ဖြင့် လီရှောင်ယာ ထွက်ခွာသွားသောနေ့က ကဲ့သို့ပင် လီမိသားစုရွာ၌ ရပ်ထားသော ဇိမ်ခံကား အများအပြားသည် ရွာအထွက်သို့ တစ်စီးပြီးတစ်စီး မောင်းနှင်ထွက်ခွာသွားကြလေသည်။

အနောက်တွင် တီဗီအဖွဲ့သားများ၏ ကားများပါ လိုက်ပါသွားကြသည်။

ဒီလောက် ဆူညံနေမှတော့ ရွာသားတွေ ဘယ်မသိဘဲ နေပါ့မလဲ။

သူတို့ ခေါင်းတွေပြူထွက်လာကြပြီး နားမလည်နိုင်စွာ မေးကြသည်။ "အကုန် ပြန်ကုန်ကြပြီလား"

"ဟို တီဗီအဖွဲ့သားတွေပါ ပြန်ကုန်ကြပြီလား"

"ဘာလို့ ရုတ်တရက်ကြီး ပြန်သွားကြတာလဲ"

"ငါတို့ရွာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် ကူညီပေးမယ်ဆို... အစီအစဉ်ရိုက်ပြီးရင် လူတွေ လာလည်ကြလို့ ငါတို့ ပိုက်ဆံရမယ်ဆို"

သူတို့၏ ကိုယ်ကျိုးစီးပွားနှင့် သက်ဆိုင်လာမှသာ စိုးရိမ်ပူပန်လာကြတော့သည်။

ဘယ်သူ ထောင်ကျမလဲ၊ ဘယ်သူ့ကို ရဲက ခေါ်စစ်မလဲ ဆိုတာ သူတို့ ဂရုမစိုက်ကြ။ သူတို့ ဂရုစိုက်သည်မှာ လက်ရှိအခြေအနေ... သူတို့ ပိုက်ဆံတွေ လွတ်ထွက်တော့မည့် အခြေအနေကိုသာ ဖြစ်သည်။

ထို့ကြောင့် ရွာသားများသည် လုပ်လက်စ အလုပ်များကို ပစ်ချပြီး ကားများနောက်သို့ အပြေးအလွှား လိုက်ကြတော့သည်။

ထုတ်လုပ်ရေးအဖွဲ့သားများ လန့်သွားကြပြီး လီဗာကို အမြန်နင်းလိုက်ကြသည်။

ကင်မရာမန်း တစ်ယောက်က ဖျောင်းဖျလိုက်သည်။ "မလုပ်ပါနဲ့... အတင်းမမောင်းပါနဲ့... တောင်ပေါ်လမ်းက မောင်းရခက်တယ်... မတော်တဆမှု ဖြစ်ကုန်မယ်... တစ်ယောက်ယောက်က ဆင်းပြီး ဒီရွာသားတွေကို ရှင်းပြလိုက်ရင် ပြီးတာပဲ"

လူတိုင်းက သူ့ကိုသာ ဝိုင်းကြည့်လိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် ကင်မရာမန်းကလည်း ဒီလူတွေကို ဒေါသထွက်နေသည်မို့ ပြတ်သားစွာပင် ကားပေါ်မှ ဆင်းလိုက်သည်။ ကျောကို ကားတံခါးနှင့် ကပ်ထားပြီး အချိန်မရွေး ပြေးနိုင်ရန် ပြင်ဆင်ထားလိုက်၏။

"ခင်ဗျားတို့ ဘာလို့ ပြန်ကြတာလဲ"

"ဟုတ်တယ်... ခင်ဗျားတို့ ရှင်းပြရမယ်... ငါတို့ရွာမှာ ရိုက်နေတာ ဒီလောက်ကြာပြီ... ပိုက်ဆံတွေက ရွာလူကြီးမိသားစုနဲ့ လီရှောင်ယာဆီပဲ ရောက်သွားတာ... လီရှောင်ယာက ချမ်းသာတဲ့ ဆွေမျိုးတွေ လာကြိုသွားပြီဆိုတော့ ပိုက်ဆံမလိုတော့ဘူးမလား"

"ဟုတ်တယ်... ဟုတ်တယ်... ငါတို့ကျတော့ တစ်ပြားမှ မရဘူး"

"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆိုတာကော... ဘယ်တော့ လာလုပ်ပေးမှာလဲ"

သူတို့အားလုံး ကင်မရာမန်းကို ဝိုင်းထားကြသည်။

ကင်မရာမန်း နားထောင်ရင်း ဒေါသထွက်လာသည်။ သူ မဲ့ပြုံးပြုံးလိုက်ပြီး - "ဒါ ကျုပ်တို့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး... သခင်လေးရှန်း ပြောသွားပြီးပြီ..."

"ဘာပြောသွားလဲ"

"ပြောသွားတာက ဒီနေရာက... မထိုက်တန်ဘူးတဲ့... ဒီလို လူကို ဝါးမြိုစားတဲ့ နေရာမျိုးက ချမ်းသာလာဖို့ မထိုက်တန်ဘူးတဲ့" ကင်မရာမန်းက တစ်ခါတည်း ပြောချလိုက်သည်။

ရွာသားများ အံ့အားသင့်သွားကြသည်။

သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေး ရိုက်ချိုးခံလိုက်ရပြီ...

မထိုက်တန်ဘူး ဟုတ်လား။

သူတို့က မထိုက်တန်ဘူးလို့ ပြောလိုက်တာလား။

ရွာသားများ၏ မျက်နှာပေါ်တွင် ဒေါသအမျက်များ ထွက်ပေါ်လာပြီး ကင်မရာမန်းကို ဆွဲဆောင့်ရန် ပြင်လိုက်ကြသည်။

ကင်မရာမန်းသည် ကားတံခါးဖွင့်၊ အထဲဝင်၊ တံခါးပိတ်... အားလုံးကို တမဟုတ်ချင်း လုပ်လိုက်လေသည်။

"ခင်ဗျားတို့ကို ပြောလိုက်မယ်" သူ ကားမှန်ကို အနည်းငယ်ချပြီး ပြောလိုက်သည်။ "မိုက်မဲတာတွေ လျှောက်မလုပ်နဲ့... မဟုတ်ရင် ရဲစခန်းက လက်ဖက်ရည်သောက်ဖို့ ဖိတ်လိမ့်မယ်"

ရွာသားများ ကျယ်လောင်စွာ ဆဲရေးလိုက်ကြသည်။ "ခွေးကောင်တွေ... ကတိမတည်မှန်း သိရင် ဘယ်သူက ရဲကို ဂရုစိုက်မှာလဲ"

"ဟုတ်တယ်... လာရဲရင် လာကြည့်... ကားကို မှောက်ချပစ်မယ်"

ကင်မရာမန်း ဒေါသကြောင့် မျက်နှာနီရဲသွားသည်။ "ဘယ်လိုလူတွေလဲကွာ... သွားမယ်... မြန်မြန်မောင်း"

"တချို့နေရာတွေက ဒီလိုပဲ... ဒေသခံတွေက ကြမ်းတယ်... စည်းလုံးကြတယ်... ရဲတွေ ဘာတွေ ဂရုမစိုက်ဘူး... ပေါက်ပြားနဲ့ ဝင်ခုတ်ကြတာ... ဥပဒေက လူအများကြီးကို အပြစ်မပေးနိုင်ဘူး ဆိုတာပဲ သူတို့ သိတယ်" ယာဉ်မောင်းက ကြောက်လန့်တကြား ပြောရင်း ကားကို အရှိန်မြှင့်လိုက်သည်။

ကင်မရာမန်း ဆဲလိုက်မိသည်။ "ဒါကြောင့်လည်း လူကုန်ကူးတာကို လုပ်ရဲကြတာကိုး... တကယ့်ကို လူစိတ်မရှိတဲ့ကောင်တွေ..."

"စောင့်ကြည့်နေလိုက်... လီရှောင်ယာ့ ဆွေမျိုးတွေက တကယ် အရှိန်အဝါရှိရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ သေချာပေါက် လာတော့မှာ"

ခြိမ်းခြောက်ပြီးနောက် ရွာသားများသည် ဆဲရေးတိုင်းထွာရင်း ရွာထဲသို့ ပြန်ဝင်သွားကြသည်။

"ဟိုနေ့က လီရှောင်ယာ့ကားကို တားထားလိုက်ရမှာ"

"အေးလေ"

ညနေစောင်း၍ အနည်းငယ် မှောင်လာသောအခါ...

တစ်စုံတစ်ယောက်သည် လီရှောင်ယာအိမ်သို့ တိတ်တဆိတ် ခိုးဝင်လာသည်။ ဘယ်သူမှ မရှိတော့ဘူးဆိုတော့ ခိုးရတာ သေချာပေါက် အဆင်ပြေမှာပဲလေ။

သို့သော် ဝင်သွားသောအခါ...

"သေစမ်း... ကြက်တစ်ကောင်တောင် မကျန်တော့ဘူး"

တစ်ယောက်က ဆဲလိုက်သည်။

နောက်တစ်ယောက်က ထပ်ပြောသည်။ "ဝက်တွေပါ မရှိတော့ဘူး... ဟိုသူဌေးသားတွေက ချမ်းသာတယ်ဆို... ဘာလို့ ဒီလောက် ကပ်စေးနည်းရတာလဲ... ဝက်တွေပါ ယူသွားကြတယ်"

သူတို့ ပြိုင်တူ ဆဲရေးလိုက်ကြပြီး အိမ်ထဲမှ ပြန်ထွက်လာသောအခါ ခိုးဝင်လာသူ အများအပြား ရှိနေသည်ကို တွေ့လိုက်ရသည်။

"လီရှောင်ယာ့ အိမ်မှာ မြေကျန်သေးတယ်လေ..."

"ဟုတ်တယ်... မြေကျန်သေးတယ်"

ထိုအကြောင်း ပြောမိကြပြီးနောက် သူတို့ စိတ်လှုပ်ရှားသွားကြပြီး ယာခင်းထဲသို့ ပြေးသွားကြသည်။ ရောက်သွားသောအခါ အဒေါ်မန်နှင့် သူမ၏ ခင်ပွန်းသည် မြေဩဇာ ရေဖျန်းနေသည်ကို တွေ့လိုက်ရသည်။

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"

"ရှောင်ယာက သွားခါနီး ဒီမြေကို ငါတို့ကို ပေးခဲ့တာ" အဒေါ်မန်က ဝမ်းသာမှုကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"ဘယ်လိုဖြစ်ပြီး ခင်ဗျားတို့ကို ပေးရတာလဲ" သူတို့ အံကြိတ်ရင်း မကျေမနပ် ပြောကြသည်။

"ဘာဖြစ်လဲ... မကျေနပ်ဘူးလား" အတူတူ ရွာသားချင်းပဲ... ဘယ်သူ့ကို ကြောက်ရမှာလဲ။ အဒေါ်မန်၏ ခင်ပွန်းသည် ရန်လိုသော အမူအရာဖြင့် ပေါက်ပြားကို ထမ်းလိုက်သည်။

သူတို့ဘက်မှာ ညီအစ်ကို နှစ်ယောက်ရှိပြီး သန်သန်မာမာ အရွယ်တွေ ဖြစ်သည်။ ရန်ဖြစ်လျှင် လူခေါ်လို့ ရသေးသည်။

တောင်ပေါ်ရွာလေးများတွင် နိုင်ငံတော် အထောက်အပံ့ သို့မဟုတ် မြေယာကိစ္စများနှင့် ပတ်သက်၍ ရန်ဖြစ်ကြလျှင် ရွာလူကြီးကဲ့သို့ အာဏာရှိသူများမှလွဲ၍ ကျန်သူများက အိမ်တွင် လူငယ်လူရွယ် ဘယ်နှယောက် ရှိသလဲ ဆိုတာအပေါ် မူတည်ပြီး အားပြိုင်ကြလေ့ရှိသည်။

"မကျေနပ်ပေမဲ့လည်း ထားလိုက်ပါတော့... ခင်ဗျားတို့ပဲ ယူလိုက်တော့..." ထိုလူများသည် အံကြိတ်ရင်းမှ ပြန်လှည့်ထွက်သွားကြရသည်။

ကွယ်ရာတွင် ဘယ်လောက်တောင် ဆဲဆိုနေကြမလဲ မသိနိုင်ပေ။

ယခုတော့ သူတို့အနေဖြင့် လီအဖိုးကြီး ထောင်ထဲတွင် ထမင်းစားရပါစေ၊ ထောင်ထဲမှာတင် သေပြီး ပြန်မလာနိုင်ပါစေ ဟု ဆုတောင်းနေကြတော့သည်။

ဒါမှသာ အချိန်တစ်ခု ကြာလျှင် လီရှောင်ယာ့အိမ်ကို ဖျက်ပြီး မြေနေရာကို သူတို့ ဝင်ဦးလို့ ရမည် မဟုတ်ပါလော။

ရွာသားများ၏ တွေးခေါ်မြော်မြင်မှုက အတော်လေး ကောင်းမွန်လှသည်။

ထိုနေ့မှာပင် ရဲကားများ ရွာထဲသို့ ထပ်ရောက်လာပြန်သည်။

ရဲများသည် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် လူအများအပြားကို ထပ်မံ ခေါ်ယူလိုကြသည်။

ရွာသားများက သေချာပေါက် မလိုက်ချင်ကြပေ။ အများစုက ပေါက်ပြားများ၊ တံစဉ်များကို ကိုင်စွဲကာ အကြမ်းဖက် ခုခံရန် ပြင်ဆင်ကြသည်။

သို့သော် ဒီတစ်ခါ ရောက်လာသော ရဲများသည် မြို့နယ် ရဲစခန်းလေးမှ မဟုတ်ပေ။

ကျေးလက် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းများကိုပါ ကိုင်ဆောင်လာကြသည်။ ဓားကိုင်ပြီး ရန်ပြုရဲသူများကို သေချာပေါက် နှိမ်နင်းပြီး တစ်ယောက်မကျန် ဖမ်းခေါ်သွားတော့သည်။

"လူသတ်နေပါပြီဗျို့... ရဲတွေက လူကောင်းတွေကို အနိုင်ကျင့်နေပါပြီ"

"တောက်... လွှတ်စမ်း... လွှတ်စမ်း... မင်းတို့ကို ဟိုသူဌေးသားတွေက ငှားလာတာမလား"

ရွာသားများ အော်ဟစ်ဆဲဆိုကြသော်လည်း အချည်းနှီးသာ ဖြစ်တော့သည်။

တောင်ပေါ်ရွာလေးသည် လျင်မြန်စွာပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အဒေါ်မန်သည် အိမ်ပြန်လမ်းတွင် လျှောက်လှမ်းရင်း ပတ်ဝန်းကျင် တစ်ခုလုံး ပုံမှန်မဟုတ်အောင် တိတ်ဆိတ်နေသည်ကို ခံစားလိုက်ရသည်။

"ရွာထဲမှာ လူတွေ ရုတ်တရက် အများကြီး လျော့သွားသလိုပဲ... ထူးဆန်းလိုက်တာ" သူမ ရေရွတ်လိုက်သည်။

ဘေးနားရှိ အမျိုးသားဖြစ်သူက ရှားရှားပါးပါး အလွန်အမင်း တက်ကြွသော အပြုံးဖြင့် ပြောလိုက်သည်။ "မင်းကို ကျေးဇူးတင်ရမယ်... မင်းက လီရှောင်ယာ့အမေကို အရင်က ကူညီခဲ့လို့လေ... နောက်နှစ်ကျရင် အဲ့ဒီလယ်ကွက်ထဲမှာ ပြောင်းဖူး စိုက်ကြမယ်…”

All Chapters